20.9.17

Univerasal Eye Health နှင့်စိန်ခေါ်မှုများ........မောင်ပြည့်အောင်။(၂၀/၉/၁၇ ရက်နေ့ထုတ် The Voice Daily သတင်းစာပါဆောင်းပါး)





Universal Eye Health
မျက်မှောက်ကာလ၌ အကြုံးဝင်လျက်ရှိသော ကမ္ဘာကျမ်းမာရေးအဖွဲ့(WHO) ၏ မျက်စိကျမ်းမာရေး ဘက်စုံဖွံဖြိုးတိုးတက်မှု (Univerasal Eye Health)အတွက် ကမ္ဘာတဝှမ်း အကောင်အထည်ဖော်မှု အစီအစဉ်(2014-2019) ကို ရေးဆွဲထုတ် ပြန်ခဲ့ရာတွင်၊  တန်းတူညီမျှမှုရှိစေရေး၊ လူ့အခွင့်အရေး အပြည့် အဝရရှိရေးနှင့် လူတိုင်းပူးပေါင်းပါဝင်ဆောင်ရွက်ပိုင်ခွင့် (ကုသမှုခံယူနိုင်ခွင့်) ရရှိရေးများအတွက်  ရေးဆွဲ ထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။ တွေ့ရှိချက်များကို စနစ်တကျထုတ်ပြန်ကြေငြာရန်နှင့် ပွင့်လင်းမြင်သာ သော ထိရောက်သည့်လုပ်ငန်းများကို ဦိးစားပေးမည့် ၎င်းအစီအစဉ်က ”မည်သူတဦး တယောက်မျှ ကျန်ရစ်ခဲ့ခြင်း မရှိစေရ” ဟူ၍အာမခံချက် ပေးထားပါသည်။
         လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်၌ ကမ္ဘာတဝန်းဝန်ပိစေသော ရောဂါများ (Global Burden of Disease – GBD)ကို လေ့လာရာတွင်မျက်မမြင်ပျံ့နှံ့မှု နှုန်းထားသည် ၊ ၁၉၉၀ ပြည့်နှစ်၌ ၀.၆၀% ရှိရာမှ ၊ ၂၀၁၀ တွင် ၀.၄၇ % သို့ ကျဆင်းသွားကြောင်း ဖော်ပြထား၏။ ဤအချက်ကိုကြည့်လျှင် ကမ္ဘာတဝန်း ပြည်သူ့ကျမ်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်လာသည်ဟု ယူဆနိုင်ဖွယ်ရှိ၏။ သို့သော်လည်း၊ ၎င်းသည် အသက်အပိုင်းအခြားကိုသာ အခြေခံလေ့လာထားသော တွေ့ရှိချက်မျှသာဖြစ်၍ ပိုမိုကျယ်ပြန်သော နိုင်ငံ ပေါင်းစုံ ဖြန့်ကျက်လေ့လာမှုအပိုင်း၌  အားနည်းချက်ရှိသည်ကို တွေ့ရပါမည်။

သုတေသီတို့၏အမြင်
               သုတေသီအချို့ကမူ အမြင်အာရုံဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများ၏  တိုးတက်မှုသည် လူနေ မှုအဆင့်အတန်းတွင်လည်း မူတည်ကြောင်း ညွှန်ပြကြ၏။  ဥပမာအားဖြင့် အာဖရိကနှင့် လက်တင်အမေရိ ကခုနှစ်နိုင်ငံတို့တွင် လူမှုအဆင့်အတန်း အလွန်နိမ့်ကျသောကြောင့် မျက်မမြင်ကျဆင်းရေး၊ အမြင်အာရုံ ယိုယွင်းအားနည်းမှု ကျဆင်းရေး၊သတင်းများရယူရေး နှင့် အတွင်းတိမ်ခွဲစိတ်ကုသမှုစံနှုန်း စသည်များမှာ အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိကြောင်း၊ ၎င်းနိုင်ငံများသည် အထောက်အပံ့များ လိုအပ်လျှက် ရှိရာ၊ ချမ်းသာကြွယ်ဝသူ အလှူရှင်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် စည်းရုံးကြရန် လိုအပ်ကြောင်း အကြံပြု ထားပါသည်။

နိုင်ငံကြီးအချို့၏အခြေအနေ
              အာဂျင်တီးနားနိုင်ငံ၌ အမြင်ဆုံးရှုံးမှုကို အများဆုံးဖြစ်စေသည့် အတွင်းတိမ်ကို၊ ခွဲစိတ်ကုသမှု မပြုနိုင်သေးသည့် နှုန်းထားသည် ဆိုးရွားစွာမြင့်မားကြောင်း ၊ အမျိုးသားအဆင့် အတွင်းတိမ်ခွဲစိတ်ကုသ မှုနှုန်းထား (CSR-cataract surgical rate) သည် ၅၉၃၅ (cataract operation per million population per year) ရှိကြောင်း သတင်းများကဖော်ပြပါသည်။ထို့ပြင် ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ဂူဂျာရက်မြို့ တွင်ပြု လုပ်သော လေ့လာဆန်းစစ်ချက် အစီရင်ခံစာများအရ အိန္ဒွယနိုင်ငံ၌ အတွင်းတိမ်ခွဲစိတ်ကုသမှု နှုန်းထား (CSR)သည် ၊၁၀,၀၀၀, ရှိသည့် အတွက်  ကျန်ရှိမှုပမာဏများပြားကြောင်း ၊ အဓိကကျသော မျက်စိရောဂါ ကုသမှုများ နှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည့် မျက်စိပြဿနာများကိုဖြေရှင်းရန်လည်း ကျန်ရှိ နေသေး ကြောင်း သိကြရပါသည်။
 ဖွံ့ဖြိုးတိုးတက်မှုအဆင့် မြင့်မားသည်ဟု သတ်မှတ်ထားကြသော ယူနိုက်တက်ကင်းဒန်းရှိ လူမည်း လူနည်းမျိုးနွယ်စုများ အတွင်း၌ပင်လျှင် အမြင်အာရုံဆုံးရှုံးမှုများ အထူးမြင့်တက်လျှက်ပြီး၊ အရွယ်ရောက်ပြီး မသန်စွမ်းဖြစ်နေသူများအား (၁၀)ကြိမ်ထက်မနည်း လေ့လာကြည့်ရာတွင် ၊ အမြင်အာရုံလုံးဝဆုံးရှုံးမှုနှင့် တစိတ်တပိုင်းဆုံးရှုံးမှု ဖြစ်နိုင်ခြေရှိနေသူများကို ၎င်းနိုင်ငံ၏လူဦးရေ ပြန့်နှံ့မှုအလိုက် တွေ့ရှိနေကြရပါသည်။

မသန်စွမ်းသူများနှင့်ဆင်းရဲနွမ်းပါးသောနိုင်ငံများ
မသန်စွမ်းသူများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့ ပူးတွဲထုတ်ပြန်သော အစီရင်ခံစာတွင် မသန်စွမ်းသူများ၏ ကျမ်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ရာ တွင်၊ အဓိကအခက်အခဲနှစ်မျိုး ကြုံတွေ့ရကြောင်း ၊ ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး (မသန်စွမ်း သူတို့ ကြို/ပို့) စနစ်နှင့် ကျမ်းမာရေးစောင့်ရှောက်မှုများကို ခံယူနိုင်မှု(ကျမ်းမာရေး ဝန်ထမ်းများ၏ အကြံပြု ညွှန်ကြားချက်များကို လိုက်နာနိုင်စွမ်းရှိမှု) အခြေအနေတို့ပင်ဖြစ်ကြောင်း ညွှန်ပြကြပါသည်။
 မသန်စွမ်းသူများသာမက ဝင်ငွေနိမ့်ကျသော နိုင်ငံများရှိ မသန်စွမ်းမဟုတ်သော အမျိုးသမီး ၃၆% နှင့်၊ အမျိုးသား ၄၀% တို့မှာ မသန်စွမ်းအမျိုးသမီး ၆၁%နှင့်၊ အမျိုးသား ၅၉% တို့နည်းတူ ကျမ်းမာရေး ဌာနများသို့ သွားနိုင်ခြင်းမရှိကြောင်း အထက်ပါအစီိရင်ခံစာကဆိုပါသည်။ အိန္ဒိယနှင့် တန်ဇန်းနီးယားနိုင်ငံ များတွင် ပြုလုပ်ခဲ့သော သုတေသနလုပ်ငန်းများ၏ရလာဒ်တွင်မူ အထက်ပါကဲ့သို့ မသန်စွမ်းသူများအတွက် မျက်မမြင်တားဆီးရေးလုပ်ငန်းများ၌ စိန်ခေါ်မှုများရှိစေကာမူ၊ မသန်းစွမ်းသူတို့၏ ပူးပေါင်းပါဝင်မှု့ မြင့်တက် လာသည်ကိုတွေ့ရကြောင်း ဝမ်းမြောက်ဖွယ်သိရပါသည်။         


စိန်ခေါ်မှုများ၏အကြောင်းရင်း
ထိုကဲ့သို့ မျက်စိကျမ်းမာရေးအပါအဝင် ကျမ်းမာရေးစောင့်ရှောက်မှုများ၌ စိန်ခေါ်မှုများ ကြုံတွေ့ နေရခြင်း၏ အကြောင်းရင်းကိုလေ့လာရာတွင် အမြင်အမျိုးမျိုး ရှုဒေါင့်အမျိုးမျိုး ရှိမည်ဖြစ်သော်လည်း  အောက်ပါအခြေခံအကြောင်းများပေါ်၌ မူတည်နေသည်ကို လက်ခံနိုင်ကြမည်ဖြစ်ပါသည် ။
အဓိကအားဖြင့် အထွေထွေဆင်းရဲနွမ်းပါးမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး ၊ ဝင်ငွေနိမ့်ကျခြင်း၊ ကျမ်းမာရေးချို့တဲ့ခြင်း၊ အခြေခံပညာရေးအဆင့်နိမ့်ကျခြင်း ၊ ရေနှင့်မိလ္လာစနစ်အား နည်းခြင်း ၊ ကျမ်းမာရေး နှင့် ဘေးအန္တရယ်ကင်းရှင်းမှုမရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ကြရခြင်း၊ အကြမ်းဖက်ခံရမှု၊ ဘဝမလုံခြုံမှု နှင့် လူတန်းစားခွဲခြား၍ ဆက်ဆံခံရမှုများ၊ ကျမ်းမာရေးစောင့်ရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင်မှုအားနည်းခြင်း၊ ထိုက်သင့်သော လုပ်ပိုင်ခွင့်တာဝန်နှင့် အခွင့်အာဏာများမရှိခြင်း၊ မိမိကိုယ်ကို လေးစားတန်ဘိုးထားမှု အားနည်းခြင်း၊ စသည်ဖြင့် အကြောင်းရင်းများစွာကို အခြေခံကြောင်း တွေ့ရှိကြရမည် ဖြစ်ပါသည်။

ဖြေရှင်းရန်နည်းလမ်းများ
မျက်စိကျမ်းမာရေးလုပ်ငန်းများကို ထောက်ပံ့မှုများပေးနိုင်ရန်အတွက် အချက်အလက်များ စုဆောင်းရာတွင်၊ အသက်အရွယ်နှင့် ယောက်ျား မိန်းမ လိင် ကွဲပြားခြားနားမှု ၊ စီးပွားရေးဆိုင်ရာ ပတ်ဝန်း ကျင် အခြေအနေများကိုသာမက လူနည်းစုမျိုးနွယ်များ ၊ ရွှေ့ပြောင်းနေထိုင်သူများ ၊ မသန်စွမ်းဖြစ်နေသူ များ နှင့် သက်ဆိုင်သော အချက်များကိုပါ စုဆောင်းရန်လိုပါသည်။
 ငွေကြေးနှင့် အခြားအထောက်အပံ့များ ရရှိရန်လိုအပ်ပါသည်။( ပြည်တွင်းနှင့်နိုင်ငံတကာမှ အလှူ ရှင်များအား မျက်စိကျမ်းမာရေးစောင့်ရှောက်မှုများ၏  အခြေအနေမှန်များကို ပိုမိုသိရှိလာအောင် နည်းလမ်း များရှာသင့်ပါသည်။)အသက်အရွယ်မရွေး၊ ယောက်ျားမိန်းမမရွေး၊ ဆင်းရဲချမ်းသာမရွေး၊မျိုးရိုး ဇာတိနေရာ ဒေသမရွေး၊ ပညာအဆင့်အတန်းရှိသူနှင့်မရှိသူ၊ မသန်းစွမ်းသူများအပါအဝင် လူတိုင်းလူတိုင်းအား တန်းတူ ညီမျှစိတ်ထား၍ ကုသမှုစောင့်ရှောက်မှုပေးနိုင်သော မျက်စိကျမ်းမာရေးဌာနများ၊ယူနစ်များ မျက်စိဆရာဝန် များ၊ ပညာရှင်များကို စုစည်းရန်လိုအပ်ပါသည်။
 မသန်းစွမ်းသူများကို  စဉ်ဆက်မပြတ်ပါဝင်လာစေရေးအတွက် ကျမ်းမာရေးယူနစ်များက ကြိုးစား ကြရန်လိုပါသည်။ မျက်စိကျမ်းမာရေးလုပ်ငန်းများကို ထောက်ပံ့ပေးသူများကလည်း စီးပွားရေးလုပ်ငန်း ရှင်များအားစုစည်း၍၊ ၎င်းတို့၏ဝန်ထမ်းများအား မျက်စိကျမ်းမာရေးစောင့်ရှောက်မှု အခွင့်အရေးများရစေ ရန် (စစ်ဆေးမှုများကို လက်ခံလာကြစေရန်) တိုက်တွန်းကြရပါမည်။
           အရေးကြီးဆုံးသောအချက်မှာ အမြင်ချို့တဲ့သူများသည် မိမိတို့က စောင့်ရှောက်မှုပေးရသော လူနာများအဖြစ်သာမဟုတ်ဘဲ၊ မိမိတို့၏လုပ်ငန်းအပေါ် လူတန်းစားအလွှာအသီးသီးက ယုံကြည်မှုရှိလာရန် နှင့် လျှင်မြန်စွာတိုးတက်ရေးအတွက် အဓိကပံ့ပိုးမှုပေးသော အရေးပါသူများဖြစ်သည်ဟူသော ခံယူချက် ထားရှိလျက် စိတ်စေတနာကောင်းဖြင့် စောင့်ရှောက်မှုပေးကြရန်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။

(Ref; “Inequality and inequity in eye health”.Johannes Trimmel, Director: Policy and Advocacy)

မိဘကျေးဇူး အထူးဆပ်နိုင်ကြစေရာ…. မောင်ပြည့်အောင်(၁၉/၉/၁၇ ရက်နေ့ထုတ်ကြေးမှုံသတင်းစာပါဆောင်းပါး)


 

“မာတာပိတု ဥပဋ္ဌာနံ”ဟူသော မင်္ဂလာတရားတော်နှင့်အညီ မိဘကျေးဇူးဆပ်ခြင်းကို စာရေးသူ တို့သားသမီးများ အနေ့ဖြင့် အထူးအလေးထား ကျိုးစားဆောင်ရွက်သင့်ပါသည်။ သူများပေး၍မရ ကိုယ်ပြုမှရသည့် (ဒါနသီလ ဘာဝနာတရားတို့ကဲ့သို့) ဂုဏ်တင်ထိုက်သည့် မိဘကျေးဇူးဆပ်သည့် အလုပ်ကို သားကောင်းသမီးမွန်တို့က ကြိုးစားကြအားထုတ်ကြ၏၊ မလုပ်ဖြစ်သေးသော သူများက လည်း စိတ်၌ရည်ရွယ်ရင်း ရှိကြမည်ပင်ဖြစ်၏။ ဤနေရာ၌ စိတ်စေတနာ အလျင်းမရှိသောသူဟူ၍ ရှိမည်မထင်ပေ။ကျင့်သုံးသည့် နည်းလမ်းကိုသာ ရွေးချယ်တတ်ကြရန် လိုမည်ထင်၏။
 မိမိတွင် စီးပွားဥစ္စာတို့နှင့် ပြီးပြည့်စုံသောတနေ့၌ အမိအဖတို့အား အိမ်ကောင်းယာကောင်း တိုက်ကြီးတာကြီးတို့ဖြင့် နေရစေမည်၊ ဝတ်ကောင်းစားလှတို့ဖြင့်ဆင်ယင်လျက် ကောင်းပေ့ဆိုသော ကားကြီးကားငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်စေရမည် ၊ လှူရေးတန်းရေး လက်မနှေးစေရဘဲ ဒါန သီလဘာဝနာ ကုသိုလ်ကောင်းမှုတို့၌ စိတ်သွားတိုင်းကိုယ်ပါစေရမည် စသည့်ဖြင့် အားခဲမာန်တင်း လျက် စီးပွားဥစ္စာကြိုးစားရှာဖွေနေကြသူ သားသမီးတို့လည်း ဒုနဲ့ဒေးပင်ရှိကြပါလိမ့်မည်။ထိုတနေ့၌ အမိအဖတို့သည် သက်ရှိထင်ရှား ရှိနေကြပါဦးမည်လား။
          “မိဘကျေးဇူးမြင့်မိုရ်ဦး”ဟူ၍ အနှိုင်းမဲ့ကြီးမားလှသည်ဟုဆိုသော   မြင့်မိုရ်တောင်၏အထွဋ်၌ တင်လျှက် မြင့်မြတ်မှုကိုစံပြုကြ၏။  ညာဖက်ပခုံးတွင်ဖခင်ကိုတင် ဘယ်ဖက်ပခုံးတွင်အမိကိုထားကာ ကပ်ကမ္ဘာ တခုသောကာလပတ်လုံး ကျေးဇူးဆပ်သော်ငြား အမိအဖတို့၏ကျေးဇူးကို ကျေအောင်ဆပ် နိုင်ဖွယ်ရာပင်မမြင်ကြောင်း ပမာခိုင်း၍ ပြသော စာပေများလည်းရှိပါသည်။
          ဤသို့ဆိုလျှင် မိဘကျေးဇူးဆပ်ခြင်းသည်(ခေတ်စကားနှင့် လွယ်လွယ်ဆိုရလျှင်)အကြီးကြီး ဖြစ်၏၊ အများကြီးဖြစ်၏၊အလွန့်အလွန်ကြီး၍ အလွန့်အလွန်များ၏ဟူ၍ပင် ဆိုရအံ့ထင်သည်။ သာမန် လူတို့စွမ်းနိုင်ဖွယ်ရာမရှိဟူ၍ စာရေးသူတို့၏သားသမီးများအပါအဝင် လူငယ်အပေါင်းတို့၏စိတ် သဏ္ဍာန်ဝယ် ထင်မှတ်ဖွယ်ရာဖြစ်နေလေသည်(စာပေပညာရှင်တို့အား အပြစ်မြင်ခြင်းမဟုတ်ပါ)။ အဖိုး အနဂ္ဂထိုက်သော ပြည်တန်ပတ္တမြားအား တန်ဘိုးကြီးလွန်း၍ (မဖြစ်နိုင်ဟုယူဆ၍) ရယူရန် ကြိုးစားဖို့ ဝေးစွ စိတ်ကူး၌ပင်မတွေးသည့်အဖြစ်မျိုး၊ သာမန်အဆင့်လောက်ဖြင့် လုပ်နိုင်ဖွယ်မရှိဟူသော မာန် လျော့နေကြမည့်အဖြစ်မျိုးပင်(စိုးရိမ်လောက်စရာ) ဖြစ်နိုင်ဖွယ်ရှိလေသည်။
          သို့ဆိုသော်ငြားလည်း ဥာဏ်ပညာနှင့်ပြည့်စုံသော အမိအဖများသည် အထက်ဖော်ပြပါ စံလွဲ အတွေးအခေါ်မျိုး မိမိသားသမီးတို့၏စိတ်သဏ္ဍာန်ဝယ် မြူမှုံမျှမထင်စေရန် အလိမ္မာတရား လက်ကိုင် ထားလျက် ကြိုးစားအားထုတ်ကြသည်သာဖြစ်လေ၏။ လူမှန်းသိတတ်စအရွယ်မှစတင်ကာ၊ မိခင် ဖခင်တို့အား ကိုယ်စိတ်နှလုံးသုံးပါးလုံး၌ ရိုသေလေးမြတ်မှုရှိစေရန် ပညာဥာဏ်ကိုသုံး၍ ဆိုဆုံးမကြ၏။  သားသမီးတို့၏ စိတ်နှလုံးကို ကြည်နူးစေသော ဘုရားအလောင်းတော် သုဝဏ္ဏသာမဇတ်တော်သည် သားသမီးတို့၏ အိပ်ယာဝင် ပုံပြင်ဖြစ်စေ၏။ အမိအဖတို့၏ကျေးဇူးကို အလောင်းတော်ကဲ့သို့ ဝေယျာ ဝစ္စကုသိုလ်ပြု၍လည်း ဆပ်နိုင်ကြောင်း မီးမောင်းထိုးပြ ကြ၏။
ပြေးလွှားကစားတတ်စအရွယ်မှစ၍ “ဖေဖေ့ကိုကြိုလိုက်ပါဦး” “မေမေ့ကိုကူလိုက်ပါဦး”ဟုသတိ ပေး၍ သာသမီးဝတ်ကို သိစေ၏။ ဤသို့ဖြင့် အမိအဖတို့၏ အလိုကိုသိ၍ မိဘအလိုကျနေထိုင်တတ် ခြင်းနှင့် မိဘတို့၏ဝေယျာဝစ္စ အမှုကြီးငယ်တို့ကို ဆောင်ရွက်ပေးခြင်း၌ယဉ်ပါးသော အလေ့အကျင့် ကောင်းများသည် သားသမီးတို့၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်၌ စွဲထင်၍သွားလေတော့သည်။ မိမိ တို့ကိုယ်တိုင် တအိုးတအိမ်ထူထောင်၍ မိဘကျေးဇူးကို နားလည်သိတတ်လာသောအခါ မိဘ ကျေးဇူးဆပ်ခြင်းကို ငယ်စဉ်ကလေး ဘဝကပင် မိမိကိုယ်တိုင်ပြုခဲ့ကြောင်းနှင့် ဆက်၍ကျင့်သုံးရမည့် နည်းလမ်းကိုလည်း ကောင်းစွာ သိမြင်လာတော့၏။
စာရေးသူတို့လူရွယ်ဘဝ အလုပ်ခွင်အသီးသီးတွင် စ၍အလုပ်ဝင်ကြစဉ်ကဖြစ်၏၊ တပ်မတော် ဆေးတပ်၌ ဆေးရုံတပ်ဆွယ်မှူးဗိုလ်ကြီး (ဆရာဝန်) ဖြစ်သော စာရေးသူ၏အကိုဖြစ်သူသည် အိမ်သို့ ရောက်ခိုက် အမေနှင့်စကားပြောရင်း အလုပ်ပင်ပန်း၍ နေသာထိုင်သာမရှိကြောင်းပြောမိရာ၊ မိခင် ဖြစ်သူက သား၏နဖူးကိုသူ၏ပါးဖြင့်ကပ်၍စူးစမ်း၏၊ ခြေဖျားလက်ဖျားများကိုလည်း စမ်းသပ်ကြည့်၏၊ ရင်ကိုလည်း နားနှင့်ကပ်၍နားထောင်၏ “ ဒီအိပ်ယာမှာအိပ်ငါ့သား စောင်ကိုခေါင်းဖျားခြေဖျား လုံ အောင်ခြုံ စိတ်ရောကိုယ်ရောပင်ပန်းလွန်းလို့ မအီမသာဖြစ်နေတာ ချွေးထုတ်ရမယ် ငန်းဆေး ( ကွမ်း ရွက်၊ ကြပ်ခိုး၊နနွင်းမှုန့်၊အိပ်သုံးဆားတို့ဖြင့် သူကိုယ်တိုင်ဖော်စပ်ထားသော အဖိုးအဖွားတို့ထံမှ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့သည့် အမေ၏လက်စွဲဆေး) သောက်ဖို့လိုတယ်” ဟုဆိုပြီး၊ ထိုစဉ်က အသက်(၆၀) နားသို့ ကပ်နေပြီဖြစ်သောအမေသည် လိုအပ်သည်များကို သူကိုယ်တိုင်လည်း ဇယ်စက် သလို တက်ကြွသွက်လက်စွာပြင်ဆင်၏။ အနားရှိ သားသမီးများအားလည်း ကူညီစေ၏။ အကိုဖြစ်သူ (ဆရာဝန်ဗိုလ်ကြီးဖြစ်သူ)ကလည်း မည်သည့်စောဒကမျှမတက် ၊အမေတိုက်သောငန်းဆေး( ဟင်း ရည်သောက် ကြွေဇွန်း ကြီး ၃ ဇွန်းပမာဏ)ကို သောက်၍ အမေခင်းပေးသော အိပ်ယာထက်၌ စောင် ကို ခေါင်မြီးခြုံ၍ ချွေးထုတ်လေသည်။
“အခုမှဘဲပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းသွာတယ်အမေရာ”၊ ချွေးစုံမစုံ သူကိုယ်တိုင်ဆုံး ဖြတ်၍ ကိုယ်တိုင်ချွေးသုတ် ကိုယ်တိုင်အဝတ်အစားလဲပေးထားသော သူ့သား၏အသံကို ကျေကျေ နပ်နပ်ကြီး နားထောင်နေသောအမေသည် ပြုံး၍နေပါသည်။ ဤအပြုံးကို ပီတိမျက်ရည်တို့ဖြင့် စိုနေ သောမျက်ဝန်းများတွင်လည်း တွေ့ရ၏။ ပိရိသေသပ်သော နှုတ်ခမ်းများ၌လည်းတွေ့ရ၏။ အရေး အကြောင်းတို့ဖြင့် မပီမပြင် တန်ဆာဆင်စပြုနေသော ပါးပြင်နှင့်နဖူးပြင်တို့ထက်၌ပင်လျှင် မြင်ရသည် ထင်၏။ သိမ်မွေ့သောအပြုံး ကျေနပ်သောအပြုံး နှလုံးသားမှလာသည့် မပြယ်သောအပြုံးပင်ဖြစ် ပါသည်။ ကာယိကဒုက္ခ စေတသိကဒုက္ခ တို့ကိုရင်ဆိုင်လျက် ကိုးလလွယ်၍ ဆယ်လဖွားခဲ့ရသော သူ၏ သားဖြစ်သူသည်၊ ကိုယ်တိုင် သက်မွေးဝမ်းကြောင်းပြုနေနိုင်ပြီဖြစ်သော ဤအရွယ်အထိ မိမိ၏ ရင်ခွင်ထဲ၌ ရှိနေသေးသည်ကို ခံစားသိမြင်လိုက်ရသောကြောင့် ဖြစ်ပါလိမ့်မည်။
သားသမီးများနှင့် ကြီးမားသောအိမ်ထောင်တာဝန်ကို ထမ်းဆောင်နေရသော စီးပွားရေးလုပ် ငန်းရှင် အသက်(၆၀)ဝန်းကျင်ရှိသော သားဖြစ်သူက အသက်(၉၀)ကျော်အရွယ် အမိအဖတို့၏အိမ်သို့ နေ့စဉ်သွားကာ ညနေစာအတူတူစားခြင်းသည်လည်းကောင်း၊ ဘီးတပ်ကုလားထိုင်ဖြင့် အသက်ရှင် ရပ်တည်နေရသော ဖခင်၏အိမ်သို့ (သားသမီးသုံးယောက်တို့၏မိခင်ဖြစ်နေလင့်ကစား) နေ့စဉ်ဝတ် မပျက်အရောက်သွားကာ ၊ ဘီးတပ်ကုလားထိုင်ကိုတွန်းရင်း၊ မိမိ၏လုပ်ငန်း အတွေ့အကြုံများနှင့် ရှေးဟောင်းနှောင်းဖြစ် ကြည်နူးရယ်မောစရာများကိုပြောလျက် လမ်းလျောက်ထွတ်တတ်သော သမီး သည်လည်းကောင်း၊ မိမိတို့၏ရင်မှလာသော မိဘကျေးဇူးဆပ်နည်းများကို ကျင့်သုံးနေကြသူများ  ဖြစ်သည်ကို သိမြင်နိုင်ကြမည်ထင်ပါကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း ပို၍ပို၍ထိရောက်သော နည်းလမ်းကောင်းများကို ရှာဖွေတွေ့ရှိကျင့်သုံးကြလျက် မိဘကျေးဇူးကို ပြန်လည်ပေးဆပ်နိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုရေးသားအပ်ပါသည်။