28.5.20

အမြင်အရှိ အမှန်သိကြ စေဖို့ ( ၂/၂/၂၀၂၀ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါဆောင်းပါး)



    
       အမြင်စွမ်းရည်ကိုတိုင်းတာခြင်း(VisuL acuity - VA)ဆိုသည်မှာ တစ်စုံတစ်ယောက်၏ ပကတိအမြင်ကိုတိုင်းတာ ခြင်းဖြစ်သည်။ပကတိအတိုင်းကြည့်ပါက အရာဝတ္တု(သက်ရှိသက်မဲ့)များ ကို စံနှုန်းသတ်မှတ်ချက်အတိုင်း မြင်နိုင်ခြင်း ရှိမရှိ(မျက်စိမှုန်ခြင်းရှိမရှိ) ကို စူးစမ်းရှာဖွေခြင်းလည်း ဖြစ်သည်။တနည်းအားဖြင့် အမြင်အာရုံကိုဖြစ်ပေါ်စေသည့် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြသော မျက်လုံး(Eye Ball)မျက်ကြည်လွှာ(Cornea)၊မျက်စိတွင်းမှန်ဘီလူး(Lens)၊မျက်စိရည်ပြစ် (Vitrous)၊မြင်လွှာ(Retina)၊မက်ကျူလာ(Macula)၊မျက်စိအာရုံကြော(Optic Nerves)များ နှင့် အခြားသောအစိတ် အပိုင်းများ ကောင်းမကောင်း စစ်ဆေးခြင်းပင်ဖြစ်ပါသည်။ အမြင်အာရုံ ချို့တဲ့ စေသော အကြောင်းနှစ်မျိုးရှိပါသည်။

(၁)စံလွဲအလင်းယိုင်ခြင်း(Refractive error)

          စံလွဲအလင်းယိုင်ခြင်းကြောင့် အမြင်အာရုံချို့တဲ့ခြင်းသည် မျက်မှန်တပ်လျှင် ကောင်းစွာမြင် နိုင်သော အမြင်အာရုံချိုတဲ့ခြင်းမျိုးဖြစ်သည်။မျက်စိ၏အင်္ဂါအစိတ်အပိုင်းများသည် ယေဘုယျအား ဖြင့်ကောင်းနေပြီး၊မျက်လုံး၏အရွယ်ပမာဏမမှန်ခြင်း၊မျက်ကြည်လွှာ အခုံးအခွက်မမှန်ခြင်းများ ကြောင့် အလင်းယိုင်မှုမှားယွင်း၍ အမြင်အာရုံချို့တဲ့ခြင်းဖြစ်သည်။

(၂) မျက်စိကျန်းမာရေးပြဿနာ တစ်စုံတစ်ခုကြောင့်မျက်စိမှုန်ခြင်း(Eye health problem)

          မျက်မှန်တပ်လျှင် အမြင်အာရုံတိုးတက်မှုမရှိနိုင်သော မျက်စိမှုန်ခြင်းမျိုးဖြစ်သည်။များသော အားဖြင့် အတွင်းတိမ်၊ရေတိမ်နှင့် မြင်လွှာဆိုင်ရာပြဿနာများ၊မျက်စိအာရုံကြောဆိုင်ရာပြဿနာ များကြောင့်ဖြစ်လေသည်။

        တစ်စုံတစ်ယောက်၏ အမြင်စွမ်းရည်သည် ကွဲပြားခြားနားမှုအမျိုးမျိုး ရှိနိုင်ပါသည်။အဝေး ကြည့်၊ အနီးကြည့်နှစ်မျိုးစလုံးကောင်းသူရှိနိုင်သကဲ့သို့၊နှစ်မျိုးစလုံးမှုန်သူလည်းရှိနိုင်ပါသည်။အဝေး ကောင်းပြီး အနီးမှုန်သူဖြစ်နိုင်သကဲ့သို့ အနီးကောင်းပြီး အဝေးမှုန်သူလည်းဖြစ်နိုင်ပါသည်။စနစ်တ ကျ စစ်ဆေးမှသာ လျှင် ထိုသူ၏အမြင်စွမ်းရည်ကိုမှန်မှန်ကန်ကန်သိနိုင်ပါသည်။သို့မဟုတ်လျှင် ကာယကံရှင်ကိုယ်တိုင် မိမိ၏အမြင်စွမ်းရည်ကို အရှိအတိုင်းသိနိုင်မည်မဟုတ်ပေ။အမြင်စွမ်းရည် ကို စစ်ဆေးရာတွင် အဝေးကြည့် အမြင်စွမ်းရည်စစ်ဆေးခြင်းနှင့် အနီးကြည့်အမြင်စွမ်းရည်စစ်ဆေး ခြင်းဟူ၍နှစ်မျိုးရှိပါသည်။

အဝေးကြည့်အမြင်စွမ်းရည်ကိုစစ်ဆေးရာတွင် စံသတ်မှတ်ချက်အကွာအဝေးသည်(၆)မီ တာ(ပေ ၂၀)ဖြစ်ပါသည်။ထိုအကွာအဝေးတွင် အမြင်စမ်းကဒ်ပြား သို့မဟုတ် ပရိုဂျက်တာစခရင် သို့မဟုတ် မော်နီတာ ကိုထားပါသည်။အချို့လည်း(၃)မီတာအကွာအဝေးကိုသတ်မှတ်၍ အမြင် စမ်းကဒ်၊ပရိုဂျက် တာ၊မော်နီတာများရှိ စာလုံးအရွယ်ပမာဏကို ပြောင်းလဲ(သေး)၍ အသုံးပြုကြ သည်လည်းရှိပါသည်။ အနီးကြည့်အမြင်စွမ်းရည်ကို စစ်ဆေးသောအကွာအဝေးမှာ(၄၀)စင်တီမီ တာ(၁၅.၇၅”ခန့်)ဖြစ် ပါသည်။ အချိုကလည်း ၁၂” နှင့် ၁၄”အကွာအဝေးကိုသတ်မှတ်ကြပါသည်။ ထိုအကွာအဝေးတွင် စံသတ်မှတ် ထားသောကဒ်ပြားပေါ်ရှိ အရွယ်ပမာဏအမျိုးမျိုးရှိသော စာလုံး များကိုဖတ်ခိုင်းခြင်းဖြင့် စစ်ဆေးပါသည်။

အမြင်စွမ်းရည်စစ်ဆေးခြင်း(Types of VA Measurement)

          အမြင်စွမ်းရည်စစ်ဆေးခြင်းကို အခြားသောမျက်စိကျန်းမာရေး စစ်ဆေးမှုများ မပြု လုပ်မီရှေး ဦးစွာပြုလုပ်လေ့ရှိပါသည်။ မျက်စိတစ်ဖက်ခြင်းစီကို သီးခြားစီ စတင်စစ်ဆေးရပြီး၊ နှစ် ဖက်ပေါင်း အမြင်ကိုလည်း ဆက်လက်စစ်ဆေးကြရပါသည်။မျက်စိ တစ်ဖက်ခြင်းစီ၏အမြင်စွမ်း ရည်ကို စနစ်တကျ မှတ်သားကြရသကဲ့သို့၊အချို့ပညာရှင်များကလည်း နှစ်ဖက်ပေါင်းအမြင်ကို မှတ်သားကြ သည်လည်းရှိပါသည်။ ထိုသို့မှတ်သားကြရခြင်း၏ရည်ရွယ်ချက် အဓိကအားဖြင့်(၃) ချက်ရှိပါသည်။ပထမ ရည်ရွယ်ချက်မှာ ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် မျက်စိကုသမှုများ ကို အထောက်အပံ့ရ စေရန်ဖြစ်သည်။ဒုတိယရည်ရွယ်မှာ ကာယကံရှင်(လူနာ)ကစောဒကတက် လျှင် ဖြေရှင်းနိုင်ရန်ဖြစ် ပါသည်။အချို့သော သူများသည် မျက်စိကုသမှုမပြုမီ သို့မဟုတ် မျက်မှန် မတပ်မီက မိမိအမြင် ကောင်းပြီး၊မျက်စိကုသပြီး သို့မဟုတ် မျက်မှန်တပ်မှ ပို၍ဆိုး(ပို၍မှုန်)လာ သည်ဟု ပြောတတ်ကြသည်ကို အထောက်အထားပြ၍ ချေဖျက်နိုင်ရန်ဖြစ်သည်။တတိယရည်ရွယ် ချက်မှာ နောင်အလားတူမျက်စိပြဿနာ မျိုး ကြုံတွေ့လာပါက ကိုးကားမှီငြမ်းမှုပြုရန်ဖြစ်ပါသည်။

သို့ဖြစ်ရာတစ်စုံတစ်ယောက်၏အမြင်စွမ်းရည်ကို သုံးသပ်ရာတွင် ပကတိအမြင်(မျက်မှန်မ တပ်မီ/ကုသမှုတစ်စုံတစ်ရာမပြုမီကအမြင် - Unaided Vision) နှင့် အကူအပံ့ဖြင့်မြင်သောအမြင် (မျက်မှန်ဖြင့်မြင်သောအမြင်/ကုသမှုပြုပြီးနောက်အမြင် - Aided Vision) တို့ကိုအဓိကထားရန်လို အပ်ပါသည်။မျက်မှန်ဖြင့်မြင်ရသောအမြင်များသည်လည်း အမျိုးမျိုးအစားစားကွဲပြားသည်ကို တွေ့ ကြရပါမည်။အဝေးကြည့်ကောင်းပြီး အနီးမှုန်သောကြောင့် အနီးကြည့်မျက်မှန်တပ်ကြရသူများ သည်၊အနီးကြည့်မျက်မှန်ဖြင့် အဝေးသို့ကြည့်ပါက ဝေဝါး(မှုန်)နေသောအမြင်ကို မြင်ကြရမည်ဖြစ် သည်။ထို့သို့မှုန်နေပါလျှက် အနီးကြည့်မျက်မှန်ဖြင့် အဝေးသို့ကြည့်ဖန်များသောအခါ၊ပကတိ အမြင်(မျက်မှန်မပါပဲကြည့်သောအခါ - Unaided Vision)တွင်ပါမှုန်လာမည်ဖြစ်ပြီး၊အဝေးကြည့် ပါဝါပါလိုလာမည်ဖြစ်သည်။ထိုနည်းတူ အနီးကြည့်ကောင်း အဝေးမှုန်သောကြောင့် အဝေးကြည့် မျက်မှန်တပ်ကြရသူများသည် အဝေးကြည့်မျက်မှန်ဖြင့် အနီးကြည့်ပါက ကြည့်ကောင်းမည်မဟုတ် ပေ။ထိုသို့ကြည့်မကောင်းသည်ကို သတိမမူပဲ၊အဝေးကြည့်မျက်မှန်ဖြင့် အနီးကြည့်ဖန်များလာသော အခါ အနီးတွင်(မျက်မှန်မပါပဲကြည့်သောအခါတွင်)ပါ မှုန်လာပြီး၊အနီးကြည့်တွင်ပါ မျက်မှန်ပါဝါလို အပ်လာမည်ဖြစ်ပါသည်။အဝေးကြည်ရော အနီးကြည်ပါမှုန်သူများ(မျက်မှန်မပါပဲ)အတွက်မူ အဝေး သာမက အနီးတွင်ပါမျက်မှန်တပ်ရန်လိုသည်ဖြစ်ရာ သတိပြုရန်အတွက် အထူးဆိုဖွယ်ရာမရှိပေ။

လက်ရှိအမြင်(Presenting VA or Entering VA)

        လက်ရှိအမြင်(Presenting VA or Entering VA)ဟူသော ဝေါဟာရ ကိုအချို့သောပညာ ရှင်များသုံးကြပါသည်။ဆိုလိုရင်းမှာ မျက်မှန်တပ်သူအတွင် မျက်မှန်ဖြင့်မြင်ရသောအမြင် ( Aided Vision)ဖြစ်ပြီး၊ မျက်မှန်မတပ်သူအတွက်ထိုသူ၏ပကတိအမြင်(Unaided Vision)ပင်ဖြစ်ပါသည်။

အမူအကျင့်ဆိုင်ရာအမြင်(Habitual VA)

          မျက်စိအမြင်ဆိုင်ရာ ပြဿနာများတွင် အမူအကျင့်ကြောင့်ဖြစ်တတ်သည့်အမြင်(Habitual VA)လည်းရှိ၏။တခါတရံ တစ်စုံတစ် ယောက်၏ အမြင်သည် မျက်မှန်တပ်လျှင်မြင်ရသော အမြင် နှင့်မျက်မှန်မတပ်ပဲမြင်ရသောအမြင် တူညီသွားသည်လည်းဖြစ်တတ်၏။ ထိုသို့ဖြစ်ရခြင်းမှာ ယခင် ကမျက်မှန်ဖြင့်ပို၍ကောင်းကောင်းမြင်ရသော်လည်း၊မျက်မှန်မတပ်ပဲ ကြာမြင့်စွာနေလာသောအခါ မျက်မှန်ပြန်၍တပ်သော်လည်း အမြင် ပိုကောင်းသော အခြေအနေသို့ရောက်မလာတော့ပေ။ ဤ သည်မှာ မျက်မှန်လိုပါလျှက် မျက်မှန် မတပ်ပဲနေသော ထိုသူ၏အမူအကျင့်ကြောင့်ဖြစ်လေသည်။ ထိုနည်းတူ မျက်မှန်တပ်လျှင် ပို၍ ကောင်းသော အမြင်ကိုရရှိပြီး မျက်စိဆိုင်ရာဝေဒနာများမှ ကင်း ဝေးလျှက် ကောင်းကျိုးခံစား ရသည်ကိုသိသောကြောင့်၊မျက်မှန်ကိုစနစ်တကျ မှန်မှန် ကန် ကန် (အနီးကြည့်မျက်မှန် ကိုအနီးကြည့်တွင်သာသုံး၍၊အဝေးကြည့်မျက် မှန်ကို အဝေး ကြည့်တွင် သာ) သုံးသောကြောင့်၊မျက်မှန်မပါဘဲကြည့်ရသော အမြင်ထက်မျက်မှန်ဖြင့်ကြည့်ရသော အမြင်က ပို၍ ကောင်းသော အခြေ အနေကိုကြုံတွေ့ကြရခြင်းသည်လည်း၊ကာယကံရှင်၏ ကောင်း သော အမူ အကျင့်ကြောင့်ပင်ဖြစ်လေသည်။ 
  
ရိုးရှင်းသောနည်းလမ်း(Best-Corrected VA)

        အမြင်အာရုံအားနည်းသူတစ်ယောက်အတွက် အကောင်းဆုံးအမြင်အာရုံကိုရစေရန်မှာ မှန် ကန်သောနည်းလမ်း၊ရိုးရှင်းသောနည်းပညာများဖြင့်ဆောင်ရွက်ပေးနိုင်ခွင့်ရလျှင် အကောင်းဆုံး ဖြစ်ပါ သည်။လူတစ်ဦး နှင့်တစ်ဦး အမြင်အာရုံမတူညီသည်ကများသကဲ့သို့ မျက်စိမှုန်ခြင်း အကြောင်းရင်းလည်း များစွာရှိပါသည်။ ထိုအကြောင်းရင်းများအနက် မျက်စိစမ်းသပ်စစ်ဆေးမှု အဖြေအရ မျက်မှန်တပ် လျှင်ကောင်းစွာမြင်နိုင်ကြောင်းသိရလျှင် ဝမ်းမြောက်ဖွယ်ရာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မျက်စိကုသရာတွင် မျက်မှန်ပေး၍ကုသခြင်းသည် ရိုရှင်းလွယ်ကူ သော နည်းဖြစ်ပြီး၊ရလာဒ်ကောင်းရ ရန်လည်းသေချာသလောက်ပင်ဖြစ်ပါသည်။

တစ်ဖက်စီအမြင်နှင့်နှစ်ဖက်စုံအမြင်(Monocular and Binocular VA)

          တစ်စုံတစ်ယောက်၏ အမြင်အာရုံကို အရှိအတိုင်းသိရန်မှာ မျက်စိတစ်ဖက်ခြင်းစီ၏အမြင် ကိုစူးစမ်းရန်လိုပါသည်။များသောအားဖြင့် မျက်စိနှစ်ဖက်စလုံးဖွင့်၍ကြည့်ရသော အမြင်သည် တစ် ဖက်ခြင်းစီပိတ်၍ကြည့်ရသောအမြင်ထက်ပို၍ကောင်းသည်ဖြစ်ရာ၊တစ်ဖက်ခြင်းစီ၏ မတူညီသော အမြင်ခြားနားမှုကိုသိနိုင်မည်မဟုတ်ပေ။ ထိုမတူညီသော အမြင်ကိုသိမှသာလျှင် မျက်စိနှစ်ဖက် စလုံး၏အမြင်ကိုထိမ်းညှိရန်နှင့် ပို၍ကောင်းသောအမြင်ကိုရရန်ဆောင်ရွက်(မျက်မှန်ပါဝါရှာဖွေ) ရာ တွင်မှန်ကန်မည်ဖြစ်ပါသည်။မျက်စိတစ်ဖက်ခြင်းစီကိုပိတ်၍ အမြင်စွမ်းရည်ကိုစစ်ဆေးခြင်းဖြင့် ထို ခြားနားချက်ကိုသိနိုင်ပါသည်။

အဝေးကြည့်အမြင်ကိုစစ်ဆေးခြင်း(Distance Vision Test)

        အဝေးကြည့်အမြင်ကိုစစ်ဆေးရာတွင် သတ်မှတ်အကွာအဝေးကိုမူတည်၍စစ်ဆေးရပါ သည်။ များသောအားဖြင့် ၆ မီတာ(ပေ၂၀)အကွာအဝေးဖြစ်ပြီး၊တခါတရံ ၃ မီတာ(၁၀ ပေ)ကို လည်း အသုံးပြုကြ ၏။ ၆မီတာ အကွာအဝေးဖြစ်လျှင် ထိုအကွာအဝေးအတွက် သတ်မှတ်ထား သောအမြင်စမ်းကဒ်ကို အသုံးပြုရပြီး၊ ၃ မီတာဖြစ်လျှင် ၃မီတာအတွက်သုံးရန်သတ်မှတ်ထားသော ကဒ်ကိုသုံးရပါသည်။တခါတစ်ရံ ၆ မီတာအတွက်သုံးရန်သတ်မှတ်ထားသော ကဒ်ကို ၃ မီတာ အကွာအဝေးတွင် သုံးရသည်များလည်းရှိ တတ်ပါသည်။ထိုသို့ဆိုလျှင် ၆ မီတာအကွာအဝေးဖြစ်ရန် အတွက် ကြည့်မှန်ကိုအသုံးပြုခြင်းဖြင့် အကွာ အဝေးကိုပြောင်းလဲကြရပါသည်။အမြင်စမ်းကဒ်ပြား စနစ်(Snellen Chart စသည်)အမျိုးမျိုးကို လိုအပ် သလိုအသုံးပြုခြင်းဖြင့်၊ပကတအမြင်ကို စစ်ဆေး ကြရပါသည်။

          ယခုအခါတွင် ပရိုဂျက်တာများ ၊ အမြင်စမ်းရန်အတွက်အထူးထုတ်လုပ်ထားသော စခရင် များ ပေါ်ပေါက်လာပြီဖြစ်ရာ၊မိမိတို့ပြောင်းလဲလိုသည်များကို ကွန်ထရိုးဖြင့် အလွယ်တကူပြောင်းလဲ နိုင် ကြပြီဖြစ်၏။ ၃ မီတာအတွက် ချပ်၊၆ မီတာအတွက်ချပ်များအပြင် စာလုံးပုံစံအမျိုးမျိုး၊ကလေး များအတွက် ရုပ်ပုံအမျိုးမျိုးတို့သည် ထိုခေတ်မီ ကိရိယာများတွင်ထည့် သွင်းထားပြီးဖြစ်ရာ အ လွယ်တကူ သုံးနိုင်ကြပြီဖြစ်ပါသည်။

          အကယ်၍ ကာယကံရှင်သည် ထိုထိုသော စာလုံးများ၊သင်္ကေတများကို ကြည့်ရှု့ဆုံးဖြတ် ရာတွင် သတ်မှတ်စံများအရ အကြီးဆုံးစာလုံးကိုပင် ဖတ်နိုင်ခြင်းမရှိပါက ဆက်လက်၍ အမြင်စွမ်း ရည်ကို စစ်ဆေး ရန်နည်းလမ်းများရှိပါသေးသည်။

(၁)လက်ချောင်းများကိုရေတွက်စေခြင်း(Counting fingers – CF)

(၂)မျက်စိရှေ့တွင်ရှိသော လက်ချောင်းများ၏ လှုပ်ရှားမှုကိုမြင် မမြင်စစ်ဆေးခြင်း(Hand movement - HM)

(၃)ဓါတ်မီးငယ်ကိုအသုံးပြု၍ အလင်းရောင်မြင်မမြင်စစ်ဆေးခြင်း(Light Perception – LP)စသည် တို့ဖြစ်လေသည်။
 
အနီးကြည့်အမြင်ကိုစစ်ဆေးခြင်း(MEASURING NEAR VA)

        အနီးကြည့်အမြင်စစ်ဆေးခြင်းကို များသောအားဖြင့် အဝေးကြည့်အမြင်စွမ်းရည်စစ်ပြီးမှ သာလျှင် ပြုလုပ်လေ့ရှိပါသည်။အဝေးကြည့်အမြင်ကို အကြောင်းပြု၍ အနီးကြည့်အမြင်ကိုဆုံးဖြတ် ရသောကြောင့်ဖြစ်၏။အဝေးကြည့်မကောင်းလျှင် အနီးကြည့်လည်းကောင်းမည်မဟုတ်ဟု ယူဆ နိုင်၍ လည်းဖြစ်ပါသည်။အနီးမှုန်ခြင်းသည် အသက်ကြီးသူများသာ အများအားဖြင့်ဖြစ်နိုင်ပြီး၊သတ် မှတ်စံနုန်း အတိုင်းရေးသားထားသော စာလုံးဆိုဒ်များပါဝင်သည့် အနီးကြည့်အမြင်စမ်းကဒ်ကို အသုံးပြုကြရပါသည်။ စာလုံးဆိုဒ်အမျိုးမျိုးပါဝင်ပြီး အပေါ်ဆုံးစာတမ်းသည် စာလုံးအသေးဆုံးဖြစ်ပြီး အောက်ဆုံးအဆင့်သည် အကြီးဆုံးဖြစ်ပါသည်။အဆင့်သတ်မှတ်ချက်များကို ကဒ်များ၏လက်ယာ ဖက်တွင်ရေးထိုထားပြီး၊ ကာယကံရှင်၏ အမြင်စွမ်းရည်ကို ထိုအဆင့်သတ်မှတ်ချက်သင်္ကေတများ အတိုင်းမှတ်တမ်းပြုကြ ရပါသည်။
          သို့ဖြစ်ရာ တစ်စုံတစ်ယောက်၏အမြင်စွမ်းရည်ကို သိရှိရန်မှာ စနစ်တကျစစ်ဆေးမှသာလျှင် ဖြစ်နိုင်ပါသည်။အရေးကြီးသောအချက်မှာ အမြင်စွမ်းရည်စစ်ဆေးခြင်းသည် မျက်စိကုသမှုနယ် ပယ်တွင် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်ပြီး၊ကုသမှုအားလုံး၏ မူလအစလည်းဖြစ် လေ သည်။

လက်နှင့်မျက်စိ တတ်သောပညာ(၃/၁/၂၀၂၀ ရက်နေ့ထုတ်ရတနာပုံနေ့စဉ် သတင်းစာပါဆောင်းပါး)


     
      
                                
မျက်မှန်ပညာရှင်များ၊မျက်စိပညာရှင်များသည် ကယကံရှင်(လက်ရှိမျက်မှန်တပ်နေသူ)၏ အသုံးပြုနေသော မျက်မှန်(မျက်မှန်အဟောင်း)၏ပါဝါကို သိရှိရန်လိုအပ်သည့် အချိန်အခါများရှိပါ သည်။ မျက်မှန်တပ်နေရသူများ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးရာတွင် ပါဝါ ပြောင်းလဲမှုရှိ မရှိသိရန် အတွက် လည်းကောင်း၊ ပါဝါအညွှန်းမှတ်တမ်း ပျောက်ဆုံးသွား၍ အသုံးပြုဆဲမျက်မှန်၏ပါဝါကို  သိလိုလျှင်သော် လည်းကောင်း၊ မျက်မှန်အဟောင်း၏ပါဝါကို တိုင်းတာရှာဖွေကြ ရပါသည်။ထိုသို့ ရှာဖွေရာတွင်  နည်း လမ်းနှစ်သွယ်ရှိပါသည်။ စမ်းမှန်များ (Trial lens)ကို အသုံးပြု၍ ရှာဖွေခြင်းနှင့် ခေတ် မီစက်ကရိယာ (Vertometer) ဖြင့်ရှာဖွေခြင်းတို့ ဖြစ်ပေသည်။ မျက်မှန်တွင်တပ်ထားသော မှန်၏ ပါဝါကို တိုင်းတာ ရှာဖွေသောခေတ်မီကိရိယာကို Vertometer (ဗာတို မီတာ), Lensmeter (လန်းစ်မီတာ),Focimeter (ဖိုစီမီတာ)စသည်ဖြင့် အမျိုးမျိုးခေါ်ကြပါသည်။

ယခုခေတ်တွင် မျက်မှန်၏ပါဝါကိုရှာဖွေသော ခေတ်မီကိရိယာအမျိုးမျိုး(Lensmeters) ထွန်းကား လှသည်ဖြစ်ရာ စမ်းမှန်များကိုသုံး၍ရှာဖွေသောနည်းသည် လူငယ်များအဖို့ သူစိမ်းသွင် ပြင် ဖြစ်၍နေပေ သည်။ခေတ်မီကိရိယာများသည် အပွန်းအစင်းများသော မျက်မှန်များကိုတိုင်းတာ ၍မရသောအားနည်း ချက်လည်းရှိသည်ဖြစ်ရာ၊လိုအပ်ပါက အသုံးပြုရန်အတွက်လည်းကောင်း၊ မျက်မှန်ပညာရပ်ဆိုင်ရာ မပျောက်ကွယ်သင့်သောနည်းစနစ်တစ်ခုအား ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်းရည်ရွယ်လျက် စမ်းမှန်များကိုသုံး၍ မျက်မှန်၏ပါဝါကိုရှာဖွေသောနည်းကို အဓိက ထား ရေးသားလိုပါသည်။

စမ်းမှန်များကိုသုံး၍ မျက်မှန်ရှိမှန်၏ ပါဝါကိုရှာခြင်း (Hand Neutralisation)

          စမ်းမှန်များကိုသုံး၍ မျက်မှန်၏ပါဝါကိုရှာသောနည်းသည် ရိုးရှင်းသောနည်းတစ်ခုဖြစ်ပြီး၊ အသုံးတည့်ပါသည်။ အလွန်ဈေးကြီးပြီး၊ လျှပ်စစ်မီးလိုအသော ဗာတိုမီတာ(Vertometer or Lensmeter) မရှိသောအခါတွင် အသုံးပြုနိုင်ပြီး၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအထူးလိုအပ်ပါ သည်။လက်နှင့်မျက်စိတတ်သောပညာဟုပင်ဆိုချင်ပါသည်။ သင်ယူလေ့လာမှုလည်းလိုပါသည်။ ရှေးဦးစွာ သိထားသင့်သောအချက်မှာ အရာဝတ္တုတစ်ခုကို မှန်အမျိုးအစား( အပေါင်း၊အနုတ်၊ဆ လင်ဒါ စသည်) အမျိုးမျိုးကိုဖြတ်သန်း၍ကြည့်လျှင် တွေ့ရသည့် မျက်မြင်အခြေအနေများ ကို မှတ်သားထား ရန်ပင်ဖြစ်သည်။စမ်းမှန်အစုံထည့်ထားသောသေတ္တာ( Trial Box )အတွင်းရှိ၊စမ်းမှန် (Trial Lens) တစ်ခုချင်းစီဖြင့် အရာဝတ္တုများကိုကြည့်ရှု့လေ့လာခြင်းဖြင့်လေ့ကျင့်နိုင်ပါသည်။

          ဥပမာ အပေါင်းစမ်းမှန်တစ်ချပ်ဖြင့် အရာဝတ္တုတစ်ခုကိုကြည့်လျှင် ၊ မှန်ကိုင်ထားသော လက်ကို ဘယ်ညာ အနည်းငယ်လှုပ်ကြည့်ပါက မှန်ကိုဖြတ်သန်းလျှက် မြင်ရသောအရာဝတ္တု သည် လက်ရွေ့လျား ရာ၏ ဆန့်ကျင်ဖက် (လက်ကညာဖက်သို့ရွေ့လျှင် အရာဝတ္တုပုံရိပ်သည် ဘယ် ဖက်သို့လည်းကောင်း၊ လက်ကဘယ်ဖက်သို့ရွေ့လျှင် အရာဝတ္တုသည်ညာဖက်သိုလည်း ကောင်း) သို့ရွေ့လျှားသွားသည် ကိုတွေ့၏။ ထိုနည်းတူအနုတ်မှန်ဖြင့် အထက်ပါအတိုင်း အရာ ဝတ္တုကိုကြည့်လျှင် လက်၏ရွေ့လျားရာ အတိုင်းလားရာတူရွေ့လျားသွားသည်ကို(လက်ကညာ ဖက်သိုရွေ့လျှင် အရာဝတ္တုသည်လည်းညာ ဖက်၊ လက်ကဘယ်ဖက်သို့ရွေ့လျှင် အရာဝတ္တုသည် လည်း ဘယ်ဖက်သို့) တွေ့ကြရမည်ဖြစ်သည်။ ပညာရပ် ဆိုင်ရာ အခေါ်အဝေါ်အားဖြင့် လားရာ၏ ဆန့်ကျင်ဖက်ရွေ့လျားမှုကို(Against)နှင့် လားရာတူရွေ့လျား မှုကို(With)ဟုခေါ် လေသည်။ ဤ သင်္ကေတသည် စမ်းမှန်ကိုအသုံးပြု၍ မျက်မှန်ရှိမှန်၏ပါဝါကို လက်တွေ့ ရှာဖွေရာတွင် အလွန် အသုံး တည့်ပါသည်။ 

စမ်းမှန်အမျိုးမျိုးကို နှစ်ခုကိုကပ်၍ထပ်၍(ပေါင်း) ကြည့်လျှင်တွေ့ရမည် အခြေအနေကို လည်း မျက်မြင်မှတ်၍ သိထားရန်လို အပ်ပါသေးသည်။ ဥပမာအားဖြင့် +100 D စမ်းမှန်နှင့် +400 D စမ်းမှန်တို့ကို နှစ်ခု ထပ်လိုက်လျှင် စုစုပေါင်းပါဝါသည် +100++400=+500 ဖြစ်၏။+500D စမ်းမှန်နှင့် ပါဝါတူပင်ဖြစ်ပါ မည်။ ပုံရိပ်ရွေ့လျားမှုသည်လည်းအတူတူပင်ဖြစ်ပေမည်။ + 100D စမ်းမှန်၏အရာဝတ္တုပုံရိပ်ရွေ့လျားမှု သည် ဆန့်ကျင်ဖက်(against)ဖြစ်သကဲ့သို့+400D နှင့် +500D တို့၏ပုံရိပ်ရွေ့လျားမှုသည်လည်း ဆန့် ကျင်ဖက်ရွေ့လျားမှု(against)ပင်ဖြစ်ပါမည်။

အကယ်၍ +1.00D စမ်းမှန်နှင့် – 5.00D စမ်းမှန်တို့ကို ထပ်လိုက်လျှင်၊စုစုပေါင်းပါဝါသည် +1.00D + - 5.00D = - 4.00D ဖြစ်ပြီး၊ - 4.00D စမ်းမှန်နှင့် ပါဝါတူနေပေမည်။ပုံရိပ်ရွေ့လျားမှု ကို လေ့လာလျှင်၊ +1.00Dသည် ဆန့်ကျင်ဖက်ရွေ့လျားမှု(against)ဖြစ်ပြီး၊ - 5.00Dသည် လား ရာတူရွေ့လျှား(with ဖြစ်) ၏။ သို့ဆိုလျှင် စုစုပေါင်းပါဝါဖြစ်သော-4.00D သည်လည်း(+1.00D နှင့် - 5.00D ကိုနှစ်ခုထပ်၍ ကြည့် စဉ်ကကဲ့သို့) လားရာတူ ရွေ့လျား(with ဖြစ်)ပေမည်။ ထို့ပြင် +3.00D ပါဝါရှိသောစမ်းမှန်နှင့် -3.00D စမ်းမှန်တို့ကို နှစ်ခုထပ်၍ပေါင်းလျှင် +3.00 + - 3.00 = 0 ဖြစ်၏။သို့ဆိုလျှင် +3.00D နှင့် – 3.00D တို့ ပေါင်းခြင်းသည် ပါဝါမဲ့ (Plano-ပြင်ညီ) မှန်နှင့် တူ ညီနေသည်ကိုတွေကြရပေမည်။ 
ပုံရိပ်ရွေ့လျားမှုကိုလေ့လာလျှင် +3.00D သည်အပေါင်း မှန်တို့၏ သဘာဝအတိုင်း ဆန့်ကျင် ဖက်ရွေ့ လျားမှု (against)ဖြစ်ပြီး၊ –3.00D သည် အနုတ်မှန်တို့၏ သာဝ အတိုင်း လားရာတူရွေ့လျား မှု(with)ဖြစ်သော်လည်း၊၎င်းမှန်နှစ်ချပ်ကို အတူထပ်၍ကြည့်ပါက ပါဝါ သည်(0)ဖြစ် သောကြောင့် ပါဝါမဲ့ မှန်တို့၏သဘာဝအတိုင်း ပုံရိပ်ရွေ့လျားမှု(Image movement)ရှိ မည် မဟုတ်ပေ။

သက်ငြိမ်ပုံရိပ်ကိုရှာဖွေခြင်း (Hand Neutralisation) 

          မျက်မှန်တွင်ရှိသောမှန်၏ပါဝါကိုမသိလျှင် မိမိပါဝါသိပြီးဖြစ်သော စမ်းမှန်များကိုအသုံးပြု၍ သက်ငြိမ်ပုံရိပ်ရရှိရန်ဆောင်ရွက်ခြင်း(neutralising) ဖြင့် ရှာဖွေနိုင်သည်။ မျက်မှန်ရှိမှန်နှင့်စမ်းမှန် တို့ကိုထိကပ်၍ထပ်လျှက် လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ဘယ်မှညာသို့ ညာမှဘယ်သို့ အနည်းငယ်လှုပ် ၍ မှန်နှစ်ခုလုံးကိုဖြတ်သန်းကြည့်ရှုသောအခါ လှုပ်ရှားမှုမရှိသော (သက်ငြိမ်) ပုံရိပ်ကိုရရှိအောင် ဆောင် ရွက်ခြင်းသည် Hand Neutralisation ပင်ဖြစ်ပါသည်။သက်ငြိမ်ပုံရိပ်ရရှိစေရန်မှာ ပမာဏ တူလက္ခဏာကွဲ ဆန့်ကျင်ဖက်စမ်းမှန်နှစ်ခု(opposite power)ထိကပ်ထပ်၍ ရှာဖွေမှသာရနိုင်ပါ သည်။

          ဥပမာအားဖြင့်+3.00D ပါဝါမှန်နှင့်-3.00D ပါဝါမှန်တို့ကိုအတူထပ်၍ ကြည့်ရှုလျှင်ပုံရိပ်လှုပ် ရှားမှုရှိမည်မဟုတ်။ ထို့ကြောင့် +3.00 ၏သက်ငြိမ်ပုံရိပ်ဖြစ်စေသောပါဝါသည် - 3.00 ဖြစ်၏။ ထို နည်း တူ - 7.00D နှင့်+7.00D ပါဝါ ၊ – 2.75D နှင့်+2.75D ပါဝါမှန်များသည် သက်ငြိမ်ပုံရိပ်ကိုဖြစ် စေသော ဆန့်ကျင်ဖက်မှန်များဖြစ်ပြီး၊အခြားသော သဘာဝတူမှန်များကိုလည်း ဤနည်းအတိုင်း နားလည်ထားရန် ပင်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပါဝါမသိသော မျက်မှန်၏မှန်တွင် ပါဝါသိသော စမ်းမှန်ကို ထိကပ်ထပ်၍ ကြည့်ပါက သက်ငြိမ်ပုံရိပ်ကိုဖြစ်ပေါ်စေလျှင်၊မျက်မှန်ရှိမှန်သည် စမ်းမှန်ရှိ ပါဝါတူဆန့်ကျင်ဖက်လက္ခဏာ ရှိသောပါဝါပင်ဖြစ်လေသည်။ထို့ကြောင့် (- 3.00D)ပါဝါမှန် ဖြင့်ထပ် ၍ကြည့်ပါက သက်ငြိမ်ပုံရိပ်ကိုဖြစ်စေ လျှင် မျက်မှန်မှန်၏ပါဝါသည် (+3.00D)ဖြစ်ပြီး၊ (+3.00D) စမ်းမှန်ဖြင့်ထပ်၍ကြည့်ပါက သက်ငြိမ်ပုံရိပ်ကို ဖြစ်စေလျှင်၊မျက်မှန်၏ပါဝါသည်(-3.00D)ဖြစ် ပေ မည်။ အနုတ်ပါဝါရှိသောမျက်မှန်၏ပါဝါကို အပေါင်းစမ်းမှန်ဖြင့်ရှာဖွေနိုင်ပြီး၊အပေါင်း ပါဝါရှိသော မျက်မှန်၏ပါဝါကို အနုတ်စမ်းမှန်ဖြင့်စူးစမ်းရှာဖွေရန်ဖြစ်ပါသည်။

မှန်အမျိုးအစားများကို မျက်မြင်ခွဲခြားခြင်း

        စမ်းမှန်များဖြင့် မျက်မှန်ရှိပါဝါကိုရှာဖွေရာတွင် ပါဝါအမျိုးအစားများကို ပကတိ မျက်စိ ဖြင့်ကြည့်၍ မျက်မြင်ခွဲခြားတတ်ရန် အရေးကြီးပါသည်။မျက်စိကျင့်သားရနေစေရန်လည်းအဖန် ဖန်အထပ်ထပ် ကြည့်ရှုမှတ်သားလေ့ကျင့်ရန်လိုပါသည်။မျက်မှန်ရှိမှန်ကို မိမိ၏မျက်စိရှေ့တွင် မြင်သာစေရန်ကပ်၍ ထားပြီး၊မှန်ကိုဘယ်ညာ အနည်းငယ်လှည့်၍ကြည့်ခြင်း၊ ဘေးဘယ်ညာ အနည်းငယ်လှုပ်ရွေ့၍ကြည့်ြ ခင်းများဖြင့် ခွဲခြားရပါသည်။ပုံရိပ်အကြီးအသေး၊ မှန်ကိုလှုပ်ရှားမှုပြု သောအခါ၌ ပုံရိပ်ရွေ့လျားပုံ၊ ထောင် လိုက်မျဉ်းများ၊ထောင်လိုက်တိုင်များ၏ ပြောင်းလဲသွား သော အခြေအနေများကို ကြည့်၍ ဆုံးဖြတ်ကြရပါ သည်။

          မျက်မှန်မှန်သည် အလယ်၌ပို၍ထူက အပေါင်းလက္ခဏာမှန်ဖြစ်ပြီး၊အလယ်၌ပါး၍ ဘေး ပတ်လည် တွင်ထူပါက အနုတ်မှန်ဖြစ်သည်ကိုအကြမ်းဖျင်းသိနိုင်ပါသည်။ မှန်ကိုမျက်စိရှေ့ အနည်း ငယ်ခွာ၍ကြည့် ပါက ပကတိအရှိထက်ပုံရိပ်ပိုကြီးနေလျှက် ဘေးဘယ်ညာသို့ အနည်းငယ်လှုပ် ကြည့်လျှင်ဆန့်ကျင်ဖက်သို့ ပုံရိပ်ရွေ့လျားသွားလျှင် အပေါင်းလက္ခဏာမှန်။ပကတိအရှိထက် ပို၍ သေးပြီး၊ဘေးဘယ်ညာသို့အနည်း ငယ်လှုပ်၍ကြည့်လျှင် လားရာတူသို့ ပုံရိပ်ရွေ့လျားသွားလျှင် အနုတ်မှန် စသည့်ဖြင့်ခွဲခြားနိုင်ပါသည်။ မှန်ကို မျက်စိရှေ့တွင် ကပ်ထားလျှက် နံရံပေါ်ရှိထောင်လိုက် မျဉ်းများ၊တိုင်များ၊ပြူတင်းဒေါက်တိုင်များကို ဘယ် ညာလှည့် (clockwise and anti-clockwise) ၍ ကြည့်လျှင်၊ရွေ့လျားပြောင်းလဲမှုမရှိပါက ရိုးရိုးစဖီးရစ်ပါဝါ၊ ဘယ်ညာယိမ်းလျက် ကတ်ကြေးညှပ် သည့်သဏ္ဍာန်(“scissors” movement)လှုပ်ရှားပြောင်းလဲလျှင် စဖီရိုဆလင်ဒါပါဝါ သို့မဟုတ် ဆလင်ဒါပါဝါ စသည်ဖြင့်သိနိုင်ပါသည်။

          လက်ထဲရောက်လာသော မျက်မှန်တစ်လက်၏ပါဝါကိုသိရန်အတွက် အခြေခံအကျဆုံးလုပ် ဆောင် ရန်မှာ မျက်မြင်အကဲဖြတ်ခြင်းဖြစ်သည်။ မှန်ကို မျက်စိရှေတွင် အနည်းငယ်( ၄”, ၅” ခန့်) ခွာ၍၊ အထက်ေ အာက် ဘေးဘယ်ညာ လှုပ်၍ကြည့်ခြင်း၊ဘယ်ညာ လှည့်၍ကြည့်ခြင်း များဖြင့် ပါဝါ အမျိုးအစား ကိုခန့်မှန်း ရပါမည်။ ထိုကဲ့သို့ခန့််မှန်းချက်အရ မိမိလက်ဝယ်ရှိမှန်သည် +4.00D ဟု ခန့်မှန်းသည်ဆိုပါက၊ - 4.00D မှန်ဖြင့်ထပ်၍ အထက်အောက် ဘေးဘယ်ညာ အနည်းငယ် လှုပ် ကြည့်ပါ။ ပုံရိပ်သည် ဆန့်ကျင်ဖက် (against) သို့ရွေ့နေသေးလျှင် +4.00D ထက်ပိုနေသည်ဟု မှတ်ယူရပါမည်။ပိုရိပ်ရွေ့လျားမှုများလျှင် ပါဝါ ကွာဟမှု များသည်ဟုမှတ်ယူနိုင်ပြီး၊ပုံရိပ်ရွေ့လျားမှု နည်းလျှင်ပါဝါကွာဟမှုနည်းသည်ဟုမှတ်ယူနိုင်ပါ သည်။ - 4.00D ထက်ပိုသောပါဝါမှန်များဖြင့် သက်ငြိမ်ပုံရိပ်ရသည်အထိ ဆက်၍ရှာဖွေသွားရန်ဖြစ်ပါသည်။ ဆန့်ကျင်ဖက် (against)ရွေ့လျားမှု မှ၊လားရာတူ(With)ရွေ့လျားသွားလျှင် အရှိပါဝါထက်ပို၍သွား သည်ဟု မှတ်ယူ၍ ပါဝါလျော့သော စမ်းမှန်ဖြင့် ပြန်၍ စမ်းစစ်ရှာဖွေရမည်ဖြစ်ပါသည်။ ။ထိုနည်းတူ အနုတ်မှန်များ၏ ပါဝါကိုလည်း အပေါင်း စမ်းမှန်များကို အသုံးပြု၍ရှာဖွေနိုင်ပါသည်။

          ဆလင်ဒါပါဝါမှန်များနှင့် စဖီရိုဆလင်ဒါမှန်များကို မျက်မြင်အကဲဖြတ်ရာ၌ ထင်ရှားသော သင်္ကေတ မှာ ကတ်ကြေးကိုက်သဏ္ဍာန်ပုံရိပ်လှုပ်ရှားမှု(“scissors” movement)ကိုမြင်တွေ့ရခြင်း ပင်ဖြစ်ပါသည်။ ထိုသို့မြင်တွေ့ရခြင်းမှာ ဆလင်ဒါမှန်နှင့်စဖီရိုဆလင်ဒါမှန်များသည် အမြင်လမ်း ကြောင်း(Meridian)နှစ် ခုရှိသောကြောင့်ဖြစ်ပါသည်။အမြင်လမ်းကြောင်းနှစ်ခုရှိသောကြောင့်ပါဝါ သည်လည်း နှစ်မျိုးရှိမည်ဖြစ်၏။ အမြင်လမ်းကြောင်းတစ်ခုချင်းစီအတွက် ပါဝါတစ်မျိုးစီကိုရှာဖွေရ မည်ပြီး၊ရရှိသောပါဝါနှစ်မျိုးခြား နားခြင်း အားဖြင့် ဆလင်ဒါပါဝါကိုရရှိမည်ဖြစ်ပါသည်။ကြက်ခြေခတ် အမြင်လမ်းကြောင်း(Optical Cross)သဘော တရားအရ၊ပါဝါပိုများသောအမြင်လမ်းကြောင်းသည် ပါဝါအမြင်လမ်း ကြောင်းဖြစ်ပြီး၊ပါဝါနည်းသော အမြင်လမ်းကြောင်းသည် နေရာပြအမြင်လမ်း ကြောင်း (Axis Meridian) ဖြစ်ရာ၊ ပါဝါ နည်းသောအမြင် လမ်းကြောင်းသည် ဆလင်ဒါပါဝါ၏ ဝင်ရိုး (Axis) ပင်ဖြစ်လေသည်။(90ံ,180ံ,30ံ,135ံ စသည်)

ခေတ်မီကိရိယာ(Vertometer or Lensmeter)ဖြင့် မျက်မှန်၏ပါဝါကိုရှာဖွေခြင်း

          ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် အခြားသောနည်းပညာရပ်များနည်းတူ မျက်မှန်၏ပါဝါကို ရှာ ဖွေေ သာ ခေတ်မီကိရိယာ (Lensmeter) များကိုလည်း၊ တစ်နေ့ထက်တစ်နေ့ ပို၍တိကျသော၊ လွယ်ကူသော ၊မြန်ဆန်သော အရည်အသွေးများဖြင့် ထုတ်လုပ်လာကြလေသည်။ထိုကိရိယာများ ကို ကိုင်တွယ်အသုံးပြု နိုင်ရန်အတွက်လည်း အထူးအချိန်ယူသင်ကြားရန်မလိုအပ်ပဲ အညွှန်း သင်္ကေတ ခလုပ်များ၏ အလုပ်လုပ် ပုံကိုလေ့လာရုံမျှဖြင့် အသုံးပြုနိုင်လေသည်။ထုတ်လုပ်သော ကုမ္ပဏီပေါ်မူတည်၍ ဒီဇိုင်းအမျိုးမျိုးရှိ နိုင်သော်လည်း၊တူညီသောအချက်မှာ - ပါဝါသိလိုသော မျက် မှန်ကို ကိရိယာ၏သတ်မှတ်နေရာ၌ တင် ထားပြီး၊လိုအပ်သောရွှေ့လျားမှုကို အနည်းငယ်ပြုလုပ်ရုံမျှ ဖြင့် မျက်မှန်၏ပါဝါကို စက္ကန့်အနည်းငယ်အတွင်း သိနိုင်ခြင်းပင်ဖြစ်လေသည်။

  ပြည့်အောင်(COA)



စမ်းမှန်များနှင့်စမ်းသပ်မျက်မှန်ကိုင်း (၉/၁၂/၂၀၁၉ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါ ကိုယ်တိုင်ရေးဆောင်းပါး)


      


                         
          မျက်မှန်တပ်ရန် လိုသူများ၏ မတူညီသောပါဝါများကို စစ်ဆေးရှာဖွေရာတွင် ပညာရှင်များ က ထူးခြားသော မျက်မှန်ကိုင်းတစ်မျိုးကို တပ်ဆင်စေပြီး၊မှန်များကို  ဖြုတ်တပ်ပြောင်းလဲ၍ ဆွေး နွေးမေးမြန်း ရှာဖွေပေးသည်ကို မြင်တွေ့ဖူးကြမည် ထင်ပါသည်။ထိုကိရိယာများသည် အထူးပြု လုပ်ထားသော စမ်းမှန် များ(trial lenses)၊ စမ်းသပ်ခံသူ၏ မျက်နှာအနေအထားအတိုင်း (မျက်စိ နှစ်လုံး ၏အကွာအဝေး၊ မျက် စိနှင့်နားရွက် အကွာအဝေး စသည်ဖြင့်) ပြောင်းလဲ ချိန်ဆနိုင်ပြီး၊ ပညာရပ် သင်္ကေတများပါဝင်သော စမ်း သပ်မျက်မှန်ကိုင်း (trial frame) များပင်ဖြစ်လေသည်။

          ထိုသို့သော မျက်မှန်ပါဝါရှာဖွေရာတွင်သုံးသောပစ္စည်းအပြည့်အစုံ(Trial Set)ကို အသုံး ပြု၍ စမ်းသပ်ခံသူကိုယ်တိုင် ကြည့်ရှုဆုံးဖြတ်၍ရရှိသော အဖြေသည်သာ စိတ်ချရသောပါဝါအဖြစ် ပညာရှင် များကလက်ခံထားကြဆဲဖြစ်ရာ၊မျက်မှန်ပါဝါရှာဖွေသော ခေတ်မီကိရိယာ(Device)များ မည်မျှပင်ထွန်း ကားနေစေကာမှု၊ Trial Set များသည် အရေးပါဆဲဖြစ်လေသည်။၎င်းတို့ကို အသုံး ပြုခြင်းဖြင့် စဖီးရစ်မှန် (spheres )၊ ဆလင်ဒါမှန်(cylinders )၊ပရစ်ဇန်မှန်(prisms) စသည့်ဖြင့် လွယ်ကူစွာခွဲခြားနိုင်သည့်အပြင်၊ အပေါင်းလက္ခဏာမှန်နှင့် အနုတ်လက္ခဏာမှန်များကိုလည်း သက်တောင့်သက်သာခွဲခြားနိုင်ပါသည်။ ထို့ပြင် ဆလင်ဒါမှန်နှင့် စဖီရိုဆလင်ဒါမှန်များ၏ ပါဝါ ရှိရာနေရာ (Axis)ကိုလည်း လျှင်မြန်စွာ ရှာဖွေနိုင် ပါသည်။

စမ်းသပ်မှန်အစုံ(Trial lens set)

          စမ်းသပ်မှန်အစုံ(a trial lens set)သည် ရွေးချယ်စုစည်းထားသော မှန်များဖြစ်သည်။အထူး သဖြင့် အပေါင်း နှင့်အနုတ်လက္ခဏာ စဖီးရစ် စမ်းမှန်များ၊ဆလင်ဒါစမ်းမှန်များ၊ပရစ်ဇန် စမ်းမှန်များ နှင့် တွဲဖက် သုံးရသောမှန်ချပ်များ ပါဝင်သည်။ အရောင်အသွေး ပုံသဏ္ဍာန်အားဖြင့် အမျိုးမျိုး ကွဲပြားနေတတ်သော် လည်း တူညီသောအချက်မှာ မျက်မှန်ပါဝါရရှိရေးအတွက် မရှိမဖြစ်လိုအပ် သော အခြေခံမှန်များ ပါဝင်နေခြင်းပင်ဖြစ်ပါသည်။

စမ်းမှန်တခုချင်းစီတွင် ပါဝါအမျိုးအစားနှင့် သင်္ကေတလက္ခဏာကို ထင်ထင်ရှားရှားရေးထိုး ထား၏။ စဖီးရစ်မှန်များ(spherical lens)ကို ဒိုင်အော့ဖ်တာ(dioptres)ဖြင့်တိုင်းတာ ပြီး၊ သင်္ကေ တ(D)ဖြင့် လည်းကောင်း၊ဆလင်ဒါမှန်များ(cylindrical lens)ကို ဒိုင်အော့ဖ်တာ ဆလင်ဒါ (dioptres cylinder)ဖြင် တိုင်းတာပြီး၊သင်္ကေတ(DC)ဖြင့် လည်း ကောင်း၊ပရစ်ဇန်မှန်များ(prism lens)ကို ပရစ်ဇန်ဒိုင်အော့ဖ်တာ (prism diopters) ဖြင့်တိုင်းတာပြီး၊သင်္ကေတ(Δ)ဖြင့်လည်းကောင်း ရေးမှတ်ထားကြပါသည်။

 စမ်းမှန်တခုချင်းစီ၏ အနားသတ် ပတ်ပတ်လည်ကို ပလပ်စတစ် သို့မဟုတ် သတ္တုဖြင့် အနားကွပ် ထားပါသည်။ပလပ်စတစ်ဖြင့် အနားကွပ်ထားသောမှန်များတွင် အပေါင်း လက္ခဏာ နှင့် အနုတ် လက္ခဏာ မှန်များကို ရှာဖွေရာ၌ လွယ်ကူ စေရန်အတွက် ကွဲပြားသော အရောင်များဖြင့် ခွဲခြား ထားတတ်ပါသည် (အထူးသဖြင့် အနုတ်လက္ခဏာမှန်များကို အနီရောင်၊အပေါင်းလက္ခဏာ မှန်များကိုအနက်ရောင်စသည်)။ လက်ဆွဲသေတ္တာငယ် အတွင်း၌ မှန်တစ်ခုချင်းစီအတွက် အကန့် ငယ်များဖန်တီးထားပြီး၊ စမ်းမှန်ရှိပါဝါ အတိုင်း ၎င်းအကန့်ငယ်များတွင် နေရာသတ်မှတ်ရေးထိုး ထား ပါသည်။အလွယ်တကူ ရှာဖွေ နိုင်ရန်ဖြစ်ပြီး၊ မှန်များမှားယွင်း သုံးစွဲမိခြင်းမှ ကာကွယ်ရန် နှင့် မျက်မှန် ပါဝါညွှန်ကြားလွှာကိုရေးသားရာတွင် မှန်ကန်စေ ရန် ဖြစ်ပါသည်။အကယ်၍ စမ်းမှန် သေတ္တာငယ်အတွင်းရှိ သတ်မှတ်နေရာ၌မထားပဲ အလျဉ်းသင့်ရာနေရာ များတွင်  ထားပါက၊ နောက်တစ်ကြိမ် မျက်မှန်စမ်းသောအခါ တွင် မှားယွင်းစေမည် သာမက၊ လိုအပ်သော စမ်းမှန်ကို ရှာဖွေ နေရသည့်အတွက် ကြန့်ကြာမှုများတွေ့ကြ ရမည်ဖြစ်ပါသည်။

စမ်းမှန်များကို သေတ္တာငယ်အတွင်း၌  နေရာချထားပုံ အမျိုးမျိုးရှိပါသည်။အထူးသဖြင့် အပေါင်း လက္ခဏာ စဖီးရစ်မှန်များကို သေတ္တာငယ်(Trial Box)၏ ညာဖက်တွင်လည်း ကောင်း၊ အနုတ်လက္ခဏာ စဖီး ရစ်မှန်များကို သေတ္တာငယ်၏ ဘယ်ဖက်တွင်လည်းကောင်း ထားလေ့ရှိပါ သည်။ဆလင်ဒါစမ်းမှန်များ ကိုမူ အပေါင်းစဖီးရစ်မှန်နှင့် အနုတ်စဖီးရစ်မှန်များအကြားတွင် တွေ့ရ တတ်ပြီး၊အနုတ်ဆလင်ဒါမှန်များ ကဘယ်ဖက်၊ အပေါင်းဆလင်ဒါမှန်များက ညာဖက်တွင်ရှိတတ်ပါ သည်။ပရစ်ဇန်စမ်းမှန်များကိုမူ ဆလင်ဒါ မှန်များအနီး အလယ်တွင်ထားပါသည်။ မျက်မှန်ပါဝါ ရှာဖွေ ရာတွင် တွဲဖက်၍သုံးရသော မှန်ချပ်များကို လည်း ဆလင်ဒါမှန်များအနီး အလယ်တွင် ထား လေ့ရှိသည်။

စမ်းမှန်များသည် စဖီးရစ်မှန်၊ဆလင်ဒါမှန်၊ပရစ်ဇန်မှန်စသည့်ဖြင့် အမျိုးအစား ကွဲပြား သကဲ့သို့ ပါဝါများသည်လည်း ±0.25 D မှ ±20.00 D အထိရှိပါသည်။ ±0.25  မှ ±4.00 D အထိကို ±0.25 D အဆင့်ဆင့်တိုးသွားပြီး၊ ±4.00 မှ ±6.00 D အထိကိုမူ ±0.50 D အဆင့်ဆင့် တိုး၏။ ±6.00 မှ ±20.00 D အကြားတွင်မူ ±1.00 D ပါဝါ အဆင့်ဆင့်တိုးသွားလေသည်။ စမ်းမှန်ပါဝါတစ်မျိုးလျှင် မှန်နှစ်ချပ်ပါဝင်ပြီး ၊မျက်စိနှစ်ဖက်စလုံးတူညီသောပါဝါဖြစ်ပါက သုံး နိုင်ရန်ဖြစ်လေသည်။

စဖီးရစ်စမ်းမှန်များ(Spherical Trial Lenses)

          စဖီးရစ်စမ်းမှန်များသည် သေတ္တာငယ်အတွင်း၌ အပေါင်းလက္ခဏာနှင့် အနုတ် လက္ခဏာနှစ်မျိုးစလုံးပါဝင်ပါသည်။ ထိုနှစ်မျိုးကိုခွဲခြားနိုင်ရန် နည်းလမ်း(၂)မျိုးအသုံး ပြုထား ပါ သည်။ မှန်များကို အနားကွပ်အရောင်များခွဲထားခြင်း နှင့် လက္ခဏာသင်္ကေတ (အပေါင်း + နှင့် အနုတ် -)များရေး ထိုးထားခြင်းတို့ပင်ဖြစ်လေသည်။ စတင်အသုံးပြုသည်နှင့် မည်သည့်အရောင် သည် အပေါင်းမှန်ဖြစ်၍ မည်သည့်အရောင်သည် အနုတ်မှန်ဖြစ်သည်ကို အကျွမ်းဝင်သည် အထိ လေ့လာထားရန် အထူးလိုအပ် ပါသည်။
ထခါတရံ လက္ခဏာသင်္ကေတ ရေးထိုးမထားသည်ကိုလည်း ကောင်း၊ မထင်မရှားပျက်ပြယ် နေခြင်း များကိုလည်းကောင်းရှားရှား ပါးပါးတွေ့ရတတ်ပါသည်။ထိုအခါ စမ်းမှန် များ၏ အထူအပါး အခြေအနေကို ကြည့်၍ သုံးကြ ရပါသည်။စမ်းမှန်များကို အသုံးပြုနိုင်စွမ်းသည့် ပညာရှင်တစ်ဦး အနေဖြင့် အပေါင်းမှန် သည် အလယ်၌ထူသည်ကိုလည်း ကောင်း၊ အနုတ်မှန်သည် အလယ်၌ ခွက် သည်ကိုလည်းကောင်း သိပြီးဖြစ်ပါလိမ့်မည်။

ဆလင်ဒါစမ်းမှန်များ(Cylindrical Trial Lenses)

ဆလင်ဒါစမ်းမှန်များတွင် အပေါင်း နှင့်အနုတ် နှစ်မျိုးတွေ့ရပါမည်။အထူးသဖြင့်အသုံးများ သည်မှာ အနုတ်ဆလင်ဒါမှန်များ ပင်ဖြစ်ပါသည်။ အချို့ သော စမ်းမှန်သေတ္တာငယ်များတွင် အကြောင်းအားလျှော် စွာ အပေါင်းဆလင်ဒါမှန်များကို ထည့်သွင်းမထားသည်လည်းရှိတတ်ပါ သည်။စဖီးရစ်စမ်းမှန်များကဲ့သို့ အရောင်ဖြင့်ခွဲခြားထားခြင်း၊သင်္ကေ တလက္ခဏာဖြင့်ခွဲခြားထားခြင်း များရှိပါသည်။ထူးခြားသည်မှာ ဆလင် ဒါမှန်များတွင် တစ်လိုင်းတည်းဖြစ်သော နေရာပြဝင်ရိုး အမှတ်အသားမျဉ်ကြောင်းငယ်များ မှတ်သား ထားခြင်းပင်ဖြစ် လေသည်။ထိုမျဉ်းအမှတ် အသားကို အနားကွပ်ကွင်းတွင်လည်း ကောင်း၊ မှန်ပေါ်တွင် လည်း ကောင်း အခြေအနေကို မူတည်၍ မှတ် သားတတ်ပါသည်။ထိုမျဉ်းအမှတ်အသား သည် စဖီးရစ် စမ်းမှန်နှင့် ဆလင်ဒါစမ်းမှန်တို့ကိုခွဲခြား နိုင်သောသင်္ကေတပင်ဖြစ်ပါသည်။

ပရစ်ဇန်စမ်းမှန်များ(Prism Trial Lenses)

        ပရစ်ဇန်စမ်းမှန်များတွင် စဖီးရစ်နှင့်ဆလင်ဒါမှန်များကဲ့သို့ အပေါင်းနှင့် အနုတ် လက္ခဏာ သင်္ကေတများဖြင့် ခွဲခြားထားခြင်း၊အရောင်ဖြင့်ခွဲခြားထားခြင်းများကို တွေ့ကြရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပရစ်ဇန်မှန်များသည် အနီးအဝေးပါဝါချိန်ဆမှု မပြုသောကြောင့် ဖြစ်လေ သည်။ ပရစ်ဇန်မှန်များတွင် ဆလင်ဒါ စမ်းမှန်များကဲ့သို တစ်လိုင်းတည်းကျသော မျဉ်းအမှတ် အသားနှစ်ခုနှင့် သင်္ကေတဂဏန်းများကို သာ တွေ့ကြရမည်ဖြစ်သည်။တဖက်ထူ တဖက်ပါးမှန် အမျိုးအစားဖြစ်ပြီး၊အရင်းဖက်တွင်ထူ၍ အဖျားဖက်တွင်ပါးလေသည်။

တွဲဖက်၍သုံးရသောစမ်းမှန်များ(Accessory Trial Lenses)

        တွဲဖက်၍သုံးရသော စမ်းမှန်များသည် အထောက် အကူပြုသော ပစ္စည်းများဖြစ်လေသည်။ တစ်ခုချင်းစီတွင် အရေးပါသော ရည်ရွယ်ချက် အသီးသီးရှိ၏။

တစ်ဖက်ပိတ်အဝိုင်းပြား(Occluder)

        ၎င်းသည်းရိုးရှင်းသော ကရိယာတစ်ခုဖြစ်ပြီး၊အနားကွပ် ကွင်းအတွင်း၌ အနက်ရောင် အလင်းပိတ် ပလပ်စတစ်အပြားဝိုင်းလေးတစ်ခုပင်ဖြစ်လေသည်။ မျက်စိစမ်းသပ်စစ်ဆေးရာတွင် မျက်စိတစ်ဖက် ချင်းစီ ကို ရှေးဦးစွာစစ်ဆေးကြရသည်ဖြစ်ရာ၊ စမ်းသပ်စစ်ဆေးခြင်းမပြုသော မျက်စိတစ်ဖက်ကို ထိုအလင်း ပိတ်အပြားငယ်ဖြင့် ယာယီပိတ်ကာထားရန်အသုံးပြု လေသည်။

အပ်ပေါက်အပြားဝိုင်း(Pinhole)

ဤကိရိယာငယ်သည် မျက်စိတဖက်ပိတ်ရန် အသုံးပြုသော အပြားဝိုင်းနှင့်ဆင်တူ သော် လည်း မတူသောအချက်မှာ အပ်ပေါက်ငယ်တစ်ခုသို့မဟုတ် အများ ပါနေခြင်းပင်ဖြစ်သည်။ စံလွဲ အလင်းယိုင်မှု(Refractive Error)ကြောင့်(မျက်မှန်တပ်ရန်လိုအပ် သော)အမြင်အားနည်း နေသူ အား၊ ပကတိအမြင်ထက်(မျက်မှန်တပ်လျှင်) ပို၍မြင်နိုင်မည့် အမြင်စွမ်းရည်ကို စမ်းသပ်စစ်ဆေးရာ တွင် လည်းကောင်း၊ အခြားသော မျက်စိကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးရာတွင် လည်းကောင်း အသုံးပြုလေသည်။

ခရော့ဆလင်ဒါ(Cross cylinder)

        ခရော့ဆလင်ဒါသည် လက်ကိုင်ပါသောမှန်အဝိုင်းလေးဖြစ်၏၊မျဉ်းငယ် အမှတ်အသားများ နှင့် သင်္ကေတဂဏန်းများပါဝင်လေသည်။ ခရော့ဆလင်ဒါကို အက်စတစ်မက်တစ်ဇန် - astigmatism (ဆလင်ဒါပါဝါ)ရှိသူများ ကို တိုင်းတာရာ၌ အသုံးပြု လေသည်။

စမ်းသပ်မျက်မှန်ကိုင်း(Trial Frame)

          စမ်းသပ်မျက်မှန်ကိုင်းသည် လိုသလိုပြောင်းလဲချိန်ဆမှုပြုနိုင်သော မျက်မှန်ကိုင်းဖြစ် သည်။ စမ်း သပ်ခံသူ၏ မျက်နှာအနေအထားကိုလိုက်၍ ချိန်ဆမှုပြုနိုင်၏။ မျက်စိနှင့် နား အကွာ အဝေး၊မျက် စိနှစ် လုံးအကွာအဝေး(interpupillary distance (PD))၊နှာခေါင်း ရိုးအနိမ့် အမြင့် (nose pad) စသည်တို့ကို့ အလွယ်တကူ ချိန်ဆနိုင်ရန်ပြုလုပ်ထား၏။စမ်းသပ်မှန် များကို အလွယ်တကူ ဖြုတ်တပ်ရန်နေရာ(lens cells)များကို မျက်မှန်ကိုင်း၏ရှေ့ဖက် နှင့် အနောက် ဖက်တို့တွင် ပြုလုပ်ထားသည်။တပ်ထားသော စမ်းမှန်များကိုလည်း လက်ဖြင့် လှည့်၍ ရစေရန် (ဆလင်ဒါပါဝါ၏ဝင်ရိုး - Axis ကိုရှာဖွေရာတွင် လွယ် ကူစေရန်)လည်း ဖန်တီး ထားသည်။ မျက်မှန်ကိုင်း၏ရှေ့တည့်တည့်(မျက်စိစမ်းသပ်စစ်ဆေးသူ မြင် သာသောနေ ရာ)တွင်၊ Axis (ဆလင်ဒါ၏ပါဝါအမြင်လမ်းကြောင်းနေရာ)အမှတ်အသားများ( 0ံ မှ  180ံထိ 5ံ စီခြား၍)ကို လည်း ထင်ထင်ရှားရှားရေးထိုးထား လေသည်။

          Trial Set  ကိုအသုံးပြုကြရာ၌ ဂရုပြုရမည့်အချက်မှာ အသုံးပြုပြီးသည့်အခါတိုင်း စမ်းမှန် များ(Trial lens)ကို ကြည်လင်နေစေရန်သန့်ရှင်းမှုပြုလုပ်ခြင်း၊နေရာတကျပြန်လည်စစ် ဆေး၍ ထားသိုခြင်း၊ စမ်းသပ်မျက်မှန်ကိုင်း(Trial frame)အား(အများသုံးဖြစ်၍ အရက်ပြန်ကဲ့သို့ သန့်စင် ဆေးရည်များသုံး၍) သန့်ရှင်းခြင်း၊ ချိန်ဆမှုပြုရသော အတိုးအလျှော့ခလုပ်များ အားမူလနေရာ အမှတ်အသား၌ ပြန်၍ ထားခြင်းများဖြစ်လေသည်။

ပြည့်အောင်(COA)