12.5.17

လေးဇီးအိုင်း(Lazy Eye)ကိုကုသသည့် နည်းပညာသစ် ။( ပြည့်အောင်(COA) )(၃၀/၃/၂၀၁၇ နေ့ထုတ် ရတနာပုံသတင်းစာပါ ဆောင်းပါး)



လေးဇီးအိုင်း(Lazy Eye)ကိုကုသသည့် နည်းပညာသစ်                                  (၃၀/၃/၂၀၁၇ နေ့ထုတ် ရတနာပုံသတင်းစာပါ ဆောင်းပါး)

                မျက်စိတဖက်နှင့်တဖက် လွန်စွာခြားနားသည့် အမြင်မတူညီသောကြောင့်   ထင်ရှားပြတ်သားစွာ မမြင်ရ ခြင်း ၊ ပုံရိပ်နှစ်ထပ်မြင်ခြင်းများကို  ခံစားရပြီး၊ ကလေးငယ်များ တွင်တွေ့ရ တတ်သည့် လေးဇီးအိုင်း (Lazy Eye) ဟုခေါ်သော မျက်စိဝေဒနာတမျိုးကို သက်သာစေသည့် လွန်စွာ ရိုးရှင်းသည့် လေ့လာတွေ့ရှိချက် အသစ်တခု ကို  Health Day News  မှ  Reporter Karen Pallario က Doctors Use iPads to Treat Lazy Eye ဆောင်းပါးတွင် ရေးသားဖော်ပြထားပါသည်။
          မျက်စဉ်းနှင့်သောက်ဆေးပေးခြင်း၊ ခွဲစိတ်ကုသခြင်းမျက်မှန်တပ်စေခြင်း စသည့်ကုသနည်းများဖြင့်၊ အမြင်အာရုံဖွံ့ဖြိုးတိုးတက်အောင် မစွမ်းဆောင်နိုင်သည့် လေးဇီးအိုင်း(Lazy Eye)ဟုခေါ်သော အမြင်အာရုံ ချွတ်ယွင်းမှုရှိသည့် ကလေးများကို၊ အိုင်ပက်(ipad)အသုံးပြု၍ ဗီဒီယိုဂိမ်းကစားစေခြင်းဖြင့် ၊ မျက်စိကို အလေ့ အကျင့်ဖြစ်စေပြီး တဖြည်းဖြည်း အမြင်အာရုံဖွံ့ဖြိုးတိုးတက်လာစေ မည်ဖြစ်ကြောင်း၊ ထိုတွေ့ရှိ ချက် ကဆိုပါသည်။
                မျက်စိပညာရပ်ဆိုင်ရာ ဂျာနယ်တစောင်ဖြစ်သော The journal JAMA Ophthalmology ၏ လေ့လာ ချက် နှစ်ရပ်မှတွေ့ရှိသော ဤအချက်သည်၊သာမန်အမြင်အားဖြင့် မျက်စိကျမ်းမာရေးစောင့်ရှောက် မှုဆိုင်ရာ အကြံပြုချက်များနှင့် ရှေ့နောက်မညီဘဲ ဆန့်ကျင်သောသဘောပင်ဆောင်ကြောင်း တွေ့ရ မည်ဖြစ် ပါသည်။ သို့ ရာတွင် ကျမ်းမာသောမျက်စိမဟုတ်သည့် လေးဇီးအိုင်း(Lazy Eye)ဟုခေါ်သော အမြင်အာရုံ ချွတ်ယွင်းမှု အတွက်မူ ဂိမ်းကစားစေခြင်းသည် မျက်စိအားပံ့ပိုးမှုပြုသည့် လုပ်ငန်းဖြစ်ပြီး၊ ထုံးတမ်းစဉ်လာ ကုသနည်းများထက် ထူးခြားသာလွန်ပါသည်။
                အကယ်၍ လေဇီးအိုင်း(Lazy eye - မျက်ပျင်း)ဖြစ်နေသော ကလေး၏ မိဘများအနေဖြင့် ကလေးအား အမြင်အာရုံတိုးတက်ကောင်းမွန်စေရေးအတွက် ကွန်ပျူတာဂိမ်းကစားခြင်းကို ရွေးချယ် မည် ဆိုပါက တနေ့လျှင် အနည်းဆုံး (၁)နာရီနှင့် အထူးသဖြင့်(၂)နာရီခန့် ကစားစေသင့်ကြောင်း၊သို့မှသာ သမားရိုးးကျ ကုသနည်း မဟုတ်သော ဤကုသနည်း၏အကျိုးရလဒ်ကို ခံစားကြရမည်ဖြစ်ကြောင်း၊ မျက်စိ အထူးကုဆရာဝန်ကြီး (Ophthalmologist) ဒေါက်တာ ဂျွန်ဆလိုပါ(Dr;John Sloper) က The journal JAMA Ophthalmology ၏ အယ်ဒီတာ့အာဘော်ကဏ္ဍတွင် ရေးသားထားပါသည်။
လေးဇီးအိုင်းဖြစ်နေသောကလေးအတွက် အစဉ်သဖြင့်ကျင့်သုံးရမည့် တိကျသေချာသည့် ကုသ နည်းကို ၊ခိုင်လုံသောအထောက်အထားဖြင့် တင်ပြနိုင်ခြင်း မရှိသေးကြောင်းကို အင်္ဂလန်နိုင်ငံ မောဖီးလ် မျက်စိ အထူးကုဆေးရုံ၏ မျက်စိစွေခြင်းနှင့် ကလေးကုသမှုဆိုင်ရာ ဂုဏ်ထူးဆောင် အတိုင်ပင်ခံ ပုဂ္ဂုလ်ဖြစ် သူ အထက်ပါဂျာနယ်၏ အယ်ဒီတာ, ဒေါက်တာ ဂျွန်စလိုပါက ကဝန်ခံထားပြီး၊ ယခုတွေ့ရှိချက်ဖြစ်သော ကွန် ပျူတာ(လက်တော့ပ်) တက်ပလက် (ipad) ကဲ့သို့သော အိုင်တီဒီဗိုက်များဖြင့် ကွန်ပျူတာဂိမ်းကစား စေခြင်းဖြင့်၊ အမြင်အာရုံကို တဖြည်းဖြည်း တိုးတက်စေသည့် နည်းသည် လက်တွေ့ကျင့်သုံးသင့်သည့် နည်း ဖြစ်ကြောင်း အကြံပြုထားပါသည်။
ယူနိုက်တက်စတိတ်ရှိ ၃% သောကလေးများတွင်၊မျက်စိစွေခြင်း သို့မဟုတ် လေးဇီးအိုင်းများ ဖြစ်နေ ကြပြီး၊ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းကလေးများ၏ ဦးနှောက်သည် မျက်စိတဖက်တည်းကို အမြင်အာရုံပို၍ ကောင်း အောင် ဦးစားပေးသောကြောင့် ဖြစ်ပါသည်။လေးဇီးအိုင်း၏ လက္ခဏာရပ်ဖြစ်သော ဤအချက် သည် ဦးနှောက် ပြဿနာဖြစ်ကြောင်း သုတေသနအဖွဲ့တခု၏ ခေါင်းဆောင်ဖြစ်သူ ကရစ်စတာ ကယ်လီ ဆိုသူက ပြောပါသည်။
ဦးနှောက်က မျက်စိတဖက်တည်းကိုသာ ဦးစားပေးအလုပ်လုပ်စေသောကြောင့် ကျန်မျက်စိ တဖက် သည် အလုပ်မလုပ်ဘဲ အမြင်အာရုံချွတ်ယွင်းနေခြင်းကို လေးဇီးအိုင်း(Lazy Eye-မျက်ပျင်း) ဟုခေါ်ပါသည်။ လက်ရှိအချိန်၏ စံမီကုသနည်းမှာ ကောင်းသောမျက်စိတဖက်ကို အလင်းမပေါက်သည့် မျက်စိအကာဖြင့် ဖုံးကာ၍ အားနည်းသော မျက်စိကို တနေ့လျှင်(၂)နာရီမျှ အလုပ်လုပ်စေခြင်းပင်ဖြစ်ပါသည်။
                ယခုအခါတွင် သုတေသနပညာရှင်များက ဂိမ်းအမျိုးမျိုးကို အိုင်ပက်ဖြင့် ကစားစေပြီး၊လေးဇီးအိုင်းဖြစ် နေသော ကလေးများအား၊အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စူးစမ်းလျက် ရှိနေကြပြီဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ထူးခြားချက်မှာ ယခင်ကကဲ့သို့ ကောင်းသော မျက်စိကို မျက်စိအကာ(Eye Patch) ဖြင့် ဖုံးအုပ်ထားခြင်းမျိုး မပြုဘဲ၊ မျက်စိနှစ်ဖက်စလုံးကို အတူတကွ ကြည့်ရှုကစားစေခြင်းပင်ဖြစ်ပါသည်။
                သုတေသီတို့က လေ့လာရာတွင် ကလေးများအား အနီရောင်မှန်နှင့် အစိမ်းရောင်မှန်တဖက်စီပါ သောမျက်မှန်ကို တပ်စေပြီး၊ မျက်စိတဖက်ခြင်းစီ၏အမြင်နှင့် မျက်စိနှစ်ဖက်ေ ပါင်းမြင်ရသော မြင်ကွင်းများကို စူးစမ်းလေ့လာမှုလည်း ပါဝင်ပါသည်။ အထက်ပါကဲ့သို့ မျက်စိနှစ်ဖက် လုံးဖွင့်၍ ဂိမ်းကစားစေခြင်းဖြင့် မျက်စိ နှစ်ဖက်ပေါင်းအမြင်(binocular vision)ကိုဖွံ့ဖြိုးစေပြီး၊လေးဇီးအိုင်း၏ လိုအပ်ချက်ဖြစ်သော ထင်ရှားပြတ်သားမှု ကိုမြှင့်တင်ပေးပါသည်။ ထိုနည်းတူ ကောင်းသောမျက်စိ၏ လိုအပ်ချက်ဖြစ်သော လွန်ကဲသောပုံရိပ်ထင်မှုကို လည်း လျော့ကျစေပါသည်။ ဂိမ်းများ၏သဘာဝအတိုင်း အဆင့်မီစေရန် ကစားရင်းဖြင့် နောက်ဆုံးတွင် အောင် မြင်အောင် ကစားနိုင်သည်အထိ အမြင်အာရုံဖွံ့ဖြိုး တိုးတက်မှုကို ရရှိလာမည်ဖြစ်၏။
          ယူနိုက်တက်စတိတ် နေရှင်နယ် အိုင်းအင်စတီကျု(U.S National Eye Institute) ၏အထောက် အပံ့ဖြင့် ပြုလုပ်သော သုတေသီအဖွဲ့က ၊အသက်(၅)နှစ်နှင့်(၁၃)နှစ်ကြားရှိ ကလေး (၃၈၅)ယောက်ကို အလျင်းသင့်သလို အုပ်စုဖွဲ့ လေ့လာခဲ့ပါသည်။ တဖွဲ့ကို မျက်စိနှစ်ဖက်လုံးဖွင့်၍ ဂိမ်းကစားစေပြီး၊ ကျန်အဖွဲ့ကို ကောင်းသောမျက်စိကိုပိတ်၍ လေ့ကျင့်စေခဲ့ပါသည်။ (၁)လ, (၂)လ, (၃)လ, (၄)လ စသည်ဖြင့် အချိန် အသီး သီးသတ်မှတ်၍ လေ့ကျင့်စေပြီး၊ အမြင်အာရုံတိုးတက်မှုကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ထားသော အမြင်စမ်းပုံစံကားချပ်များဖြင့် စစ်ဆေးခဲ့ပါ သည်။
                သတ်မှတ်ကာလ ကျော်လွန်ပြီးနောက် စစ်ဆေးကြည့်ရာတွင် အဖွဲ့နှစ်ဖွဲ့စလုံးပင် တိုးတက်မှု အနည်း ငယ်စီရှိကြကြောင်း တွေ့ရပါသည်။ အထူးသဖြင့် မည်သည့်ကုသမှုမှ မခံယူဘူးသော အသက် ပိုငယ်သည့် ကလေးများတွင် ပို၍တိုးတက်မှုရှိပါသည်။ ထို့ပြင် ကောင်းသောမျက်စိကိုအုပ်၍ တနေ့လျှင်နှစ် နာရီ အလုပ်လုပ် သော သူများသည် ၊တနေ့လျှင် တနာရီဂိမ်းကစားသူများထက် ပို၍ဖွံ့ဖြိုးတိုး တက်ကြောင်း ကို တွေ့ရှိရပါသည်။
          ဒုတိယအကြိမ်မြောက် သုတေသနပြုခြင်းကို မြင်လွှာဆိုင်ရာသုတေသနဖောင်းဒေးရှင်းတခု၏ ပါရဂူဘွဲ့ ကြိုပညာရှင်တဦးဖြစ်သူ ကရစ်စတာ ကယ်လီဆိုသူကဦးဆောင်ပါသည်။အသက်(၄)နှစ်မှ (၁၀)နှစ်အတွင်းရှိ သော ကလေးငယ်(၂၈)ဦးကို အလျင်းသင့်သလို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ၊ လေ့လာခဲ့ပါသည်။ ပထမအုပ်စုကို ရက်သတ္တ ပတ်လျှင်(၅)ရက် တနေ့လျှင်တနာရီ ကွန်ပျူတာဂိမ်းကစားစေပြီး၊ ဒုတိယအုပ်စု ကို ကောင်းသောမျက်စိအား တနေ့လျှင်(၂)နာရီ မျက်စိအကာအုပ်စေလျက် ရက်သတ္တနှစ်ပတ် နေစေပါ သည်။ထို့နောက် ကလေးအားလုံးကို ရက်သတ္တ(၂)ပတ်၊(၁၄)ရက်ကို ဂိမ်းကစားစေပါသည်။
                ဤသုတေသနတွင် ပထမအဆင့် ရက်သတ္တ(၂)ပတ်၌ ဂိမ်းကစားသောအုပ်စုသည် အမြင်စမ်းဇယား တွင် တလိုင်းခွဲ(1.5 Lines)မျှတိုး၍ မြင်ရသည့်အတွက်၊မျက်စိတဖက် အုပ်၍နေရသူများ ထက် နှစ်ဆတိုးတက်မှုရှိ သည်ဟု ဆိုပါသည်။အဖွဲ့နှစ်ဖွဲ့စလုံးကို ရက်သတ္တ(၂)ပတ် အတူတကွ ဂိမ်းက စားစေပြီးနောက်၊ ရက်သတ္တလေး ပတ် ကြာသောအခါ၌မူ ၎င်းအဖွဲ့နှစ်ခုကြား ခြားနားမှုမရှိကြောင်း တွေ့ရပါ သည်။ ရက်သတ္တ(၆)ပတ်ကြာသော အခါတွင်မှ မျက်စိတဖက်အုပ်ထားရသည့်အဖွဲ့မှာ အမြင်စမ်းဇယား၏ တတိယမြောက်လိုင်းကိုမြင်ရသဖြင့် ဂိမ်းကစားသူကလေးများနှင့်ယှဉ်လျှင် နောက်ကျမှ တိုးတက်လာ သည့်အတွက် ဖွံ့ဖြိုးမှုနှေးကွေးကြောင်း တွေ့ရပါ သည်။ 
                သို့ဖြစ်ရာ လေးဇီးအိုင်းဖြစ်ပြီး အမြင်အာရုံချို့တဲ့သူ ကလေးများအား ကုသမှုပြုရာတွင် သမားရိုးကျ မျက်စိတဖက်အုပ်၍ ကုသသောနည်းထက်၊ မျက်စိနှစ်ဖက်ဖွင့်ပြီး ကွန်ပျူတာဂိမ်း ကစားစေခြင်း က ပို၍တိုးတက် မှုမြန်ကြောင်း၊ ကျယ်ပြန့်သောလေ့လာမှုများကိုမူ ပို၍ပို၍ လုပ်ဆောင်ကြ ရဦးမည်ဖြစ်ကြောင်း  The journal JAMA Ophthalmology ၏ အယ်ဒီတာဖြစ်သူ မျက်စိအထူးကု ဆရာ ဝန်ကြီး (Ophthalmologist) ဒေါက်တာ ဂျွန်ဆလိုပါ(Dr;John Sloper) က ကောက်ချက်ချပါသည်။ မြင်လွှာဆိုင်ရာသုတေသနဖောင်ဒေးရှင်း၏ ပါရဂူ ဘွဲ့ကြိုပညာရှင်ဖြစ်သူ ကရစ်စတာ ကယ်လီကလည်း ဒေါက်တာစလိုပါ၏ ကောက်ချက်ကိုထောက်ခံပြီး၊  ရေရှည်သုတေသနပြုမှုများ လုပ်ဆောင်ရန်လို အပ်ကြာင်း နှင့် လောလောဆယ်တွင်မူ လေးဇီးအိုင်းများအား အမြင် အာရုံ ဖွံဖြိုးတိုးတက်စေရန်အတွက် ဂိမ်းကစားစေခြင်းကို အားကိုးနေကြရဦးမည်ဖြစ်ကြောင်း နည်းပညာဆိုင်ရာ ဗဟုသုတဖြစ်စေခြင်းအလို့ငှာ ရေးသားအပ်ပါသည်။

စာရေးသူ -- ပြည့်အောင်(COA)