မျက်စိဆိုသည်မှာ(Introduction
to the eye)
မျက်စိစမ်းသပ်စစ်ဆေးခြင်း၊
တွေ့ရှိချက်များကို မှတ်တမ်းတင်ခြင်း ပြဿနာများကို
သုံးသပ် အဖြေ ရှာခြင်း၊ မိမိထက် ပို၍ကျွမ်းကျင်သော ပညာရှင်များထံသို့ ပေးပို့စေလွှတ်၍
ဆက်လက်ကုသ မှုခံ ယူစေခြင်း၊ စသည်တို့ ကို ဆောင်ရွက်ရာ၌ ထိရောက်မှု ရှိစေရန်အတွက်
မျက်စိ၏အင်္ဂါအစိတ် အပိုင်းများ (Anatomy of the eye)ကို အခေါ်အဝေါ်နှင့်တကွ တိတိကျကျ သိရှိရန်
အရေးကြီးပါ သည်။ ဤအခန်း ၌ မျက်စိအင်္ဂါအစိတ် အပိုင်းများနှင့် ၎င်းတို့၏ အခေါ်အဝေါ်များအပြင်
လုပ်ငန်း ဆောင်ရွက်ပုံများ ကို လည်း ဖော်ပြထားပါသည်။
ကမ္ဘာနှင့်အ၀ှမ်းရှိ
နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၏ အရောင်အသွေး အရွယ်အစား ပုံသဏ္ဍန်အားဖြင့် မတူညီကြသော
မျက်စိအမျိုးမျိုးကို တွေ့ဘူးမြင်ဘူးကြမည် ဖြစ်ပါသည်။အသွေး အရောင် ပုံသဏ္ဍန် အားဖြင့်
မည်သို့ပင် ကွဲပြားခြားနားစေကာမူ မျက်စိအသုံးပြုမှု အပိုင်းတွင်မူ တူညီ ကြသည်ကို တွေ့ကြရမည်
ဖြစ်၏။ ဥပမာအားဖြင့်- စာရေးစာဖတ်ခြင်း၊ ရုပ်ရှင် တယ်လီဗေးရှင်းများ ကြည့်ရှုခြင်း နှင့်
စက်ဘီး မော်တော်ဆိုင်ကယ်မှစ၍ ယာဉ်အမျိုးမျိုးကို မောင်းနှင်ခြင်း၊ စသည်တို့ ဖြစ်၏။
အမြင်အာရုံ မကြည် လင်ခြင်း၊ မျက်စိနီခြင်း၊ မျက်စိနာခြင်းမျိုးနှင့် မျက်စိ၏ အစိတ်အပိုင်းတခုခု
ချို့ ယွင်း အားနည်းချက် ဖြစ်ပေါ် တတ်ခြင်းများတွင်လည်း တူညီကြလေသည်။
ဤနေရာ၌
အရေးကြီးသည်မှာ မျက်စိအင်္ဂါအစိတ်အပိုင်း အသီး သီး၏ ပုံမှန်လုပ်ဆောင် ချက် များ နှင့်
အကျိုးသက်ရောက်မှုများကို သိထားရန်ပင်ဖြစ် ပါသည်။ထိုကဲ့သို့သိမှသာလျှင် တစုံတ ယောက်၏
မျက်စိ၌ ဖြစ် ပေါ်နေသော အကောင်းအဆိုး လက္ခဏာများနှင့် ဖောက်ပြန်မှုများကို သိနိုင် ပြီး
မည်ကဲ့သို့ ဆောင်ရွက်ပေးသင့်သည်ကို မှန်ကန်စွာ ဆုံးဖြတ် နိုင်မည်ဖြစ်ပါသည်။
မျက်စိကို လေ့လာမည်ဆိုလျင်……
မျက်စိ၏
အချို့သောအစိတ်အပိုင်းများသည် သာမန်မျက်စိဖြင့် ကြည့်ရုံနှင့် သိနိုင်သော်လည်း မျက်စိ၏
အတွင်းပိုင်းတွင်ရှိသော အချို့ အင်္ဂါအစိတ်အပိုင်းများမှာမူ မျက်စိကိုစမ်းသပ်စစ်ဆေးကြည့်
ရှု ရန် အထူးပြုလုပ်ထားသော ကရိယာ(Special instrument)များဖြင့် ကြည့်ရှုမှသာ မြင်တွေ့နိုင်မည်
ဖြစ်ပါ သည်။
ဤအခန်းတွင်
Special instruments များကို အသုံးမပြုဘဲ ဆေးခန်းသုံးလက်နှိပ် ဓါတ်မီး ငယ်ကို သုံး၍
သာမန်မျက်စိဖြင့် သိနိုင်မြင်နိုင် သော အင်္ဂါအစိတ်အပိုင်းများကိုသာမက
အခြား သိသင့် သိထိုက်သော အင်္ဂါအစိတ်အပိုင်းများနှင်
၎င်းတို့ ၏ လုပ်ဆောင်ချက်များကိုပါ လက်လှမ်း မီသရွေ့ ရေးသားဖော်ပြ သွားပါမည်။ သို့မှသာ ကြုံတွေ့ရသော မျက်စိပြဿနာများ၏ အတိမ် အနက်ကို သိမြင်ပြီး
မည်သို့ဆက်လက်ဆောင်ရွက်သင့် သည်ကို မှန်ကန်စွာဆုံး ဖြတ်နိုင်မည် ဖြစ်ပါသည်။
အသုံးများသော
မျက်စိဝေါဟာရများ
Sclera စကယ်လာ မျက်ဖြူလွှာ။
Iris အိုင်းရစ် - မျက်နက်ဝန်း။
Cornea ကော်နီယာ - မျက်ကြည်လွှာ။
Pupil ပျူပယ်-
မျက်စိသူငယ်အိမ်။
Lens လန်းစ်- မျက်တွင်းမှန်ဘီလူး။
Conjunctiva
ကွန်ဂျန်တေဘာ - မျက်မြှေးလွှာ။
Vitreous ဗစ်ထရီးယပ်- မျက်စိနောက်ခန်းအတွင်း အပြည့်ရှိနေသည့် အလင်းတန်း ဖြတ်သန်း
ဝင်ရောက်နိုင်သည့် အရည်ပျစ်။
Choroid ကိုးရွိုက် - မျက်စိ၏အလယ်လွှာ။
Optic
nerve အော့ဗ်တစ်နာ့ဗ်- မျက်စိအာရုံကြော။ Retina
ရက်တီနာ- မြင်လွှာ။ Macular မက်ကျူလာ- မြင်လွှာ(Retina)၏အလယ်ဗဟို။
ဆေးပညာသုံး နေရာပြပုဒ်များ(Anatomical term
of location)
-Anterior အင်တီိးရီးယား (ရှေ့ဖက်အပိုင်း)= infront
of(e.g-the cornea is anterior to the iris). -Posterior ပို့စ်တီးရီးယား (နောက်ဖက်အပိုင်း)= Behind
(e.g- the retina is posterior to the crystalline lens).
-Superior ဆူပီးရီးယား (အထက်ဖက်အပိုင်း)= above (e.g-the
eyebrow is superior of the eye). -Inferior အင်ဖီးရီးယား (အောက်ဖက်အပိုင်း)= Below (e.g-the mouth is
inferior to the eye). -Nasal နေဇယ် (နှာခေါင်းဖက်အပိုင်း/နား၏ဆန့်ကျင်ဖက်)=Closer
to the nose further away from the ear).
-Temporal (နားဖက်အပိုင်း/နှာခေါင်း၏ဆန့်ကျင်ဖက်)=Further
away from the nose;closer to the ear.
အင်္ဂါအစိတ်အပိုင်းများ၏သဘောသဘာဝ
(၁)မျက်ခွံရိုး(Orbit)
မျက်စိကိုအုပ်ငုံလျက်
အပြည့်အ၀ အကာအကွယ်ပေး ထား သော အစိတ်အပိုင်းသည် မျက်ခွံ ရိုး ဖြစ်သည်။မျက်ခွံရိုးသည်
ဦးခေါင်းခွံ၏ ရှေ့မျက်နှာစာပိုင်းတွင် အစုံလိုက်ရှိပြီး မျက်လုံးနှင့် ၎င်း၏ ပြင်ပအင်္ဂါ
အစိတ်အပိုင်းများ ၀င်ဆံ့နိုင်သော အခေါင်းအိမ်ဖြစ်ပါသည်။
(၂)မျက်ရည်အလွှာ(Tear
film)
မျက်ကြည်လွှာအပါအ၀င်
မျက်စိ၏အပေါ်ယံ၌ ဖုံးလွှမ်းလျက်ရှိ သော အရည်အလွှာပါးသည် မျက်ရည်အလွှာပါးဖြစ်ပါသည်။ မျက်စိ၏
အပြင်ဖက်ရှိ အင်္ဂါအစိတ်အပိုင်းများ အစဉ်အမြဲစိုစွတ်လျက် ချောမွေ့နေစေ ရန် ဖန်တီးထားပြီး
ရောဂါပိုးများ ၀င်ရောက်မှုများကိုလည်း ကာကွယ်ပေး ပါသည်။ ထို့ပြင် မျက်ကြည်လွှာ အတွက်လိုအပ်သော
အာဟာရဖြည့်တင်း မှုကိုလည်း ဆောင်ရွက်ပေးပါသည်။
မျက်ကြည်လွှာသည် လိုအပ်သောအာဟာရ
ပြည့်ဝနေမှသာလျှင် ချောမွေ့တောက်ပ ကြည် လင် လျက် ရှိနေမည်ဖြစ်ပြီး ပုံရိပ်အလင်းတန်း
များကိုလည်း ကောင်းမွန်စွာ ဖြတ်သန်းဝင်ရောက်စေ နိုင်မည် ဖြစ်ပါသည်။ အမှန်စင်စစ် မျက်ရည်အလွှာတွင်
အလွှာသုံးလွှာရှိပြီး အဆီပြင်အလွှာပါး (Oil layer)သည် အပေါ်ဆုံးလွှာ ဖြစ်၏၊အထူဆုံး အလယ်လွှာသည်
အရည်အလွှာ(Water layer) ဖြစ်ပြီး မျက်လုံး မျက်ခွံ
တို့နှင့် တိုက်ရိုက်ထိ စပ်နေသော အောက်ဆုံးအလွှာသည် ချွဲပြစ်လွှာ(Mucous layer)ဖြစ် ပါသည်။
(၃)မျက်ဖြူလွှာ(Sclera)
ပုံတွင်မြင်ရသည့်အတိုင်း
မျက်စိ၏အပြင်ဖက်ဆုံး အပေါ်ယံအလွှာ သည် မျက်ဖြူလွှာ(sclera) ဖြစ် ပါသည်။မျက်ဖြူလွှာသည် အမည်နှင့်လိုက်
ဖက်စွာပင် အရောင်အသွေးမှာ အဖြူရောင်ဖြစ်၏။ မျက်လုံး အား အပြင်ဖက်ဆုံးအလွှာအဖြစ် အုပ်ငုံလျက်
ကာကွယ်ပေးထားပြီး ခိုင်ခန့်မှုရှိပါသည်။ရာဘာသား ဆန် ဆန် ဖွဲ့စည်းမှုရှိပါသည်။မျက်စိလှုပ်ရှားမှုကို
ထိမ်းချုပ်ပေးသော မျက်စိကြွက်သား (၆)ချောင်း (Extraocular muscles)နှင့် တိုက်ရိုက်တွဲဆက်လျက်ရှိပြီး
မျက်စိနှင့် ဦးနှောက်ကို ဆက်သွယ်ထား သော မျက်စိအာရုံ ကြော(Optic nerve)နှင့်လည်း ချိတ်ဆက်လျက်
ရှိပါသည်။
(၄)မျက်ကြည်လွှာ(Cornea)
ပုံတွင်မြင်ရသည့်အတိုင်း မျက်စိ၏အရှေ့ဖက် အလယ်ဗဟိုရှိ ကြည်လင်သန့်ရှင်းသော
ဧရိယာ သည် မျက်ကြည်လွှာ(Cornea) ဖြစ်ပါသည်။ မျက်ကြည်လွှာ(cornea)သည် မျက်ဖြုလွှာ(sclera)
ကဲ့ သို့ အဖြူရောင် အလင်းပိတ် အမျိုးအစားမဟုတ်ဘဲ အလင်းဖြတ်သန်းဝင်ရောက် နိုင်သည့်
မှန်ကဲ့သို့ ကြည် လင်နေသည့် မျက်ဖြူလွှာထက်ပို၍ နူးညံ့သော အစိတ်အပိုင်းဖြစ်ပါသည်။
ကြည်လင်တောက်ပလျက် သန့်ရှင်းမှုရှိနေရန်
လိုအပ်ပြီး ထို အခြေအနေမျိုး ရှိနေမှသာလျှင် မျက်စိအတွင်းသို့ ပုံရိပ်အလင်းတန်း ဖြတ်သန်းဝင်
ရောက်မှု ကောင်းမွန်မှန်ကန်စေမည် ဖြစ်ပါသည်။ အမြင် အာရုံကိုလည်း ကြည်လင်စေမည် ဖြစ်ပါသည်။
မျက်ကြည်လွှာသည် ၀.၅ မီလီမီတာ
အထူမျှသာရှိ၍ ပါးလွှာသည် ဟု ဆိုနိုင်သော်လည်း ထိုက် သင့်သလောက် ကြံ့ခိုင်မှုတော့ရှိပါသည်။
မျက်စိကို တစိတ်တပိုင်းအားဖြင့် အကာအကွယ်ပေး ထားသော အစိတ်အပိုင်းလည်း ဖြစ်ပါသည်။မျက်ကြည်လွှာတွင်
ဦးနှောက်နှင့် ဆက်သွယ်လျက်ရှိ သည့် အာရုံကြောများ ပါဝင်ဖွဲ့စည်းလျက်ရှိသောကြောင့်
မျက်ကြည်လွှာကို ထိခိုက်မိလျှင် အလွန် နာကျင်သောဝေဒနာကို ခံစားရ၏။ ဥပမာအားဖြင့်-မျက်ကြည်လွှာ၌
အစအန၀င်ခြင်း (corneal foreign body)နှင့် မျက်ကြည်လွှာ၌ ပွန်းရှဒဏ်ရာရခြင်း(corneal
abrasion)များ ဖြစ်လျှင် အလွန် နာကျင်စွာ ခံစားရခြင်းမျိုးဖြစ်ပါသည်။
ထို့ပြင်ဝင်ရောက်လာသော ပုံရိပ်အလင်းတန်းများကို
ကြည်လင်ပြတ်သားသော အမြင်အာရုံ ရရှိစေရန် ချိန်ဆပေးရာ၌ အထောက်အကူပြုပြီး မျက်စိ၏ အမြင်အာရုံစုစုပေါင်းချိန်ဆမှု၏
သုံးပုံနှစ်ပုံ ခန့်ကို မျက်ကြည်လွှာက ဆောင်ရွက်ပေးပါသည်။သို့ဖြစ်ရာ မျက်ကြည်လွှာ(cornea)သည်
မျက် စိကို အကာ အကွယ်ပေးခြင်း အလင်းတန်းများ ၀င်ရောက်စေခြင်း နှင့် အမြင်ကြည်လင်အောင်
ဆောင်ရွက် ပေးခြင်း စသည့်လုပ်ငန်းဆောင် တာတို့ကို လုပ်ဆောင်ကြောင်း မှတ်သားကြရပါမည်။
(၅)မျက်မြှေးလွှာ(Conjunctiva)
မျက်မြှေးလွှာသည် ကြည်လင်ပါးလွှာသော အမြှေးပါးအလွှာတမျိုးဖြစ်ပြီး
မျက်ဖြူလွှာ (Sclera)၏ အပေါ်ယံတွင် ဖုံးအုပ်လျှက်ရှိသည့်အပြင် အထက်အောက် မျက်ခွံတို့၏
အတွင်းဖက် အပေါ်ယံတွင်လည်း ဖုံးအုပ်လျက်ရှိ၏။ မျက်စိကျမ်းမာရေးနှင့် ပြည့်စုံကောင်းမွန်သော
အခြေအနေ၌ ကြည်လင်သော မျက်မြှေးလွှာ(Conjunctiva)ကို ဖြတ်သန်းလျက် အောက်ဖက်၌ ကပ်လျက်ရှိသော
မျက်ဖြူလွှာ၏ ဖြူစင်သော အရောင်အသွေးကို သိသာထင်ရှားစွာ မြင်ကြရမည် ဖြစ်ပါသည်။ထို့ပြင်
သေးငယ်သော သွေးကြောမျှင်လေး များကိုလည်း မျက်မြှေးလွှာတွင် တွေ့ကြရ မည်ဖြစ်ပါသည်။
မျက်မြှေးလွှာ(conjunctiva)တွင် အမျိုးအစားအားဖြင့် နှစ်မျိုးရှိ
ကြောင်း တွေ့ရပါသည်။
(က)မျက်လုံးနှင့်ဆိုင်သော မျက်မြှေးလွှာ(Bulber
conjunctiva)
မျက်စိ၏ရှေ့ပိုင်း
မျက်ဖြူလွှာပေါ်တွင် ဖုံးလွှမ်းလျက်ရှိသော မျက်မြှေးလွှာဖြစ်ပါသည်။၎င်းသည် မျက်ဖြူ လွှာအပေါ်၌သာရှိပြီး
မျက်ကြည်လွှာအပေါ်၌ ဖုံးလွှမ်းလျက် မရှိပါ။
(ခ)မျက်ခွံနှင့်ဆိုင်သော မျက်မြှေးလွှာ(Palpebral
conjunctiva)
အထက်အောက် မျက်ခွံနှစ်ခု၏ အတွင်းဖက်အပေါ်ယံတွင် ဖုံးလွှမ်းလျက်ရှိသော
မျက်မြှေးလွှာ ဖြစ်ပါသည်။၎င်းကို မျက်ခွံ၏မျက်မြှေးလွှာ (Conjunctiva of the eyelid)ဟုလည်းခေါ်ပါသည်။
ပါး လွှာကြည်လင်လျက်ရှိသည့် မျက်မြှေးလွှာ ဖုံးအုပ်ထားသော အတွင်းဖက် မျက်ခွံတို့သည် ပန်းသွေး
ရောင်ကို ဆောင်လျက်ရှိသည်ကို တွေ့ကြရပါမည်။
မျက်လုံးကိုဖုံးလွှမ်းထားသော မျက်မြှေးလွှာ(bulber
conjunct iva)နှင့် အထက်အောက်မျက်ခွံ တို့၏ အတွင်းဖက်ကို ဖုံးလွှမ်း ထားသော မျက်မြှေးလွှာ
(palpebral conjunctiva)တို့တွေ့ဆုံရာ နေရာ ၌ အိတ်ပုံသဏ္ဍန်ချိုင့်ခွက်ငယ်သည် မြောင်းသဖွယ်ရှိနေပါသည်။
၎င်းချိုင့်ခွက်ငယ်သည် အကာအရံ သဖွယ် ဖြစ်နေပြီး မျက်လုံး၏ အနောက်ဖက်သို့ ဖုံသဲ အစအနများနှင့် အမှုန်အမွှားများ ၀င်ရောက်မှု မရှိစေရန် ကာကွယ်ပေး
ထားပါသည်။ထိုနေရာကို အထက်မျက်ခွံအပိုင်း၌ အပေါ်ပိုင်းအရံအတား (Upper fornix)ဟုခေါ် ပြီး
အောက်မျက်ခွံအပိုင်း၌ အောက်ပိုင်း အရံအတား(inferior fornix)ဟု ခေါ်ပါသည်။
မျက်မြှေးလွှာ(conjunctiva)သည်
ကြည်လင်နေရာမှ နီရဲလာသည်ကို တွေ့ရလျှင် ပြဿနာတခုခု ဖြစ်နေပြီဟု သိရပါမည်။ နီရဲလာရခြင်း၏
အကြောင်းရင်းမှာ မျက်မြှေးလွှာရှိ သွေး ကြောမျှင်ကလေးများသည် သာမန်ထက် ပိုမိုကြီးထွားလာသောကြောင့်
ဖြစ်ပါသည်။သို့ရာတွင် Conjunctiva ရှိ မျက်စိအာရုံကြောများသည် Cornea ရှိ အာရုံကြောများလောက်
မများသဖြင့် နာကျင် မှု ဝေဒနာကို Cornea ၌ထိ ခိုက်မိသကဲ့သို့ ပြင်းထန်စွာ ခံစားရခြင်းမျိုးမရှိပါ။
သာမန် နာကျင်မှုမျိုးသာ ခံစား ရပါသည်။
သို့ဖြစ်ရာ
Conjunctiva (မျက်မြှေးလွှာ)သည် မျက်စိတွင်းသို့ ဖုံသဲ အမှိုက်သရိုက် အစအနများ နှင့်
ရောဂါပိုးများ ၀င်ရောက်ခြင်းမှ ကာကွယ် ပေးသော မျက်စိကျမ်းမာရေးအတွက် အထောက်အကူပြုသည့်
အရေးကြီး သော အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါသည်။
(ICEE – International Centre For Eyecare Education,Refractive Error Training Package,
Student Manual ကို မှီငြမ်းပါသည်)
ပြည့်အောင်(COA)

