11.12.17

ခက်လက်ဝေဖြာ မျက်စိကုပညာ ။ ပြည့်အောင်(COA)(၁၀/၁၂/၁၇ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး)







နိုင်ငံတဝန်းမျက်စိကုသမှုနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ၊မျက်စိပညာရပ်နှင့် ထိတွေ့လာ ကြသူ(နိုင်ငံသူနိုင်ငံသားများ၊အုပ်ချုပ်သူများ၊ကူညီကြသူစေတနာရှင်များ၊ဆေးပညာရှင်များ)အရေအတွက် လည်း တနေ့တခြားတိုးပွားလာလျှက်ရှိပါသည်။ မျက်စိပညာရှင်များမဟုတ်ကြသော ထိုထိုသော သူများအား မျက်စိပညာရပ်ဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ပြုစုပါသည်။
          မျက်စိပညာသည် မိခင်ဆေးပညာရပ်ကြီးကို အခြေပြု၍ လေ့လာသင်ယူမှုနှင့်ကုသမှုများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပေါ်ပေါက်လာသော အထူးပြုပညာရပ် ဖြစ်ပါသည်။ ထိုနည်းတူ မျက်စိ၏အင်္ဂါအစိတ်အပိုင်းများနှင့် ဖြစ်ပွားသည့်ရောဂါ အခြေအနေများ ပေါ်တွင်မူတည်၍ မျက်စိပညာရပ်အတွင်း အထူးပြုဘာသာရပ်များ ထပ်မံသတ်မှတ်လျက်  ကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် စီမံထားသည်ကိုတွေ့ရှိကြရပါမည်။ မျက်စိပညာရပ်အတွင်းရှိ အထူးပြု ဘာသာရပ်များအနက် အချို့ကို အောက်ပါအတိုင်း အကျဉ်းချုပ် ရေးသားအပ်ပါသည်။
မျက်စိရှေပိုင်းအခန်းငယ် ခွဲစိတ်အထူးပြုဘာသာရပ်(Anterior Segment Surgery)
           မျက်ကြည်လွှာ(Cornea)၊မျက်နက်ဝန်း (Iris)၊ဆီလီယာရီဘော်ဒီ (Ciliary body)နှင့်မျက်စိ တွင်း မှန်ဘီလူး(Lens)တို့ပါဝင်သော၊မျက်စိရှေပိုင်းအခန်းငယ်ကို အထူးပြုလေ့လာသော ဘာသာ ရပ်ဖြစ်ပါသည်။ဤအပိုင်းကို အထူးပြုကုသသော မျက်စိဆရာဝန်သည် ပါဝင်သော အင်္ဂါအစိတ်အပိုင်း များ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊အရည်အသွေး၊လုပ်ငန်းစဉ်၊အစိတ်အပိုင်းများ၏ ဆက်စပ်မှု၊ဇီဝကမ္မဗေဒ စသည်တို့တွင် ပို၍နားလည်နှံ့စပ်သည့်အပြင်၊ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်များတွင်လည်း၊ ပို၍ကျွမ်းကျင် သူဖြစ်ပါသည်။

အတွင်းတိမ်နှင့် စံလွဲအမြင်ဆိုင်ရာခွဲစိတ်အထူးပြုဘာသာရပ်(Cataracts and Refractive Surgery)

          အတွင်းတိမ်ခွဲစိတ်ကုသခြင်းကို မျက်စိအထူးကုဆရာဝန်များက အခြေခံလုပ်ရိုးလုပ်စဉ် အား ဖြင့် ဆောင်ရွက်နိုင်ကြပါသည်။အထူးပြုဘာသာရပ်တခုအဖြစ် သဘောထားခြင်းမျိုးမရှိသော်လည်း၊ မျက်စိကျမ်းမာရေး စောင့်ရှောက်မှုအပိုင်းတွင်၊သီးခြားထင်ရှားသော အပိုင်းကဏ္ဍတခုအဖြစ် မျက်စိ အထူးကုဆရာဝန်များနှင့် သမားတော်ကြီးများက လက္ခံထားကြပါသည်။ အထူးပြုဘာသာရပ် တခုအ ဖြစ် လုပ်ဆောင်ချက်များသောအပိုင်းမှာ အမြင်ဆိုင်ရာခွဲစိတ်ကုသမှုဖြစ်ပါသည်။ မျက်စိမှုန်သူများ အား၊မျက်မှန်ပါဝါလျော့ခြင်းနှင့်စံလွဲအမြင်ဆိုင်ရာ ခွဲစိတ်ကုသ ခြင်းများဖြစ်၏။

မျက်ကြည်လွှာနှင့်ပြင်ပအစိတ်အပိုင်းများ အထူးပြုဘာသာရပ်(Cornea and External Disease)

           မျက်ကြည်လွှာ၊မျက်မြှေးလွှာ၊မျက်ဖြူလွှာ၊ မျက်ခွံတို့နှင့်ပတ်သက်သော ရောဂါများကို လေ့လာခြင်း နှင့် ကုသမှုပေးသောအပိုင်းဖြစ်ပါသည်။ မျက်ကြည်လွှာ၊မျက်မြှေးလွှာနှင့်  မျက်ခွံတို့တွင်ဖြစ် ပွားသောထိရှခြင်း၊အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ပိုးဝင်ခြင်းများကို ကုသသော ဘာသာရပ်ဖြစ်ပါသည်။ အရေးကြီးသော ကုသမှုများမှာ မျက်ကြည်လွှာအစားထိုးခြင်း ၊မျက်ကြည်လွှာပြုပြင်ခြင်းများ နှင့် မျက်စိမှုန်ခြင်း(ပါဝါများများ မျက်မှန် ထူထူတပ်ရသူများ) ကိုကုသပေးခြင်းများဖြစ် ပါ သည်။

ရေတိမ်အထူးပြုဘာသာရပ်(Glaucoma)

          မျက်စိတွင်းဖိအားမြင့်တက်လာမှုကြောင့်၊ မျက်စိ၏အရေးပါသော အစိတ်အပိုင်းဖြစ်သည့် မြင်လွှာရှိသွေးကြောများနှင့် အာရုံကြောများကိုပျက်စီးစေသည့် ရေတိမ်ကို အထူးပြုကုသသော ဘာသာရပ်ဖြစ်ပါသည်။မျက်စိတွင်းဖိအားမြင့်တက်နေမှုနှင့်တကွ ဆက်နွယ်နေသော အကြာင်းရင်းခံ များအားလုံးကို၊ဆေးဝါးဖြင့်ကုသခြင်း(သောက်ဆေးပေးခြင်း၊မျက်စဉ်ခပ်စေခြင်း)အပြင်၊လိုအပ်ပါကခွဲ စိတ်ကုသမှုပြုရသည့် အထူးကုအပိုင်းဖြစ်ပါသည်။

မျက်စိအာရုံကြောအထူးပြုဘာသာရပ်(Neuro-Ophthalmology)

          ဦးနှောက်အာရုံကြောပညာနှင့်မျက်စိပညာ နှစ်ရပ်စလုံးကိုနားလည်း နှံ့စပ်ကျွမ်းကျင်ရန်လိုအပ် သော ဘာသာရပ်ဖြစ်ပါသည်။ အမြင်စွမ်းရည်ဆုံးရှုံးစေသည်ထိ အန္တရာယ်ရှိသည့် မျက်စိအာရုံကြော ထိခိုက်ချို့ယွင်းမှုများကို ကုသပေးပါသည်။ ပီကျူထရီဂလင်း အကျိတ်က မျက်စိအာရုံကြော နှစ်ခုဖြတ် သည့်နေရာ(Optic Chiasma)ကိုဖိပါက မျက်စိမြင်ကွင်းကျဉ်း၍ ကွယ်တတ်သဖြင့်၊ ထိုအကျိတ်ကို မျက်စိဆရာဝန်နှင့် ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန် ပူးပေါင်း၍ အချိန်မီခွဲစိတ်မှသာ ပြန်မြင်နိုင်ပါ သည်။

မျက်စိကင်ဆာရောဂါအထူးပြုဘာသာရပ်(Ocular Oncology)

          ဆေးဝါးနှင့် ခွဲစိတ်ကုသမှု နှစ်မျိုးစလုံးဖြင့် ကုသမှုပေးရသော ဘာသာရပ်ဖြစ်ပါသည်။မျက်စိ တွင် ဖြစ်ပွားသော ကင်ဆာရောဂါကို အထူးကုသပါသည်။ကုသသော မျက်စိကုဆရာဝန်ကြီးများ သည်၊လိုအပ်သည့် ကုသမှုများနှင့်ရှင်းလင်းဆွေးနွေးရန် လိုအပ်သောကိစ္စရပ်များတွင် ရောဂါဗေဒ ဆရာဝန်၏ ဆေးစစ်အဖြေလွှာနှင့် တိုက်ဆိုင်စစ်ဆေးလျက် ဆောင်ရွက်ကြရပါသည်။

မျက်စိအနုစိတ်ပြုပြင်ခြင်းနှင့်မျက်လုံးအိမ်ဆိုင်ရာအထူးပြုဘာသာရပ်(Oculoplastics and Orbit Surgery)
          မျက်ခွံနှင့်မျက်စိအပေါ်ယံ အနုစိတ်နှင့်အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်း၊မျက်လုံးအိမ်နှင့် မျက် ခွံရိုး ခွဲစိတ်ပြုပြင်ခြင်းများကို ပြုလုပ်သည့် ဘာသာရပ်ဖြစ်ပါသည်။ဤဘာသာရပ်ဆိုင်ရာ မျက်စိဆ ရာဝန်သည် ဓါတုကုထုံးနှင့် ရေဒီယိုလှိုင်းဖြင့်ကုသခြင်းများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ လာသင်ယူထားကြရ သည့်ပြင်၊ မျက်လုံးအိမ်ပြုပြင်ခြင်းနှင့် မျက်စိရောဂါများကုသရာတွင် အသုံးတည့် သည့် ဓါတ်ရောင်ခြည်ဖြင့် ခွဲစိတ်ခြင်း နည်းပညာများကိုလည်း အထူးကျွမ်းကျင်ကြပါသည်။

မျက်စိဆိုင်ရာရောဂါဗေဒဘာသာရပ်(Ophthalmic Pathology)

          မျက်စိပညာရပ်နှင့် ရောဂါဗေဒပညာရပ်နှစ်ခုကိုပေါင်းစပ်၍ အသုံးချရသောအပိုင်းဖြစ်ပါသည်။
မျက်စိရောဂါရှာဖွေရာတွင်၊ရောဂါဖြစ်သောနေရာမှာ အသားစတစ်ရှုးကိုယူ၍ မည်သည့်ရောဂါဖြစ်သည် ကို ဆုံးဖြတ်ရာတွင် မျက်စိပညာနှင့်ရောဂါဗေဒပညာ နှစ်ရပ်ပေါင်းစပ်၍ အဖြေရှာရပါသည်။

 ကလေးဆိုင်ရာမျက်စိပညာ(Pediatric Ophthalmology)

          ကလေးများ၏တွင်ဖြစ်ပွားသော မျက်စိပြဿနာများကို ဖြေရှင်းပေးသော ဘာသာရပ်ဖြစ်ပါ သည်။အထူးအားဖြင့် ကလေးများတွင် အဖြစ်များသည့် မျက်စိစွေခြင်း၊မျက်စိတဖက်နှင့်တဖက် အမြင် မတူခြင်း၊အနိမ့်အမြင့်ဖြစ်နေခြင်း၊ မျိုးရိုးလိုက်သော မျက်စိရောဂါများနှင့် မျက်စိအာရုံကြော ဖောက်ပြန် မှုများကို ကုသခြင်းများ ပါဝင်ပါသည်။

ယူဗွီရိုက်တစ်နှင့် အင်မျူးနိုလိုဂျီ(Uveitis and Immunology)

         မျက်စိအင်္ဂါအစိတ်အပိုင်းများတွင် မျက်နက်ဝန်း(Iris)၊ဆီလီယာရီဘော်ဒီ(Ciliary body)နှင့် မျက်စိအလယ်လွှာ(Choroid)တို့ပါဝင်သော၊မျက်စိ၏အလွန်အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ် သည့် ယူဗီအာအလွှာ (Uvea tract) ရှိပါသည်။ယူဗီအာအလွှာ ရောင်ရမ်းခြင်းကို ယူဗီရိုက်တစ် (Uveitis)ဟုခေါ်ပါသည်။ ယူဗီအာအလွှာ ရောင်ရမ်းခြင်းတွင် ယူဗီအာတခုလုံး ရောင်ရမ်းခြင်းမျိုး မဟုတ်ပဲ၊၎င်းအလွှာတွင်ပါဝင်သော အစိတ်အပိုင်းတခုချင်းသော်လည်းကောင်း၊ နှစ်ခုသော်လည်း ကောင်း ရောင်ရမ်းခြင်းမျိုးလည်းရှိပါသည်။ယူဗီရိုက်တစ်ရောဂါသည် ခန္ဓာကိုယ်၏ အင်မျူးစနစ် (Immune System) နှင့် ဆက်စပ်ပတ်သက်လေ့ရှိပါသည်။သို့ဖြစ်ရာ ယူဗီရိုက်တစ်ဘာသာရပ်ကို အထူးပြုသော မျက်စိဆရာဝန်သည် မျက်စိပညာရပ်နှင့် အင်မျူးနိုလိုဂျီပညာရပ် နှစ်ခုစလုံးတွင် တတ် ကျွမ်းသော ပညာရှင်ဖြစ်ပါသည်။

မျက်စိနောက်ခန်းခွဲစိတ်ကုသခြင်း(Vitreo-Retinal Surgery)

          မျက်စိနောက်ခန်း(မျက်လုံး၏အတွင်းဖက်)တွင် ပြစ်ချွဲသောအရည်ကြည်တမျိုး(Vitreous)ရှိပြီး၊
၎င်းနှင့်ထိစပ်လျှက်ရှိသော မျက်လုံး၏အတွင်းဖက်အကျဆုံးအလွှာသည် မြင်လွှာ(Retina)ဖြစ်ပါ သည်။ဗစ်ထရပ်စ် နှင့် မြင်လွှာတွင်ဖြစ်ပွားသောရောဂါများ(ဆီးချိုသွေးချိုရောဂါကြောင့်မြင်လွှာထိခိုက် ခြင်းနှင့်အကြောင်းအမျိုးမျိုးကြောင့်မြင်လွှာကွာခြင်းစသည်များ)ကို ဆေးဝါး နှင့် ခွဲစိတ်ကုသခြင်း နှစ် မျိုးစလုံးသုံး၍ ကုသသော ပညာရပ်ဖြစ်ပါသည်။ မြင်လွှာဆိုင်ရာမျက်စိပညာ (Retinal Ophthalmology) ဟုခေါ်သော ဤဘာသာရပ်တွင် လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသ ခြင်း၊ခွဲစိတ်မှုပြုနေစဉ် လေဆာရောင်ခြည်ဖြင့်ကုသခြင်း စသည့် နည်းပညာများပါဝင်ပါသည်။
မျက်စိပညာတွင်ပါဝင်သော အထက်ဖော်ပြပါ အထူးပြုဘာသာရပ်များကို လေ့လာလျှင်၊မျက်စိ ကုသမှု လုပ်ငန်းစဉ်များကို ယေဘုယျအားဖြင့် ခန့်မှန်းတွေးဆနိုင်မည်ဖြစ်ပါသည်။ အကြောင်းအား လျှော်စွာ မျက်စိကုသမှုနယ်ပယ်နှင့် ထိတွေ့ကြရသောအချိန်၌ ဤအချက်များသည် စာရှုသူတို့အား အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ပါသည်။ ဆောင်းပါးပါအချက်များသည် မိတ်ဆက်ပေးရုံ အကျဉ်းမျှသာဖြစ်ရာ ဆက်လက်လေ့လာလိုပါက အောက်ဖော်ပြပါလင့်ခ်များတွင် လေ့လာနိုင်ပါ ကြောင်း ညွှန်းဆိုအပ်ပါသည်။

References
Subspecialties of Ophthalmology By Yolanda Smith, Bpharm.
https://www.facs.org/education/resources/residency-search/specialties/ophthal
http://med.stanford.edu/voig/about/subspecialties.html
Further Reading
Ophthalmology Ophthalmologist Education and Training.History of Ophthalmology.
Ophthalmology Around the World Last Updated: Jan 17, 2017.



         

6.11.17

ငန်ငန် မငန်ငန် ရှောင်ရန်ဆိုဒီယမ်။ ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)






သက်ရှည်ကျမ်းမာခြင်း၏ လျှို့ဝှက်ချက်များကို လူတိုင်းသိခြင်းဖြင့် ကျမ်းမာအောင်၊အသက် ရှည်အောင် ဆောင်ရန်ရှောင်ရန်များကို၊ဆောင်နိုင်ရှောင်နိုင်ကြမည်ဖြစ်ပေသည်။


ယေဘုကျအားဖြင့် လူတိုင်းနီးပါးသိထားကြသည်မှာ သွေးတိုးရှိလျှင် “အငန်”ရှောင်ရမည် ဆို တာပင်။အငန်ဆိုသည်မှာ အဓိကအားဖြင့် ဆိုဒီယမ်ကလိုရိုက်(အိမ်သုံးဆား)ပါသော ငါးပိ၊ ငါး ခြောက်၊ ငံပြာရည်တို့ကိုဆိုလိုသည်။အငံတခုတည်းရှောင်ရုံဖြင့် ၂၀%သာအကျိုးရှိပါသည်။ ကျန် ၈၀% ဒုက္ခ ပေးသောအရာက မည်သည့်အရာနည်း………… ဆိုဒီယမ်ပါသော….မည်သည့်ဆားမဆို ခန္ဓာကိုယ်ကို ဒုက္ခရောက်စေပါသည်။ “ ငန်” စရာမလိုပါ။ “မငန်သောဆားများ”ဟုဆိုရမည်ဖြစ်ပါသည်။ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်(စားဆိုဒါ - မုန့်ပွရန်ဖြစ်စေ အကြော်ပွရန်ဖြစ်စေထည့်သော ဆိုဒါမှုန့်)၊မိုနိုဆိုဒီယမ် ဂလူတာမိတ် (အချိုမှုန့် - ဟင်းချိုရန်အတွက်ထည့်သော ဟင်းချိုမှုန့်) စသည်တို့သည် ဆိုဒီယမ်ပါ သဖြင့် ကြောက်စရာကောင်းပါသည်။
ဆိုဒီယမ်ဆားများကလူကိုဒုက္ခပေးပုံ
        ငန်သည်ဖြစ်စေ မငန်သည်ဖြစ်စေဆားများစားသောအခါ၊ သွေးထဲတွင်ဆားများစုပုံလာသည်။ စုပုံလာသောဆားကို ‘ ပျော့ ’ စေရန်(အရည်ပျော်သွားစေရန်) ရေကိုသွေးထဲသို့ စုပ်ယူသောအခါ၊ သွေးထုထည်များလာသည်။ သွေးထုထည်များ၍ နှလုံးသည် သာမန်ထက်ပို၍ အလုပ်လုပ်ရသည်။ သွေးကြောများပေါ်၌ ဖိအားပိုလာသည်။ အချိန်ကြာသောအခါ နှလုံးဝန်ပိခြင်း၊ သွေးကြောနံရံဖိအား များခြင်းတို့ကြောင့် သွေးတိုးရောဂါ ၊ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ကိုဖြစ်စေသည်။ နောက်ဆုံး Heart Failure (နှလုံးအလုပ်မလုပ်တော့ခြင်း)ဖြစ်လာတတ်သည်။
          သွေးတိုးရောဂါ မဖြစ်ပဲနှင့်လည်း ဆိုဒီယမ်ဆားများများစားသုံးခြင်းဖြင့်၊နှလုံးသွေးကြောမကြီး နှင့်ကျောက်ကပ်တို့ကို ပျက်စီးစေသည်။အရိုးများကိုလည်း ဆိုးကျိုးပေးပါသည်။ဆိုဒီယမ် ကြောင့်ဖြစ် လာသောသွေးတိုးသည်၊လေဖြတ်သူများ၏ သုံးပုံနှစ်ပုံ၊နှလုံးရောဂါသည်များ၏ တဝက်တွင် တွေ့ရပါ သည်။တနှစ်တနှစ်တွင် သွေးတိုးကြောင့် ကမ္ဘာတဝန်း လူတသန်းကျော်သေဆုံးနေကြပါသည်။ ဆိုဒီ ယမ်ဆားစားသုံးသူများသည် သာမန်လူများထက် သေဆုံးနိုင်ခြေ ၂၀% ပို၍မြင့်မားပါသည်။
          ၁၉၈၀ ခုနှစ်တွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှလူပေါင်း ၁၀၀၀၀ ကျော်ရဲ့ ၂၄ နာရီအတွင်း စွန့်ထုတ် သော ဆိုဒီယမ်ကိုတိုင်းတာသုတေသနပြုကြည့်ခဲ့ပါသည်။ထိုအခါ ဆိုဒီယမ်များသောအုပ်စုတွင် သွေး တိုး နှလုံးရောဂါအဖြစ်များသည်ကို တွေ့ရ၍၊နည်းသောအုပ်စုတွင် အဖြစ်နည်းသည်ကို တွေ့ရပါသည်။
          ၁၉၈၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်းတွင်၊ “ TOHP ” Two Trial of Hypertension Prevention လုပ်ကြည့်ရာ - ဆိုဒီယမ်ကို(၁၈)လမှ(၃၆)လအထိ လျှော့စားသူများတွင် သွေးတိုးရောဂါကျသွား သည်ကို၎င်း၊နှလုံးတိုက်ခိုက်ခံရခြင်း နှင့် လေဖြတ်ခြင်းကို ၂၅% လျှော့ချနိုင်သည်ကို၎င်း၊ နှလုံးသွေး ကြောခွဲစိတ်ရခြင်းနှင့် နှလုံးရောဂါကြောင့် သေဆုံးရခြင်းတို့ကိုလျှော့ချနိုင်သည်ကို၎င်းတွေ့ရှိရပါသည်။
ဆိုဒီယမ်ဆားများနှင့်ကင်ဆာ
        The World Cancer Research Fund and America Institute for Cancer ကလေ့လာ တွေ့ရှိချက်များအရ ဆားနှင့်ဆားများသော အစားအစာများသည် အစာအိမ်ကင်ဆာဖြစ်စေကြောင်း ကောက်ချက်ချခဲ့ကြပါသည်။
အရိုးပွရောဂါနှင့် “ဆား”
        အရိုးကျမ်းမာရေးအတွက် ကယ်လဆီယံ(ထုံးဓါတ်)သည် မရှိမဖြစ်လိုအပ်ပါသည်။ဆီးထဲတွင် စွန့်သော ကယ်လဆီယမ်သည် ဆီးထဲတွင်စွန့်သော “ဆားများ” နှင့်တိုက်ရိုက်အချိုးကျပါသည်။ “ဆား”များများစားလျှင် ဆီးတွင် “ဆား”များများစွန့်၍ ကယ်လဆီယမ်လည်း များများစွန့်ပစ်ပါသည်။ ထိုအခါ အရိုးအတွက် ကယ်လဆီယမ်မလုံလောက်၍ အရိုးပွရောဂါဖြစ်ရသည်။အရိုးပွသောအခါ အနည်းငယ်ထိခိုက်ရုံဖြင့် အရိုးကျိုးနိုင်သည်။ပြန်ဆက်ဖို့လည်းခဲယဉ်း၏။
ရေတိမ်ရောဂါနှင့် “ဆား”
         “ဆား”များများပါသော အစားအသောက်များစားလျှင်၊ သွေးထဲတွင် ဆားဓါတ်များလာသဖြင့်၊ ရေဓါတ်ကိုဆွဲယူ၍ သွေးထုထည်များလာသည်။သွေးထုထည်များလာသောအခါ သွေးကြောများနှင့် ဆက်စပ်နေသော မျက်စိတွင်းအရည်ကြည်(Aqueous Humour)၏ထုထည် ပမာဏလည်းများလာ သည်။ထိုအရည်ကြည်ထွက်ပေါက် ကောင်းကောင်းအလုပ်လုပ်ပါက အဆင်ပြေသော်လည်း၊အဆင် မပြေပါက မျက်လုံးတွင်းဖိအား(Intraocular Pressure)တက်လာနိုင်သည်။ မျက်လုံးတွင်းဖိအား သည် မျက်စိအာရုံကြောများကို ထိခိုက်လောက်အောင် ဖိအားဖြစ်လျှင် ရေတိမ်ဖြစ်စေသည်။ရေတိမ် ရောဂါရှိသူတွင် ပို၍ဆိုးစေသည်။
တိုင်းရင်းဆေးရှုဒေါင့်
        ကွယ်လွန်သွားပြီဖြစ်သော တိုင်းရင်းဆေးဆရာကြီး ဦးဟန်ထွန်း(ကျောင်းအုပ်ကြီး၊မန္တလေး တိုင်းရင်းဆေးသိပ္ပံ)ကမိန့်ဘူးပါသည်။ “ငန်တကာ့ငန်-ပူ၊ဖန်တကာ့ဖန် - အေး”ဟူ၍ဖြစ်၏။ အငန်များ၊ ဆားများသည် ခန္ဓာကိုယ်တွင်းသို့ရောက်လျှင် “အပူ”ဖြစ်သွား၍၊အဖန်ဓါတ်ပါသော အစာများဆေးများ သည် ခန္ဓာကိုယ်တွင်းရောက်လျှင် “အအေး”ဖြစ်သွားသည်ဟုဆိုလိုပါသည်။အပူ(ဥဏှတေဇော)သည် အိုမင်း ရင့်ရော်ခြင်း၏ အဓိကအကြောင်းရင်းတခုဖြစ်ပါသည်။ပါးရေ တွန့်ခြင်း၊ဆံပင်ဖြူခြင်း၊ နှလုံးအား နည်းခြင်း၊အရိုးအားနည်းခြင်း စသည်တို့သည် ဥဏှတေဇောကြောင့် ဖြစ်ပါသည်။အအေးသီတတေ ဇောသည် ခန္ဓာကိုယ်ကို အပူငြိမ်းစေသည်၊စည်ပင်ဖွံ့ဖြိုးစေသည်။ ဖန်သောအရသာရှိသည့် ဆီးဖြူသီး၊ ဖန်ခါးသီး၊ကျဇုသီး(၃)မျိုးကိုတြိဖလ(တြိ=သုံး၊ဖလ=အသက်)အသက်ရှည်စေသော အသီးသုံးမျိုးဟု ဆိုရိုးရှိပါသည်။
တနေ့စားသုံးသင့်သည့်ဆိုဒီယမ်ပမာဏ = လက်ဖက်ရည်ဇွန်း၏လေးပုံတပုံ(၁/၄)သာ၊ ဆိုဒီယမ်များသောအစားအစာများ=စည်သွပ်ဘူးများ၊အသားခြောက်များ၊ငါးပိ၊ငါးခြောက်၊ကြာရှည်ခံအောင်လုပ်ထားသော အစားအစာများ၊အေးခဲသောအသားများ၊ထောပတ်၊ဆိုဒါများသော ထပ်တရာ၊ အီကြာကွေး၊ပလာတာ စသည်များ။                         ဆိုဒီယမ်နည်းသောအစားအစာများ=လတ်ဆတ်သောအစာများ၊အရွက်ခြောက်(စည်သွမ်မဟုတ်)။
          သို့ဖြစ်၍ နှလုံးရောဂါ၊သွေးတိုးရောဂါ၊လေဖြတ်ရောဂါ၊အစာအိမ်ကင်ဆာရောဂါ၊အရိုးပွရောဂါ နှင့်ရေတိမ်ရောဂါများကင်းဝေးစေရန် “အငန်” ရှောင်ရုံသာမက၊ “မငန်သောဆား”များဖြစ်သည့် စား ဆိုဒါ၊ အချိုမှုန့်၊အသားမှုန့်၊တာရှည်ခံအောင်သုံးသောဆား စသည့် “အန္တရယ်ဆား”များကိုရှောင်သင့်ပါ ကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။

3.11.17

မသန်စွမ်းကလေးများ အမြင်စစ်ပေးကြစို့လား။(၂/၁၁/၁၇ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး) ပြည့်အောင်(COA)



ကမ္ဘာတဝန်းရှိ မသန်မစွမ်းကလေးများ၏ အမြင်အာရုံကျဆင်းမှု၊ယုတ်လျော့လာမှုသည်၊ ကျမ်း မာသောကလေးများနှင့် ယှဉ်လျှင်(၁၀.၅% နှင့် ၀.၁၆%) ဖြစ်နေသောကြောင့် ပို၍ခြားနားလျက် မြင့် မားနေသည်ကို တွေ့ရပါမည်။ အထူးသဖြင့် မျက်စိစွေခြင်းနှင့် မျက်မှန်ဖြင့်မြင်နိုင်သော မျက်စိမှုန်ခြင်း ကဲ့သို့သော ဝေဒနာများကိုတွေ့ကြရပါမည်။မသန်စွမ်းကလေးများ၌ အမြင်ဆိုင်ရာ ချို့ယွင်းမှုများဖြစ် ရခြင်း၏ အဓိကအကြောင်းကို ကြည့်လျှင်၊ အောက်စီဂျင်မလုံလောက်မှုကြောင့်ဖြစ်သည့် အာရုံကြော အစုအဝေးအားနည်းခြင်းနှင့် ထိုမှတဆင့်ဦးနှောက် ထိခိုက်ခြင်းများကြောင့်ဖြစ်ကြောင်း သိရပါသည်။
ထိုကဲ့သို့ မသန်စွမ်းဖြစ်နေသည့်အပြင် မျက်စိအမြင်ပါအားနည်းနေသော ကလေးငယ်များ ၏ဘဝသည် လွန်စွာဂရုဏာသက်ဖွယ်ရာဖြစ်ပါသည်။ မျက်စိကောင်းအောင် စီစဉ်ပေးနိုင်လျှင် ပို၍ ချမ်းသာဖွယ်ရာရှိပေမည်။ ထိုကလေးများ၏ သက်သာရာသက်သာကြောင်း ချမ်းသာရာချမ်းသာ ကြောင်းဖြစ်စေမည့် မျက်စိကျမ်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ပံ့ပိုးနိုင်ရေးအတွက် သုတေ သီအချို့၏ အကြံပြုချက်များကိုရေးသားလိုပါသည်။

နည်းလမ်းဖွေရှာ
အမြင်အာရုံချို့တဲ့မှုအခြေအနေနှင့် အမျိုးအစားပေါ်မူတည်၍ မည်ကဲ့သို့ပြုသင့်သည်ကို စဉ်း စား ကြရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် မိမိကိုယ်တိုင်သွားလာနိုင်ခြင်း မရှိသည့်အပြင် ခန္ဓာကိုယ် တခုလုံးယိမ်းထိုးလျှက်ရှိသည့် ဝေဒနာကိုခံစားနေရသူ မသန်စွမ်းကလေးငယ်အတွက် စဉ်းစားရခြင်း မျိုးဖြစ်သည်။ လှုပ်ရှားနေမှုကြောင့် ပတ်ဝန်းကျင်မြင်ကွင်းများသည် ကြည်လင်ပြတ်သားမှု ရှိမည် မဟုတ်ပေ။ ထိုကဲ့သို့သောကလေးငယ်အား မည်သို့စောင့်ရှောက်မှု ပေးရမည်နည်း။ မျက်စိကုသရေး ရှုဒေါင့် တခုတည်းမှမဟုတ်ဘဲ ရှုဒေါင့်စုံမှကြည့်၍ ဖြေရှင်းပေးရမည့် ပုံစံမျိုးဖြစ်ပါသည်။ သို့ဖြစ်ရာ မတူကွဲပြားသော မသန်စွမ်းကလေးများအား ၎င်းတို့၏ဥာဏ်ရည်နှင့် မသန်စွမ်းဖြစ်မှု အပေါ်မူတည်၍ ကျင့်သုံးရန်နည်းလမ်းများကို အောက်ပါအတိုင်းတွေ့ကြရမည်ဖြစ်ပါသည်။

(၁) ဥာဏ်ရည်မမီသောကလေးများ။ ထိုကလေးများ၏ ဥာဏ်ရည်သည် အသက်ကြီးလာသည်နှင့်အမျှ ဖွံ့ဖြိုးလာတတ်ပါသည်။ အတူတကွအပြန်အလှန် စကားပြောခြင်းနှင့်မေးခွန်းများမေးခြင်းသည် ထိုက လေးငယ်များအား လျှင်မြန်စွာ တိုးတက်စေပါသည်။ ဖြေးဖြေးမှန်မှန် ပီပီသသ စကားပြောရန်နှင့် အကြောင်းအရာပေါ်လိုက်ပြီး မျက်နှာအမူအရာပြ(သိသာထင်ရှားစွာပြု)၍ ပြောဆိုရန်လိုပါသည်။

(၂) အကြားအာရုံချို့တဲ့(နားမကြား)သောကလေးများ။  တိုးတိုးကြား၊မကြားတကြား(ကြားလိုက်၊မကြား လိုက်)၊တဖက်ကြားတဖက်မကြား၊နားမကြား(နားနှစ်ဖက်လုံး လုံးဝမကြား)စသည် ဖြင့်ရှိပါသည်။ နားမ ကြားသူများကို လက်ဖြင့်သရုပ်ပြ၍ ပြောရမည်ဖြစ်ပါသည်(၎င်းဘာသာရပ်ကို သင်ကြားထားသင့်၏)။ ချို့တဲ့ရုံ(တိုးတိုးကြား၊ မကြားတကြား)မျှ ဖြစ်သောကလေးများအား၊ ဖြေးဖြေးနှင့် အသံကျယ်ကျယ် မိမိပါးစပ်လှုပ်သည်ကိုမြင်အောင် ပြောရပါမည်(ပါးစပ်လှုပ်သည်ကိုမြင်မှ မကြားလိုက်သောစကား မသဲ ကွဲသောစကားများအား မှန်းဆနိုင်မည် ဖြစ်၏)။၎င်းတို့အားမျက်စိစမ်းသပ်စစ်ဆေးသော နေရာသည် တိတ်ဆိပ်သောသီးသန့်ခန်း ဖြစ်သင့်ပါသည်။

(၃) ကိုယ်အင်္ဂါ မသန်စွမ်းကလေးများ။ ဝှီးချဲ၊ချိုင်းထောက်စသည်၊့ သွားလာရာတွင် အထောက်အကူ ကရိယာသုံးရသောသူများအား မှတ်တမ်းရယူခြင်းနှင့် မျက်စိစမ်းသပ်ခြင်းပြုရာတွင် ဆေးခန်းတည် ဆောက်ပုံသည် အရေးကြီးပါသည်။ဝှီးချဲလမ်းများ၊ ချိုင်းထောက်နှင့် အခြားကရိယာသုံး သူများအတွက် လက်ကိုင်တန်းများရှိသည့် ဆေးခန်းများတွင်သာ စစ်ဆေးမှုပြုသင့်ပါသည်။ မရှိပါက ပြုလုပ်သင့်ပါ သည်။သို့မှသာ သက်တောင့်သက်သာဖြင့် စစ်ဆေးနိုင်မည်ဖြစ်၏။ မျက်စိစစ်ဆေးသော လက်ကိုင် ကရိယာများ(Portable slit lamp ကဲ့သို့) အသုံးပြု၍ အိမ်တိုင်ယာရောက် စစ်ဆေးသော နည်းကို လည်း လိုအပ်ပါက အသုံးပြုရမည်ဖြစ်ပါသည်။

(၄)အပြုအမူပုံမှန်မရှိသူကလေးများ။ကိုယ်လက်အင်္ဂါမငြိမ်သက်သူ စိတ်ပုံမှန်မရှိသူကလေးများအား မှတ်တမ်းယူခြင်း၊စစ်ဆေးခြင်းများပြုရာတွင် ဆိတ်ငြိမ်သောပတ်ဝန်းကျင်ဖြစ်ရန် အရေးကြီးပါသည်။ အမြဲစောင့်ရှောက်သူ(လူနာစောင့်)နှင့် တိုင်ပင်၍ လူနာ၏အတည်ငြိမ်ဆုံးအချိန်တွင် စမ်းသပ်မှုပြုသင့် ပါ မည်။ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိသော အချိန်ကို စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်း ရွေး ချယ် ရပါမည်။
        စသည်ဖြင့် မသန်စွမ်းကလေး၏အခြေအနေပေါ်မူတည်၍ အမြင်စမ်းမှုပြုလုပ်ရန် စတင်ချဉ်း ကပ်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များကို အကြံပြုထားကြပါသည်။


အမြင်စွမ်းရည်ဘယ်လိုစစ်
Royal Hospital for Sick Children,Glasgow မှ Gordon Dutton နှင့်အဖွဲ့က မသန်စွမ်း ကလေးများ၏ အမြင်စွမ်းရည် စစ်ဆေးရာတွင် အခြေခံကျပြီးအသုံးတည့်သည့် စံနှုန်းတခုကိုပြုစုခဲ့ကြ ပါသည်။ ကိုယ်အင်္ဂါမသန်းစွမ်းနှင့်ဥာဏ်ရည်မမီ ကလေးများအတွက် အဓိကရည်ရွယ်သော ထိရောက် မှုရှိမည့် စစ်တမ်းဖြစ်၏။ Ulser University မှ Vision Science Research Group ဖြစ်သော အထက် ပါအဖွဲ့၏ စစ်တမ်းမေးခွန်းများကို အောက်ပါအတိုင်း တွေ့ရပါမည်။
(၁) တွေ့ဘူးပြီးသား၊ရင်းနှီးပြီးသားသူများကို မှတ်မိပါသလား။(အဖေ၊အမေ၊ညီအကို မောင်နှမ၊ဆွေမျိုး သားချင်းစသည်၊သက်တူရွယ်တူစသည်)
(၂)အခြားသူများ၏အပြုအမူကို တုန့်ပြန်မှုရှိပါသလား။(မျက်လုံးပြူးပြလျှင် ပြန်ပြူးပြခြင်းမျိုး၊ ခေါင်းငြိမ့် ပြလျှင် ပြန်ငြိမ့်ပြခြင်းမျိုးစသည်)
(၃)မီးခလုပ် ရုတ်တရက်ဖွင့်လိုက်လျှင် အလင်းရောင်ကိုတုန့်ပြန်မှု ရှိသလား။(မျက်စိစုံ မှိတ်လိုက်ခြင်း မျိုး၊လက်ဖြင့်ကာလိုက်ခြင်းမျိုး)
(၄)တောက်ပတဲ့ အလင်းရောင်တွေနောက်ကို လိုက်ကြည့်ပါသလား။(လှုပ်ရှားနေသော ရောင်စုံမီးလုံး လေးများ၊ရွေ့လျား မီးအလင်းတန်းများ)
(၅)အသံမပေးဘဲ ပြုံးပြရင် ပြန်ပြီးပြုံးပြသလား။(အမှတ်စဉ်(၂)နှင့်ဆင်တူ၏ သို့သော် ပို၍သိမ်မွေ့ပါ သည်)
(၆)အရာဝတ္တုတွေရဲ့ အရွယ်ပမာဏတွေကို (စကားမပြောနိုင်လျှင် အမူအရာဖြင့်) ပြောပြသလား။
(၇)အစားအစာ ကြွေးတဲ့အချိန်မှာ ပါးစပ်ရှေ့ရောက်လာတဲ့ ဇွန်း(စသည်)ကို မျက်စိနှစ်ဖက်စလုံးက မြင်ရရဲ့လား။(မျက်စိ၏ကြည့်ရှုပုံ၊တည့်မတ်မှုရှိမရှိ။လိုအပ်လျှင်တဖက်ခြင်းပိတ်၍ စစ်ကြည့်ရန်)
(၈) တောက်ပတဲ့အလင်းရောင်နဲ့ ခပ်မှိန်မှိန်အလင်းရောင်၊ဘယ်အလင်းရောင်မှာ ပိုမြင်ရသလဲ။(ခပ်မှိန် မှိန် အလင်းရောင်တွင်မှ ပို၍မြင်ရတာမျိုးလည်းရှိ၏၊မျက်စိကိုပြူးကြည့်သလား၊ မှေးကြည့်သလား၊သာ မန်ကြည့်သည်လား ) စသည်ဖြင့်ဖြစ်၏။(အမြင်စမ်းပညာရှင်မဟုတ်သော၊သာမန်လူများလည်း၊၎င်းစမ်း စစ်ချက်များကို လိုက်နာစူးစမ်းနိုင်သည်ကိုတွေ့ကြရပါမည်။)

          အထက်ပါအချက်များဖြင့် ချိန်ထိုးကြည့်လျှင် သာမန်အဆင့် မသန်စွမ်းသူကလေးများ၏ အမြင် အာရုံသည် ပို၍ကောင်းနေတတ်သည်ကို တွေ့ရမည့်အပြင်၊အမြင်ဆိုင်ရာ အထောက်အထားများ ရှာ ဖွေခြင်းနှင့် ဆေးကုသမှုဖြစ်စဉ်များကိုစုံစမ်းရာတွင် ပို၍လွယ်ကူသည်ကိုလည်းတွေ့ရပါသည်။

 အမြင်စွမ်းရည် စုံစမ်းစစ်ဆေးရာတွင် ပို၍ပြည့်စုံရန် လုပ်သင့်သည့် စမ်းစစ်ချက်များကို အထက်ပါသုတေသနအဖွဲ့က ထပ်မံပြုစုရာတွင်၊ အချက်အားဖြင့် (၅၃)ခုမျှရှိရာ သက်ကြီးများနှင့် မသန်စွမ်းကလေးများအတွက်အဓိကထားပါသည်။ ၎င်းမေးခွန်းများသည် ထိရောက်မှုရှိပြီး အမြင်အား နည်းလွန်းသော မသန်စွမ်းကလေးများအတွက် အကျိုးပြုကြောင်း၊ ယူနိုက်တက်ကင်းဒန်း နှင့် ဘင်္ဂလားဒေ့နိုင်ငံတို့ တွင်ပြုလုပ်ခဲ့သော စစ်တမ်းများအရသိရသည်ဟုဆို၏။
ထို့ပြင် အရာဝတ္တုများကို မခွဲခြားနိုင်သူ၊ မည်သူမည်ဝါဟူ၍ မမှတ်မိသူ၊ လမ်းကောင်းကောင်း မလျှောက်နိုင်သူ၊ရွေ့လျားနေသော အရာဝတ္တုများကိုမမြင်နိုင်သူ ၊စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူ က လေးများနှင့် ပုံမှန်အပြုအမူမရှိသူကလေးများ၏ မြင်နိုင်စွမ်းကို စစ်ဆေးရာတွင် လက်တွေ့ကျပြီး အသုံးဝင်ကြောင်းတွေ့ရသည်ဟုဆိုပါသည်။
ဥပမာအားဖြင့်ဖော်ပြရသော် မှတ်ဥာဏ်ချို့ယွင်းမှုကြောင့် မိဘနှင့်မိသားစုဝင်များကိုပင် မမှတ် မိသူကလေး၏ မိဘများအား ထင်ရှားသော အရောင်(စိမ်း၊နီ၊ပြာ၊ခရမ်း စသည်)ရှိသည့်အဝတ်အစား ဆင် တူဝတ်ဆင်ရန် အကြံပြုခြင်းမျိုးဖြစ်၏။ထိုသို့ဝတ်ဆင်စေခြင်းဖြင့်၊ အမြင်အာရုံတိုးတက်မှုကို အရောင်အဆင်းတို့၏ သင်္ကေတဖြင့်ဖွံ့ဖြိုးလာစေသည့်အပြင်၊ အမြင်အာရုံ၏စေ့ဆော်မှုကြောင့် အခြား သော အင်္ဂါအစိတ်အပိုင်းများ(ခြေ၊လက်စသည်)၏ လှုပ်ရှားမှုများကိုလည်း၊ပိုမိုသွက်လက်လာ စေမည် ဖြစ်ပါ သည်။ ဤအချက်သည် မသန်စွမ်းသူကလေးများအတွက်၊ လုပ်ရိုးလုပ်စဉ်ကုသမှုပေးခြင်းထက် ပိုမိုထိရောက်မှုရှိသည်ကိုတွေ့ရပါမည်။
ဆိုလိုသည်မှာ မသန်စွမ်းကလေးများအား အမြင်စွမ်းရည်စစ်ဆေးခြင်းသည် ပြုသင့်ပြုထိုက် သောအလုပ်တစ်ခုဖြစ်ပြီး၊သိမ်မွေ့သည့်သဘော၊ခက်ခဲသည့်သဘော၊ပုံသေလုပ်ငန်းစဉ် သတ်မှတ်၍ မရသော သဘောရှိကြောင်းနှင့် ဝိုင်းဝန်းကျိုးစားဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုခြင်းဖြစ်ပါသည်။

(Ref;The importance of assessing vision in disabled children – and how to do it.
Richard Bowman,Senior Lecturer: Public Health Ophthalmology, London School of Hygiene  and Tropical Medicine, London, UK.)