12.6.18

ပါဝါမျက်မှန်ကောင်းကောင်းတလက် ဆိုသည်မှာ။(၁၂/၆/၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ် သတင်းစာပါဆောင်းပါး)


              



 မျက်မှန်တပ်ရန်လိုအပ်ကြောင်း သိရသည်နှင့် လူတိုင်းတောင့်တမိကြမည်မှာ မျက်မှန် ကောင်းကောင်းတလက်ရရှိရေးပင်ဖြစ်ပါသည်။မိမိလိုချင်သည့် ကုန်ပစ္စည်းတခုကောင်း မကောင်း ဆုံးဖြတ်ရန်မှာ ထိုကုန်ပစ္စည်း၏ အရည်အသွေးကိုသိထားရန်လိုအပ်သကဲ့သို့၊မျက်မှန်ကောင်းကောင်း တလက်ဟုတ်မဟုတ် ဆုံးဖြတ်ရန်မှာ ပါဝါမျက်မှန်ကောင်းတလက်၏ အရည်အသွေးကိုသိရန်လိုအပ် ပါသည်။

           မျက်မှန်တလက်၏ အရည်အသွေးကိုသိရန်မှာ မျက်မှန်ပါဝါစမ်းသပ်စစ်ဆေးသည်မှစ၍ ကာယကံရှင် တပ်ဆင်အသုံးပြု၍ရသည်အထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုသိရန်လိုအပ်သကဲ့သို့ ထို လုပ်ငန်းစဉ်အတွင်း ပါဝင်ဆောင်ရွက်ကြသူ ပညာရှင်များကိုလည်း သိထားရန်လိုအပ်ပါသည်။

မျက်မှောက်ခေတ် နိုင်ငံတကာနယ်ပယ်၌ မျက်စိစမ်းသပ်စစ်ဆေးမှုလုပ်ငန်းစဉ်တွင် ဝေဒနာရှင်၏ မျက်စိကိုရှေးဦးစွာ စမ်းသပ်စစ်ဆေးသူမှာ အမြင်စမ်းပညာရှင်(Optometrist) ပင်ဖြစ် ပါသည်။ ထိုပညာရှင်က လူနာ၏ အမြင်စွမ်းရည်၊ မျက်စိ၏ပုံမှန်လက္ခဏာနှင့် ဖောက်ပြန်သော လက္ခဏာများကို စမ်းသပ်စစ်ဆေး၍ မျက်စိအထူးကုဆရာဝန်ကြီး (Ophthalmologist) နှင့်ပြသရန် လိုအပ်သော မျက်စိရောဂါတမျိုးမျိုးဖြစ်ပါက၊ သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီးထံသို့ မိမိ၏ စမ်းသပ်စစ်ဆေးတွေ့ရှိချက် မှတ်တမ်းနှင့်တကွ ကုသမှုခံယူရန် စေလွှတ်ရပါသည်။ထိုနည်းတူ မျက်မှန်လိုအပ်ချက်ရှိသောကြောင့် မျက်စိမှုန်နေသူလူနာများအား မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင် (Refractionist)ထံသို့ စမ်းသပ်တွေ့ရှိချက် မှတ်တမ်းများနှင့်တကွ စေလွှတ်ပါသည်။သူကိုယ်တိုင် မျက်မှန်ပါဝါရှာဖွေခြင်းပြုသည်လည်းရှိပါသည်။ မျက်စိအထူးကုဆရာဝန်ကြီးက ရှေးဦးစွာစမ်းသပ် စစ်ဆေးပါကလည်း၊ မျက်မှန်လိုအပ်ချက်ကြောင့် မျက်စိမှုန်သူများကို မျက်မှန်ပါဝါရှာဖွေပေးသူ ပညာရှင်ထံသို့ စေလွှတ်ပါသည်။

        မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင်က မျက်မှန်လိုအပ်ချက်ရှိသူလူနာအား မျက်မှန်ပါဝါကို သတ် မှတ်စံချိန်စံညွှန်းများနှင့်အညီ  မိမိ၏ကျွမ်းကျင်သော ပညာရပ်များကိုအသုံးချလျက် စနစ်တကျရှာဖွေ ပေးရပါသည်။မျက်မှန်ပါဝါရှာဖွေပေးသူ ပညာရှင်ထံသို့ လွှဲအပ်ရန် အကြောင်းအမျိုးမျိုးကြောင့် အခက် အခဲရှိပါက မျက်စိအထူးကု ဆရာဝန်ကြီးများကိုယ်တိုင် မျက်မှန်ပါဝါရှာဖွေပေးသည်လည်း ရှိပါသည်။ ဤနေရာတွင် မျက်မှန်ကောင်းကောင်းတလက် ဖြစ်ရန်အတွက် ရှေးဦးမဆွအရေးပါသော ပုဂ္ဂိုလ်မှာ ဤမျက်မှန်ပါဝါရှာဖွေပေးသူပညာရှင်ပင်ဖြစ်ပါသည်။မျက်မှန်ပါဝါ ရှာဖွေပေးသူပညာရှင်၏ လုပ်ငန်း အတွေ့အကြူံ၊ပညာရပ်ဆိုင်ရာကျွမ်းကျင်မှု၊စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်မှု၊လူနာများ၏ စိတ်ပိုင်း ဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေးအပေါ်  လေ့လာအကဲဖြတ်လျက် မှန်မှန်ကန်ကန် ဆက်ဆံနိုင်မှု၊မျက် မှန်ပါဝါရှာဖွေခြင်းဆိုင်ရာ အထောက်အကူပြု ကရိယာများကို၊ ကျွမ်းကျင်စွာ အသုံးချနိုင်မှု စသည်တို့ အပေါ်မူတည်၍ တွေ့ရှိသည့် မျက်မှန်ပါဝါ၏တိကျမှန်ကန်မှုတန်ဘိုးသည်  ကွာဟချက်ရှိမည်ဖြစ်ပါ သည်။

          သို့ဖြစ်လျှင် တန်းဘိုးရှိသောမျက်မှန်ပါဝါသည် မည်သို့သောပါဝါမျိုးဖြစ်မည်နည်း။ထိုပါဝါသည် မျက်မှန်ကောင်းကောင်းတလက် ရရှိရေးအတွက် အရေးအပါဆုံးသော အခြေခံလိုအပ်ချက်ဖြစ်ပါ သည်။ထိုလိုအပ်ချက် ပြည့်မီရေးသည် သက်ဆိုင်ရာပညာရှင်၏ ကျွမ်းကျင်မှု၊စေတနာထားမှု၊လူနာ၏ ကိုယ်ရည်ကိုယ်သွေးမြင့်မားမှု၊အထောက်အကူပြု ကရိယာများပြည့်စုံမှု စသည့်အချက်များအပေါ်မူ တည်ပါသည်။

            မျက်မှန်ပါဝါရှာဖွေပေးသူ ပညာရှင်ကမျက်မှန်ပါဝါကို ရှာဖွေပေးပြီးနောက်၊ ထိုမျက်မှန်ပါဝါ အတိုင်း တပ်ဆင်ရန် မျက်မှန်ကိုင်းရွေးချယ်ရန်လိုအပ်လာပါသည်။မျက်မှန်ရောင်းသော မျက်မှန်ဆိုင် များတွင် ခန့်အပ်ထားသော အရောင်းဝန်ထမ်းများသည် သာမန်ကုန်ပစ္စည်းရောင်းသူဝန်ထမ်းများနှင့် မတူပေ။ကုန်ပစ္စည်းအရည်အသွေးကောင်းမကောင်း သာမက မျက်မှန်တပ်ဆင်မည့် ကာယကံ ရှင်နှင့် လိုက်ဖက်မှုရှိမရှိ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးနိုင်သော ပညာရှင်အဆင့်ဖြစ်ပါသည်။ကာယကံရှင်နှင့် လိုက်ဖက်မှုရှိမရှိရွေးချယ်ရာတွင် အခြားသောအဝတ်အစား အဆင်တန်ဆာများ ရွေးသကဲ့သို့ ဥပဓိရုပ် နှင့် ခေတ်ပေါ်ဒီဇိုင်းများကိုနှိုင်းယှဉ် ရွေးချယ်ပေးရမည့်အပြင် မျက်မှန်ပါဝါ၏ သဘောသဘာဝကို လည်း ထည့်သွင်းစဉ်းစားပေးရပါသည်။

           အသက်အရွယ်၊ လုပ်ငန်းသဘာဝ၊ မျက်မှန်ပါဝါအနည်းအများ၊ ပါဝါများများ မှန်ထူထူကြီးဖြင့် အများသူငါ အမြင်မဆိုးစေရန် မည်သည့်မှန်မျိုးသုံးသင့်သည်လဲ၊ ပါဝါအမျိုးအစားတမျိုးဖြစ်သည့် ဆလင်ဒါ ပါဝါများသလား၊ ဆလင်ဒါပါဝါများလျှင် မည့်သည့် မျက်မှန်ကိုင်းမျိုး ရွေးရမည်လဲ စသည်ဖြင့် အကြံဥာဏ်ပေးနိုင်ရပါမည်။ မျက်မှန်တပ်မည့် ကာယကံရှင်ကနှစ်သက်ရွေးချယ်သော မျက်မှန်ကိုင်း ပင်ဖြစ်စေကာမူ၊ ၎င်းမျက်မှန်ကိုင်းသည် တပ်ဆင်ရမည့် မျက်မှန်ပါဝါ၊မှန်အမျိုးအစားတို့နှင့် လိုက်လျော ညီထွေမဖြစ်ပါက ကျိုးကြောင်းဆီလျှော်စွာ ရှင်းပြနိုင်ရပါမည်။ သုံးစွဲရမည့် မှန်အမျိုးအစားနှင့်လည်း သင့်တော်၊ကာယကံရှင်ကိုယ်တိုင်လည်း နှစ်သက်သည့် မျက်မှန်ကိုင်းကို ရွေးချယ်ပေးနိုင်ရပါမည်။သို့မှ သာ မျက်မှန်ကောင်းကောင်းတလက် ဖြစ်လာစေရေးအတွက် ဒုတိယမြောက်အရေးပါသော၊မျက်မှန် ကိုင်းနှင့်ပါဝါမှန်ကို ရွေးချယ်မှု မှန်ကန်မည်ဖြစ်ပါသည်။

         မျက်မှန်တလက်ရှိရေးအတွက် တတိယဆင့်ဆောင်ရွက်ရန်မှာ ပညာရှင်/ဆရာဝန် ညွှန်ကြား သည့် မျက်မှန်ပါဝါအတိုင်းရရှိရန် မှန်သွေးခြင်း(Grinding)လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။ မျက်မှောက် ခေတ်တွင် အသင့်သုံး(ရယ်ဒီမိတ်ပါဝါ)မှန်များ လွယ်လင့်တကူ ဝယ်ယူ၍ရသည့်အပြင်၊ လိုအပ်သော ပါဝါမှန်များကို နိုင်ငံခြားမှတင်သွင်းသော စက်များဖြင့်လည်း အော်တိုမစ်တစ် သွေး၍ရနေပြီ ဖြစ်ရာ ဤလုပ်ငန်းစဉ်၏ နယ်ပယ်သည် ယခင်ကလောက် ကျယ်ကျယ်ပြန့်ပြန့်မရှိတော့ချေ။သို့သော်လည်း  ရယ်ဒီမိတ်ဝယ်၍မရ၊ စက်ဖြင့်လည်းသွေး၍မရသော ပါဝါမှန်များကိုမူ ကျွမ်းကျင်ပညာရှင်များ (Grinding Technician)က လက်ဖြင့် သွေးပေးနေရဆဲပင်ဖြစ်လေသည်။

          ထိုမှန်သွေးပညာရှင်များသည် မှန်အရိုင်းတုံးကုန်ကြမ်းများကို မှန်သွေးစက်များ၊အခုံးအခွက် တိုင်းတာသည့် ပုံစံခွက်များကိုအသုံးပြုလျက် လိုအပ်သော ပါဝါမှန်များ ရရှိရေးအတွက် တချိန်က တာဝန်ယူ သွေးပေးခဲ့ကြရပါသည်။သို့ဖြစ်ရာ ရယ်ဒီမိတ်မှန်ကိုသုံးသုံး၊ စက်ဖြင့်သွေးသွေး၊ ပညာရှင် များ၏ ကျွမ်းကျင်မှုဖြင့် လက်ဖြင့်ပင်သွေးသွေး၊ တိကျသော ပါဝါမှန်ရရှိရေးသည် မျက်မှန်ကောင်း ကောင်း တလက်ဖြစ်လာစေရေးအတွက် တတိယမြောက်လိုအပ်ချက်ပင်ဖြစ်ပါသည်။

                ကာယကံရှင်နှင့် လိုက်ဖက်သောမျက်မှန်ကိုင်း၊တိကျသောပါဝါရှိသည့် ပါဝါမှန်များရရှိလာသော အခါ၊မျက်မှန်ကိုင်းအတွင်းသို့ ပါဝါမှန်ကိုထည့်သွင်းတပ်ဆင်ရသော လုပ်ငန်းကိုလုပ်ကြရ၏။ဤအပိုင်း တွင်လည်း နည်းစနစ်တကျ တတ်ကျွမ်းသောပညာရှင်(Edging Technician)ကသာလျှင် မှန်မှန်ကန် ကန် ဆောင်ရွက်နိုင်ပါသည်။မျက်မှန်ပါဝါညွှန်ကြားလွှာ(Spectacle Prescription)တွင်ပါဝင်သော (PD,Axis စသည့်)နည်းပညာဆိုင်ရာ အတိုင်းအတာများအတိုင်း တိကျစွာလိုက်နာလျက်၊မျက်မှန် ကိုင်းအတွင်းသို့ မှန်ကိုဖြတ်တောက်၍ အနားသတ်များကိုချောမွေ့စွာသွေးလျက် ထည့်သွင်းကြရပါ သည်။ယခုအခါ အော်တိုမစ်တစ်စက်(Auto Edger)များ ပေါ်ပေါက်လာပြီဖြစ်ရာ အတိုင်းအတာများကို ပိုမိုတိကျအောင် ဆောင်ရွက်နိုင်ကြပြီဖြစ်ပါသည်။ဤ စတုတ္ထမြောက်လုပ်ငန်းစဉ်ကို တိကျသေချာစွာ ဆောင်ရွက်နိုင်မှ သာလျှင် မျက်မှန်ကောင်းကောင်းတလက်ရရှိရေးကို ပံပိုးပေးနိုင်မည်ဖြစ်ပေသည်။

          အထက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်လာပြီးနောက်တွင် မျက်မှန်တလက်၏ အသွင် သဏ္ဍန်ပေါ်ပေါက်လာပြီဖြစ်ပါသည်။ထိုမျက်မှန်ကို ကာယကံရှင်၏ မျက်နှာတွင် အဆင်ပြေစွာတပ် ဆင်နိုင်ရန်အတွက် ပြုပြင်ပေးရသူ ပညာရှင်ကို(Fitting Technician)ဟုသုံးနှုန်းပါသည်။တပ်ဆင်ရ မည့်သူ၏ မျက်နှာအချိုးအစား အတိုင်း၊မျက်မှန်ပါဝါ ညွှန်ကြားလွှာပါ အတိုင်းအတာများ(ဥပမာ-VD) အတိုင်း၊အံဝင်ဂွင်ကျဖြစ်စေရန်၊လက်ကိုင်ကရိယာများကိုသုံး၍(မျက်နှာရှည်/မျက်နှာဝိုင်း၊နှာရိုးမြင့်/နှာရိုးနိမ့်၊နားရွက်နှစ်ဖက် ညီ/မညီ စသည်ဖြင့် ကြည့်၍) ပြုပြင်ပေးရပါသည်။ထိုသို့ပြုပြင်ပေးမှသာလျှင် ကာယကံရှင်နှင့် အံဝင်ဂွင်ကျ(Fitting)ဖြစ်သော မျက်မှန်တလက်ကိုရရှိမည် ဖြစ်ပါသည်။

          ဤသို့ဖြင့် မျက်မှန်ပါဝါရှာဖွေသည်မှ မျက်မှန်ကိုင်းကို အံဝင်ဂွင်ကျဖြစ်အောင်ပြုပြင်သည့် အဆင့်ထိ အဆင့်တိုင်းအဆင့်တိုင်းတွင်၊ ပညာရှင်အသီးသီးက စနစ်တကျသေချာစွာ ဆောင်ရွက် ကြမှသာလျှင် အောက်ပါစံချိန်စံညွှန်းနှင့်ကိုက်ညီသော မျက်မှန်ကောင်းကောင်းတလက်ကို ရရှိမည် ဖြစ်ပါသည်။

(၁)ကြည်လင်သော အမြင်အာရုံကို ရရှိခြင်း။                                         (၂)အရာဝတ္တုပုံရိပ်များ(ပုံရိပ်ငြိမ်နှင့် ရွေ့လျားပုံရိပ်များ)ကိုကြည့်ရာတွင် လွန်စွာသက်တောင့်သက်သာ ရှိခြင်း။                                                                                                          (၃)အချိန်ကြာကြာ တပ်ထားသော်လည်း မည်သည့်ဝေဒနာမျှ မခံစားရခြင်း။ (၄)ယာဉ်မောင်းခြင်း၊လမ်းလျှောက်ခြင်းများတွင် အနိမ့်အမြင့်ဖြစ်နေသည်ဟု မခံစားရခြင်း။          (၅)မျက်မှန်လိုအပ်ချက်ကြောင့် ခံစားရသည့်ဝေဒနာများဖြစ်သည့် အမြင်မှုန်ဝါးခြင်း၊မျက်ရိုးကိုက်ခြင်း၊ ခေါင်းအုံခြင်း၊ဇက်ကြောတက်ခြင်း၊နောက်ကျောတက်ခြင်း၊မအီမသာဖြစ်ခြင်း စသည့် ဝေဒနာများမှ သက်သာ ပျောက်ကင်းသွားခြင်းတို့ပင်ဖြစ်ပါသည်။

          သို့ဖြစ်ရာ မျက်မှန်ကောင်းကောင်းတလက် ရရှိရန်အတွက် ပညာရှင်အသီးသီးက ကြိုးစားလုပ် ဆောင်ရသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့်၊မျက်မှန်ကောင်းကောင်းတလက်၏ စံချိန်စံညွှန်းကိုသိရှိကြ ခြင်းအားဖြင့်၊မိမိတို့၏ ဘဝအဖော်မွန်တခုဖြစ်သည့် မျက်မှန်တလက်ကို တန်ဘိုးထားရွေး ချယ်ကြရာ တွင် အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း ဆန္ဒမွန်ဖြင့် ရေးသားအပ်ပါသည်။

ပြည့်အောင်(COA)