ခွဲစိတ်ခန်းဟူသောအမည်ကိုကြားသည်နှင့်
အနိဋ္ဌာရုံနေရာတခ၊ု စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းသော နေရာတခုအဖြစ် တွေးထင်ခံစားလိုက်ကြသည်သာဖြစ်၏၊ခွဲစိတ်ခန်းတွင်းသို့မရောက်
ဖူးသော်လည်း၊အတွေးဖြင့်ပင် ကြောက်စိတ်ဝင်ကြသည်။အချို့သောသူများဆိုလျှင် ခွဲစိတ်ကုသမှုခံ
ယူရန်ခွဲစိတ်ခန်းအတွင်းသို့ မရောက်မီကြိုတင်ပြင်ဆင်မှု(Preoperation) ပြုနေစဉ်မှာပင်
အလွန် အမင်းစိတ်လှုပ်ရှားမှုကြောင့် ခြေလက်များတုန်ယင်လာခြင်း၊ချွေးထွက်လွန်ခြင်း၊နှလုံးခုံနှုန်းမြန်
လာခြင်း၊သွေးတိုးရောဂါမရှိပါဘဲလျှက် သွေးတိုးခြင်းများ ဖြစ်ပေါ်လာတတ်သည်ကိုတွေ့ရပါသည်။
ထိုသို့ဖြစ်လျှင် ခွဲစိတ်ရန်ရက်ရွှေ့ဆိုင်း၍ အထွေထွေရောဂါကု သမားတော်ကြီးများနှင့် ပြသစစ်
ဆေးကုသမှုခံယူရန်စီစဉ်ကြရပါသည်။ မိမိကိုယ်တိုင်ရင်းနှီးကျွမ်းဝင်မှုမရှိသော မရောက်ဖူးသော
နေရာဌာနတခုကို ရပ်ပြောရွာပြော ဘေးပြောတွေးပြောများကိုယုံစားလျှက် ကြိုတွေးကြိုကြောက်
သောကြောင့် ဖြစ်သောဆိုးကျိုးဖြစ်လေသည်။
ခွဲစိတ်ကုသမှုခံယူရန်
စောင့်ဆိုင်းနေစဉ်ကာလတွင် လူနာအများစုသည် ခွဲစိတ်ခန်းအတွင်း အခြေအနေကို မိမိစိတ်ကူးဖြင့်ခန့်မှန်း
ပုံဖော်တတ်ကြပါသည်။ခြောက်ခြားစရာ ကောင်းလောက် အောင် တိတ်ဆိတ်ငြိမ်သက်သောအခန်းတခု၊အလွန်အရေးကြီးသော
လုပ်ငန်းတခုကိုလုပ်နေကြ သည့် တည်ကြည်သည့် မျက်နှာထားဖြင့်
နှုတ်ဆိတ်သွက်လက်သောကျန်းမာရေးဝန်ထမ်းများ စသည် စသည်ဖြင့် တွေးနေကြမည် ထင်ပါသည်။စိတ်ကိုတင်း
မာန်ကိုတင်၍ ခွဲစိတ်ခန်းသို့ဝင်ရန် အားခဲနေကြမည်သာဖြစ်လေသည်။
အကယ်စင်စစ်
မျက်စိခွဲစိတ်ခန်းသည် မိမိခံစားနေရသော မျက်စိဝေဒနာများ သက်သာ ပျောက်ကင်းစေရန်၊မိမိ၏ဆုံးရှုံးနေသော
အမြင်အာရုံများပြန်လည်ရရှိစေရန် ကုသမှုပေးသော နေ ရာဌာနဖြစ်သည့်အတွက် မိမိအတွက်မင်္ဂလာရှိသောနေရာ၊မိမိအတွက်စိတ်၏ချမ်းသာခြင်း၊ကိုယ်၏
ချမ်းသာခြင်းကို ဖြစ်စေသောနေရာအဖြစ် ရှုမြင်လျှက် ကြောက်စိတ်ကိုဖြေဖျောက်၍ စိတ်ရော ကိုယ်ပါ
သက်တောင့်သက်သာဖြစ်စေရန် မိမိကိုယ်ကိုမိမိ ဆောက်တည်သင့်ပေသည်။ အချို့သော သူများသည်
ခွဲစိတ်ခန်းပြင်ပတွင် ဆောက်တည်နိုင်သော်လည်း၊ခွဲစိတ်ခန်းတွင်းသို့ရောက်မှ ကြောက်စိတ်ဝင်လျှက်
တုန်လှုပ်သောကြောင့် ခွဲစိတ်ကုသရာတွင် မကြာသင့်ဘဲ နှောင့်နှေး ကြန့် ကြာမှုများ ကြုံတွေ့
ကြရသည်လည်းရှိပါသည်။
မိမိအိမ်တွင်
စိတ်လွတ်ကိုယ်လွတ်နေခဲ့ကြသူများမှာမူ တင်းကြပ်သောခွဲစိတ်ခန်း စည်းမျဉ်း စည်းကမ်းများကိုလိုက်နာရန်
ဝန်လေးတတ်သည်ကိုလည်း တွေ့ရပါသည်။သတ်မှတ်နေရာတွင်သာ နေကြရခြင်း၊ခွဲစိတ်ခန်းဝန်ထမ်းများက
ထုတ်ပေးသော ပိုးမွှားသန့်စင်ထားသည့် အဝတ်ကိုသာ ဝတ်ဆင်ရခြင်း၊ ခွဲစိတ်ကုသမှုမစတင်မီ တိကျသော
ကျန်းမာရေးစစ်ဆေးမှုများကိုလက်ခံကြရခြင်း၊ စသည်များကို ကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်ခြင်းသည်
မိမိအကျိုးအတွက်ဖြစ်သည်ကို သိနားလည်ကြရပါမည်။ခွဲစိတ်ခန်း စည်းမျဉ်းစည်းကမ်းများသည်
မျက်စိခွဲစိတ်ကုသမူကို ဦးဆောင် သော မျက်စိခွဲစိတ်ဆရာဝန်ကြီး အပါအဝင် အားလုံးသောဝန်ထမ်းများ၊အားလုံးသောလူနာများ
မဖြစ်မနေ ချွင်းချက်မရှိ တိကျစွာလိုက်နာရန်လိုအပ်သော စည်းကမ်းချက်များဖြစ်သည်ကို လက်ခံ
လိုက်နာခြင်းအားဖြင့် မိမိ၏စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါသည်။
မျက်စိခွဲစိတ်ကုသရာတွင် သာမန်ခွဲစိတ်ကုသခြင်း(Minor
Operation)နှင့် အဓိက ခွဲစိတ်ကုသခြင်း(Major Operation) ဟူ၍ရှိရာ နှစ်မျိုးစလုံးပင်
(ပုံမှန်)အချိန်တိုခွဲစိတ်ကုသမှုဖြစ် သောကြောင့် (များသောအားဖြင့်)ထုံဆေးကိုအသုံးပြု၍
ကုသမှုပြုပါသည်။ ကလေးငယ်များ၏ မွေးရာပါအတွင်းတိမ်ခွဲစိတ်ကုသခြင်းနှင့် မျက်စိနောက်ခန်းခွဲစိတ်ကုသခြင်းများကဲ့သို့သော
ကိစ္စ ရပ်များကိုမူ မေ့ဆေးပေး၍ ကုသမှုများရှိသော်လည်း မေ့ဆေးဖြင့်ကုသခြင်းအတွက် ရေးသားရန်
အကြောင်းထူးမရှိပေ။ ဤဆောင်းပါးသည် ထုံဆေးဖြင့်မျက်စိခွဲစိတ်ကုသသော ကိစ္စရပ်များကိုသာ
ရည်ရွယ်ပါသည်။ခွဲစိတ်ကုသမှုကာလ ငါးမိနစ် (5 minute) မျှသာကြာသော ကာလတိုခွဲစိတ်ကု သမှုမျိုးတွင်မူ
ထုံဆေးထိုးဆေးကိုပင် အသုံးမပြုတော့ပဲ အစက်ချထုံဆေးမျက်စဉ်းဖြင့်ပင် ကုသ မှုပြုပါသည်။
ထုံဆေးဖြစ်သောကြောင့် နာကျင်မှု ဝေဒနာကို ခံစားရမည်မဟုတ်သော်လည်း၊ ထိတွေ့မှုအသိမှာမူ
ရှိနေဦးမည်ဖြစ်ပါသည်။ အကြားအာရုံ(ပတ်ဝန်းကျင်မှအသံများကို ကောင်း ကောင်းကြားရ)ကောင်းနေဦးမည်ဖြစ်ပါသည်။
ကိုယ်ရည် ကိုယ်သွေးနှင့် မိမိကိုယ်ကိုမိမိ ဆောက် တည်နိုင်မှုအဆင့် နိမ့်ကျသော အချို့သောသူများမှာမူ၊ထိုထိတွေ့မှုအသိကိုပင်
နာကျင်သည်ဟူ သော အစားထိုးအထင်ဖြင့် တုန်လှုပ်တတ်ကြပါ သည်။လူနာ၏ကြောက်ရွံ့တုန်လှုပ်မှုသည်
ခွဲစိတ် ကုသမှုလုပ်ငန်းစဉ်အား အထူးပင် နှောင့်နှေးကြန့် ကြာစေပါသည်။
ထိုအခါ
အတွေ့အကြုံရင့်ကျက်သော မျက်စိခွဲစိတ်ဆရာဝန်ကြီးများသည် လူနာအား စိတ် သက်သာရာရစေရန်ရည်ရွယ်လျှက်
နည်းလမ်းများရှာကြံ၍ကျင့်သုံးကြပါသည်။
မန္တလေးမြို့မှ
မျက်စိခွဲစိတ်အထူးကုဆရာဝန် ဆရာမကြီးတဦးကမူ တရားပြကောင်းသော ဆရာတော်ကြီးများ၏ တရားတော်များကို
မျက်စိခွဲစိတ်ခန်းအတွင်းတွင် လူနာကြားလောက်ရုံ အသံ တိုးတိုးဖြင့်ဖွင့်ထားစေပါသည်။ကိုယ်စိတ်နှစ်ပါးကို
တည်ငြိမ်စေသော တရားတော်များ၏ အထောက်အပံ့ဖြင့် လူနာ၏ စိတ်နှလုံးကိုကောင်းစွာဆောက်တည်နိုင်စေပြီး၊ခွဲစိတ်ကုသမှု
လုပ် ငန်းစဉ် (စ လယ် ဆုံး သုံးပါးလုံး) ကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ခွဲစိတ်ကုသမှု
ရလာဒ်ကောင်းများကိုလည်းပေါ်ထွက်စေပါသည်။ ယခုအခါ ထိုမျက်စိအထူးကုဆရာဝန် ဆရာမ ကြီးသည့်
ဇီဝိတဒါနမျက်စိကုသမှုလုပ်ငန်းများကို အချိန်ပြည့်နီးပါးဆောင်ရွက်လျှက်ရှိနေပြီဖြစ်ရာ
နှစ်ထောင်းအားရ သာဓုအလီလီ ခေါ်ဆိုဖွယ်ရာပင်ဖြစ်ပါသည်။
ဒုတိယမျက်စိအထူးကုဆရာဝန်ကြီးကမူ
ခွဲစိတ်ခံလူနာနှင့် အာလာပသလ္လာပ စကားပြော သောနည်းကို ကျင့်သုံးပါသည်။ “အမေနေကောင်းလား”
၊ “အဘနေကောင်းလား” ဟုအစချီလျှက် လူနာပြောချင်မည့် စိတ်ဝင်စားမည့် အကြောင်းအရာကို စတင်စူးစမ်း၏။အချို့က
သားသမီးများ အကြောင်းပြောချင်သည်။ အချို့က နိုင်ငံရေးအကြောင်း၊အချို့ကငယ်ငယ်ကအကြောင်း၊အချို့က
မိမိ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအကြောင်း စသည် ဖြင့် သူစိတ်ဝင်တစားပြောချင်သည့် အကြောင်းအရာကိုဦးတည်
ပြောလာစေရန် လမ်းကြောင်းပေးခြင်းဖြင့် လူနာ၏စိတ်ဖိစီးမှုကို လျော့ ကျစေပြီး ခွဲစိတ်ကုသမှုလုပ်ငန်းကို
ချောမွေ့စေသည်။ကုသမှုရလာဒ်ကောင်းစေပါသည်။
ပြည်ပမှ
မျက်စိခွဲစိတ်ဆရာဝန်ကြီးတဦးကမူ ခွဲစိတ်ခန်းအတွင်း တေးဂီတသံစဉ်များကို ငြိမ့် ညောင်းသာယာစွာ
ဖွင့်ပေးထားခြင်းဖြင့် လူနာ၏စိတ်ဖိစီးမှုများကို လျော့စေလျှက် ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်ကိုအောင်မြင်အောင်
ဆောင်ရွက်ကြသည်ကို စာရေးသူတွေ့ဖူးပါသည်။
သို့ဖြစ်ရာ
မျက်စိခွဲစိတ်ကုသမှုခံယူမည့် လူနာများအနေဖြင့် မျက်စိခွဲစိတ်ခန်းသည် တိတ် ဆိတ်ငြိမ်သက်လျှက်
စိတ်ခြောက်ခြားဖွယ်ရာ နေရာတခုအဖြစ် ထင်ယောင်ထင်မှားအတွေးများဖြင့် စိုးရွံ့ထိတ်လန့်မှုမဖြစ်ကြရန်လိုအပ်ပါသည်။တရားတော်များဖြင့်
ထုံမွှမ်းသောခွဲစိတ်ခန်း၊အာလာပ သလ္လာပစကားများဖြင့် ရင်းနှီးနွေးထွေးသောခွဲစိတ်ခန်း၊ငြိမ့်ညောင်းသောတေးဂီတသံတို့ဖြင့်
လွှမ်း ခြုံသော ခွဲစိတ်ခန်းများလည်းရှိပါကြောင်း အသိပေးရေးသားအပ်ပါသည်။
ပြည့်အောင်(COA - Certified Ophthalmic Assistant)

