မျက်မှန်လိုအပ်သောကြောင့်
မျက်စိမှုန်သူများအား မျက်မှန်ပါဝါရှာဖွေပေးပြီး၊မျက်မှန်တပ်ရန် အကြံပြုသည့်အခါတွင်၊များသောအားဖြင့်မေးကြသော
မေးခွန်းတစ်ခုရှိပါသည်။ “ မျက်မှန်ကိုအမြဲတမ်း တပ်ထားရမှာလား”ဟူသောမေးခွန်းပင်ဖြစ်ပါသည်။ထိုနည်းတူ
ပြောလေ့ပြောထရှိသည့်စကားတစ်ခွန်း လည်းရှိ၏။ “ မျက်မှန်မတပ်ချင်ဘူး၊မျက်မှန်တပ်ရင် အကျင့်ပါသွားပြီး
ပါဝါတွေ တိုးလာတတ်တယ်” ဟူ၍ဖြစ်၏။ဤမေးခွန်းနှင့် စကားရပ်များသည် မေးသင့်မေးထိုက်သော
မေးခွန်း၊ပြောသင့်ပြောထိုက် သောစကားဟု ထင်မြင်ယူဆဖွယ်ရာ ရှိသော်လည်း၊မေးသူပြောသူ၏ မျက်စိကျန်းမာရေးပညာ
အဆင့် အတန်း( Eye Educational Level)ကိုလည်းဖော်ညွှန်းနေပါသည်။သို့ဖြစ်ရာ မျက်စိကျန်းမာရေး
ဗဟု သုတ တိုးပွားကြစေရန်နှ့င် ထိုထိုသောမေးခွန်းနှင့် ပြောစကားကို မိမိသိမီသမျှ ဖြေကြားရန်
ရည်ရွယ် ချက်ဖြင့် ဤဆောင်းပါးကိုရေးပါသည်။
ရှေးဦးစွာသိထားသင့်သည့်
အချက်မှာ မျက်မှန်ပါဝါများတွင် အမြဲတမ်းတပ်ရန်လိုအပ်သော ပါ ဝါရှိသကဲ့သို့ လိုအပ်မှတပ်ရသောပါဝါလည်းရှိပါသည်။မျက်မှန်လိုသောကြောင့်
မျက်စိမှုန်သူများသည် မျက်စိတွင်းသို့ဝင်ရောက်လာသော စံလွဲ(ပုံမှန်မဟုတ်သော)အလင်းတန်းများကြောင့်
မျက်စိမှုန်ရခြင်း ဖြစ်ရာ၊ မျက်မှန်ပါဝါသည် ထိုစံလွဲအလင်းတန်းများကို ပုံမှန်အလင်းတန်းများဖြစ်အောင်
ပြုပြင်ပေး သော ပစ္စည်းတခုဖြစ်ပါသည်။အလင်းတန်းများ၏ သဘာဝတွင်လည်း၊အဝေးရှိ အရာဝတ္တုများမှ
လာ သောအလင်းတန်းသည် စုဆုံအလင်းတန်းဖြစ်ပြီး ၊ အနီးကြည့်အရာဝတ္တုများ( ၁၂”- ၁၄” အတွင်း)
မှလာသော အလင်းတန်းသည် ခွဲဖြာအလင်းတန်းများဖြစ်ရာ အလင်းတန်းများ၏ သဘာဝသည် တူညီမှုမရှိပေ။
ဆိုလိုသည်မှာ
စံလွဲအလင်းတန်းများ၏ အခြေအနေသဘောသဘာဝအပေါ်မူတည်၍၊ ထို စံလွဲအလင်းတန်းများကို ပြုပြင်ပေးရသော
ပါဝါမျက်မှန်များသည်လည်း အသုံးပြုပုံခြင်း တူညီနိုင် မည်မဟုတ်ပေ။အဝေးမှုန်သောကြောင့်
အဝေးကြည့်တွင်သာသုံးရ တပ်ရသော မျက်မှန်ရှိသကဲ့သို့၊ အနီးမှုန်သောကြောင့် အနီးကြည့်တွင်သာ
တပ်ရ သုံးရသောမျက်မှန်လည်းရှိပါသည်။ထိုနည်းတူ အဝေးရော အနီးပါမှုန်သည့်အတွက် ပါဝါအမျိုးအစား
တစ်မျိုးတည်းကိုပင် မချွတ်တမ်း တပ်ရသည့် မျက်မှန်ရှိသည်ကိုလည်းသိထားသင့် ပါသည်။အဝေးမှုန်ခြင်းနှင့်အနီးမှုန်ခြင်းနှစ်မျိုးလုံး
တစ်ဦးတစ် ယောက်တည်းတွင် ရှိသည့်အတွက် အဝေးပါဝါတစ်မျိုး အနီးပါဝါတစ်မျိုး ပါဝါနှစ်မျိုးပါသောမျက်မှန်
တပ်ရသူ ၊ လုပ်ငန်းလိုအပ်ချက်ရှိသောကြောင့် အနီးအဝေးသာမက၊မနီးတနီး မဝေးတဝေး( ၃’- ၅’-
၇’) ပါဝါမျက်မှန်တပ်ရသူ စသည့်ဖြင့်လည်းရှိပါသည်။ဆိုလိုသည်မှာ ပါဝါမျက်မှန်များသည် အစဉ်အမြဲ
တပ်ထားရန် လိုသည့်မျက်မှန်ရှိသကဲ့သို့၊လိုအပ်ချက်ရှိမှသာတပ်ရသော မျက်မှန်များလည်းရှိပါသည်။
ဥပမာအားဖြင့်
အသက်(၄၀)ဝန်းကျင်ရောက်လာသူများသည် အနီးမှုန်စပြုလာသည်ဖြစ်ရာ အနီးကြည့်မျက်မှန်လိုလာပြီဖြစ်ပါသည်။ထိုသူများသည်
များသောအားဖြင့် အဝေးကြည့်ကောင်းသူများ ဖြစ်ကြရာ အနီးကြည့် (စာရေး၊စာဖတ်မှသာမဟုတ် အနီးကြည့်အလုပ်များတွင်)
တွင်သာမျက်မှန်တပ် ရန်လိုအပ်ပါသည်။ ထိုနည်းတူ နေထိုင်မှုပုံစံနှင့်မျက်စိအသုံးချမှု မှားယွင်းသောကြောင့်
အဝေးမှုန်စပြု လာသူ(မွေးရာပါမဟုတ်သောမျက်စိမှုန်သူ)ဆယ်ကျော်သက်အရွယ် လူငယ်များသည်လည်း၊များ
သောအားဖြင့် အနီးကြည့်ကောင်းသူများဖြစ်ရာ အဝေးကြည့်(တီဗီကြည့်ခြင်း၊စာသင်ခန်း အတွင်း
စာသင်ခြင်း၊ ပြင်ပသွား လာခြင်းများ) တွင်သာ မျက်မှန်တပ်သင့်ပါသည်။
အသက်(၄၀)ဝန်းကျင်
အနီးကြည့်မှုန်လာခြင်းသည် အသက်အရွယ်ကြီးရင့်မှုကြောင့် ခန္ဓာ ကိုယ်ရှိကြွက်သားများတုန့်ဆိုင်းနှေးကွေးသည့်နည်းတူ၊
မျက်စိတွင်းအဝေးအနီးကိုချိန်ဆပေးသော ကြွက်သားများ၊တုန့်ဆိုင်းနှေးကွေးခြင်းနှင့် မျက်စိတွင်းမှန်ဘီးလူးသည်
သဘာဝလွန် မာ၍လာခြင်းများ ကြောင့် ဖြစ်ရပါသည်။ဆယ်ကျော်သက်အရွယ်၌ အဝေးမှုန်သူများသည် ကလေးဘဝ(
၅ နှစ်မှဆယ် ကျော်သက် အရွယ်အတွင်း)တကိုယ်တည်း အခန်းတွင်း၌ အနေများခြင်း၊အနီးကြည့်အလုပ်များကို
နာရီနှင့်ချီ၍(အနည်းဆုံး ၄၅ မိနစ်လျှင် စက္ကန့် ၃၀ မျှနားရန်လိုအပ်ပါလျှက်) မနားတမ်းဆက်တိုက်
နေ့စဉ်ရက်ဆက်ပြုလုပ်ခြင်း(ယနေ့ခေတ်တွင် ဖုန်းဂိမ်းများကစားခြင်းကဲ့သို့)၊ကောင်းစွာမြင်ရပါလျှက်
အနီးကြည့်(စာအုပ်စသည်)ကို မျက်နှာနှင့်ကပ်၍ကြည့်ခြင်းစသည်ဖြင့် နေထိုင်မှုပုံစံနှင့်
မျက်စိအသုံးချ မှုပုံစံ မှားယွင်းခြင်းများကြောင့် အဝေးမှုန်သွားရခြင်းဖြစ်ပါသည်။(ထိုသို့
ဆယ်ကျော်သက်များ အဝေး မှုန်ခြင်းကို ကာကွယ်ရန်အတွက်၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို
အစဉ်တစိုက် အာရုံစိုက်နိုင်သော နိုင်ငံများတွင်၊စာသင်ခန်းများကို အခန်းငယ်အတွင်းစာသင်မှုပုံစံ
(Room Type) မှ အခန်းကျယ်စနစ်စာသင်မှုပုံစံ(Hall Type) နှင့်အခန်းပြင်ပစာသင်မှုပုံစံ(Garden
Type) များသို့ ပြောင်းလဲ၍ သင်ကြား လာကြပြီဖြစ်ပါသည်။ စာရေးသူတို့၏ ဂန္တဓုရဖြည့်ကျင့်တော်မူကြသော
စာသင်တိုက်ကြီးများတွင် သာမဏေငယ်များ စာဝါလိုက်ရာ၌ ပါဠိတော်များ၏ အနက်အဓိပ္ပါယ်ကို အလွန်သေးငယ်သော
စာလုံးများဖြင့် ပါဠိတော်စာလုံးကြီးများ၏အနီး၌ ကပ်၍ထပ်၍မှတ်သားရခြင်း (စာသင်သားအခေါ်
အနက်တေးခြင်း)များသည်လည်း၊သာမဏေငယ်များ အဝေးမှုန်ရခြင်း၏ အကြောင်းရင်းဟူ၍ ယူဆရပါသည်
- ဤကားစကားချပ်)။
ဤနေရာ၌
“မျက်မှန်တပ်လျှင်မျက်မှန်ပါဝါ တိုးလာတတ်သည်” ဟူသောအချက်ကိုပြောလိုပါ သည်။တစိတ်တပိုင်းအားဖြင့်
မှန်သည်ဟုဆိုနိုင်သော်လည်း၊အစဉ်သဖြင့်မှန်သည် ဟူ၍တော့ ဆို၍မရ ပေ။အထက်တွင် ဆိုခဲ့သည့်အတိုင်း
အသက်အရွယ်ကြီးရင့်မှုကြောင့် အနီးမှုန်သူများသည် အသက်အ ရွယ်အလိုက် ပါဝါတိုးလာတတ်သည်မှာ
သဘာဝဖြစ်၏။မျက်စိတွင်းမှန်ဘီလူးပို၍ ပို၍မာလာသော ကြောင့်ဖြစ်၏။ မျက်စိတွင်းကြွက်သားများ
ချိန်ဆနိုင်မှု ပို၍ ပို၍ အားနည်းလာသောကြောင့်ဖြစ်၏။ပြု ပြင်ပြောင်းလဲ၍ မရသောကြောင့်လက်ခံကြရပါမည်။ဆင်ခြင်ရမည့်
အချက်မှာ မျက်မှန်အသုံးချမှုမှန် ကန်စေရန်ဖြစ်ပါသည်။မျက်မှန်အသုံးချမှုမှားယွင်းပါက မျက်မှန်ပါဝါတိုးလာမည်၊ပါဝါ
အမြင့်များဖြစ်လာ ပါမည်။
ဥပမာအားဖြင့်
သက်ကြီးအနီးမှုန်၍ အနီးကြည့်သာသုံးရသော မျက်မှန်ဖြင့် အဝေးကြည့်မိ လျှင် (ကြည့်မိသည့်အချိန်ကာလကြာလာသောအခါ)
အဝေးကောင်းနေပါလျှက် အဝေးမှုန်၍လာမည် ဖြစ်၏။ အဝေးမှုန်လာသောအခါ အဝေးကိုကြည်ကြည်လင်လင်မြင်ရန်အတွက်
မျက်မှန်ပါဝါလိုလာလေ သည်။ထိုအခါ အနီးကြည့်ပါဝါသည့် အဝေးအနီးပါဝါနှစ်မျိုးပေါင်းဖြစ်လာပြီး၊အသက်အပိုင်းအခြားအရ
လိုအပ်သော အနီးကြည့်ပါဝါထက်ပိုသော မျက်မှန်ပါဝါဖြစ်လာလေသည်။ထိုနည်းတူ နေထိုင်မှုပုံစံနှင့်
မျက်စိအသုံးချမှုမှားယွင်းသောကြောင့် ဆယ်ကျော်သက်အရွယ် အဝေးမှုန်သူများသည် အဝေးမှုန်မျက်
မှန်တပ်ရသော်လည်း အနီးကိုကောင်းစွာမြင်ရပါလျှက်၊အဝေးမှုန်၍တပ်ရသော အဝေးကြည့်မျက်မှန်ကို
အနီးတွင်တပ်၍ကြည့်သောအခါ၊အဝေးတွင်ပို၍မှုန်လာလျှက် မျက်မှန်ပါဝါတိုးလာလေသည်။
ဤနေရာ၌
ဆလင်ဒါမှန်နှင့် ဆလင်ဒါပါဝါမျက်မှန်များသည် ထူးခြားချက်ဖြစ်ပြီး၊၎င်းမျက်မှန်များ သည်
အဝေးအနီး နှစ်မျိုးစလုံး၌ အကျုံးဝင်လျှက်၊အစဉ်အမြဲတပ်ထားရမည့်မျက်မှန်အမျိုးအစားတွင်
ပါဝင်လေသည်။ မျက်မှန်တပ်ရန်လိုမလို သိရှိရန်အတွက် ရိုးရှင်းသောနည်းမှာ ကြည်ကြည်လင်လင်
ထင်ထင်ရှားရှားမြင်နေရလျှင်၊ထိုမြင်ရသောအကွာအဝေးသည် မျက်မှန်တပ်ရန်မလိုသောအကွာ အဝေးပင်
ဖြစ်၏။သို့ဖြစ်ရာ မျက်မှန်တပ်ရန်လိုသည်ဟုသိရလျှင် မျက်မှန်ပါဝါရှာဖွေပေးသော ပညာ ရှင်ကပေးသော
အကြံပြုချက်အပြင် မိမိကိုယ်တိုင်လည်း ဆင်ခြင်စူးစမ်းကြည့်ကြရန် အကြံပြုတိုက် တွန်းရေးသားလိုက်ရပါသည်။
