အရာဌာနအားလျှော်စွာ ကျင့်သုံးနေထိုင်တတ်ခြင်းသည် လောကဓမ္မနှစ်ဌာနတို့၌ အကျိုးများ ကြောင်း စာရေးသူတို့ မှတ်သားခဲ့ကြရပါသည်။ ကျင့်ကြံကြိုးကုတ်၍လည်း လိုက်နာနိုင်အောင် အား ထုတ်ခဲ့ကြရပါသည်။ ထိုသို့မှန်မှန်ကန်ကန် ကျင့်သုံးနေထိုင်တတ်မှသာလျှင် လူမှုအသိုင်းအဝိုင်း၌ ပြေပြစ်ချောမွေ့ သောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး ကောင်းကျိုးအဝဝနှင့် ပြည့်စုံမည်ဖြစ်ပါ သည်။
ဗဟုသုတကိုတန်ဖိုးထား
မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းအတွင်း ဘက်စုံဒေါင့်စုံနယ်ပယ်စုံ၌ ဗဟုသုတကိုတန်ဘိုး ထားလျက် ပိုမိုလေ့လာကြသည်ကို သတိပြုမိကြမည် ထင်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ ကျမ်းမာ ရေး၊ လူမှုရေး စသည့်များပြားလှသောအကြောင်းအရာများကို နေထွက်မှနေဝင် နေဝင်မှမိုးချုပ် မိုးချုပ် ၍ အိပ်ယာတွင်းရောက်၊ မျက်စိနှစ်လုံးပိတ်သည်အထိ ဖတ်မှတ်လေ့လာ စူးစမ်းရှာဖွေနေကြ၏။ မိမိ သိသကဲ့သို့ သိကြပါစေဟူသော စေတနာအရင်းခံလျက် မိတ်ဆွေသင်္ဂဟ အသိုင်းအဝိုင်းမျှသာမဟုတ် ကမ္ဘာတဝန်း လူထုလူတန်းစား အသီးသီးတို့အား အလွန်လျှင်မြန်လှသော မီဒီယာပေါင်းစုံ ကွန်ယက် ပေါင်းစုံတို့ကိုအသုံးချလျက် မျှဝေပေးနေကြသည်လည်းရှိကြ၏။
အသိပညာရှင် အတတ်ပညာရှင်တို့ကလည်း မိမိတို့ကျွမ်းကျင်လိမ္မာသောနယ်ပယ်မှ အများ ပြည်သူ သိသင့်သည်ဟု ယူဆသည်များကို ပုဂ္ဂလဓိဌာန်ဖြင့်တသွယ် အဖွဲ့အစည်း၏ ဦးတည်ချက်ဖြင့် တမျိုး ရှု့ဒေါင့်စုံမှရေးသားကြလျှက် “အများပြည်သူ အသိပညာပေးရေး” ဟူသောခေါင်းစဉ် အောက် မှနေ၍ ဖြန့်ဝေပေးလျက်ရှိကြပါသည်။ မိမိတို့၏ပညာရပ်နယ်ပယ်၌ ပြည်သူအများ ဗဟုသုတရှိစေရန် ဖြစ်၏၊ လုပ်ငန်းတွင်ကျယ်လျက် အကျိုးများးရန်ဖြစ်ပါသည်။ အလွန်အလုပ်များသော ယနေ့ခေတ် တွင် အချိန်ကုန်သက်သာ ခရီးတာတိုစေရန်ဖြစ်ပါသည်။အများပြည်သူတို့နှင့် ဆက်ဆံရသော မိမိတို့၏ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် ထိုသူတို့၌ ပညာရပ်ဗဟုသုတများ ရှိခြင်းအားဖြင့် “မိမိတို့၏ ရှင်းလင်းချက် အကြံပြုချက်များကို လွယ်ကူလျှင်မြန်စွာ နားလည်ကြလျက် ထိရောက်မှုရှိစေရန်” ဖြစ်ပါသည်။
စနစ်တကျသင်ယူတတ်မြောက်
ဤနေရာ၌ ရေးသားလိုသည်မှာ ကြားသိမြင်သိ ဖတ်သိမှတ်သိမျှသာဖြစ်သော သာမန်ဗဟု သုတသညာသည် ပညာရပ်ဆိုင်ရာတက္ကသိုလ်များ၊ အင်စတီကျုများတွင်တက်ရောက်၍ ဆရာကောင်း သမားကောင်းတို့အထံ၌ စနစ်တကျသင်ယူတတ်မြောက်သော အတတ်ပညာမဟုတ်သည်ကို သတိမူ ကြလျှက် မိမိတို့၏ဗဟုသုတကို မှန်မှန်ကန်ကန် ကျင့်သုံးကြရန် အကြံပြုလိုရင်း ဖြစ်ပါသည်။
ဆေးရုံဆေးခန်းသို့ နာမကျမ်းဖြစ်၍လာပြသောလူနာက မိမိခံစားရသောဝေဒနာနှင့် ဆရာဝန် မေးသော မေးခွန်းများကို သေချာဂဏဖြေကြားရန် အားမထုတ်ဘဲ(ဆေးပညာရှင်က ဝေဒနာဖြစ် ရခြင်း၏ဇစ်မြစ်ကို စဉ်းစားသုံးသပ်နေချိန်၌) “ ဒီနေရာကနာနေတာဆိုတော့ အစာအိမ်ရောဂါဖြစ်ပြီ ထင်တယ် အဲဒီနေရာမှာ အစာအိမ်ရှိတာမဟုတ်လားဆရာ” ဟူ၍ပြောခြင်းမျိုး ။ အမှုသည်အား ရှေ့နေ ဖြစ်သူက အမှုသွားအမှုလာအခြေအနေများကို စူးစမ်းလေ့လာမေးမြန်းရာတွင် အမှုဖြစ်စဉ်ကို အမှန် အတိုင်းပြည့်ပြည့်စုံစုံဖြေကြားရန် အားမထုတ်ဘဲ(ရှေ့နေဖြစ်သူက ပြစ်မှုအတိမ်အနက်ကို စဉ်းစားဆင် ခြင်သုံးသပ်နေချိန်၌) “ ဒီပြစ်မှုကိုကျူးလွန်မိတာဆိုမှတော့ အနည်းဆုံးထောင်ဒဏ်(-) နှစ်တော့ကျမှာ သေချာပြီပေါ့ဆရာ” ဟု မိမိတို့၏ ကြားသိ မြင်သိ ဖတ်သိမှတ်သိမျှကိုသုံး၍ မှတ်ချက်ပေး တင်ကြို ပြောဆို စွက်ဖက်ခြင်းများသည် “သတိတရားလက်ကိုင်ထားလျက် အတတ်ပညာနှင့် ဆင်ခြင်ထုံ တရား တို့ကို ဟန်ချက်ညီညီပေါင်းစပ်လုပ်ကိုင်နေရသော အတတ်ပညာရှင်များအားအထူးပင် စိတ်မသက် မသာဖြစ် စေပါသည်။”
သာမန်ဆုံးဖြတ်၍မရ
ဤခေတ်ဤအခါ၌ ဆေးပညာရှင်များ ဥပဒေပညာရှင်များနှင့် အခြားသောနယ်ပယ် အသီးသီး ရှိပညာရှင်များ ကြုံတွေ့နေကြရသော အလွန်ပင်စိတ်မသက်မသာဖြစ်စေသော ရွက်ပုံးသီးအနှောက် အယှက်တခုဟုပင်ဆိုချင်ပါသည်။ အစာအိမ်ရှိသောနေရာ၌ နာသည်ဆိုတိုင်း အစာအိမ်ရောဂါဖြစ် သည်ဟု မဆိုနိုင်သည်ကိုလည်းကောင်း၊ ဥပဒေကသတ်မှတ်ပြဌာန်းထားသည့် ပြစ်ဒဏ်အတိုင်း တ ရားခံကျခံရမည်ဟု တရားလမ်းကြောင်းအရ မဆိုနိုင်သည်ကိုလည်းကောင်း၊ ကြားသိမြင်သိ ဖတ်သိ မှတ်သိမျှသာဖြစ်သော ဗဟုသုတဖြင့် ဆုံးဖြတ်၍မရနိုင်သည်ကို သတိမူကြစေလိုပါသည်။
သို့ဆိုလျှင်အကြားအမြင် ဗဟုသုတရှိခြင်းသည် အချည်းနှီးပင်ဖြစ်သည်ဟု ဆိုလိုသလော ဟူ၍ မေးဖွယ်ရာရှိနေပါသည်။ စာရေးသူ၏ဆိုလိုရင်းမှာ “အသိပညာရှင် အတတ်ပညာရှင်တို့၏ လုပ်ငန်းခွင်၌ သာမန်ဗဟုသုတမျှလောက်ဖြင့် ဝင်ရောက်မစွက်ဖက်သင့်” သည်ကိုသာဖြစ်ပါသည်။ ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် စွက်ဖက်ခြင်းသည် အကျိုးမဲ့ကိုသာဖြစ်စေပါမည်။ပညာရပ်တူ သဘာဝတူ ပညာရှင်အချင်းချင်းသည်ပင်လျှင် မိမိတို့၏ဌာနေမဟုတ်သောနေရာ၌ လက်ရှိလုပ်ငန်း လုပ်နေသူအား လေးစားသောအားဖြင့်လည်းကောင်း၊ ထိုသူ၏စဉ်းစားဆင်ခြင်မှုနှင့် တွေးထင်ယူဆ ချက်များအား အနှောင့်အယှက်မဖြစ်စေရန် အတွက်လည်းကောင်း (ဖိတ်ခေါ်ခြင်းမရှိလျှင်) ဝင်ရောက် စွက်ဖက်ပြောဆိုခြင်းကို ရှောင်ကြဉ်ကြပါသည်။ ဤနေရာ၌ စွက်ဖက်ခြင်းနှင့် အကြောင်းရင်းမှန်ကို သိလို၍မေးမြန်းခြင်းတို့၏ မတူညီသော သဘောသဘာဝကို စာဖတ်သူတို့ သိပြီးဖြစ်မည်ဟု ယုံကြည်ပါ သည်။အကြောင်းရင်းမှန်ကိုသိလို၍ ရိုးသားစွာမေးမြန်းသူအား မည်သည့်ပညာရှင်မဆို သေချာစွာရှင်း ပြမည်သာဖြစ်ပါသည်။
မှတ်ကျောက်တင်သူနှင့်တူ
အကယ်စင်စစ် အကြားအမြင်ဗဟုသုတနှင့်ပြည့်စုံခြင်းသည် သူ့နေရာနှင့်သူ အရေးပါအရာ ရောက်ပါသည်။ ဗဟုသုတနှင့် ပြည့်စုံသူသည် ရွှေရည်ရွှေသွေးကို ပိုင်းခြားဆုံးဖြတ်နိုင်သော မှတ် ကျောက်တင်သူနှင့်တူ၏ဟု အာစရိယဝါဒအားဖြင့် မှတ်သားရပါသည်။ မှတ်ကျောက်တင်လျက် ရွှေရည်ကိုဆုံးဖြတ်နိုင်သကဲ့သို့ ပြည့်ဝကုံလုံသော မိမိ၏ဗဟုသုတဖြင့် လူရည်လူသွေးကို အကဲဖြတ် နိုင်၏၊ ဝတ္တုပစ္စည်းတို့၏ အတုအစစ်ကို ခွဲခြားနိုင်၏၊ အတတ်ပညာရှင်တို့၏ ကျွမ်းကျင်မှုကို တိတိပပ သိနိုင်၏၊ အချိန်ကာလတို့ကို ပိုင်းခြားဆုံးဖြတ်နိုင်၏၊ ခရီးအစကိုသိ၍ ခရီးဆုံးကိုလည်း မှန်းဆနိုင် ကြောင်း ရှေးသူဟောင်းတို့၏ အဆုံးအမတို့၌ရှိပါသည်။
အကျိုးများစေ
သို့ဖြစ်ရာ ဆိုရှယ်မီဒီယာများအပါအဝင် မီဒီယာပေါင်းစုံ ဝက်ဆိုဒ်ပေါင်းစုံတို့ဖြင့် တန်ဆာဆင် အပ်သော အင်တာနက်ကွန်ယက်ကြီးအတွင်း၌ ကျင်လည်ကြလျက် ဗဟုသုတအပေါင်း နှင့်ပြည့်စုံသူ တို့သည် အထက်ဖော်ပြပါ မှတ်ကျောက်တင်သူကဲ့သို့ ကျင့်ကြံသင့်လှပေသည်။ မိမိသိလိုသည်များ ကိုလည်း ပညာရှင်များအား အခြေအနေနှင့်အချိန်အခါကိုသိလျက် ရိုးသားစွာမေးမြန်းကြရန် အကြံပြုလိုပါသည်။ သို့မှသာ လောကဓမ္မနှစ်ဌာနတို့၌ အကျိုးများစေမည်ဖြစ်ကြောင်း စေတနာ ကောင်းဖြင့် ရေးသားလိုက်ရပေသည်။
