21.8.18

မျက်စိနှင့် မျက်စဉ်း။(၂၁/၈/၁၈ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ ဆောင်းပါး) ဒေါက်တာဇော်ထွန်းလင်း(မျက်စိအထူးကုဆရာဝန်ကြီး)


                                        
        

  
လူသားတို့သည် ရောဂါအမျိုးမျိုးကို ကုသရန်အတွက် ဆေးဝါးများကို ခေတ်အဆက်ဆက် ရှာဖွေဖော်ထုတ် အသုံးပြုခဲ့ကြသည်။သောက်ဆေး၊ထိုးဆေး၊ရှုဆေး စသည်ဖြင့် ခန္ဓာကိုယ်တွင်း ဆေး ဝါးအာနိသင်ပြရန် တီထွင်ခဲ့ကြရာ မျက်စိထဲထည့်ရသောဆေး(မျက်စဉ်း)သည်လည်း တခုအပါအဝင် ဖြစ်သည်။
          မျက်စဉ်းကို ခရစ်တော်မပေါ်မီ ဘီစီ ၅၅၃-၅၅၀ အတွင်း အီဂျစ်တို့စတင် အသုံးပြုခဲ့ကြောင်း၊ အီဂျစ်သုတေသနပညာရှင်ဂျာမန်လူမျိုး(Georg Eber)၏ ၁၈၇၂ ခုနှစ် ရှာဖွေတွေ့ရှိချက်အရ သိရ သည်။ ထိုမျက်စဉ်းများတွင် အန်တီမိုနီ၊ကြေးနီနှင့် မဂ္ဂနီး တို့ပါဝင်ပြီး၊ပိုးသတ်ဆေး အနေနှင့်လည်း ကောင်း၊နေရောင်ကာအဖြစ်လည်းကောင်း၊ အလှအပအနေနှင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ခေတ်မီမျက်စဉ်းများအနေနှင့် ရေတိမ်ရောဂါ အတွက် ပိုင်လိုကာပင်း မျက်စဉ်းကို ၁၈၇၀ ခုနှစ် များက တည်းက အသုံးပြုခဲ့ကြသည်။ ၁၉၈၀ ခုနှစ် တွင် ဘီတာဘလော့ကာ မျက်စဉ်းများ၊ ၁၉၉၉ ခုနှစ် တွင် ပရိုစတာဂလင်ဒင် အမျိုးအနွယ်မျက်စဉ်းများ စသည်ဖြင့် အဆင့်ဆင့် တိုးတက်တီထွင်ခဲ့ကြသည်။
မျက်စဉ်းအမျိုးအစားများ
        မျက်စဉ်းများကို အမျိုးအစားခွဲခြားရာတွင် ဆရာဝန်ဆေးညွှန်းလိုသော မျက်စဉ်းနှင့် ဆရာဝန် ဆေးညွှန်းမလိုသော မျက်စဉ်းများ(Over the counter – OTC)ဟူ၍ ခွဲခြားနိုင်သည်။ထို့ပြင် သက်ဆိုင် ရာအသုံးပြုသည့် အခြေအနေပေါ်မူတည်၍ အောက်ပါအတိုင်းလည်းခွဲခြားနိုင်ပါသည်။
(က) မျက်ရည်ခမ်းခြောက်ခြင်း။     ။မျက်ရည်ခမ်းခြောက်သောအခါ ၊ မျက်ခွံနှင့် မျက်စိမျက်နှာပြင် ထိတွေ့ရာတွင် ချောမွေ့မှုမရှိသဖြင့် ခိုးလိုးခုလုဖြစ်ခြင်းကို ခံစားရသည်။ထိုအခါ မျက်ရည်တုမျက်စဉ်း များက ခြောက်သွေ့ခြင်း၊ခိုးလိုးခုလုဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။မျက်စိခြောက် ခြင်းသည် လေကြောင့်လည်း ကောင်း၊နေရောင်ခြည်ကြောင့် လည်းကောင်း၊စာဖတ်ခြင်း၊ကွန်ပျူတာ သုံးခြင်း၊ဖုန်းကြည့်ခြင်း၊ တီဗွီ ကြည့်ခြင်းတို့ကြောင့်လည်းကောင်း ယာယီဖြစ်နိုင်သည်။ထိုအခါ မျက် ရည်တု သို့မဟုတ် မျက်ရည်တုမျိုးနွယ်တူ မျက်စဉ်းများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ အသုံးပြုနိုင် သည်။
          ယာယီမဟုတ်ဘဲ ရေရှည် နာတာရှည်ဖြစ်လာပါက မျက်စိဆရာဝန်နှင့်တိုင်ပင်၍ ဆရာဝန်ညွှန်း သောဆေးကို သုံးစွဲရပါမည်။
(ခ) မျက်စိနီခြင်း။     ။မျက်စိနီခြင်းအတွက် မျက်စဉ်းများတွင် ဒီကွန်ဂျက်စတင့်(Decongestant) မျက်စဉ်းများ ပါဝင်သည်။ ဒီကွန်ဂျက်စတင့်များသည် သွေးကြောများကို ရှုံ့သွားစေသဖြင့်၊နီရဲခြင်းကို ပျောက်စေပါသည်။ ရေကူးကန်အတွင်း ရေကူးခြင်း၊ငိုကြွေးခြင်း၊နေပူထဲ အထွက်များခြင်းကြောင့် ရိုးရိုးသာမန် ယာယီနီရဲ သော မျက်စိများအတွက် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဒီကွန်ဂျက်စတင့် မျက်စဉ်းများကိုခပ်နိုင်ပါသည်။
          ထိုသို့မဟုတ်ဘဲ မျက်စိပိုးဝင်ခြင်း၊ရေတိမ်ဖြစ်ခြင်း၊သူငယ်အိမ်ရောင်ခြင်း စသည့်မျက်စိရောဂါ ကြောင့် နီလျှင်မူ မျက်စိဆရာဝန်နှင့် စမ်းသပ်စစ်ဆေးပြီးမှ ဆရာဝန်ညွှန်သည့် ဆေးများကိုသာသုံးသင့် ပါသည်။
(ဂ) မျက်စိယားခြင်းနှင့် ဓါတ်မတဲ့ခြင်းများ။     ။မျက်စိယားခြင်းနှင့်ဓါတ်မတဲ့ခြင်းများအတွက် ဟစ်တ မင်းဆန့်ကျင်ဆေးပါသော မျက်စဉ်းများကို သုံးလေ့ရှိသည်။မျက်စိယားယံခြင်းသည် ဓါတ်မတဲ့ခြင်း ကြောင့်ဖြစ်ပါက မျက်စဉ်းကိုမသုံးဘဲ သောက်ဆေးကိုသာသုံးသင့်ပါသည်။သောက်ဆေးသုံး၍ မသက် သာပါက ၊ ဟစ်တမင်းဆန့်ကျင်ဆေး ပါသောမျက်စဉ်းကို မိမိဘာသာခပ်ခြင်းထက် ၊ မျက်စိဆရာဝန် ပြပြီးမှ ညွှန်သည့်မျက်စဉ်းကိုသာ ခပ်သင့်ပါသည်။
(ဃ)မျက်ဝတ်ထွက်ခြင်းနှင့် မျက်စိမျက်ခွံရောင်ခြင်း။     ။ဤကိစ္စတွင် မျက်စဉ်းများကိုသုံးရသည်။ အဝေးမှုန် အနီးမှုန်ဖြစ်လျက် ၊ ကွန်ပျူတာ ၊ တီဗွီ ၊ ဖုံး ၊ အသုံးများ၍ သာမန်မျှ မျက်ဝတ် အနည်းငယ် ထွက်ခြင်း၊ မျက်ခွံအနည်းငယ်မို့ခြင်းများအတွက် မျက်ရည်တုအမျိုးအစား ၊မျက်စိချောဆီ အမျိုးအစား ကို ဆရာဝန်မညွှန်းဘဲ သုံးနိုင်ပါသည်။ မသက်သာပါက(မျက်ဝတ်များထွက်ခြင်း၊မျက်စိမျက်ခွံ အတော် အသင့် ရောင်ရမ်းခြင်းများရှိပါက)မျက်စိဆရာဝန်နှင့် ပြ၍ ဆရာဝန်ညွှန်သည့် ဆေးကိုခပ်သင့်ပါသည်။
(င) မျက်စိပိုးဝင်ခြင်း။     ။မျက်စိပိုးဝင်ခြင်းအတွက် သုံးသောမျက်စဉ်းများတွင် ပဋိဇီဝဆေးများ ပါဝင် သည်။ ဘက်တီးရီးယား၊ ဗိုင်းရပ်နှင့် မှိုပိုး စသည်ဖြင့် ပိုးအမျိုးအစားအလိုက် မျက်စဉ်းအမျိုးမျိုးရှိသည်။ ရောဂါလက္ခဏာနှင့် တွေ့ရှိချက်များအပေါ်မူတည်၍ မျက်စိဆရာဝန်က မျက်စဉ်းကိုညွှန်းသည်။ ဆရာ ဝန်ညွှန်းသောဆေးကို သတ်မှတ်ကာလအတိုင်း၊အကြိမ်အတိုင်း မျက်စဉ်းခပ်၍ ဆရာဝန်မှာသည့် အတိုင်း ပြန်ပြရသည်။မျက်စိမှထွက်သော မျက်ဝတ်ကို ပိုးမွေး၍ ထိုပိုးကိုနိုင်သော ပဋိဇီဝဆေးပေး လျှင် အကောင်းဆုံးဖြစ်သည်။
(စ) စတီးရွိုက်မျက်စဉ်းများ။    ။မျက်စိခွဲစိတ်ပြီးနောက် ရောင်ရမ်းခြင်းမဖြစ်စေရန် စတီးရွိုက်မျက်စဉ်း များကို ပဋိဇီဝဆေးနှင့်တွဲ ၍ပေးလေ့ရှိသည်။ရိုးရိုးမျက်စိယားခြင်း၊ အနည်းငယ်ရောင်ခြင်း၊ဓါတ်မတဲ့ သော မျက်စိရောဂါများ အတွက်သုံးလျှင် ချက်ချင်းယူပစ်သလို ပျောက်ကင်းသက်သာတတ် သော် လည်း၊ရေရှည်တွင် ဘေးထွက်ဆိုးကျိုးအနေနှင့် အတွင်းတိမ်ဖြစ်ခြင်း၊ ရေတိမ်ဖြစ်ခြင်း နှင့် ပိုးမွှားများ ပေါက်ပွားခြင်းကို အားပေးခြင်းတို့ကြောင့် ယခုလောလောဆယ် ရောဂါပျောက်လျှင်ပြီးရောယူဆ၍ အလွယ်တကူမသုံးသင့်ပေ။ အထူးသဖြင့် မျက်ကြည်လွှာ အနာဖြစ်ခြင်းတွင်၊စတီးရွိုက်ပါသော မျက်စဉ်းထည့်မိပါက၊မျက်ကြည်လွှာ ပျော့၍ မျက်ကြည်လွှာပေါက်သည်အထိ အခြေအနေ ဆိုးနိုင် သည်။ဗိုင်းရပ်ကြောင့်ဖြစ်သော မျက် ကြည်လွှာ ရောင်ရမ်းခြင်း၊မျက်ခွံရောင်ခြင်းများတွင် ထိုမျက်စဉ်း မျိုးခပ်မိပါက ရောဂါကိုပို၍ဆိုးဝါးစေသည်။
(ဆ) စတီးရွိုက်မဟုတ်သော အရောင်လျော့မျက်စဉ်းများ။      ။သာမန်မျက်စိမျက်ခွံရောင်ခြင်းများတွင် စတီးရွိုက်မျက်စဉ်းမသုံးလိုသောအခါ သုံးသည်။စတီးရွိုက်မျက်စဉ်းလောက် အရောင်ကျခြင်းတွင် အစွမ်းမထက်သော်လည်း ဘေးထွက်ဆိုးကျိုးနည်းခြင်း၊အတွင်းတိမ်၊ရေတိမ်မဖြစ်ခြင်းတို့ကြောင့်၊ ပို၍ အန္တရာယ်ကင်းသည်ဟုယူဆရသဖြင့် အသုံးများသော မျက်စဉ်းဖြစ်သည်။
(ဇ) ရေတိမ်မျက်စဉ်း။     ။ရေတိမ်မျက်စဉ်းဆေးကို ရေတိမ်ရောဂါတွင် အသုံးပြုပါသည်။ရေတိမ်မဖြစ် သေးသော်လည်း၊ မျက်စိရေချိန်ဆက်တိုက် တက်နေပါက ရေတိမ်မဖြစ်အောင် ကာကွယ်သည့်အနေ နှင့်လည်း သုံးပါသည်။ ရေချိန်တက်သောပမာဏ၊ ရေတိမ်အမျိုးအစား၊မျက်စိအာရုံကြောခွက်ခြင်း (Optic disc cupping)ပမာဏနှင့်၊မျက်စိမြင်ကွင်း(Visual field)အခြေအနေပေါ်မူတည်၍ မျက်စိ ဆရာဝန်က မျက်စဉ်းဆေး၊သောက်ဆေးများကို လိုအပ်သလို ညွှန်းလေ့ရှိပါသည်။ဆရာဝန်ညွှန်းသည့် အတိုင်း သေချာစွာလိုက်နာလျှင်၊ ရေတိမ်ကြောင့် မြင်ကွင်းပိုကျဉ်း၍ မျက်မမြင်ဘဝရောက်ရမည့် အခြေအနေမှ ကာကွယ်နိုင်မည်ဖြစ်ပေသည်။
(ဈ) မျက်ကပ်မှန် မျက်စဉ်း။     ။မျက်ကပ်မှန်တပ်သောသူများသည်လည်း မျက်စဉ်းခပ်ရပါသည်။ မျက် ရည်တုနှင့် အမျိုးတူသော မျက်စဉ်းကို မျက်ကပ်မှန်တပ်သောအခါ အလျဉ်းသင့်သလိုခပ်ပေးမှ မျက် ကပ်မှန်တပ်ရတာ သက်တောင့်သက်သာဖြစ်၍ ခိုးလိုးခုလုဖြစ်ခြင်းမှ ကင်းဝေးမည်ဖြစ်ပါသည်။ မျက် ကပ်မှန်ကို တနေ့(၁၂)နာရီ ထက်ပို၍တပ်ပါက မျက်စဉ်းခပ်သော်လည်း ၊ ခိုးလိုးခုလုဖြစ်၍ မျက်စိထိ ခိုက်တတ်ပါသည်။ထို့ကြောင့် တပတ်တစ်ခါ ၊ တလတစ်ခါ စသဖြင့် အချိန်အတော်ကြာမှလဲရသော တခါသုံး မျက်ကပ်မှန်များကို တီထွင်လာကြရခြင်းဖြစ်ပါသည်။
(ည)သူငယ်အိမ်ချဲ့သောမျက်စဉ်း။     ။သူငယ်အိမ်ချဲ့သောမျက်စဉ်းများကို မျက်စိအတွင်းပိုင်းစစ်ဆေး သော အခါတွင်လည်းကောင်း၊ မျက်ကြည်လွှာအနာပေါက်သည့်အခါတွင်လည်းကောင်း၊ကလေးများ မျက်မှန်ပါဝါမစမ်းခင် ကြို၍ခပ် ခြင်းတွင်လည်းကောင်း၊သူငယ်အိမ်ရောင်ရမ်းနာတွင် လည်းကောင်း၊ မြင်လွှာကွာသောရာဂါတွင် လည်းကောင်း သုံးလေ့ရှိပါသည်။မျက်စိဆရာဝန်သုံး ဆေးဖြစ်၍ မိမိ သဘောနှင့် လုံးဝ(လုံးဝ)မခတ်ရပါ။ မတော်တဆ ခတ်မိလျှင် ရေတိမ်ရောဂါဖြစ်ခြင်း၊ဆေးအာနိသင် မပျယ်မချင်း မျက်စိဝါးနေခြင်း(အထူးသဖြင့် ကလေးငယ်များဖြစ်ပါက အမြင်အာရုံရေရှည် ထိခိုက် ခြင်း) စသည့် အန္တရာယ်များပေးတတ် သောကြောင့်ဖြစ်ပါသည်။
(ဋ) ထုံဆေးမျက်စဉ်း။     ။ထုံဆေးမျက်စဉ်းများးကို မျက်စိအသေးစားခွဲစိတ်ခြင်း၊အကြီးစား ခွဲစိတ် ခြင်း၊အချို့သောမျက်စိ စစ်ဆေးခြင်းများ၊မျက်စိအပေါ်ယံ သံစ ၊ သစ်စ ၊ ဖုံ စသည်ဝင်သောအခါ ထုတ်ခြင်း၊မျက်စိရေချိန်တိုင်းခြင်း စသောကိစ္စများတွင် သုံးလေ့ရှိသည်။ဆရာဝန်သုံးဖြစ်၍ မိမိသ ဘောနှင့် နာကျင်မှုပျောက်သည်ဆိုကာ မသုံးသင့်သော မျက်စဉ်းဖြစ်ပါသည်။
          သို့ပါ၍ “မျက်စဉ်းတစ်စက်၊ မျက်စိပျက်” တတ်သဖြင့် ယခုတင်ပြသော မျက်စဉ်းဗဟုသုတများ ဖြင့် လူတိုင်းမိမိတို့၏ အဖိုးတန်လှသော မျက်စိအမြင်ကို တသက်လုံး ထိန်းသိမ်းစောင့်ရှောက်နိုင်ကြ ပါစေသတည်။

ကျူးကျော်အခြေချ နေထိုင်မှုများ၏လားရာ(၂၀/၈/၁၈ ရက်နေ့ထုတ်စံတော်ချိန်သတင်းစာပါဆောင်းပါး) ကောင်းသာ(LL,B)



         
 
         ကျူးကျော်အခြေချနေထိုင်သူများကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် သို့မဟုတ် နိင်ငံပိုင် မြေနေရာ သို့မဟုတ် အဆောက်အဦးများ အတွင်းသို့ ဥပဒေအရခွင့်ပြုချက် မရဘဲ၊ ပိုင်ဆိုင်ခွင့်ရရန် သို့မဟုတ် ငှားရမ်းခွင့်ရရန် သို့မဟုတ် အခြားရည် ရွယ်ချက်များဖြင့် ဝင်ရောက်နေထိုင်သူများဟု ဖွင့်ဆိုကြ၏။ထို ကဲ့သို့သော သူများသည် ပြည်တွင်း၌ရှိသကဲ့သို့ နိုင်ငံတနိုင်ငံမှ အခြားနိုင်ငံတခုအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေထိုင်သူများလည်း ရှိပါသည်။တနိုင်ငံမှတနိုင်ငံသို့ ကျူးကျော်အခြေချ ဝင်ရောက်နေထိုင်သူများ သည် ၂၀၀၄ ခုနှစ်ဝန်းကျင်ကပင်လျှင် ကမ္ဘာတဝန်း တစ်ဘီလီယံမျှရှိကြောင်း၊သုတေသီ စာရေးဆရာတဦး (Robert Neuwirth)က ဖော်ပြခဲ့ပြီး၊ ဤနှုန်းအတိုင်းသာ ဆက်၍တိုးပွားလာပါက ၂၀၃၀ ခုနှစ်တွင် နှစ်ဘီလီယံ၊ ၂၀၅၀ ခုနှစ်တွင် သုံးဘီလီယံ ထိဖြစ်လာနိုင်ကြောင်း ၎င်းကိုယ်တိုင်ရေးသားသော သုတေသနစာတမ်းတွင် ဖော်ပြခဲ့ပါသည်။ ဤသို့ဆိုလျှင် ကျူးကျော်နေထိုင်ခြင်းများမှ အစပြုသော လက္ခဏာရပ်များသည် လူမှုရေး အရှုပ်အရှင်းများ တိုးပွားလာခြင်းနှင့် ပြည်တွင်း၌ ကျူးကျော်နေထိုင်သူများအဆင့်မှ တနိုင်ငံနှင့်တနိုင်ငံ ရွှေ့ပြောင်းအခြေချနေထိုင် သူများအဆင့်သို့ ရောက်ရှိလာခြင်းများအပြင် နိုင်ငံတကာနယ်ပယ်တွင် လက်ရှိ အခြေအနေများထက် ပိုမိုရှုပ်ထွေးကြီးမားသော ပြဿနာများဖြစ်လာနိုင်သည်ကို ညွှန်ပြနေသည်ဟု ဆိုပါသည်။
ကမ္ဘာ့ပြဿနာများ
                ကမ္ဘာတဝန်းတွင်ရှိနေသော ဆင်းရဲသည့်နိုင်ငံများတွင်သာမက ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင်ပါ၊ ကျူး ကျော်ရပ်ကွက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ထိုရပ်ကွက်များသည် မြို့ကြီး များ၏ အစွန်အဖျားတွင် ရှိနေကြပြီး၊ အမိုးအကာ မပီပြင်သော ဖြစ်သလိုဆောက်လုပ်ထားသည့် အိမ်ငယ် တဲ ငယ်များဖြင့် ပြည့်နက်လျှက်ရှိ၏။ တဲငယ်တလုံးစ နှစ်လုံးစမှစ၍ တဖြည်းဖြည်းကြီးထွားလာသော ထိုကျူးကျော် ရပ်ကွက်များသည် မူလပိုင်ရှင်ဖြစ်သူ( အစိုးရ သို့မဟုတ် ပုဂ္ဂလိက) များ၏ ခွင့်ပြုချက်မရပဲ နေထိုင်လာခဲ့ကြရာမှ ကာလကြာလာသောအခါ ၊ တရားဝင်သည် မဝင်သည်ကိုပင် ခွဲခြားမသိနိုင်သော အခြေအနေသို့ ရောက်လာခဲ့ လေသည်။ ၎င်းကျူးကျော်ရပ်ကွက်များတွင် လူနေရပ်ကွက်များ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် စနစ်ကျ သော ရေပေးဝေရေးစနစ်နှင့် မိလ္လာသိမ်းစနစ်များလဲမရှိပေ။ခိုးယူသွယ်တန်းသော လျှပ်စစ်မီးများ၊ဖယောင်းတိုင် မီးများ၊ လောင်စာဆီသုံး မီးတိုင်များကို အသုံးပြုနေကြသည်မှာလည်း မီးဘေးအန္တရာယ် အလွန်များလှသည်။ အခြေခံစားသောက်ကုန်များကို အလျင်းသင့်သလို ဝယ်ယူရောင်းချကြသည့် စားသောက်ကုန်အာမခံချက်မရှိ သည့် ပျံကျဈေးသည်များထံမှ ဝယ်ယူစားသုံးနေကြခြင်း၊ အစာနပ်မှန်အောင် မစားရခြင်းများကြောင့် အာဟာရ ချို့တဲ့ခြင်းများလည်း ရှိနေလေသည်။
          အချို့သောကျူးကျော်နေထိုင်သူများသည် လူနေတိုက်ခန်းများအကြားနှင့် ပိုင်ရှင်မနေသောတိုက်ခန်း များ၊အိမ်များ၏နံဘေးတွင်လည်းကောင်း၊ပိတ်ထားသည့်ဈေးဆိုင်ခန်းများ၊ဘူတာရုံများ၊အသံလွင့်ရုံကဲ့သို့ ကြီး မားသည့် အဆောက်အဦးများ၏နံဘေးများတွင်လည်းကောင်း နေထိုင်ကြလေသည်။ထိုကဲ့သို့နေထိုင်မှုများကို စပိန်၊ချီလီ၊အာဂျင်တီးနား၊မက္ကဆီကို စသည့်နိုင်ငံများတွင် အထူးသဖြင့်တွေ့ရလေသည်။
နိုင်ငံရေးအပေါ်သက်ရောက်မှု
        ၂၀၀၀ ပြည့်နှစ်အလွန်၌ ကြုံတွေ့ခဲ့ကြရသည့်  ကမ္ဘာ့စီးပွားရေးအကြပ်အတည်းနှင့်အတူ ကမ္ဘာ့ နိုင်ငံအများအပြားတွင် အဆောက်အအုံများဆောက်လုပ်မှု လျော့ချခြင်း၊ မြို့ပြစီမံကိန်းရပ်ဆိုင်းခြင်းများ ဖြစ် ပေါ်လာခဲ့သည်။ ထိုကာလတွင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော အနောက်ဥရောပနိုင်ငံများသို့၊ကျူးကျော် အခြေချနေထိုင်သူများ ပိုမို ဝင်ရောက်လာခဲ့၏။ ထို့ပြင် ထိုနိုင်ငံများ၌ အချို့သောကိစ္စရပ်များတွင် ကျူးကျော် နေထိုင်သူများအရေးကို ရှေ့တန်းတင်ဗန်းပြပြီး နိုင်ငံရေးဖိအားပေးမှု နှင့် နိုင်ငံရေးအမြတ်ထုတ်မှုများလည်း ကြုံတွေ့လာကြရလေသည်။ ပြန်လည်နေရာချထားမှုနှင့် အခြေချနေထိုင်မှုများဆိုင်ရာ သုတေသနပညာရှင် တဦး(Dr. Kesia Reeve) က၊ ကျူးကျော်အခြေချနေထိုင်မှုများသည် နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးလိုအပ်ချက် များကြောင့် ပေါ်ထွက်လာသည့် ပြဿနာတရပ်ဖြစ်ရာ ထိုပြဿနာရပ်သည် နိုင်ငံရေးအပေါ်သက်ရောက်မှုရှိ နေသည်ကို ရှောင်လွှဲ၍ မရကြောင်း ဆိုပါသည်။
          ကျူးကျော်နေထိုင်မှုများသည် အစိုးရ၏ကန့်သတ်ထားသော မြို့သစ်စီမံကိန်းများ အိမ်ယာစီမံကိန်းများ ကြောင့် နေထိုင်မှုအခွင့်အရေးများနှင့် အိမ်ယာပိုင်ဆိုင်ခွင့်များဆုံးရှုံးလျှက် မျှော်လင့်ချက်ကင်းမဲ့သူများ ပေါ် ပေါက်လာခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး(ယေဘုယျအကြောင်း)ပင်ဖြစ်ပါသည်။ထိုသူများသည် ဥပဒေစံချိန် စံညွှန်းများအတွင်း အိမ်ယာပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်များ မရနိုင်တော့သဖြင့်၊ မိမိတို့သဘောအလျှောက် အလျင်း သင့်သလို နေထိုင်ကြ ရာမှ ကျူးကျော်နေထိုင်သူ လူတန်းစားတရပ်အဖြစ်ပေါ်ပေါက်လာခြင်းဖြစ်သည်ကို တွေ့ ရ၏။
ကျူးကျော်နေထိုင်မှုအမျိုးမျိုး
        ဒတ်ခ်ျလူမျိုး လူမှုရေးသိပ္ပံပညာရှင်တဦး( Hans Pruijt )က၊ကျူးကျော်နေထိုင်သူ အမျိုးအစားများကို အောက် ပါအတိုင်း(၅)မျိုးခွဲခြားပြပါသည်။                                                                              
(၁)ဘိုးဘွား အစဉ်အဆက် အိမ်ယာလိုအပ်ချက် အစဉ်အမြဲရှိနေခဲ့ကြသည့် အိမ်ခြေမဲ့များ။                                                                                                                  (၂) မြူနီစီပါယ်နှင့်အိုးအိမ်ဦးစီးဌာန တို့ကဲ့သို့သော အစိုးရဌာနဆိုင်ရာများမှ တိုက်ရိုက်ချထားပေးသော မြို့သစ် စီမံကိန်းများနှင့် အိမ်ယာစီမံကိန်းများတွင် စာရင်းပါဝင်ပြီးစောင့်ဆိုင်းနေသူများ။                                                             (၃)အိုးအိမ်ဆောက်လုပ်ခွင့်နှင့် မြိုပြနေထိုင်ခွင့် အကြောင်းကြောင်းကြောင့် ရပ်ဆိုင်းခြင်းခံထားရသူများ။                                                                                 (၄)နေထိုင်ခွင့်ကုန်ဆုံး၍ သို့မဟုတ် စည်းကမ်းချက်များကိုဖောက်ဖျက်သောကြောင့် နေအိမ် သို့မဟုတ် အိမ်ခန်းကို ပြန်သိမ်းခြင်းခံရသူများ။                                                                                        (၅)နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားဆဲကာလ၌ နေထိုင်ရန်အခက်အခဲရှိ၍ ကျူးကျော်အခြေချနေထိုင်သူများ တွင် ပူးပေါင်းနေထိုင်သူများ ဟူ၍ဖြစ်လေသည်။
တရားဥပဒေရှုဒေါင်
          နိုင်ငံများစွာတွင်ဖြစ်ပေါ်နေသော ကျူးကျော်နေထိုင်ခြင်းများ၏သဘောသဘာဝသည်ပင်လျှင် ပြစ်မှု မြောက်လျှက်ရှိ၏။ထို့ပြင် ပိုင်ရှင်နှင့်ကျူးကျော်သူတို့အကြားထင်ဟပ်နေသည့် ဆန့်ကျင်ဖက် သဘောတရား များသည် မြို့ပြဆိုင်ရာဥပဒေ၊စည်ပင်သာယာဥပဒေ၊ပုဂ္ဂလိကပိုင်နှင့် အများပိုင်ပစ္စည်းဆိုင်ရာ ဥပဒေများနှင့် လည်းငြိစွန်းလျှက်ရှိပါသည်။ထိုကဲ့သို့ ဥပဒေရေးရာပြဿနာများရှိနေသော်လည်း နိုင်ငံများစွာတွင် ကျူးကျော် နေထိုင်သူများတိုးပွားလျှက်ရှိ၏။ မျက်မှောက်ခေတ်တွင် မရိုးသားမှုများနှင့် နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ် မှုအမှောင့်ပယောဂများမကင်းသော ပြည်တွင်းပြည်ပ ကျူးကျော်နေထိုင်မှုများကို သက်ဆိုင်ရာနိုင်ငံ အစိုးရများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးနိုင်ပါမည်လော၊ လက်ရှိအချိန်တွင်နိုင်ငံတကာ၌ ထိုအခြေအနေ များကို ထိန်းထိန်းသိမ်းသိမ်းပြုနိုင်သည်ဆိုရုံမျှသာ ဆောင်ရွက်နိုင်ကြသည်ကိုတွေ့ရပြီး၊ ပပျောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိကြချေ။  ထိုသူများသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် လူတန်းစားတရပ်အနေဖြင့် ရှိနေ သည်ကို လက်ခံကြရမည့်အခြေအနေသို့ တဖြည်းဖြည်းဦးတည်လာနေပြီး၊ ထိုကျူးကျော်သူများအား ထိန်းချုပ် ရန် သို့မဟုတ် ကန့်သတ်ရန် သို့မဟုတ် တားဆီးရန်တို့ အတွက် နိုင်ငံအသီးသီးတွင် နည်းလမ်းများ အပူတပြင်း ရှာဖွေနေကြရပြီဖြစ်ပါသည်။ကမ္ဘာနိုင်ငံအနှံ့အပြားတွင် ရင်ဆိုင်နေကြရသောထိုအခြေအနေကို နိုင်ငံတကာ အသိုင်းအဝိုင်း၌ ဖြေရှင်းကြရမည့်ပြဿနာရပ်အဖြစ်သတ်မှတ်လာကြရပြီလည်းဖြစ်ပါသည်။
မတူကွဲပြားအမြင်များ
          သုတေသီတဦး(Anarchist Colin Ward)က ကျူးကျော်အခြေချနေထိုင်ခြင်းသည် ပိုင်ဆိုင်ခွင့်(နေထိုင် ခွင့်)ရရေးအတွက် ကျင်သုံးကြသည့် ကမ္ဘာ့ရှေးအကျဆုံး နည်းဗျူဟာတခုပင်ဖြစ်ကြောင်း၊မိမိတို့ အများစုသည် လည်း သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ကျူးကျော်နေထိုင်သူများအဖြစ်မှ ဆင်းသက်လာသူများသာ ဖြစ်သည်ကိုတွေ့ကြရမည်ဖြစ်ကြောင်း မှတ်ချက်ပြုပါသည်။ယူနိုက်တက်ကင်းဒန်းရှိ ရဲအရာရှိတဦး(Sue Williams)ကမူ ကျူးကျော်သူများသည် လူမှုရေးအမူအကျင့်ကောင်းများကို ဆန့်ကျင်နေပြီး၊ရာဇဝတ်မှုခင်းများ ၏ မြစ်ဖျားခံရာလည်းဖြစ်ရာ ငြိမ်းချမ်းစွာနေထိုင်ရေးကို အလွန်အမင်းအနှောက်အယှက်ဖြစ်စေသည်ဟု ဆိုပါ သည်။
ကျူးကျော်နေထိုင်ခြင်းများမှ အစပြုသော ဖြစ်စဉ်များသည် မင်းမဲ့ဝါဒ၊အုပ်စုဖွဲ့စိုးမိုးခြင်းဝါဒ၊ ပိုင်ရှင်မဲ့ ဝါဒ များ ထွန်းကားလာနိုင်ပြီး၊အခွင့်အခါကောင်းကိုစောင့်လျှက် လူမှုအဆောင်အအုံသစ်များ ဖော်ဆောင်ရန် ကြို တင် ပြင်ဆင်ထားခြင်းများကိုကြုံတွေ့နေကြရသောကြောင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရား နှင့် နိုင်ငံရေးမူဝါဒများ ကိုပါ ထိခိုက်လာနိုင်သည်ဟု သုံးသပ်သူများလည်းရှိပါသည်။
ဖြေရှင်းနိုင်ရန် ကြိုးပမ်း
ကျူးကျော်သူအများစုသည် တရားဝင်နေရာများတွင်နေထိုင်သူများဘဝမှ  အခြေအနေပြောင်းလဲလာ သူ များဖြစ်ပါသည်။အထူးသဖြင့် စီးပွားရေး၊ လူမှုရေးဆုတ်ယုတ်ကျဆင်းမှုများကြောင့် အိမ်ယာဆုံးရှုံးခဲ့ကြ ရ၍ ကျူးကျော်နေထိုင်သူများဖြစ်လာကြ၏။ထိုသူများသည် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရသူများဖြစ်ရာ မူလဗီဇ သဘောအရ အနှုတ်လက္ခဏာဆောင်လျှက်ရှိပြီး ကျူးကျော်နေထိုင်ရာပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာ အာဏာ ပိုင်များအပေါ်တွင်  ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေပါသည်။ ထိုပြဿနာများကို နိုင်ငံများရှိ အစိုးရအသီးသီး တို့က ဖြေရှင်းကြရာတွင် ဖြစ်ပေါ်လာသည့်အခြေအနေပေါ်မူတည်၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ညွှန်ကြားလွှာများ ထုတ်ပြန်၍ ဖြေရှင်းနည်း နှင့် သက်ဆိုင်ရာနိုင်ငံ များ ၏ တည်ဆဲဥဒေများ(အထူးသဖြင့် လူဝင်မှုကြီး ကြပ်ရေးဥပဒေ နှင့် မြူနီစီပါယ်ဥပဒေများ)ကို အသုံးပြု၍ ဖြေရှင်းနည်းများကို ကျင့်သုံးနေကြပါ သည်။ ယူနိုက်တက်ကင်းဒန်းနှင့် ယူနိုက်တက်စတိတ်တို့တွင် တည်းဆဲဥပဒေများကို အားထားဖြေရှင်းနေပြီး၊ လူဝီစီယားနားပြည်နယ်ကမူ ပြင်သစ်နိုင်ငံ၏ ဥပဒေလုပ် ထုံးလုပ်နည်းမျာကိုမှီး၍ ဥပဒေကဲ့သို့အာဏာတည် သော အမိန့်များကို အခါအားလျှော်စွာထုတ်ပြန် ဖြေရှင်းနည်းကို ကျင့်သုံးနေပါသည်။ ထိုသို့ဖြေရှင်းနေကြ သော်လည်း အခက်မခဲနှင့်အားနည်းချက်များကို ရင်ဆိုင်နေကြရဆဲဖြစ်၍ ကြုံတွေ့ရသောပြဿနာများကို ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ကြရမည်ဖြစ်၏။      
ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင် ဖြစ်ပေါ်လျှက်ရှိသော ထိုအခြေအနေများမှ လွတ်မြောက်ရန်အတွက် ကျူး ကျော် အခြေချနေထိုင်သူများနှင့်ပတ်သက်သော အခြေခံအကြောင်းရင်းများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယခု ထက်ပိုမို၍ ခြေခြေမြစ်မြစ်လေ့လာလျှက်ရှိပါသည်။အချို့သောနိုင်ငံများတွင် ကျူးကျော်အခြေချနေ ထိုင်သူများ ကိုယ်တိုင်ပါဝင်စေလျှက် မိမိတို့၏ လူနေမှုဘဝအဆင့် မြှင့်တင်ရေး၊ လူကျင့်ဝတ်များကို ပိုမိုစောင့်ထိန်းလာစေ ရေးနှင့် ရာဇဝတ်မှုများ ပပျောက်စေရေးတို့အတွက် ၊ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊လူမှုရေး အသင်းအဖွဲ့များနှင့် လူတန်းစားအလွှာပေါင်းစုံက နည်းလမ်းများ ရှာဖွေနေ ကြပြီဖြစ်ပါသည်။ အစိုးရများနှင့် သက်ဆိုင်ရာနိုင်ငံ အသီးသီးရှိ ဥပဒေပြုအာဏာပိုင် အဖွဲ့များကလည်း ကျူးကျော်အခြေချနေထိုင်သူများ ဆိုင်ရာအထူးဥပဒေများ ရေးဆွဲ ပြဌာန်းရန် သင့်မသင့် ဖြေရှင်းရန် နည်းလမ်းတရပ်အဖြစ်စဉ်းစားလျှက်ရှိပြီး၊ အခြေခံမူဝါဒများကို ဆန်းစစ်လေ့ လာနေကြပါသည်။ ထိုသူများအား အလျင်းသင့်သလို ထိန်းချုပ်ခြင်းမျိုး မဟုတ်ဘဲ စနစ်တကျထိမ်းချုပ်နိုင်ရန် ဖြစ်ပေသည်။
 မိမိတို့သည်လည်း အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ပြည်တွင်းပြည်ပ ကျူးကျော်အခြေချနေထိုင် သူများ၏ ပြဿနာများကိုထဲထဲဝင်ဝင် ရင်ဆိုင်နေကြရသည်ဖြစ်ရာ၊လက်ရှိ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရုံ မျှသာမက  ကြိုတင်ခန့်မှန်း၍မရနိုင်သော  အသစ်အသစ်သောပြဿနာများကို ရင်ဆိုင်နိုင်ရန်အတွက် အခြား သောကမ္ဘာ့နိုင်ငံများနည်းတူ နည်းလမ်းများရှာဖွေသင့်ပြီဖြစ်ပါကြောင်း အကြံပြု ရေးသားအပ်ပါသည်။ (Ref;https://en.wikipedia.org/wiki/Squatting

ဗလာဆိုင်းကို လွမ်းမိပါသည် (၂၀/၈/၁၈)ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါဆောင်းပါး) မောင်ပြည့်အောင်



      


  ဘုန်းတော်ကြီးကျောင်း၏ ကျယ်ဝန်းသောဆွမ်းစားဆောင်တွင် အလှူထမင်း အလှူဟင်းကို စားကြပြီးသည့်နောက် ဆရာတော်က ကျွန်တော်တို့အဖွဲ့ကို ဧည့်ခံမဏ္ဍတ်သို့လိုက်ပို့ရန် ကျောင်းသား တယောက်ကိုခိုင်းပါသည် ။ လက်ဖက်ရည်ကြမ်းသောက်ရင်း နားနားနေနေ နေစေလိုဟန်ရှိ၍ ကျွန်တော်တို့လည်း မောင်ကျောင်းသားနောက်သို့လိုက်ခဲ့ကြပါသည်။ အမှန်စင်စစ် ကျွန်တော်၏ သဘောဆန္ဒအရဆိုလျှင် ပြန်ချင်စိတ်သာရှိပါသည်။အတန်ငယ်ဝေးလှသည့် ဆွမ်းစားဆောင်မှပင် အတိုင်းသားကြားနေရသော ဧည့်ခံမဏ္ဍတ်ရှိ မြေတုန်ရင်တုန်အောင် ကျယ်လောင်လှသည့် ဆောင်း ဘောက်ကြီးများနှင့် မည်သည့်တူရိယာ၏အသံမှန်း ခွဲခြားမရသော တီးဝိုင်းကြီးကို ကြောက်သော ကြောင့်ဖြစ်ပါသည်။ ဆရာတော်၏ဆန္ဒကို မလွန်ဆန်လို၍သာ မောင်ကျောင်းသားနောက်မှ ခပ်မဆိပ် လိုက်ခဲ့ရခြင်းဖြစ်၏။
          အလှူမဏ္ဍတ်အတွင်းဝင်သည့်နှင့် ကျွန်တော်တို့အဖွဲ့သည် ဆောင်းဘောက်ကြီးများနှင့် လွတ်လိုလွတ်ငြား အဝေးဆုံးနေရာတခုကို တက်ညီလက်ညီရွေး၍ နေရာယူကြပါသည်။အပြင်က ကြားခဲ့ရသောအသံသည် မဏ္ဍတ်အတွင်း၌ အသံလှိုင်းကြီးအဖြစ် ရင်ကိုတုန်ခါစေပြီး၊ ဆောင်းဘောက် ကြီးများသည် ကြောက်စရာ သတ္တဝါကြီးများသဖွယ် ကျနော်တို့အား ခြောက်လှန့်လျက်ရှိ၏။ မည်သည့် စကားမျှ မဆိုနိုင်ကြဘဲ ( တယောက်စကားကိုလည်း တယောက်က ကြားနိုင်မည်မဟုတ် သော ကြောင့်) တယောက်ကိုတယောက် မျက်နှာငယ်လေးများဖြင့် ကြည့်နေမိကြသည်။ မိမိတို့အား တလေး စား လာရောက်နှုတ်ဆက်၍ ဧည့်ခံစကားဆိုသော အလှူ့ရှင်အလှူ့အမတို့အား မင်္ဂလာခွန်းတုံ့စကား ဆိုနေရငြားလည်း သူတို့၏စကားကို ကောင်းကောင်းမကြားရ၊ သူတို့ကလည်း မိမိတို့ စကားကိုကြား ရဟန်မရှိ။ စားပွဲပေါ်တွင် တည်ခင်းဧည့်ခံထားသော လက်ဖက်ပွဲ၊ အချိုပွဲများသို့လည်း အာရုံ မရောက်ကြပေ။ ဧည့်ခံမဏ္ဍတ်တွင်း ရှိနေသူတို့အား အကဲခတ်ကြည့်ရာတွင်၊ ကြုံတွေ့နေကြရသည့် နားဆင်းရဲခြင်းဒုက္ခနှင့် စိတ်ဆင်းရဲခြင်းဒုက္ခကြီးတို့မှ လွတ်မြောက်အောင် မည်သို့ရုန်းထွက်ကြရမည် နည်းဟု အကြံထုတ် နေကြဟန်ရှိလေသည်။
          ဧည့်ခံစင်မြင့်ထက်တွင်၊ ဆိုင်းဝိုင်းကိုတွေ့ရသော်လည်း ဆိုင်းဆရာကိုကားမမြင်မိပေ။ အစွမ်း ကုန်လက်စွမ်းပြ၍ ဧည့်ပရိဿတ်အား ကောင်းကောင်းဧည့်ခံနေသူများကား၊ ဆိုင်းဝိုင်းနောက်တွင် ခင်းကျင်းထားသော ခေတ်ပေါ်သံစုံတီးဝိုင်းဟု အမည်ခံသူများဖြစ်၏။ သံစုံတီးဝိုင်းအမည်နှင့် လိုက် ဖက်သည်ဟု ဆိုရပါမည်။ မည်သည့်တူရိယာ၏အသံဟု ခွဲခြား၍မရနိုင်လောက်အောင် အသံပေါင်းစုံ ဆူညံလုံးထွေးနေသောကြောင့်ဖြစ်၏။ အဆိုတော်တယောက် သီဆိုနေသည်ကို မြင်နေရသော်လည်း သီဆိုသံကို ပီပီသသ မကြားရချေ။ လူငယ်ကျောင်းသားဘဝက အနောက်တိုင်းဂီတ တူရိယာပစ္စည်း များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော စာရေးသူပင်လျှင် လက်ရှိကြားနေရသော သံစုံတီးဝိုင်းရှိ ဂီတတူရိယာ များ၏ သံစဉ်ကို ခွဲခြားခံစားရန်ဝေးစွ ဘင်သံတဒုန်းဒုန်း၏အောက်၌သာ ပြားပြားဝပ်နေရ၏။
ပိုင်ရှင်မဲ့ဆိုင်းဝိုင်းလေးကိုငေးကြည့်နေရင်းမှ ဦးခေါင်းကလေးတငြိမ့်ငြိမ့် ပြုံးသလိုတည်သလို မျက်နှာပေးနှင့် နွဲ့၍ယိမ်း၍ ဝေ့၍ဝိုက်၍တီးတတ်သော ဆိုင်းဆရာ၏ဟန်ကို မြင်ယောင်လာမိ၏။ ပြတ် သားသော တိကျသော အဖြတ်မတောက် အနိမ့်အမြင့်သံစဉ်တို့ဖြင့် ထုံမွှမ်းလျှက်ရှိသည့် ငြိမ့်ညောင်း သာယာလှသည့် စမ်းရေအလျင်ကဲ့သို့သော ပတ်လုံးသံလေးများကို ကြားယောင်လာမိသည်။ “ဗလာ ဆိုင်းလေးနဲ့ဆိုရင် သိပ်ကောင်းမှာဘဲဗျာ” ဟူသော ကျနော်တို့အဖွဲ့သား ကိုမျိုး၏တမ်းတသံကို ကြား ရတော့မှ ဗလာဆိုင်းလေးကိုလွမ်းနေသူမှာ ကျွန်တော် တယောက်တည်းမဟုတ်ကြောင်း သိရလေ သည်။
          “ကျွန်တော်တို့ ရွာကအလှူတွေမှာဆို ဒီလိုဧည့်ခံချိန်မှာ ဗလာဆိုင်းနဲ့ဧည့်ခံတာဗျ ၊ ငြိမ့်ငြိမ့် ညောာင်းညောင်းလေးနဲ့ စကားပြောမပျက်စေရဘူး ၊ ကျက်သရေမင်္ဂလာလဲ ရှိလိုက်တာဗျာ” ဘုန်းကြီး ကျောင်းမှအထွက် ကားပေါ်သို့ရောက်မှ ကိုမျိုးကစကားပြောပါသည်။ကျောင်းပြင်ရောက်မှ တယောက် စကားကို တယောက်က ကြားရသောကြောင့်လည်းဖြစ်၏။ ကိုမျိုးသည် လယ်ကွင်းလေးများ၊ ချောင်းငယ် မြောင်းငယ် တောတန်းလေးများခြံရံလျက်ရှိသော၊ မန္တလေးမြို့နှင့်မနီးမဝေးရှိ ကျေးရွာ လေးတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်၏၊တောဓလေ့ တောသဘာဝကို ခုံခုံမင်မင် မြတ်မြတ်နိုးနိုး ခံစား ရင်း အမှတ်သညာကောင်းကောင်းဖြင့် ဘဝအဆင့်ဆင့်ကိုကျော်ဖြတ်လာခဲ့သူဖြစ်ရာ ၊ သူ၏ငယ်ဘဝ ကို  ပြန်ပြောင်းပြောပြသောအခါများ၌ မိမိကိုယ်ကိုမိမိ မြို့မှာမွေး၍မြို့မှာကြီးရသည်ကိုပင် ဂုဏ်ငယ် သယောင် ထင်မိစေ၏။
          “ကျွန်တော်တို့ရွာတွေမှာ အလှူအတန်းရှိလို့ ဆိုင်းငှားရင် တော်ရုံဆိုင်းကိုငှားတာမဟုတ်ဖူးဗျ” အလှူတွင်ကြုံခဲ့ရသော ပိုင်ရှင်မဲ့ဆိုင်းဝိုင်းလေးကို မြင်တွေ့ခဲ့ရစဉ်ကတည်းက သူခံစားခဲ့ရဟန်တူပါ သည်။ သူ့နည်းတူ စာရေးသူသည်လည်း ဗလာဆိုင်းဖြင့်ဧည့်ခံသော အလှုမင်္ဂလာပွဲများကို ကြုံဘူး သည်ဖြစ်ရာ ဆိုင်းလက်သံကို နားထောင်ရင်း ဧည့်ခံမဏ္ဍတ်အတွင်း၌ အေးချမ်းသာယာစွာ နားနား နေနေ နေခွင့်မရခဲ့သောအဖြစ်ကို အားမလိုအားမရဖြစ်မိပါသည်။“ရွာကသက်ကြီးဝါကြီး၊ ဆိုင်းငှားနေ ကျ၊ ဆိုင်းအကြောင်း ကောင်းကောင်းသိတဲ့ ဆိုင်းကိုမြတ်နိုးတဲ့ လူကြီးတွေစုပြီးမှ ဆိုင်းဝိုင်းကို စိတ် တိုင်းကျ ရွေးပြီးငှားကြတာ ၊သူတို့ဆိုင်းငှားကြတာက အနုပညာစကားဝိုင်းတခုလိုဘဲ။ ဆိုင်းဆရာရေ ..… ဟို.. လက်သံလေး…အဲဒါ တစိတ်လောက်တီးပြစမ်းပါဦး…… ..ဟုတ်ပ… .မှန်လိုက်တာ …တော်တယ်ဗျာ.၊နောက်……ရွားစားကျော်(-)ရဲ့..လက်သံလေး….တို့ကြည့်လိုက်ဗျာ၊ဒီလို..ဒီလိုလေး… …….ဆိုင်းငှားသူ ဦးကြီး ဘကြီးများက ပါးစပ်ဆိုင်းလေးတီးပြလိုက် .. ဆိုင်းဆရာက ပတ်လုံးလေးများ ကို မွှေ့လိုက် ရမ်းလိုက် တို့လိုက် ထိလိုက်ဖြင့် အလွန်မြိုင်တာဗျာ” အလွမ်းဓါတ်ခံဖြင့် ပြောနေသော ကိုမျိုး၏စကားသံများကြားတွင် စာရေးသူတို့အုပ်စု နစ်မြော၍နေ၏။ “သူတို့ချင်း အလွမ်းသင့်လို့ ကတော့ ဆိုင်းငှားတာနဲ့မတူတော့ဘဲ ဆိုင်းပညာရှင်နဲ့ ဆိုင်းဝါသနာရှင်တွေ တွေ့ဆုံဆွေးနွေးပွဲဖြစ် သွားတော့တာပဲ၊ ဆိုင်းဆရာကလည်း၊လက်ဖက်သုပ်၊ရေနွေကြမ်း၊ကွမ်းဆေး စသည်ဖြင့် ဧည့်ခံပြီး၊ တီးလိုက်ဆိုလိုက် ရှင်းပြလိုက်၊ ဆိုင်းငှားတဲ့သူတွေကလည်း မေးလိုက်မြန်းလိုက် ဆွေးနွေးလိုက်နဲ့ ထမင်းမေ့ ဟင်းမေ့ပေါ့ဗျာ”။
          အလှူဝင်နေ့ ညဥ့်ဦးပိုင်းတွင်တော့ ဆိုင်းပြည့်ဝိုင်းပြည့် ဆိုင်းနောက်ထအဆိုတော် စသည့်ဖြင့်  ဝေယျာဝစ္စကူညီလုပ်ကိုင်ပေးသူများနှင့် နောက်နေ့အလှုကြီးသို့ လာရောက်ကြသည့် ရပ်ဝေးရပ်နီးမှ ဧည့်သည့်များ၊မိတ်ဆွေသင်္ဂဟများအား မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ဧည့်ခံလေသည်။ ညဥ့်ဦးယံကျော်၍ ညဥ့် နက်ပိုင်းသို့ရောက်သောအခါ ဧည့်သည်များလည်းစဲသွားလေပြီ ၊ချက်ရေးပြုတ်ရေး ကုသိုလ်ယူကြသူ များလည်း ပြီးပြည့်စုံ၍ အလုပ်သိမ်းကြပြီဖြစ်၏။ အိုးသူကြီးများက အိုးစောင့်များအား ဆွမ်းအိုးဟင်းအိုး၊ ထမင်းအိုးဟင်းအိုးများကို အပ်၍ပြီးကြလေပြီ။
ထိုအချိန်၌် သံဃာစင်ပေါ်၌ အလှုကြီးအတွက် ဝိုင်းဝန်းစီမံဆောင်ရွက်ပေးကြသူ လူကြီးများ နှင့် ချက်ရေးပြုတ်ရေးစီမံပေးကြသူများသည် လုပ်ငန်းများပြီးဆုံး၍် ဆိုင်ဝိုင်းရှေ့ရှိ အလှူမဏ္ဍတ်၏ အလယ်၌တည်ခင်းထားသော လက်ဖက်ရည်ကြမ်းဝိုင်းသို့ ရောက်လာကြတော့၏။ နားနားနေနေရှိ နေသော ဆိုင်းဆရာနှင့် စကားစမြည်ပြောကြရင်း လူကြီးများအတွက်ဧည့်ခံဆိုင်း တနည်းအားဖြင့် အလှူဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးရင်း တနေကုန်ပင်ပန်းခဲ့ကြသော ရွာလူကြီးများအား ဖျော်ဖြေပေးသောဆိုင်းဝိုင်း စတင်ပါသည်။ ဆိုင်းနောက်ထ အဆိုတော်မပါ ဆိုင်းဆရာနှင့်ဆိုင်းဝိုင်း သာဖြစ်၏။ တခါတရံ ကြေးဝိုင်းဆရာပါလေသည်။ ဆိုင်းဆရာ၏ သီးသန့်လက်စွမ်းပြပင်ဖြစ်ပါသည်။
ပရိသတ်မများသော်လည်း သက်ကြီးဝါကြီး ဆိုင်းဝါသနာရှင်၊ဆိုင်းနားရည်ဝပြီးသူ၊ဆိုင်းဗဟုသု တပြည့်ဝသူများဖြစ်၏။ဆိုင်းဆရာ၏ ပညာနှင့်သဘာကို ကောင်းကောင်းအကဲဖြတ်နိုင်သူ ဆိုင်းပညာ ၏ အနှစ်သာရကို ကောင်းစွာခံစားတတ်သော ဆိုင်းပရိသတ် အစစ်အမှန်ကြီးများဖြစ်၏။ ဆိုင်းငှားစဉ် ကတည်းက ရင်းနှီးပြီးသူများပါသကဲ့သို့ ဆိုင်းငှားသူများ၏ အညွှန်းစကားများကြောင့် ဆိုင်းဆရာ၏ လက်သံကိုနားဆင်ရန် အားခဲလျက် မျှော်လင့်စောင့်စားနေသူများလည်း ပါဝင်လေသည်။ ဆိုင်းဆရာ နှင့်ပရိသတ် အလွန်လိုက်ဖက်ညီသော ပွဲပင်ဖြစ်လေသည်။
ဆိုင်းဆရာကလည်း စိတ်လက်ရွှင်လန်းတက်ကြွစွာဖြင့် လက်စွမ်းပြတီးခတ်၏။ပရိသတ်က လည်း စိတ်ဝင်တစား စိတ်ပါလက်ပါ အာပေးနားဆင်ကြသည်။ ဘယ်တုန်းက ဘယ်ပွဲမှာ ရွာစားကျော် ဘယ်သူက ဒီလို ဒီလို တီးသွားတာခင်ဗျ……နားဆင်ကြပါဦး…….၊ အဲဒီမှာ ဒီလို့  ဖိ ဖော့ ဖွင့်ပြီး သာ သာလေး သွက်သွက်လေး တီးသွားတာ…..ဒီလိုခင်ဗျ….. ၊ကျနော့်ဆရာ(-)ရဲ့လက်သံ…………….၊ ဒီနေရာမှာ…ကျနော်ကတော့ ဒီလိုလေးတီးလိုက်ချင်တာ……မကောင်းပေဘူးလား……………စသည် စသည်ဖြင့်…….ဆိုင်းဆရာသည်…...ပြောလဲပြော တီးလဲတီး ရှင်းလဲရှင်း လင်းလဲလင်းစေ၏၊ပြုံး၍ ပျော် ၍ ရယ်၍မော၍ ကြည်သာရွှင်ပြစွာ ဖျော်ဖြေ၏၊ခေါင်းကလေးကို ငဲ့၍ ငဲ့၍ ညိတ်၍ညိတ်၍ တီး၏၊ လက် ကလေးကို ဝေ့၍ဝေ့၍ ဝိုက်၍ဝိုက်၍လည်းတီးလေသည်။ ဆိုင်းမင်းသားတလက် ကနေသည်နှင့်ပင် တူ သေးတော့သည်။
အားပေးသူ ပရိသတ်ကလည်း ငြိမ်၍နားထောင်၏ ပြုံးသည့်အခါလည်းရှိ၏ခေါင်းတငြိမ့်ငြိမ့်ပြု သည်လည်းရှိ၏…ဆိုင်းဆရာက အတီးကိုရုတ်တရက်ရပ်၍ “ဘယ်လိုလဲ”ဟူသောသဘောဖြင့် မေး လေးကိုဆတ်၍ မေးသည့်အခါမျိုး၌ အားရပါးရ လက်ခုပ်တီး၍ မြိုင်မြိုင်ဆိုင်ဆိုင် အားပေးကြ သည်လည်းရှိသေး၏။ ဤသို့ဖြင့် မြန်မာ့ဆိုင်း၏အနှစ်သာရကို ညီတူညီမျှထပ်တူကျ၍ ခံစားကြသူ ဆိုင်းဆရာနှင့် ပရိသတ်တို့၏ပွဲသည် နံနက် နာရီပြန်နှစ်ချက်တီးကျော် သုံးချက်တီးခန့်တွင်မှ မနားချင် နားချင်နှင့် နားလိုက်ကြရလေသည်။
မနား၍လည်းမဖြစ်၊မနက်ဖြန် အလှူကြီးနေ့တွင် ဧည့်ခံမဏ္ဍတ်တွင်း၌ ဤကဲ့သို့ပင်ဆိုင်းဆရာ ရွာစားကျော်ကိုယ်တိုင် ဗလာဆိုင်းဖြင့်ဧည့်ခံပေးရဦးမည်မဟုတ်လား………………………………… လွမ်းမိပါသည် ဗလာဆိုင်းလေးရယ်ဟူ၍ တမ်းတလိုက်မိပါသည် … … ။