20.7.18

မျက်စိကျမ်းမာ တသက်တာ။(၂၀/၇/၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါ ဆောင်းပါး)။ ပြည့်အောင်(COA)




         ယနေ့ခေတ် လူကြီးလူငယ်တို့၏ မျက်စိအသုံးချမှုသည် လွန်ကဲသည့်အဆင့်၌ ရှိနေပါသည်။ မျက်စိ ဆရာဝန်ကြီးများ၊ပညာရှင်များမှာ ပညာပေးခြင်း၊ကုသမှုပေးခြင်းမျှသာစွမ်းနိုင်ကြလျှက် မိမိ၏မျက်စိကျန်း မာရေးကို ကာယကံရှင်များကိုယ်တိုင် ထိမ်းသိမ်းစောင့်ရှောက်ကြရမည့် အခြေအနေသို့ ဦးတည်နေပြီ ဖြစ် ပါသည်။သို့ဖြစ်ရာလူတိုင်းကျင့်သုံးလိုက်နာနိုင်ကြစေရန်ရည်ရွယ်၍ ထင်ရှားသော မျက်စိအထူးကုဆရာဝန် ပညာရှင်ကြီးများ (Ophthalmologists) ၏ အကြံပြုချက်များကိုရှာဖွေစုစည်းလျက်  အနှစ်ချုပ် ရေးသား အပ်ပါသည်။ 
                                      
မျက်စိကိုအနားပေးပါ
မည်မျှပင် ကျန်းမာရေးနှင့်ပြည့်စုံသောမျက်စိဖြစ်စေကာမူ၊မျက်မှန်တပ်ရသူများဖြစ်ပါက မျက်မှန် ပါဝါ မည်မျှပင်မှန်ကန်တိကျသော မျက်မှန်ဖြစ်စေကာမူ၊နာရီနှင့်အမျှ မျက်စိကို အနားမပေးဘဲ ဆက်တိုက် အသုံးပြုမည်ဆိုပါက၊မျက်စိအောင့်ခြင်း၊မျက်ရိုးကိုက်ခြင်း၊နောက်ကြောတက်ခြင်း စသည့် မျက်စိအလွန် အမင်းသုံးစွဲမှုကြောင့် ဖြစ်သည့် ဝေဒနာများကို မလွှဲမသွေခံစားကြရမည်ဖြစ်ပါသည်။သို့ဖြစ်ရာ မျက်စိကို အနားပေးခြင်းသည် မျက်စိကျန်းမာရေးအတွက် အရေးကြီးဆုံးအချက်ဖြစ်ပါသည်။မျက်စိအနားပေးရမည့် အချိန်ကာလကို အကြံပြုကြရာတွင် မူကွဲများရှိနေသော်လည်း မိမိနှင့်ကိုက်ညီမည့်အချက်ကို ကာယကံရှင် ကိုယ်တိုင် ရွေးချယ်လိုက်နာရန် အကြံပြုလိုပါသည်။                                                                (က) မိနစ်(၂၀) အလုပ်လုပ်ပြီးတိုင်း၊ပေ(၂၀) အကွာအဝေးတွင်ရှိသော အရာဝတ္တုစသည်တို့ကို စက္ကန့် (၂၀)ကြာ ရုံမျှ ကြည့်ပေးရမည်ဖြစ်သည်။                                                                                                 (ခ) မိနစ်(၃၀)အလုပ်လုပ်ပြီးတိုင်း၊စက္ကန့်(၂၀)အနားယူ၍ အဝေးရှိအရာဝတ္တုများကို ကြည့်ရှုရန်။                                                                                                                        (၃) (၄၅)မိနစ် အလုပ်လုပ်ပြီးတိုင်း၊စက္ကန့်(၃၀) အနားယူ၍ အဝေးရှိအရာဝတ္တုများကိုကြည့်ရန် တို့ဖြစ်ပါ သည်။
 နံရံများတွင် အနားယူချိန်၌ ကြည့်ရှု့ရန်အတွက် ဆေးရေးပန်းချီကားများ နှင့်  ရုပ်ပုံကားချပ်များ ချိတ်ဆွဲ ထားခြင်း၊အခန်းဒေါင့်တွင် သစ်ပင်ငယ်များ၊ပန်းအိုးငယ်များထားခြင်း၊ ကွန်ပျူတာ မျက်နှာပြင်အား မျက်စိနှင့်တတန်း တည်း(Eye level) ၌ထားခြင်း၊ အကွာအဝေးကို (၂၅)လက္မခန့် ထားခြင်းများသည်လည်း လိုက်နာရမည့် အချက်များဖြစ်ပါသည်။

နေရောင်အောက်တွင် နေကာမျက်မှန်တပ်ပါ။

 မျက်ကြည်လွှာလောင်ကျွမ်းခြင်း၊ အတွင်းတိမ် နှင့် မျက်ခွံ၌ဖြစ်သော ကင်ဆာရောဂါ စသည်များ မဖြစ်စေရန် နေရောင်အောက်၌   ခရမ်းလွန်ရောင်ခြည်ကို ၉၉% မှ ၁၀၀% ထိ ကာကွယ်ပေးသော၊ နေကာ မျက်မှန်နှင့် မျက်ကပ်မှန်များကို တပ်ဆင်သင့်ပါသည်။အာမခံချက်ရှိသော အထက်ဖော်ပြပါနေကာ မျက်မှန် များသည် ဈေးကြီးသည်ဖြစ်ရာ  ဦးထုပ်၊ခမောက်၊ ထီး စသည်တို့ကို အသုံးပြုခြင်းဖြင့်လည်း မျက်စိကို နေရောင်ခြည်တိုက်ရိုက် ထိတွေ့ခြင်းမှကာကွယ်နိုင်ပါသည်။ဈေးသက်သာသော်လည်း အာမခံချက်မရှိ သော နေကာမျက်မှန်များကို ရှောင်သင့်ပါသည်။

လိုအပ်ပါက ကာဘာမျက်မှန်တပ်ပါ။
 
 ကာဘာမျက်မှန် (safety glasses) များသည်  လျှပ်တပြက်ပေါ်ထွက်လာတတ်သည့်  အစအန များနှင့် ဓါတုဆေးရည်များ၏ အန္တရာယ်မှကာကွယ်ပေးပါသည်။ အန္တရာယ်ကာကွယ်သော စံချိန်မီမျက်မှန် (standard safety eyeglasses)သည် ပေါ်လီကာဗွန်နိတ်ပလပ်စတစ် (polycarbonate plastic) ဖြင့် ပြုလုပ်ထားပါသည်။ ၎င်းပလပ်စတစ်အမျိုးအစားသည် (သံရိုက်တူ ကဲ့သို့သော) မာကြောသည့်သတ္တုများ၏ အထုအထောင်းကို ဆယ်ကြိမ်မက ခံနိုင်ရည်ရှိ၏။ 
 
မျက်စိစစ်ဆေးခံဖို့ ဝန်မလေးပါနှင့်။

          မျက်စိနီခြင်း၊မျက်စိကိုက်ခြင်း၊မျက်စိထဲတွင် သဲများဝင်နေသကဲ့သို့ စူးစူးရှရှခံစားရခြင်း စသည် တို့ဖြစ်လျှင်ကုသမှုပေးရန်လိုအပ် မည်ဖြစ်ပါသည်။  ရွေ့လျားနေသော အနက်စက်ကလေးများကို မြင်ရခြင်း လင်းလက်သောအလင်းရောင်များ မြင်ရခြင်းနှင့် ပုံမှန်အတိုင်းကြည့်၍မကောင်းခြင်းများသည်လည်း မျက်စိ ဆရာဝန်နှင့် ပြသသင့်သော အချက်များပင်ဖြစ်ပါသည်။ မျက်စိစမ်းသပ် စစ်ဆေးမှုကိုလည်း ပုံမှန်ခံယူသင့် ပါသည်။ ယေဘုယျအားဖြင့် မျက်မှန်မတပ်ရသူ(၂)နှစ်တကြိမ်၊ မျက်မှန်တပ်သူများ(၁)နှစ်တကြိမ်နှင့် မျက်စိအသုံး များသူများ (၆)လ တကြိမ် စမ်းသပ်သင့် ပါသည်။သက်ကြီးရွယ်အိုများ ၊ဆီးချိုသွေးချို ရောဂါရှိ သူ၊ သွေးတိုး ရောဂါရှိသူများသည် မျက်စိစစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါသည်။

မျက်ကပ်မှန်(contact lens)များကို သန့်သန့်ရှင်းရှင်းထားပါ။

  မျက်ကပ်မှန်ကိုမကိုင်မီ လက်ဆေးပါ။ မျက်စိဆရာဝန်၏ အတည်ပြုချက်ဖြင့်သာ သန့်စင် ဆေးရည်များ နှင့် မျက်စဉ်းများကိုသုံးစွဲပါ။ မျက်ကပ်မှန်တက်ထားစဉ် ထည့်သောဘူး (case)ကို  ဆေး ရည်ဖြင့် ဆေးပြီး ခြောက်သွေ့စွာထားပါ။ နှစ်လ သို့မဟုတ် သုံးလတစ်ကြိမ် ဘူးကိုလဲလှယ်ပါ။ ရေကူးနေစဉ် နှင့် အသားဖြူခရမ်ကဲ့သို့သော သန့်စင်ပစ္စည်းများသုံးစွဲနေစဉ် မျက်ကပ်မှန်ကိုမတပ်ပါနှင့်။ မျက်စိဆရာဝန်မှ သတ်မှတ်ပေးသော အချိန်ထက်ပို၍ မျက်ကပ်မှန်ကို မတပ်သင့်ပါ။


မိမိ၏ ကျမ်းမာရေးဖြစ်စဉ်ကို ကိုယ်တိုင်သိနေပါစေ။

 အချို့သောရောဂါများသည် မျက်စိနှင့် ဆက်စပ်မှုရှိပါသည်။  သွေးတိုး နှင့် ဆီးချို ရောဂါ များသည် မျက်စိတွင်းသွေးစီးဆင်းမှုကို ပြောင်းလဲစေပါသည်။ အဆုပ်များသိုင်းရွိုက်ဂလင်းများ၌ ရောဂါမစွဲကပ်စေ သည့်စနစ်များနှင့် သဘာဝကိုယ်ခံအားစနစ်များ ချို့ယွင်းပါက မျက်စိကိုထိခိုက်စေပါသည်။ ဦးနှောက်နှင့် အာရုံကြောရောဂါဖြစ်ခြင်း၊ သွေး ကြောကျယ်သည့်ရောဂါ၊သွေးကျဲသည့်ရောဂါ နှင့် ကင်ဆာကဲ့သို့သော ရောဂါများသည် မျက်စိကျမ်းမာရေး ကို ခြိမ်းခြောက်နေပါသည်။ သို့ဖြစ်ရာ မျက်စိအထူးကု ဆရာဝန်အား မိမိ၏မျက်စိကို ပြသရာတွင် ကျမ်းမာရေးဖြစ်စဉ်များကိုလည်း (လိုအပ်လျှင်) ပြောပြသင့်ပါသည်။ 

ဆေးကုသမှုခံယူနေစဉ် မျက်စိ၌ပြောင်းလဲမှုကို ဆရာဝန်အားချက်ချင်းပြောပါ။

ဆေးနှင့်ဆေးပစ္စည်းများသည်  မျက်စိအပေါ် သက်ရောက်မှုရှိပါသည်။  မိမိအား ဆေးကုသော ဆရာဝန်အား (မျက်စိရောဂါ မဟုတ်သော ရောဂါတမျိုးမျိုးကို ကုသပေးနေစဉ်) မျက်စိခြောက်သွေ့ခြင်း၊ မျက်ရည်ကျခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း (မျက်စိဝေဝါးလာခြင်း)၊ အလင်းဒဏ်မခံနိုင်ခြင်း၊ မျက်ခွံရောင် (ဖောင်း) သို့မဟုတ် မျက်ခွံကျခြင်းများ ခံစားရပါက ချက်ချင်း ပြောရန်လိုပါသည်။

မျက်စိအလှပြင်ပစ္စည်း အဟောင်းကိုမသုံးပါနှင့်

မျက်စိအလှပြင်ပစ္စည်းများသည် ဗက်တီးရီးယားပိုးများကို ပေါက်ပွားစေပါသည်။သုံးလအတွင်းသာ အသုံးပြုသင့်ပါသည်။ သုံးနေစဉ်၌ ပူစပ်ခြင်း၊ ယားယံခြင်း၊စူး၍နာခြင်းများ ခံစားရပါက၊ ချက်ခြင်း ဖယ်ရှား၍ မျက်စိအထူးကုဆရာဝန်နှင့် အချိန်မဆိုင်းဘဲပြသပါ။  အခြားသူနှင့် တွဲ၍သုံးခြင်း၊ ကာလရှည်သိမ်းထား သော ကြော်ငြာနမူနာပစ္စည်းကို သုံးခြင်းမှရှောင်ပါ။ မသုံးစွဲမီနှင့် သုံးစွဲပြီးနောက်တွင် မျက်နှာကို သန့်ရှင်းအောင် ဆေးကြောပေးပါ။ အလှဆီကဲ့သို့သော အဆီများကို မျက်စိတွင်းသို့ မဝင်အောင် ဂရုတစိုက် သုံးပါ။ ဆံပင်ဆေးဆိုးနေစဉ် မျက်စိကိုလုံအောင် အုပ်ထားပါ။(နှာခေါင်းကိုလည်း အုပ်ထားသင့်ပါသည်)။

စားသင့်သည်များ

(၁)ငရုပ်ပွသီးနှင့်အသီးအရွက်များ။(၂)နေကြာစေ့နှင့် အခွံမာသီးများ ။(၃)အစိမ်းရင့်ရင့် အရွက်ဖားဖား ဟင်းရွက်များ။(၄)ဆော်လမွန်ငါး(ငါးအမျိုးမျိုး) ။ (၅)ကြက်သားဘဲသားနှင့် အဆီပါဝင်မှုနဲသောအသားများ။ (၆)ပဲတောင့်ရှည်နှင့် ပဲသီးပဲတောင့်အမျိုးမျိုး။(၇) ဥ(ကြက်ဥ၊ငုံးဥ)အမျိုးမျိုး ။(၈) သခွားမွှေးသီး နှင့်ကန်စွန်း ဥ (၉) ပန်းမုန်လာမျိုး နွယ်သီးနှံများ။

အကျိုးသက်ရောက်မှုများ

 ငရုပ်ပွသီးနှင့်အသီးအရွက်များသည် ဗီတာမင်အီး နှင့် ဗီတာမင်အေတို့ ပါဝင်သည့်အတွက် မျက်စိ ကိုအကျိုးပြု၏။နေကြာစေ့နှင့် အခွံမာသီး တို့တွင်ဗီတာမင်အီး (vitamin-E)ထက်ဝက်မျှ(၅၀%မျှ) ပါဝင် သည့်အတွက် နေ့စဉ်နေ့တိုင်းစားသုံးသင့်ကြောင်း USDA မှ အကြံပြု တိုက်တွန်းထားပါသည်။ ဆော်လမွန် ငါး(ငါးအမျိုးမျိုး)နှင့်ဥအမျိုးမျိုး၊ကြက်သား၊ဘဲသားနှင့် အဆီပါဝင်မှုနည်းသော အသားများတွင်  မြင်လွှာ အတွက်အရေးပါသည့် အိုမီဂါ-၃ ဖက်တီးအက်စစ် အော်ဂဲနစ်ဓါတ်ပေါင်း  ပုံစံနှစ်မျိုး(DHA and EPA )နှင့် ဇင့်ဓါတ်ပါဝင်သည်။အစိမ်းရင့်ရင့် အရွက်ဖားဖား ဟင်းရွက်များ နှင့်သခွားမွှေးသီး ကန်စွန်းဥ ပန်းမုန် လာမျိုး နွယ်သီးနှံများတွင်ဗီတာမင်အေအပြင်ဗီတာမင်စီ၊  လူတင်း(lutein) နှင့်  ဇာစန်သင်း (Zeaxanthin) ဓါတ် များ ပါဝင်ပါသည်။
ဗီတာမင်အီး(vitamin-E)နှင့်အိုမီဂါ-၃ ဖက်တီးအက်စစ်သည် အသက်ကြီး၍ဖြစ်သော မြင်လွှာရှိ အာရုံခံဧရိယာ ချို့ယွင်းလာခြင်း (macular degeneration-AMD)ကို နှေးကွေးစေစေသည်။  အတွင်းတိမ် နှင့် ရေတိမ်မဖြစ်စေရန်လည်းကာကွယ်ပါသည် ။ ဗီတာမင်အေ (လူတင်း ၊ ဇာစန်သင်းနှင့် ဘီတာကာရို တင်းကဲ့သို့ သောအာဟာရဓါတ်များ) ၊ ဗီတာမင်စီ နှင့် ဗီတာမင်အီးတို့သည်  မျက်စိ၏ဆဲလ်များကို ဖရီးရဒီ ကယ် (free radicals-ဖောက်ပြန်သော မော်လီကျူးမှ ကောင်းမွန်သောတစ်ရှူးများကို ပျက်စီးစေ၍ မြင်လွှာ တွင် အားနည်းမှု ဖြစ်စေခြင်း  ) မှ ကာကွယ်ပေးပါသည်။
ဇင့်ဓါတ်သည် ဗီတာမင်အေကို မြင်လွှာသို့ပို့ဆောင်ပေးသော အာဟာရဓါတ်ဖြစ်ပါသည်။ မြင်လွှာသည်  မျက်စိအတွက်အရေးပါသော အနက်ရောင်ဓါတ်နှင့် ရောင်ခြယ်များကို ပြုလုပ်ပေးသည်ဖြစ် ရာ ဇင့်ဓါတ်လုံလောက်ရန် အထက်ပါအစားအစာများအပြင်  အမဲသား ၊ ဝက်သား နှင့် ကြက်သား ကဲ့သို့ သော အလွယ်တကူရရှိစေနိုင်သည့် အသားများကို စားနိုင်ပါကြောင်းသုတေသီတို့က အကြံပြုကြပါသည်။
သို့ဖြစ်ရာ အထက်ပါဆောင်ရန်ရှောင်ရန်များကိုလိုက်နာ၍ အစားအစားများကို ဆင်ခြင်စားသုံး ခြင်း အားဖြင့်(ရာနှုန်းပြည့်မဟုတ်သော်မှ ၆၀%မျှ လိုက်နာရုံမျှဖြင့်) မျက်စိကို ရေရှည်အသုံးပြုနိုင်မည့်အပြင် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သော မျက်စိဝေဒနာများကို အရွယ်မတိုင်မီဖြစ်ပွားခြင်းမှ ဟန့်တားစေ နိုင်မည်ဖြစ်ကြောင်း ရေးသားအပ်ပါသည်။ (Ref: WebMD.com/Home/Eye Health Center,Top Tips Lifestyle for Healthier Eyes )

ပြည့်အောင်(COA)

19.7.18

ကျန်းမာသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်များ(၃)။ (၁၇/၇/၁၈ နေ့ထုတ်ကြေးမှုံသတင်းစာပါဆောင်းပါး) ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

အဆုတ်ကျန်းမာရေး


        လူသည် အမြဲအသက်ရှူနေခြင်းဖြင့် အသက်ရှင်နေခြင်းဖြစ်သည်။ အသက်ရှူခြင်းကို အဆုတ်နှင့် လေပြွန်များပါဝင်သည့် “အသက်ရှူအင်္ဂါအ ဖွဲ့”က ဆောင်ရွက်ခြင်းဖြင့်၊လေထဲမှအောက်စီဂျင်ကို သွေးထဲသို့ ရောက်စေ သည်။သွေးကိုသန့်စေသည်။အောက်စီဂျင်ပြည့်ဝသောသွေးဖြင့် ခန္ဓာကိုယ် တခုလုံးရှိ အင်္ဂါအစိပ် အပိုင်း အသီးသီး၏လုပ်ငန်းဆောင်တာများကို၊မှန်မှန် ကန်ကန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

          ဤနေရာတွင် ကျန်းမာရေးအတွက် အောက်စီဂျင်ပြည့်ဝပြီး၊ အဆိပ်အတောက်ကင်းသော “လေ ကောင်းလေသန့်”ရရှိခြင်း၊လေပြွန်များ ကောင်းမွန်ခြင်း၊အဆုတ်တွင်းရှိ လေအိပ်ငယ်များ ကောင်းမွန်ခြင်းတို့ အ ရေးကြီးသည်။လေကောင်းလေသန့်ရရှိရန် လေထုညစ်ညမ်းမှု မရှိရန် လိုအပ်သည်။

          လူ့ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်သော၊ လိုအပ်သည် ထက်ပိုလျှံနေသော အငွေ့များ၊အမှုန် များ၊ဇီဝမော်လီကျူးများ ကမ္ဘာ့လေထု ထဲရောက်ရှိနေခြင်းကို လေထုညစ်ညမ်းမှုဟုခေါ်သည်။လေထုညစ် ညမ်းမှု သည် မြို့ပြတွင်ပိုမိုများပြား၍၊ကျေးလက်ဒေသတွင် နည်းပါးသည်။ထို့ ကြောင့် ကျေးလက်နေသူ များသည် မြို့ပြ နေသူများထက်ပို၍ ကျန်းမာ သက်ရှည်ကြရခြင်းဖြစ်သည်။၂၀၀၈ ခုနှစ် Black Smith Institute ၏အစီ ရင်ခံစာ တွင် အခန်းတွင်းလေထုညစ်ညမ်းမှု(Indoor air pollution)နှင့် မြို့ပြ လေထု မသန့်မှု(Poor Urban Air Quality)ပြဿနာ နှစ်ခုသည် ကမ္ဘာ့ အဆိုးဝါးဆုံး လေထုညစ်ညမ်းမှု ဟုဖော်ပြခဲ့သည်။၂၀၁၂ခုနှစ်တွင် လေထု ညစ်ညမ်းမှုကြောင့် လူ (၇)သန်းခန့် သေဆုံးခဲ့ရကြောင်း၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီရင်ခံစာအရ သိရသည်။

          လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ နှလုံးရောဂါ၊နာတာရှည် အဆုတ်လေပြွန် ပိတ်ဆို့သောရောဂါ လေဖြတ်ခြင်း နှင့် အဆုတ်ကင်ဆာတို့ကိုဖြစ်စေသည်။ အသက်ရှူ ကြပ်ခြင်း၊နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ပန်းနာရင်ကြပ်ဖြစ်ခြင်းနှင့် နဂိုရှိပြီးသား နှလုံးရောဂါများကို ပို၍ဆိုးစေ သည်။
          အသက်ရှူလမ်းကြောင်းအောက်ပိုင်း ပိုးဝင်ခြင်း(Lower Respiratory tract infection,LRTI) ကြောင့် သေဆုံးမှုသည် ကမ္ဘာ့သေဆုံးမှု အများဆုံးရောဂါများတွင် တတိယလိုက်သည်။၅.၇ %ရှိ၍ ၂၀၁၅ တွင် လူ ၁.၅ သန်းခန့်သေဆုံးခဲ့ရသည်။
          နာတာရှည် အဆုတ်လေပြွန် ပိတ်ဆို့သောရောဂါ(Chronic Obstructive Pulmonary Disease ,COPD)ကြောင့် သေဆုံးမှုသည် ၅.၆% ရှိ၍ ကမ္ဘာ့သေဆုံးမှုအများ ဆုံးရောဂါများတွင် စတုတ္ထလိုက် သည်။ ၂၀၁၅ တွင် လူ ၃.၁ သန်းခန့် ထိုရောဂါကြောင့်သေဆုံးခဲ့ရသည်။
          အသက်ရှူလမ်းကြောင်း၊ လေပြွန်နှင့် အဆုတ်ကင်ဆာရောဂါ ကြောင့် သေဆုံးမှုသည် ၃%ရှိ၍ ကမ္ဘာ့ သေဆုံးမှုအများဆုံးရောဂါများ တွင် ပဉ္စမလိုက်သည်။၂၀၁၅ခုနှစ်တွင် ဤရောဂါများကြောင့် လူ ၁.၇ သန်းခန့် သေဆုံးခဲ့ရသည်။
          သို့ပါ၍ အဆုတ်ကျန်းမာရေးချို့တဲ့၍ ကျန်းမာရေးထိခိုက်ခြင်း၊ အသက်သေဆုံးရခြင်းများမှ ကင်းဝေးကြ စေရန်၊ လေကောင်းလေသန့်ရ အောင် နေထိုင်ခြင်း၊လေထုညစ်ညမ်းမှု ကင်းဝေးအောင် အစီအမံများ ဆောင် ရွက်ခြင်း၊အခန်းတွင်း လေဝင်လေထွက်ကောင်းမွန်အောင်ဆောင် ရွက်ခြင်း ၊ဆေးလိပ်သောက်ခြင်းကို ရှောင် ကြဉ်ခြင်း၊တီဘီနှင့်ကူးစက်ရောဂါ များ ပပျောက်အောင် ဆောင် ရွက်ခြင်း၊အသက်ရှူလေ့ကျင့်ခန်းအပါအဝင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ လုပ်ငန်း ခွင်များတွင်လည်း အမှုန်အမျှင်များ ဓါတ်ငွေ့များ စသည့်အဆုတ် ကိုထိခိုက်စေသော အခြေအနေများရှိပါက အကာ အကွယ်များဖြင့်ကာကွယ်ခြင်း စသည်တို့ဖြင့်ကျန်းမာသက် ရှည်အောင် ဆောင်ရွက်နိုင်ကြပါသည်။

အသည်းကျန်းမာရေး    

                                                                                                                                                                    
          အသည်းသည် ကိုယ်ခန္ဓာကျန်းမာရေးအတွက် အရေးကြီးသော အင်္ဂါတစ်ခုဖြစ်သည်။ အသည်းသည် ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေ သောဓါတ်ပစ္စည်းများကို သွေးထဲမှ ဖယ်ရှားပေးခြင်း( ဥပမာ Xenoestrogens, ပိုးသတ်ဆေးများ,သီးနှံဖျက်ဆေးများ,ဆေးဝါးများ၏ ဘေးထွက်ပစ္စည်းများ)၊ အစားအစာမှ အဆီဓါတ်ကို အစာချေခြင်း၊ဗိုက်တာမင် အေ၊ဒီ၊အီးနှင့်ကေ ကိုစုပ်ယူရာတွင် ကူညီခြင်း၊ခန္ဓာကိုယ်အတွက် လိုအပ်သော ဟော်မုန်း များ ထုတ်လုပ်ခြင်းနှင့်တစ်သျှူးများ ပြန်လည်ကျက်နိုင်ရန်အတွက် လိုအပ်သော ကိုလက်စထရော ကို ထုတ် လုပ်ပေးခြင်း၊ခန္ဓာကိုယ်အတွက် လိုအပ် သော အသားဓါတ်များကို ထုတ်လုပ် ပေးခြင်း၊ဗီတာမင် သတ္တုဓါတ်နှင့် သကြားဓါတ်များကို သိုလှောင်ပေးခြင်း၊သွေးထဲမှ ဘက်တီးရီးယားပိုး များကို ဖယ်ရှားပေးခြင်း၊ သိုင်းရွိုက်ဟော် မုန်း(T4)ကို ခန္ဓာကိုယ်မှ သုံးနိုင်သော သိုင်းရွိုက်ဟော်မုန်း(T3)အဖြစ် တိုးမြှင့်ပေးခြင်း၊အစာမှ စွမ်းအင် အဖြစ် လိုအပ်သောအခါ ပြောင်းလဲပေးခြင်း၊ကလပ်စည်းများအတွက်လို အပ်သော စွမ်းအင်အတွက် ကီတုန်းဘော်ဒီ များကို ထုတ်လုပ်ခြင်း၊သွေးခဲ စေ ရန်အတွက် လိုအပ်သောပစ္စည်း အများဆုံးကို ထုတ်လုပ်ခြင်း စသည့် လုပ်ငန်း တာဝန်များဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။

          ထို့ကြောင့် ခန္ဓာကိုယ် ကျန်းမာအသက်ရှည်ရေးအတွက် အသည်း ကျန်းမာဖို့ အရေးကြီးသည်။ အသည်းကျန်းမာဖို့အတွက် အရေးကြီးဆုံးမှာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှု့ပုံစံဖြင့်နေရန် အရေးကြီးပါသည်။                                                                         (၁)အရက်အလွန်အကျွံသောက်ခြင်းသည် အသည်း ကလပ်စည်း များကို ပျက်စီးစေသည်။အသည်းရောင် ရမ်းခြင်းမှသည် နောင်တွင် အသည်း အမာရွတ်ဖြစ်၍ အသည်းမာ ကျုံ့ခြင်း (liver Cirrhosis) ဖြစ်စေသည်။                                                                                                                   (၂) ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းသည် အဝလွန်ခြင်းကို ဖြစ်စေသည်။ထိုမှတဆင့် အသည်းအဆီဖုံးခြင်း ဖြစ်ကာ နောက်ဆုံး အရက်ကြောင့်မဟုတ်သော အသည်းမာရောဂါကို ဖြစ်စေသည်။                                                                                                                                        (၃)ဆေးဝါးတချို့သည် အသည်းကို ပျက်စီးစေသည်။ဥပမာ အကိုက်အခဲ ပျောက်ဆေး (acetaminophen) ကို လိုအပ်သည်ထက်ပိုသောက်လျှင် အသည်းကိုထိခိုက်သည်။ 
(၄)အသည်းရောင် အသားဝါရောဂါကာကွယ်ပါ။အသည်းရောင်ရောဂါအေသည် ရောဂါပိုးပါသောရေနှင့် အစား အစာများစားသုံးခြင်းမှကူးစက်၍ ဘီ နှင့် စီသည် သွေးနှင့်ခန္ဓာကိုယ်အရည်များမှတဆင့် ကူးစက် သည်။ အသည်းရောင်ရောဂါပိုးများသည် အသည်းကိုပျက်စီးစေသည်။အသည်းရောင်ရောဂါပိုး အေနှင့်ဘီ အတွက် ကာကွယ်ဆေးရှိသော်လည်း၊ စီအတွက် ကာကွယ်ဆေးမပေါ်သေးပါ။ထိုရောဂါများသည် လက္ခဏာ တစုံတရာ မပြဘဲ ရှိတတ်သဖြင့် လူတိုင်း အသည်းရောင် အသားဝါရောဂါ ပိုး ရှိ/မရှိ စစ်ဆေးသင့်သည်။                                                                                             (၅)အဆိပ်အတောက်များကို ရှောင်ပါ။သန့် ရှင်းရေးသုံးပစ္စည်းများ၊ဖြန်းဆေးများ၊မှုတ်ဆေးများ၊ပိုးသတ် ဆေး များတွင် အသည်းကိုထိခိုက်သော ဓါတုအဆိပ်များပါဝင်သဖြင့် ထိုအရာများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ရှူရှိက်မိ ခြင်းများမှရှောင်ပါ။ဆေးလိပ်တွင်ပါဝင်သော ဓါတ်ပေါင်းပစ္စည်းများသည် လည်း အသည်းကိုထိခိုက်စေနိုင်သဖြင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။                                                                                                                            (၆)အချို့သော ဆေးဖက်ဝင် အသီးအရွက်များနှင့် ဖြည့်စွက်စာ များသည်၊အသည်းကိုထိခိုက်စေတတ် သဖြင့် သေသေချာချာနားမလည်ပဲ မသုံးစွဲသင့်ပါ။                                                                       (၇)ကော်ဖီသောက်ပါ ။အသည်းရောဂါဖြစ်ပွားနှုန်းကို လျော့စေသည်။ အကြောင်းရင်းကိုမူ ရှာမတွေ့သေးပါ။ ဆက်လက်သုတေသနပြုရန် လိုပါ သေးသည်။                           (၈)အာဖလာအဆိပ်(Aflatoxin)ပါသောမှိုတက်စာ(ဥပမာ ငရုပ်သီး၊မြေပဲ၊ လ္ဘက် စသည်တို့)တွင် မမြင်နိုင်သော မှိုများရှိသဖြင့်၊သတိပြုပါ။အသည်းကင်ဆာဖြစ်နိုင်သည်။

အသည်းအားကောင်းစေသော အစားအစာများ


(၁) မြင်းစားဂျုံမှုန့် (Oatmeal)နှင့် ကွေကာအုပ်၊တွင် ဓါတ်သတ္တုများ၊ဗီတာ မင်ဘီ(၁)၊ဘီ(၅)၊ဘီ(၆)၊ဘီ(၃) တို့ပါဝင်သဖြင့်၊အသည်းအာဟာရ အတွက် ကောင်းသည်။ဓါတ်တိုးဆန့်ကျင်ပစ္စည်း အာဗင်နမ်သရာမိုက် (Avenanthramide)ပါဝင်သဖြင့်၊သွေးပေါင်ချိန်ကိုကျစေသည်။သွေးကြောကိုကျယ်စေ၍ရောင်ရမ်းခြင်းကိုလျော့စေသည်။                                                                          
 (၂) ကော်ဖီ သောက်သုံးခြင်းသည် အသည်းရောဂါ၊ အသည်းမာ ရောဂါ ၊အသည်းရောင်ခြင်းတို့ ကို ကာ ကွယ်သည်။ အသည်းရောဂါ နာတာ ရှည်ဖြစ်နေသူများ ကိုလည်း အသည်းမပျက်စီးအောင် ကာကွယ် သည်။ တားဆီးပေးသည်။                                                                                    (၃)လက်ဖက်။  ။ဂျပန်နိုင်ငံတွင်လေ့လာချက်အရ ရေနွေး ကြမ်းတနေ့ (၅) ခွက် မှ(၁၀)ခွက်အတွင်း သောက် လျှင်၊အသည်းကျန်းမာရေးကို အထောက် အကူပြုသည်။နောက်လေ့လာချက်တခုအရ အရက်ကြောင့် မဟုတ် သော အသည်းရောဂါတွင် လဖက်ရည်ကြမ်းကို(၁၂)ပတ်သောက် ကြည့်သော အခါ အသည်းကျန်းမာရေးကို သိသိသာသာ တိုးတက်စေ ကြောင်း တွေ့ရှိ ရပါသည်။                                                                                                                      (၄)ဂရေ့ဖရု တွင်ဓါတ် တိုး ဆန့်ကျင်ပစ္စည်းများ ပါဝင်နေ သဖြင့်၊ အသည်းကိုကာကွယ်သည်။ ပါဝင်သော ဓါတ်တိုးဆန့်ကျင် ပစ္စည်း နှစ်မျိုး မှာ Naringenin နှင့်Naringin တို့ဖြစ်သည်။Naringenin သည် အသည်းတွင် အဆီစုပုံခြင်းကို တားဆီးပြီး အဆီများကိုလောင်ကျွမ်းစေသော အင်ဇိုင်းများကို တိုးစေသည်။ Naringin က အရက်ကို အသည်းကချေဖျက်နိုင်စွမ်းကိုတိုးစေပြီး၊ ဆိုးကျိုးများကို တန်ပြန်တွန်းလှန်သည်။                                                                                            (၅)ဘယ်ရီသီးအပြာရောင်နှင့်ဘယ်ရီသီးအချဉ်(Blueberries ,Cranberries) တွင် Anthocyanins ခေါ်သော ဓါတ် တိုးဆန့်ကျင်ပစ္စည်း များပါဝင်ပြီး ကျန်းမာရေးကိုအားပေးသည်။ အသည်းအမာရွတ်ဖြစ်ခြင်းကို နှေးကွေး စေသည်။                                                                                                                    (၆)စပျစ်သီး - အ ထူး သဖြင့် အနီရောင်နှင့် ခရမ်းရောင် စပျစ်သီးတွင်ပါဝင်သောပစ္စည်းများ သည် ကျန်းမာရေး အတွက်အကျိုး ထူးသည်။အကျော်ကြားဆုံးပါဝင်ပစ္စည်း မှာ Resveratrol ဖြစ်ပြီး များစွာသော ကျန်းမာရေး အကျိုးကျေးဇူးများကိုဖြစ်စေသည်။စပျစ်သီးအစေ့မှ ရရှိသောသတ္တုရည်ကို သုံးလခန့်မှီဝဲလျှင် အရက်ကြောင့် မဟုတ်သော အသည်းရောဂါတွင် အသည်းလုပ်ငန်းကို တိုး တက်စေသည်ကို တွေ့ ရသည်။                                                                                 (၇)ကကျားလျာခေါ်ရှားစောင်းလက်ပတ်ပင်တမျိုး၏အသီး(Prickly Pear)သည် နှစ်ပေါင်းများစွာ အနာများ၊ ဒဏ်ရာ များ၊ပင်ပန်းနွမ်းနယ် မှုနှင့်အသည်း ရောဂါများအတွက် သုံးစွဲခဲ့သော တိုင်းရင်းဆေးတမျိုးဖြစ် သည်။ ၂၀၀၄ ခုနှစ်လေ့လာချက်အရ လူ ၅၅ ယောက်တွင် အရက်ကြောင့် အရက်နာကျ ခြင်းကို လျော့ကျစေကြောင်း တွေ့ခဲ့ရသည်။                                                                                   (၈) သကြားမုန်လာဥဖျော်ရည်(Beetroot Juice) တွင်နိုက်တြိတ်နှင့် Betalain ခေါ်သော ဓါတ်တိုးဆန့် ကျင် ပစ္စည်း ပါဝင်သည်။ထိုပစ္စည်းများ သည် ဓါတ်တိုးပျက်စီးမှုကို လျော့ချခြင်းနှင့် အရောင်လျော့ခြင်း အတွက် အကျိုးရှိသည်။                                                                                                             (၉) ပန်းမုန်လာစိမ်းနှင့် မုန်ညှင်းစိမ်း တို့တွင်ကျန်းမာရေးအတွက် အကျိုးထူးသော ပစ္စည်းများပါဝင်သည်။ ထို ပစ္စည်းများသည် အဆိပ်အတောက်ပြေစေသော အသည်း၏ပါဝါကိုမြင့်တက်စေ၍ အသည်းပျက်စီးခြင်းမှ ကာ ကွယ်ပေးသည်။
(၁၀) အခွံမာသီးများတွင် အဆီများ၊အာဟာရများ၊ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ဗီတာ မင်အီးနှင့် ကျန်းမာရေး အတွက် ကောင်းမွန်သော သစ်ပင်ပစ္စည်းများပါဝင် သည်။နှလုံးကျန်းမာရေးနှင့် အထူးသဖြင့်အသည်း ကျန်း မာ ရေးအတွက် လွန်စွာ အထောက်အကူပြုစေသည်။
(၁၁)အဆီများသောငါးများ တွင် အိုမီဂါ(၃)အဆီဓါတ်ပါဝင်ပြီး၊ယင်းသည် ရောင်ရမ်းမှု လျော့စေခြင်းနှင့် နှလုံးနှင့် အသည်း ရောဂါဖြစ်ပွားမှုကို နည်းစေသည်။အိုမီ ဂါ(၆) အဆီအက်စစ်နှင့်၊ အိုမီဂါ(၃) အဆီအက်စစ်အချိုးမြင့် တက်ပါက အသည်းရောဂါဖြစ်ပွားနှုန်းကို အားပေး သည်။ထို့ကြောင့် အိုမီဂါ(၆) အဆီအက်စစ်ထက်၊ အိုမီဂါ (၃) အဆီ အက်စစ် ပါဝင်သော၊အဆီများသောငါးများကို ပိုမိုစားသုံးသင့်သည်။
(၁၂) သံလွင်ဆီသည် ကျန်းမားရေးအတွက် အကျိုးများ သော အဆီတခုဖြစ်သည်။အရက်ကြောင့် မဟုတ်သော အသည်းရောဂါရှိ သူ(၁၁)ဦးကို တနေ့လျှင်သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း(၆.၅ စီစီ) သောက်သုံးစေ ခြင်း ဖြင့်၊ အသည်းအင်ဇိုင်းနှင့် ကျန်းမားရေးအတွက် အ ထောက်အကူပြုသော အဆီများကို မြင့်မားစေသည်ကို တွေ့ရှိရသည်။ထို့ ပြင် သံလွင်ဆီသည် ခန္ဓာကိုယ်တွင်းရှိ ကျန်းမာရေးအတွက် အကျိုးပြုသော အသားဓါတ်များ ကိုမြင့်တက်စေခြင်းဖြင့် ကျန်းမာရေးကောင်းစေသည်။အသည်းတွင် အဆီစုပုံခြင်းကိုတားဆီး၍  အသည်းသွေး လည်ပတ် မှုကိုအားကောင်းစေသည်။

ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

16.7.18

လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသခြင်း ။ ပြည့်အောင်(COA) (၁၃/၇/၁၉ ရက်နေ့ထုတ်ကြေးမှုံ သတင်းစာပါ ဆောင်းပါး)


                                                    
လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုဆိုသည်မှာ


        မျက်မှောက်ခေတ် မျက်စိကုသမှုနယ်ပယ်တွင် မျက်စိအထူးကုဆရာဝန်ကြီးများသည် လေဆာ ရောင်ခြည်အမျိုးမျိုးကိုအသုံးပြု၍ မျက်စိကုသမှုအမျိုးမျိုးကို ဆောင်ရွက်လျှက်ရှိပါသည်။ အမြင်အာရုံ တိုးတက်ကောင်းမွန်စေရန် ကုသသော လေဆာရောင်ခြည်သုံး ကုသမှုနည်းပညာများအနက် ဤ ဆောင်းပါးတွင် ဆွေးနွေးရေးသားလိုသည်မှာ အမြင်အလျားတို(Short – sightedness)သော ကြောင့် သို့မဟုတ် အမြင် အလျားရှည်(Long –Sightedness)သောကြောင့် အဝေးမှုန်သူများနှင့် ဆလင်ဒါ ပါဝါ(Astigmatism) ရှိသူများအား ကုသမှုပေးသည့် လေဆာဖြင့်  အမြင်ဆိုင်ရာ မျက်စိခွဲစိတ် ကုသမှု နည်းပညာ (Laser eye surgery) နှင့် ဆက်စပ်သော အကြောင်းအရာများဖြစ် ပါသည်။
          လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုနည်းပညာကို အရပ်သားဝေါဟာရအားဖြင့် လေဆာရောင် ခြည်ဖြင့် မျက်မှန်ပါဝါလျော့ခြင်း(သို့)ဖျောက်ခြင်းဟု သိကြ သုံးနှုန်းကြပါသည်။မျက်စိ ပညာရပ် အခေါ် အားဖြင့်မူ LASIK, ASLA,PRK,SMILE စသည်ဖြင့် ကုသရမည့်အခြေအနေနှင့်သုံး စွဲရမည့် နည်းစနစ်ပေါ် မူတည်၍ သုံးနှုန်းပါသည်။သက်ဆိုင်ရာဘာသာရပ်တွင် အထူးကျွမ်းကျင်သော မျက်စိဆရာဝန် ကြီးများ မှ သင့်တော်သည်ဟု ယူဆသော နည်းပညာကို ကျင့်သုံး၍ မျက်မှန်ပါဝါလျော့ စေရန်အတွက် မျက်ကြည်လွှာကို လေဆာရောင်ခြည်ဖြင့် ပြုပြင်ကုသသော စနစ်ဖြစ်ပါသည်။ဤနည်း ပညာကို မျက်မှန်တပ်သူများအကြား လူသိများလာသကဲ့သို့ လူတိုင်းကုသ၍ ရနိုင်မရနိုင်ကိုလည်း သိချင်လာကြပါ သည်။

အကျဉ်းမှတ်သား နည်းပညာများ

လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုပြုရာတွင် အသုံးပြုသော နည်းပညာများကို အကျဉ်း အားဖြင့် မိတ်ဆက်ပေးလိုပါသည်။ 
 (၁)LASIK (Laser-Assisted in Situ Keratomileusis)။ ဤနည်းပညာသည် အသုံးများသောနည်းဖြစ် ပြီး၊မျက်စိကျန်းမာရေးနှင့် အထွေထွေကျန်းမာရေးပြည့်စုံသူများ အတွက် အထူးသင့်လျှော်သော နည်း ဖြစ်၏
(၂) ASLA (Advanced Surface Laser Ablation)LASIK နည်းပညာကို သုံးရန် အရည်အချင်း မပြည့် မီသော သူများအတွက် ကုသမှုပြုရာတွင်သုံးပါသည်။အထူးသဖြင့် မျက်ကြည်လွှာ အခုံးအခွက် ပုံမှန် မရှိသူများနှင့် မျက်ကြည်လွှာပါးနေသူများ၊ပျမ်းမျှမျက်မှန်ပါဝါထက် ပိုမိုလွန်ကဲသော မျက်မှန်ပါဝါရှိသူ များအားကုသရန် ဤနည်းပညာကိုသုံးပါသည်။
(၃) PRK (photorefractive keratectomy) လေဆာနည်းပညာသုံး အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသ မှုပြုသောနည်းများ တွင် ပထမဆုံးသောနည်းပညာဖြစ်၍ LASIK နည်းပညာ၏ ရှေ့ပြေးဖြစ်ပါသည်။
(၄) SMILE (Small incision lenticule extraction)။ အမြင်အာရုံပြုပြင်ပေးသည့် နောက်ဆုံးပေါ် နည်း ပညာများကို ကိုယ်စားပြုသည့် နည်းဟုပင် ဆိုနိုင်ပါသည်။ကုသမှုလိုအပ်ချက်အရ ပုံမှန် မျက်ကြည် လွှာများကို ကုသရာတွင် LASIK နည်းနှင့် တလှည့်စီ အသုံးပြုရသောနည်းဖြစ်ပါသည်။ အထူးသဖြင့် အမြင်အလျားတို အဝေးမှုန်(Myopia)ပါဝါ များသူများနှင့်ဆလင်ဒါပါဝါများကို လျော့ချ ပေးရာတွင် ဤနည်းကိုသုံးပါသည်။

ကုသမှုခံယူနိုင်သူများ

        အထွေထွေကျန်းမာရေးကောင်း(မည်သည့်ရောဂါမျှမရှိ)သူ၊အနည်းဆုံး တစ်နှစ်တစ်ခါ မျက်မှန် ပါဝါပုံမှန်စစ်ဆေးနေသူ၊မျက်မှန်လိုအပ်ချက်ရှိ(မျက်မှန်တပ်နေရ)သည်ကလွဲ၍ မျက်စိကျန်းမာရေး ကောင်း(အထူးသဖြင့် မျက်ကြည်လွှာကောင်း)သူများသည် ယေဘုယျအားဖြင့် လေဆာဖြင့် အမြင် ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှုပြုနိုင်ပါသည်။ များသောအားဖြင့် ပုံမှန်အခြေအနေရှိသူများအား LASIK နည်းပညာဖြင့် ကုသမှုပေးပါသည်။သို့သော်လည်း အမြင်အလျားတို၍ အဝေးမှုန်ပါဝါများသူ၊ မျက် ကြည်လွှာ ပုံမှန်အခြေ အနေမရှိဘဲ ပါးသူများအား ASLA နှင့် SMILE နည်းပညာ များကိုကျင့်သုံး၍ သက်ဆိုင်ရာ ဘာသာရပ် ကျွမ်းကျင်သူ မျက်စိအထူးကုဆရာဝန်ကြီးများမှ ကုသမှုပေးပါသည်။

ကုသမှု မပြုနိုင်သူများ

(၁)အသက်(၄၀)ကျော် အနီးမှုန်သူများ(Presbyopia)
ထိုသူများသည် အသက်အရွယ်အရ သဘာဝအတိုင်း အနီးမှုန်လာခြင်းဖြစ်ပါသည်။အသက်ပို၍ ပို၍ကြီးလာသည်နှင့်အမျှ အနီးကြည့်တွင်လည်း ပိုမှုန်လာမည်ဖြစ်၏။ရွေးချယ်ရန်နည်းလမ်းများမှာ မျက်စိအထူးကုဆရာဝန်/မျက်စိပညာရှင်တို့နှင့် တိုင်ပင်၍ အနီးကြည့်မျက်မှန်တပ်ခြင်းနှင့်  အနီးမှုန် သူများအတွက် လေဆာဖြင့်ခွဲစိတ်ကုသနည်း(Laser Lens Surgery)ဖြင့် ကုသခြင်းတို့ဖြစ်ပါသည်။     
(၂)မျက်မှန်ပါဝါ အလွန်အမင်းများနေသူများ
          အမြင်အလျားတို(Myopia)နှင့်အမြင်အလျားရှည် အဝေးမှုန်(Hyperopia)သူများတွင် ပျမ်းမျှ ပါဝါထက် ပို၍ များနေသူများအား LASIK သို့မဟုတ် ASLA နည်းပညာများဖြင့်ကုသ၍ မရပေ။(ဥပမာ Myopia များ အတွက် ပျမ်းမျှအဆင့်သတ်မှတ်ချက်မှာ - 8.00 နှင့် - 20.00 diopters အကြား ဖြစ်ပါ သည်)။ရွေးချယ်ရန် နည်းလမ်းမှာ ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်၍၊ SMILE နည်းပညာကို အသုံးပြု၍ ကုသ၍ မရပါက၊မျက်စိတွင်းရှိ သဘာဝမှန်ဘီးလူး၏ရှေ့တွင် မှန် ဘီးလူးတု (Phakic IOL or implantable contact lens)တမျိုးတပ်ဆင်ခြင်းပင်ဖြစ်ပါသည်။
(၃) မျက်စိကျန်းမာရေးနှင့်အထွေထွေကျန်းမာရေးချို့တဲ့သူများ
          မျက်စိရောဂါတမျိုးမျိုးရှိသူများ၊အထွေထွေကျန်းမာရေးချို့တဲ့သူ ရောဂါတမျိုးမျိုးရှိသူများ၊ခန္ဓာ ကိုယ်၏ သဘာဝခုခံအားစနစ်ချို့ယွင်းနေသူများနှင့် မျိုးရိုးလိုက်သူများ၊မျက်ကြည်လွှာကျန်းမာရေးမ ကောင်းသူများ၊ဆီးချိုသွေးချိုရောဂါရှိသူများအား လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသ၍ သာမန်အားဖြင့် မရပါ။ရွေးချယ်ရန် နည်းလမ်းမှာ မျက်စိအထူးကုဆရာဝန်နှင့် စဉ်ဆက်မပြတ် တိုင်ပင် ၍ ကုသ၍ရနိုင်မည့်အချိန်ကို စဉ်းစားဆုံးဖြတ်ရန်ဖြစ်၏။
(၄) အသက်(၂၀)အောက်လူငယ်များ
          အသက်(၂၀)အောက်လူငယ်များသည် မျက်မှန်ပါဝါတည်ငြိမ်မှုမရှိသေးဘဲ ပြောင်းလဲနိုင်သေး သည့် သဘာဝရှိပါသည်။လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်အထူးကု မျက်စိဆရာဝန်ကြီးများ သည် လွန်ခဲ့သော တနှစ်အတွင်း မျက်မှန်ပါဝါ မပြောင်းလဲသောသူများကိုသာ ဦးစားပေးကုသမှုပြုပါ သည်။ မျက်မှန်ပါဝါ တည် ငြိမ်သူများသာ ကုသမှုရလဒ် ကောင်းသောကြောင့်ဖြစ်ပါသည်။ ရွေးချယ်ရန် နည်း လမ်းမှာ ကုသမှု ရလဒ် ကောင်းသည့် အသက်(၂၀)ကျော်အရွယ်ရောက်မှသာ ကုသမှုခံယူရန် ဖြစ်ပါသည်။
(၅)မျက်မှန်ပါဝါအမြဲတိုးနေသူများ(Progressive Myopia)
ထိုသူများတွင် အကြောင်းအမျိုးမျိုးကြောင့် မျက်လုံးတဖြည်းဖြည်းရှည်လာခြင်း(Progressive Axial Length) သဘောရှိသဖြင့် မျက်မှန်ပါဝါ အမြဲတိုးနေတတ်သည်။မျက်မှန်ပါဝါတည်ငြိမ်မှုမရှိသော ကြောင့် လေဆာဖြင့် အမြင်ဆိုင်ရာ မျက်စိခွဲစိတ်ကုသမှု ပြု၍မရပါ။

အကြံပြုချက်

          အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်သည် မျက်မှောက်ခေတ် လူနေမှုပုံစံများကြောင့် မျက်စိကျန်းမာရေးကောင်းနေသူများ အကြားတွင်ပင် ၉၀% ကျော်မျှရှိနေသည် ဖြစ်ရာ၊ထိုသူများ အားလုံးအား၊ လေဆာဖြင့် အမြင်ဆိုင်ရာ ခွဲစိတ်ကုသမှုပြု၍ အမြင်အာရုံ တိုးတက်ကောင်းမွန်စေရန် ပြုပြင်၍ရသည် မဟုတ်ပေ။လေဆာဖြင့် မျက်မှန်ပါဝါဖျောက်ရာတွင် ကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ စက် ကိရိယာကောင်းမွန် အဆင့်မြင့်ရန် မဖြစ်မနေလိုအပ်ခြင်း၊နည်းပညာကျွမ်း ကျင်မှုနှင့် အတွေ့အကြုံ များစွာလိုအပ်ခြင်းတို့ကြောင့် မလွန်ကဲသော(ပျမ်းမျှ)မျက်မှန်ပါဝါမျိုးဖြစ်ပါက ပုံမှန် မျက်စိစမ်းသပ် စစ်ဆေး၍ မျက်မှန် တပ်ခြင်း သို့မဟုတ် မျက်ကပ်မှန်အသုံးပြုခြင်းသည်သာ အကောင်းဆုံးဖြစ် ပါသည်။အကယ်၍ မိမိ၏ အမြင်အာရုံစစ်ဆေးခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန်အောင် ပြုပြင် ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာမျက်စိအထူးကု ဆရာဝန်ကြီးများနှင့် အချိန်ယူတိုင်ပင်၍ ဆောင် ရွက်သင့်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။
Ref; https://visioneyeinstitute.com.au/eyematters/everyone-suitable-laser-eye-surgery/