3.11.17

မသန်စွမ်းကလေးများ အမြင်စစ်ပေးကြစို့လား။(၂/၁၁/၁၇ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး) ပြည့်အောင်(COA)



ကမ္ဘာတဝန်းရှိ မသန်မစွမ်းကလေးများ၏ အမြင်အာရုံကျဆင်းမှု၊ယုတ်လျော့လာမှုသည်၊ ကျမ်း မာသောကလေးများနှင့် ယှဉ်လျှင်(၁၀.၅% နှင့် ၀.၁၆%) ဖြစ်နေသောကြောင့် ပို၍ခြားနားလျက် မြင့် မားနေသည်ကို တွေ့ရပါမည်။ အထူးသဖြင့် မျက်စိစွေခြင်းနှင့် မျက်မှန်ဖြင့်မြင်နိုင်သော မျက်စိမှုန်ခြင်း ကဲ့သို့သော ဝေဒနာများကိုတွေ့ကြရပါမည်။မသန်စွမ်းကလေးများ၌ အမြင်ဆိုင်ရာ ချို့ယွင်းမှုများဖြစ် ရခြင်း၏ အဓိကအကြောင်းကို ကြည့်လျှင်၊ အောက်စီဂျင်မလုံလောက်မှုကြောင့်ဖြစ်သည့် အာရုံကြော အစုအဝေးအားနည်းခြင်းနှင့် ထိုမှတဆင့်ဦးနှောက် ထိခိုက်ခြင်းများကြောင့်ဖြစ်ကြောင်း သိရပါသည်။
ထိုကဲ့သို့ မသန်စွမ်းဖြစ်နေသည့်အပြင် မျက်စိအမြင်ပါအားနည်းနေသော ကလေးငယ်များ ၏ဘဝသည် လွန်စွာဂရုဏာသက်ဖွယ်ရာဖြစ်ပါသည်။ မျက်စိကောင်းအောင် စီစဉ်ပေးနိုင်လျှင် ပို၍ ချမ်းသာဖွယ်ရာရှိပေမည်။ ထိုကလေးများ၏ သက်သာရာသက်သာကြောင်း ချမ်းသာရာချမ်းသာ ကြောင်းဖြစ်စေမည့် မျက်စိကျမ်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ပံ့ပိုးနိုင်ရေးအတွက် သုတေ သီအချို့၏ အကြံပြုချက်များကိုရေးသားလိုပါသည်။

နည်းလမ်းဖွေရှာ
အမြင်အာရုံချို့တဲ့မှုအခြေအနေနှင့် အမျိုးအစားပေါ်မူတည်၍ မည်ကဲ့သို့ပြုသင့်သည်ကို စဉ်း စား ကြရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် မိမိကိုယ်တိုင်သွားလာနိုင်ခြင်း မရှိသည့်အပြင် ခန္ဓာကိုယ် တခုလုံးယိမ်းထိုးလျှက်ရှိသည့် ဝေဒနာကိုခံစားနေရသူ မသန်စွမ်းကလေးငယ်အတွက် စဉ်းစားရခြင်း မျိုးဖြစ်သည်။ လှုပ်ရှားနေမှုကြောင့် ပတ်ဝန်းကျင်မြင်ကွင်းများသည် ကြည်လင်ပြတ်သားမှု ရှိမည် မဟုတ်ပေ။ ထိုကဲ့သို့သောကလေးငယ်အား မည်သို့စောင့်ရှောက်မှု ပေးရမည်နည်း။ မျက်စိကုသရေး ရှုဒေါင့် တခုတည်းမှမဟုတ်ဘဲ ရှုဒေါင့်စုံမှကြည့်၍ ဖြေရှင်းပေးရမည့် ပုံစံမျိုးဖြစ်ပါသည်။ သို့ဖြစ်ရာ မတူကွဲပြားသော မသန်စွမ်းကလေးများအား ၎င်းတို့၏ဥာဏ်ရည်နှင့် မသန်စွမ်းဖြစ်မှု အပေါ်မူတည်၍ ကျင့်သုံးရန်နည်းလမ်းများကို အောက်ပါအတိုင်းတွေ့ကြရမည်ဖြစ်ပါသည်။

(၁) ဥာဏ်ရည်မမီသောကလေးများ။ ထိုကလေးများ၏ ဥာဏ်ရည်သည် အသက်ကြီးလာသည်နှင့်အမျှ ဖွံ့ဖြိုးလာတတ်ပါသည်။ အတူတကွအပြန်အလှန် စကားပြောခြင်းနှင့်မေးခွန်းများမေးခြင်းသည် ထိုက လေးငယ်များအား လျှင်မြန်စွာ တိုးတက်စေပါသည်။ ဖြေးဖြေးမှန်မှန် ပီပီသသ စကားပြောရန်နှင့် အကြောင်းအရာပေါ်လိုက်ပြီး မျက်နှာအမူအရာပြ(သိသာထင်ရှားစွာပြု)၍ ပြောဆိုရန်လိုပါသည်။

(၂) အကြားအာရုံချို့တဲ့(နားမကြား)သောကလေးများ။  တိုးတိုးကြား၊မကြားတကြား(ကြားလိုက်၊မကြား လိုက်)၊တဖက်ကြားတဖက်မကြား၊နားမကြား(နားနှစ်ဖက်လုံး လုံးဝမကြား)စသည် ဖြင့်ရှိပါသည်။ နားမ ကြားသူများကို လက်ဖြင့်သရုပ်ပြ၍ ပြောရမည်ဖြစ်ပါသည်(၎င်းဘာသာရပ်ကို သင်ကြားထားသင့်၏)။ ချို့တဲ့ရုံ(တိုးတိုးကြား၊ မကြားတကြား)မျှ ဖြစ်သောကလေးများအား၊ ဖြေးဖြေးနှင့် အသံကျယ်ကျယ် မိမိပါးစပ်လှုပ်သည်ကိုမြင်အောင် ပြောရပါမည်(ပါးစပ်လှုပ်သည်ကိုမြင်မှ မကြားလိုက်သောစကား မသဲ ကွဲသောစကားများအား မှန်းဆနိုင်မည် ဖြစ်၏)။၎င်းတို့အားမျက်စိစမ်းသပ်စစ်ဆေးသော နေရာသည် တိတ်ဆိပ်သောသီးသန့်ခန်း ဖြစ်သင့်ပါသည်။

(၃) ကိုယ်အင်္ဂါ မသန်စွမ်းကလေးများ။ ဝှီးချဲ၊ချိုင်းထောက်စသည်၊့ သွားလာရာတွင် အထောက်အကူ ကရိယာသုံးရသောသူများအား မှတ်တမ်းရယူခြင်းနှင့် မျက်စိစမ်းသပ်ခြင်းပြုရာတွင် ဆေးခန်းတည် ဆောက်ပုံသည် အရေးကြီးပါသည်။ဝှီးချဲလမ်းများ၊ ချိုင်းထောက်နှင့် အခြားကရိယာသုံး သူများအတွက် လက်ကိုင်တန်းများရှိသည့် ဆေးခန်းများတွင်သာ စစ်ဆေးမှုပြုသင့်ပါသည်။ မရှိပါက ပြုလုပ်သင့်ပါ သည်။သို့မှသာ သက်တောင့်သက်သာဖြင့် စစ်ဆေးနိုင်မည်ဖြစ်၏။ မျက်စိစစ်ဆေးသော လက်ကိုင် ကရိယာများ(Portable slit lamp ကဲ့သို့) အသုံးပြု၍ အိမ်တိုင်ယာရောက် စစ်ဆေးသော နည်းကို လည်း လိုအပ်ပါက အသုံးပြုရမည်ဖြစ်ပါသည်။

(၄)အပြုအမူပုံမှန်မရှိသူကလေးများ။ကိုယ်လက်အင်္ဂါမငြိမ်သက်သူ စိတ်ပုံမှန်မရှိသူကလေးများအား မှတ်တမ်းယူခြင်း၊စစ်ဆေးခြင်းများပြုရာတွင် ဆိတ်ငြိမ်သောပတ်ဝန်းကျင်ဖြစ်ရန် အရေးကြီးပါသည်။ အမြဲစောင့်ရှောက်သူ(လူနာစောင့်)နှင့် တိုင်ပင်၍ လူနာ၏အတည်ငြိမ်ဆုံးအချိန်တွင် စမ်းသပ်မှုပြုသင့် ပါ မည်။ စိတ်ရောကိုယ်ပါ သက်တောင့်သက်သာရှိသော အချိန်ကို စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်း ရွေး ချယ် ရပါမည်။
        စသည်ဖြင့် မသန်စွမ်းကလေး၏အခြေအနေပေါ်မူတည်၍ အမြင်စမ်းမှုပြုလုပ်ရန် စတင်ချဉ်း ကပ်ရာတွင် သတိပြုဆင်ခြင်သင့်သည့်အချက်များကို အကြံပြုထားကြပါသည်။


အမြင်စွမ်းရည်ဘယ်လိုစစ်
Royal Hospital for Sick Children,Glasgow မှ Gordon Dutton နှင့်အဖွဲ့က မသန်စွမ်း ကလေးများ၏ အမြင်စွမ်းရည် စစ်ဆေးရာတွင် အခြေခံကျပြီးအသုံးတည့်သည့် စံနှုန်းတခုကိုပြုစုခဲ့ကြ ပါသည်။ ကိုယ်အင်္ဂါမသန်းစွမ်းနှင့်ဥာဏ်ရည်မမီ ကလေးများအတွက် အဓိကရည်ရွယ်သော ထိရောက် မှုရှိမည့် စစ်တမ်းဖြစ်၏။ Ulser University မှ Vision Science Research Group ဖြစ်သော အထက် ပါအဖွဲ့၏ စစ်တမ်းမေးခွန်းများကို အောက်ပါအတိုင်း တွေ့ရပါမည်။
(၁) တွေ့ဘူးပြီးသား၊ရင်းနှီးပြီးသားသူများကို မှတ်မိပါသလား။(အဖေ၊အမေ၊ညီအကို မောင်နှမ၊ဆွေမျိုး သားချင်းစသည်၊သက်တူရွယ်တူစသည်)
(၂)အခြားသူများ၏အပြုအမူကို တုန့်ပြန်မှုရှိပါသလား။(မျက်လုံးပြူးပြလျှင် ပြန်ပြူးပြခြင်းမျိုး၊ ခေါင်းငြိမ့် ပြလျှင် ပြန်ငြိမ့်ပြခြင်းမျိုးစသည်)
(၃)မီးခလုပ် ရုတ်တရက်ဖွင့်လိုက်လျှင် အလင်းရောင်ကိုတုန့်ပြန်မှု ရှိသလား။(မျက်စိစုံ မှိတ်လိုက်ခြင်း မျိုး၊လက်ဖြင့်ကာလိုက်ခြင်းမျိုး)
(၄)တောက်ပတဲ့ အလင်းရောင်တွေနောက်ကို လိုက်ကြည့်ပါသလား။(လှုပ်ရှားနေသော ရောင်စုံမီးလုံး လေးများ၊ရွေ့လျား မီးအလင်းတန်းများ)
(၅)အသံမပေးဘဲ ပြုံးပြရင် ပြန်ပြီးပြုံးပြသလား။(အမှတ်စဉ်(၂)နှင့်ဆင်တူ၏ သို့သော် ပို၍သိမ်မွေ့ပါ သည်)
(၆)အရာဝတ္တုတွေရဲ့ အရွယ်ပမာဏတွေကို (စကားမပြောနိုင်လျှင် အမူအရာဖြင့်) ပြောပြသလား။
(၇)အစားအစာ ကြွေးတဲ့အချိန်မှာ ပါးစပ်ရှေ့ရောက်လာတဲ့ ဇွန်း(စသည်)ကို မျက်စိနှစ်ဖက်စလုံးက မြင်ရရဲ့လား။(မျက်စိ၏ကြည့်ရှုပုံ၊တည့်မတ်မှုရှိမရှိ။လိုအပ်လျှင်တဖက်ခြင်းပိတ်၍ စစ်ကြည့်ရန်)
(၈) တောက်ပတဲ့အလင်းရောင်နဲ့ ခပ်မှိန်မှိန်အလင်းရောင်၊ဘယ်အလင်းရောင်မှာ ပိုမြင်ရသလဲ။(ခပ်မှိန် မှိန် အလင်းရောင်တွင်မှ ပို၍မြင်ရတာမျိုးလည်းရှိ၏၊မျက်စိကိုပြူးကြည့်သလား၊ မှေးကြည့်သလား၊သာ မန်ကြည့်သည်လား ) စသည်ဖြင့်ဖြစ်၏။(အမြင်စမ်းပညာရှင်မဟုတ်သော၊သာမန်လူများလည်း၊၎င်းစမ်း စစ်ချက်များကို လိုက်နာစူးစမ်းနိုင်သည်ကိုတွေ့ကြရပါမည်။)

          အထက်ပါအချက်များဖြင့် ချိန်ထိုးကြည့်လျှင် သာမန်အဆင့် မသန်စွမ်းသူကလေးများ၏ အမြင် အာရုံသည် ပို၍ကောင်းနေတတ်သည်ကို တွေ့ရမည့်အပြင်၊အမြင်ဆိုင်ရာ အထောက်အထားများ ရှာ ဖွေခြင်းနှင့် ဆေးကုသမှုဖြစ်စဉ်များကိုစုံစမ်းရာတွင် ပို၍လွယ်ကူသည်ကိုလည်းတွေ့ရပါသည်။

 အမြင်စွမ်းရည် စုံစမ်းစစ်ဆေးရာတွင် ပို၍ပြည့်စုံရန် လုပ်သင့်သည့် စမ်းစစ်ချက်များကို အထက်ပါသုတေသနအဖွဲ့က ထပ်မံပြုစုရာတွင်၊ အချက်အားဖြင့် (၅၃)ခုမျှရှိရာ သက်ကြီးများနှင့် မသန်စွမ်းကလေးများအတွက်အဓိကထားပါသည်။ ၎င်းမေးခွန်းများသည် ထိရောက်မှုရှိပြီး အမြင်အား နည်းလွန်းသော မသန်စွမ်းကလေးများအတွက် အကျိုးပြုကြောင်း၊ ယူနိုက်တက်ကင်းဒန်း နှင့် ဘင်္ဂလားဒေ့နိုင်ငံတို့ တွင်ပြုလုပ်ခဲ့သော စစ်တမ်းများအရသိရသည်ဟုဆို၏။
ထို့ပြင် အရာဝတ္တုများကို မခွဲခြားနိုင်သူ၊ မည်သူမည်ဝါဟူ၍ မမှတ်မိသူ၊ လမ်းကောင်းကောင်း မလျှောက်နိုင်သူ၊ရွေ့လျားနေသော အရာဝတ္တုများကိုမမြင်နိုင်သူ ၊စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူ က လေးများနှင့် ပုံမှန်အပြုအမူမရှိသူကလေးများ၏ မြင်နိုင်စွမ်းကို စစ်ဆေးရာတွင် လက်တွေ့ကျပြီး အသုံးဝင်ကြောင်းတွေ့ရသည်ဟုဆိုပါသည်။
ဥပမာအားဖြင့်ဖော်ပြရသော် မှတ်ဥာဏ်ချို့ယွင်းမှုကြောင့် မိဘနှင့်မိသားစုဝင်များကိုပင် မမှတ် မိသူကလေး၏ မိဘများအား ထင်ရှားသော အရောင်(စိမ်း၊နီ၊ပြာ၊ခရမ်း စသည်)ရှိသည့်အဝတ်အစား ဆင် တူဝတ်ဆင်ရန် အကြံပြုခြင်းမျိုးဖြစ်၏။ထိုသို့ဝတ်ဆင်စေခြင်းဖြင့်၊ အမြင်အာရုံတိုးတက်မှုကို အရောင်အဆင်းတို့၏ သင်္ကေတဖြင့်ဖွံ့ဖြိုးလာစေသည့်အပြင်၊ အမြင်အာရုံ၏စေ့ဆော်မှုကြောင့် အခြား သော အင်္ဂါအစိတ်အပိုင်းများ(ခြေ၊လက်စသည်)၏ လှုပ်ရှားမှုများကိုလည်း၊ပိုမိုသွက်လက်လာ စေမည် ဖြစ်ပါ သည်။ ဤအချက်သည် မသန်စွမ်းသူကလေးများအတွက်၊ လုပ်ရိုးလုပ်စဉ်ကုသမှုပေးခြင်းထက် ပိုမိုထိရောက်မှုရှိသည်ကိုတွေ့ရပါမည်။
ဆိုလိုသည်မှာ မသန်စွမ်းကလေးများအား အမြင်စွမ်းရည်စစ်ဆေးခြင်းသည် ပြုသင့်ပြုထိုက် သောအလုပ်တစ်ခုဖြစ်ပြီး၊သိမ်မွေ့သည့်သဘော၊ခက်ခဲသည့်သဘော၊ပုံသေလုပ်ငန်းစဉ် သတ်မှတ်၍ မရသော သဘောရှိကြောင်းနှင့် ဝိုင်းဝန်းကျိုးစားဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုခြင်းဖြစ်ပါသည်။

(Ref;The importance of assessing vision in disabled children – and how to do it.
Richard Bowman,Senior Lecturer: Public Health Ophthalmology, London School of Hygiene  and Tropical Medicine, London, UK.)


30.10.17

မြစ်မင်းဧရာကို တိုင်တည်၍ …. (၃၀/၁၀/၁၇ ရက်နေ့ထုတ်ရတနာပုံနေ့စဉ် သတင်းစာပါဝတ္တုတို)






မျက်စိဆေးရုံကြီးရှေ့သို့ ရောက်သည်နှင့် ဆိုင်ကယ်ကိုဒေါက်ထောက်ခါ သမီးငယ်ကို ပွေ့ချီ လျှက် ပြင်ပလူနာဌာနသို့ ကိုထွေးမောင် မပြေးရုံတမယ် ခပ်သွက်သွက် လှမ်းလိုက်သည်။ဌာနရှိ ပဏာ မစစ်ဆေးသော သူနာပြုဆရာမကြီးက ဘယ်ဘက်မျက်စိထဲတွင် ကွမ်းဖတ်များဝင်နေသော သမီးငယ် အားတလှည့် ပါးစပ်တွင်ကွမ်းသွေးများပေနေသော ကိုထွေးမောင်အားတလှည့်ကြည်ကာ စဉ်းစားရ လည်းခက် မေးရမှာလည်းအားနာဟန်ဖြင့် “ကလေးအဖေလား”ဟု မေး၏ “ဟုတ် ..ကျနော် သူ့အဖေ ပါ”၊ “ကလေးမျက်စိကို သန့်စင်အောင် အရင်ဆုံးဆေးကြောပေးရမယ်၊ပြီးတော့ ချို့ယွင်းချက်ရှိမရှိသိ ရအောင် ဆရာဝန်ကြီးကိုယ်တိုင် စစ်ဆေးပေးမှာပါ”ဟုဆိုပြီး၊သမီးငယ်ကို ဆေးခန်းငယ်တခုအတွင်း သို့ခေါ် သွားလေသည်။
          သမီးငယ်၏ မျက်စိထဲမှကွမ်းဖတ်များသည် ဖအေဖြစ်သူ ကိုထွေးမောင်ကိုယ်တိုင် ထွေးထည့်ခဲ့ သော ကွမ်းဖတ်များဖြစ်သည်ဟုဆိုလျှင်၊ ကြားကြရသူများအဖို့ အံ့သြဖွယ် တုန်လှုပ်ဖွယ် မယုံကြည်နိုင် ဖွယ်ရာပင်ဖြစ်ပါမည်။တကယ်လည်း သူအလွန်ချစ်သော သမီးလေး၏ မျက်စိတွင်းသို့ ကွမ်းဖတ်များ ကို သူကိုယ်တိုင် မှုတ်သွင်းမိသည့်အဖြစ်မျိုး ကိုထွေးမောင် ကြုံခဲ့ရလေသည်။
          ကွမ်းစားသည့် အလေ့ကိုခုံခုံမင်မင် စွဲစွဲလန်းလန်း နှစ်သက်သူများတွင် ကိုထွေးမောင်လိုလူစား မျိုးသည် ထိပ်ဆုံးမှပါသည်ဟု ဆိုနိုင်ပါသည်။သက်မွေးဝမ်းကြောင်းအလုပ်ကလည်း၊မော်တော်ကား ဆေးမှုတ်သည့် လုပ်ငန်းဖြစ်ရာ၊ကွမ်းလေးတမြုံ့မြုံဖြင့် အလုပ်လုပ်ရသည်ကို သူအလွန်နှစ်သက်၏။ ဆေးရောင်အမျိုးမျိုးကို စိတ်ကူးစပ်ဟပ်ရသည်မှာလည်း ကွမ်းယာလေးဝါးနေရမှ အဆင်ပြေသည်ဟု သူထင်သည်။ကွမ်းယာဆိုင်တိုင်းလည်း၊ ကြုံရာကျပန်းမစား။ ကွမ်းမသန့်လျှင် ထုံးမမှန်လျှင်   ကျောက် သဲ စသည်ကိုက်မိ၍ သွားနာရသည့် ဒုက္ခ၊ထုံးပေါက်သောကြောင့် အစားအသောက်ပျက်ရသည့်ဒုက္ခ များကို ကိုထွေးမောင် ခံစားရပေါင်းများလေပြီ။
          သို့အတွက်ကြောင့် ကွမ်းယာဆိုင်ကို ကိုထွေးမောင်လက်စွဲထားသည်။ကွမ်းရွက်ကွမ်းသီးသန့် သောဆိုင်၊ထုံးနိုင်သောဆိုင်မှကွမ်းကိုသာ ငါးရာဖိုး တစ်ထောင်ဖိုး ကြိုတင်မှာ၍စား၏။ထိုဆိုင်မျိုးက လည်း ဖောက်သည်များသောဆိုင်မျိုးဖြစ်ရာ မိမိအတွက်ရဖို့ ဝီရိယစိုက်ရလေသည်။ဤကိစ္စကလည်း ကိုထွေးမောင်အတွက် မခဲယဉ်း၊နံနက်စောစော အစာပြေတခုခု စားပြီးသည်နှင့် ကွမ်းယာဆိုင်သို့ ဆိုင် ကယ်ဖြင့် ထွက်ခဲ့သည်။တနေ့တာအတွက် ကွမ်းမှာရန်ဖြစ်သလို နံနက်စောစော ကွမ်းစားချင်တာ လည်းပါသည်။ တခုခုစားပြီး၊ ကွမ်းလေးဝါးလိုက်ရမှ ပြည့်စုံသည်ဟုထင်မိသည်။ ကွမ်းယာဆိုင်သို့ ရောက်သည်နှင့် ယခုချက်ချင်းစားရန် ကွမ်းတယာ ယာခိုင်း၊ကွမ်းဝါးပြီးမှ မနက်ဘယ်နှစ်ထုပ်၊ နေ့ခင်း ဘယ်နှစ်ထုပ် ၊ညနေအလုပ်သိမ်းချိန်အိမ်ပြန်ရင်း ဘယ်နှစ်ထုပ်ယူမည်၊စသည်ဖြင့် မှာသည်။ကျသင့် ငွေလည်း အပြီးချေပြီး သေချာအောင်လုပ်ရသည်။ လက်ထဲရှိကွမ်းထုပ်တွင် ကွမ်းကုန်ခါနီးချိန်၌ ဖုံး လှမ်းဆက်ပြီး၊ကွမ်းထုပ်ကို သွားယူရုံသာဖြစ်သည်။ ညစာစားပြီးနောက် ညဥ့်ဦးပိုင်း နားနားနေနေ နေသည့် အချိန်များတွင် တီဗွီကြည့်ရင်း ကွမ်းဝါးချင်သေးတာကြောင့် အိမ်အပြန် ကွမ်းထုပ်ကိုလည်း ယူရသေးသည်။
          ယနေ့နေ့ခင်းပိုင်းကွမ်းထုပ်ယူပြီး အလုပ်ရုံသို့အပြန်တွင် ကလေးကျောင်းကြိုပေးရန် အိမ်ရှင် မကဖုံးဆက်သောကြောင့် ကိုထွေးမောင် သမီး၏ကျောင်းဖက်သို့ ထွက်လာခဲ့သည်။ ကျောင်းကြို နေ ကျမဟုတ်သောကြောင့် ခပ်ကြောင်ကြောင်ဖြစ်နေသော်လည်း၊ သူ့အမေကြိုနေကျနေရာတွင် ဆိုင် ကယ်ကိုရပ်ရင်း စောင့်နေလိုက်ပါသည်။ကျောင်းတံခါးဝတွင် အကြောင်းမဲ့ စုပြုံတိုးနေကြသော မိဘ အုပ်ကြီး ဘေးသို့ရှဲသွားပြီးနောက် ကျောင်းတခါးပွင့်လာပါသည်။ အတန်းငယ်သည့် ကလေးများ အရင် ဆုံးထွက်လာကြသည်။ပြီးတော့မှ သမီးတို့ဒုတိယတန်းကလေးများ…..၊သမီးသည် အသားဖြူဖြူ ပါး လေးဖေါင်းဖေါင်းနှင့် အလွန်ပင်ချစ်စရာကောင်း၏။ အထူးသဖြင့်မျက်တောင်ကော့ကော့လေးများ ဝန်းရံထားသော နက်မှောင်သည့် မျက်လုံးဝိုင်းဝိုင်းလေးများသည် အစဉ်သဖြင့်ရွှမ်းလဲ့တောက်ပလျက် ရှိ၏။ အဖေအမေ၏မျက်နှာရိပ် မျက်နှာကဲကိုလဲသိတတ်ပြီး ပါးရည်နပ်ရည်ရှိသူဖြစ်၏။ ကိုထွေးမောင် ကိုမြင်သည်နှင့် သမီး၏မျက်နှာသည် ဝမ်းမြောက်ဝမ်းသာဖြင့် လင်းလက်သွားလေသည်။ အဖေ ကိုယ်တိုင် ကျောင်းလာကြိုလျှင် သမီးအလွန်သဘောကျ၏။ အပြေးကလေးလာပြီး၊ ဖအေ့ခါးကိုဖက်ခါ ဆိုင်ကယ်နောက်မှတက်လိုက်သည်။သမီးငယ်ကို ကျောင်းမှကြိုပြီး ကျူရှင်သို့ ပို့ပေးရမည်ဖြစ်ပါသည်။
          ကျောင်းပေါက်ဝတွင် ရပ်ထားသောကျောင်းကြိုကားများ၊လမ်းဘေးဝဲယာတို့၌ အစီအစဉ်မဲ့ ဖြစ် သလိုရပ်ထားကြသော ဆိုင်ကယ်များနှင့် မိမိကဲ့သို့မောင်းထွက်လာသော ဆိုင်ကယ်နှင့်ကားများကို သတိထား ရှောင်ကွင်းလျှက်၊သမီး၏ကျူရှင်ရှိရာလမ်းဆီသို့ မိမိ၏ဆိုင်ကယ်ကို ဦးတည်လိုက်သည်။ ကျောင်းကြိုယာဉ်များ အလုအယက်မောင်းမှုကြောင့် ပေါ်ထွက်လာသည့် ဖုန်မှုန့်များမှ လွတ်သည့် လမ်းကွေ့ကိုလွန်သောအခါ….“ဖေရေ……သမီးမျက်စိထဲ ဖုံဝင်သွားလို့…..လုပ်ပါဦး..” မိမိ၏ခါးကို လက်တဖက်ဖြင့်ပုတ်၍ ပြောလာသော သမီးငယ်၏အသံ……..။ဆိုင်ကယ်ကို လမ်းဘေးရပ် ကမန်း ကတန်းဒေါက်ထောက်ပြီး၊သမီး၏မျက်လုံးများအတွင်း ရှာဖွေကြည့်လိုက်တော့…….တွေ့ပါပြီ..အမှိုက်စ …..၊ ဘယ်ဖက်မျက်လုံးဒေါင့်လေးနားတွင် ကပ်၍နေသည်…လေဖြင့်ပြင်းပြင်းမှုတ်ထုတ်လိုက်လျှင် ထွက်သွားနိုင်လောက်သည်။ကိုထွေးမောင် လေကိုရှိုက်ယူ၍ သမီး၏မျက်စိတွင်းသို့ပြင်းပြင်း မှုတ် ပေးလိုက်သည်။
          ကိုထွေးမောင်မျှော်လင့်ထားသည်က သမီးငယ်၏ အမှိုက်စလေးမရှိတော့သော သန့်စင်သည့် မျက်နက်ဝန်းလေး…….၊…..အမှန်တကယ်တွေ့လိုက်ရသည်က သူ၏ပါးစောင်းတွင် အမြဲတစေငုံ၍ ထားလေ့သော ကွမ်းဖတ်များဖြင့် ပြည့်နေသော ထိတ်လန့်ဖွယ်အသွင်ဖြင့် မြင်တွေ့ရသည့်  သနားစဖွယ် မျက်လုံးလေးတလုံး ဖြစ်နေပါတော့သည်………။
          “ မျက်စိရဲ့ ဒီအစိတ်အပိုင်းလေးကို မျက်ကြည်လွှာလို့ခေါ်တယ် ကိုထွေးမောင်။အင်မတန်နှုးညံ့ တဲ့နေရာလေးပေါ့။သူရဲ့ဘေးတဖက်တချက်မှာရှိတဲ့ အဖြူရောင် ဧရိယာလေးကတော့ မျက်ဖြူလွှာ လေးပေါ့”၊ဆေးခန်းနံရံတွင်ချိတ်ဆွဲထားသော မျက်စိ၏အဂါင်္အစိတ်အပိုင်းများ ရေးဆွဲထားသည့် သရုပ် ပြရုပ်ပုံကားချပ်ပေါ်တွင် တုတ်ချောင်းငယ်ဖြင့် ထောက်၍ ထောက်၍ပြရင်း၊ ဆရာဝန်ကြီးကရှင်းပြ ပါသည်။ပြင်ပလူနာ ကြည့်ချိန်အပြီး၊အရေးပေါ်လူနာလည်းရှင်းနေချိန်မို့ အချိန်ယူရှင်းပြနေဟန်ရှိပါ သည်။ “ မျက်ဖြူလွှာရဲ့အပေါ်မှာ အင်မတန်ပါးလွှာပြီးကြည်လင်တဲ့ မျက်မြှေးလွှာရှိတယ်။ကွမ်းယာထဲ မှာပါတဲ့ ကွမ်း ဆေး ထုံး တွေဟာ မျက်ကြည်လွှာနဲ့ မျက်မြှေးလွှာတွေကို ရေရှည်မှာတဖြည်းဖြည်းထိ ခိုက်စေပြီုး၊မျက်ကြည်လွှာအနာနဲ့ မျက်မြှေးလွှာအနာတွေဖြစ်တတ်တယ်။အဆိုးဆုံးကတော့ ထုံးပဲဗျ၊ သူက မျက်ကြည်လွှာကို တဖြည်းဖြည်းဖျက်စီးပြီး၊ မျက်စိကွယ်စေတဲ့အထိ အန္တရယ်အကြီးကြီးပေး တတ်တယ်”။….ဘုရားရေ….ငါ့သမီး…..တဦးတည်းသောသမီးလေး…..ဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့….
.ကိုထွေးမောင် ရင်ထဲတွင် ကယောင်ကတမ်း မြည်တမ်းလိုက်မိသည်……….။
           “ခင်းဗျားသမီးရဲ့မျက်စိမှာတော့ စိုးရိမ်လောက်စရာ ဘာမှမတွေ့ရပါဘူး၊ကျနော် သေသေချာ ချာစစ်ဆေးကြည့်ပြီးပြီ၊ဆေးရုံကို အချိန်မဆိုင်းဘဲချက်ချင်းရောက်လာတာကြောင့် ဒီကသူနာပြုတွေ အနေနဲ့ ဆေးကြောသန့်စင်ပေးဖို့ အချိန်အများ ကြီးရတယ်၊ဒါကြောင့် သေသေချာချာလုပ်ပေးနိုင်တာ ပေါ့၊ခုတော့ သမီးမျက်စိက စိတ်ချရပါပြီ၊ဂရုတော့စိုက်ပေါ့.. နောက်(၃)ရက်လောက်ကြာရင် လာပြ ဦးဗျာ…သေချာအောင်ထပ်စစ်ချင်သေးတယ်……..”။မျက်စိဆရာဝန်သုံး ဓါတ်မီးငယ်ဖြင့် သမီး၏မျက်စိ တွင်းသို့ မီးထိုးပြရင်း၊ဆရာဝန်ကြီးကပြောပါသည်။ မီးရောင်တန်းလေး ဖြန့်ကျက်သွားရာ တလျောက် သို့ စိုးရိမ်တကြီးလိုက်ကြည့်ရင်း ကိုထွေးမောင်ရင်မောလျှက်ရှိ၏။ဆရာဝန်ကြီးက စိုးရိမ်ဖွယ်ရာမရှိ တော့ဟုဆိုသည့်တိုင် မိမိကိုယ်တိုင်မြင်ချင်စိတ်ကရှိသေးသည်။မိဘများ၏ စိတ်အခြေအနေကို ကောင်းစွာနားလည်သူ အတွေ့အကြုံရင်ကျက်သည့် ဆရာဝန်ကြီးက ကိုထွေးမောင်စိတ်သက်သာရာရ စေရန် တမင်မီးထိုးပြခြင်းဖြစ်သည်ကိုတော့ ကိုထွေးမောင် သိမည်မဟုတ်ပေ။
          ဆေးရုံသို့လာခဲ့တုန်းကကဲ့သို့မဟုတ်ပဲ ကြည်လင်သန့်စင်လျက်ရှိသည့် သမီးငယ်၏မျက်စိကို ဓါတ်မီး၏ အလင်းရောင်တလျောက် ပြည့်ပြည့်စုံစုံမြင်လိုက်ရသောအခါတွင်မှ ကိုထွေးမောင်သက်ပြင်း ချမိသည်။ သမီးကိုထွေးပွေ့လျက် မျက်ရည်လည်လာမိ၏။မိမိအဖြစ်ကို အဖန်ဖန်ပြန်တွေးရင်းဖြင့် နောင်တအခါခါရမိ၏။ဆရာဝန်ကြီးနှင့်သူနာပြုများအား ဂါရဝပြုနှုတ်ဆက်ရင်း သမီးငယ်နှင့်အတူ ဆေးရုံမှထွက်လာခဲ့ရသော်လည်း၊ ကိုထွေးမောင်၏ရင်ထဲတွင် ဘဝင်မကျ။ မိမိ၏အဖြစ်ကိုတအံ့တသြ နားထောင်၍ စာနာမှုကိုပြခဲ့ကြသော်လည်း၊နောက်နောင်ကို ကွမ်းမစားဖို့ မည်သူမျှမတိုက်တွန်း ကြ၊ကွမ်းယာ၏ဆိုးကျိုး ထုံး၏အန္တရယ်ကြီးမားပုံကို စိတ်ရှည် လက်ရှည်ဖြင့် အကျယ်တဝင့် ရှင်းပြ ခဲ့ကြသော်လည်း “ကွမ်းမစားတော့ပါဘူး”ဟူသောကတိကို မိမိထံမှ မည်သူကမျှအရေးတယူ မတောင်း ကြ။
နှစ်ရှည်လများကြာမြင့်သော ကွမ်းစားသက်ကိုဖော်ပြနေသည့် ကွမ်းချေးအထပ်ထပ်ဖြင့် အနက်ရောင်ပေါက်နေသောသွား ၊ နီညိုရောင်ပေါက်နေသော နှုတ်ခမ်းနှင့်ခံတွင်းအရောင်များကို ကြည့်လျက် မည်သည့်နည်းနှင့်မျှ ကွမ်းမစားရန်တား၍မရတော့ဟု ယူဆကြလေသလား။တဦးတည်း သောသမီးငယ်၏ ဘဝအတွက် အန္တရာယ်ဆိုးကြီးကို ကျရောက်စေခဲ့သည့် ကွမ်းစားသည့်အကျင့်ကို ဖခင်ကောင်းတယောက်ဖြစ်သော မိမိအနေဖြင့် မစွန့်လွှတ်နိုင်စရာ မည့်သည့်အကြောင်းမျှမရှိသည်ကို မသိကြလေသလား။ မိမိကို မယုံသင်္ကာရှိသူတို့မတောင်းသော ကတိကို ကိုထွေးမောင်ပေးချင်နေမိ သည် ။
မျက်စိဆေးရုံကြီးမှ အနောက်ယွန်ယွန်းသို့ ကိုထွေးမောင်ဆိုင်ကယ်ကိုမောင်းခဲ့သည်။(၂၂) လမ်း၏အနောက်တည့်တည့် အစွန်းတွင်ရှိသော ကျွဲစွန်းဟုခေါ်သော ဧရာဝတီမြစ်ကမ်းဘေး ရှုခင်း သာပန်းခြံလေးသို့ရောက်သောအခါ ၊မြစ်ဖက်သို့မျက်နှာမူနေသောထိုင်ခုံလေးတွင် သမီးကိုထိုင်ခိုင်း လိုက်သည်။နှုတ်ခမ်းရှေ့တွင် လက်ညိုးကိုထောင်ပြီး တိတ်တိတ်နေရန် သင်္ကေတပြုသောအခါ စိတ်လှုပ်ရှားဟန်ဖြင့် သမီးကပြုံး၍ကြည့်နေသည်။ကိုထွေးမောင် ဧရာဝတီမြစ်ဖက်သို့မျက်နှာမူ၍ ရင် ကိုကော့ခါ မတ်မတ်ရပ်လိုက်သည် လက်နှစ်ဖက်ကိုမြှောက်ပြီး “ဧရာဝတီမြစ်ကြီးရေ….ထွေးမောင် ဆိုတဲ့……..ငါ…ဘယ်တော့မှ…………ကွမ်းမစားတော့ပါဘူးလို့……….. ဂတိပေးပါတယ်…….”၊  “ဧရာဝတီမြစ်ကြီးရေ…………………………..” ၊ “ဧရာဝတီမြစ်ကြီးရေ……………………………………….၊ ……ဟူ၍ အားရပါးရ ဟစ်၍ ဟစ်၍ မြစ်မင်းဧရာအား ကတိခံလိုက်ပါတော့သည်။


မောင်ပြည့်အောင်