20.5.17

မျက်ရည်ခြောက်နေခြင်း Dry eye syndrome



ကျမ လွန်ခဲ့သော လေးလခန့်မှစ၍ မျက်ရည်ခမ်းခြောက်သည့် ရောဂါဖြစ်ပါတယ်။ မျက်စိ
နီရဲ ယားပြီး ကျိန်းစပ်လို့ သွားပြရာမှ
မျက်ရည်ခမ်းခြောက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အသက်မှာ ၃၁ နှစ်ဖြစ်ပြီး
ကွန်ပျူတာဖြင့် အလုပ် အမြဲလုပ်နေရပါတယ်။ ယခု အခါ Systane Ultra ကို တစ်နေ့
တစ်ဘူး ခပ်နေရပါတယ်။ မျက်ရည်အတုကို ၁၀ မိနစ် တစ်ကြိမ်နီးပါး မျက်စိ
နှစ်ဖက်လုံးကို ခပ်နေရပါတယ်။ အလုပ်အကိုင်ပျက် ဝါသနာပါသော အလုပ်များလည်း
လုပ်မရသည့်အပြင် ငွေကုန်ကြေးကျ များလာပါတယ်။ မျက်စိဆရာဝန်ကတော့
ပျောက်ကင်းသည့်နည်းလမ်း မရှိလို့ ပြောတယ်။ လေဆာဖြင့်မျက်ရည် ဝင်ပေါက်ကို
ပိတ်လို့ရနိုင်တယ်လို့ပြောပါတယ်။ မည်သို့ ဆောင်ရွက်သင့်သလဲ နှင့်
ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ရှင်းပြပေးစေလိုပါတယ်ရှင်။

မျက်ရည်ခြောက်ရောဂါ အဖြစ်မနည်းပါ။ နောက်ဆက်တွဲတွေ ဆက်ဖြစ်လာနိုင်တယ်။
မျက်စိဆိုတာ အမြဲစိုစွပ်နေရတ်ာမို့ ဒီရောဂါရှိနေရင် အမြဲဆေးသုံးနေရပါမယ်။

မျက်ရည်လွှာဆိုတာ (၃) ထပ်ရှိတယ်။ အတွင်းဆုံးကအပါးဆုံး။ (မြူးကပ်စ်) ပါတယ်။
မျက်လုံးကို ဖုံးထားတဲ့ (ကွန်ဂျယ်တိုက်ဘာ) အလွှာကနေထုတ်ပေးနေတယ်။ အလယ်လွှာ
(အကွီးယပ်) ကအထူဆုံးနဲ့ အကြီးဆုံး။ ဆားရည် အပျော့စားဖြစ်တယ်။ အပေါ်မျက်ခွံက
မျက်ရည်အိတ်တွေနဲ့ အပိုဆောင်း မျက်ရည်အိတ်တွေကနေ ထုတ်ပေးနေတယ်။ မျက်လုံးကို
စိုစွပ်နေစေတယ်။ နေရတာသက်သာစေတယ်။ အမှုံအမွှားဝင်လာရင် ရှင်းထုတ်ပေးမယ်။
ဒီအလွှာ မကောင်းခြင်းကြောင်း မျက်စိခြောက်တာကို အများဆုံးဖြစ်စေတယ်။
Keratoconjunctivitis sicca လို့ခေါ်တယ်။

အပြင်ဆုံးလွှာကတော့ ပါးတယ်။ ဆီနဲ့ အဆီပါတယ်။ မျက်ခွံမှာရှိနေတဲ့ Meibomian
glands (မီဘိုမီယန်) အိတ်လေးတွေနဲ့ Zeis (ဇိုက်စိ)
အိတ်လေးတွေကနေထုတ်ပေးတယ်။ ဆားရည်လွှာကို ခမ်းခြောက်တာကနေ ကာကွယ်ပေးတယ်။

ဒီရောဂါရှိနေသူတွေမှာ ကိုယ်တိုင်လုပ်နိုင်တာတွေရှိတယ်။ Humidifier
လေးစိုထိုင်းမှုထိန်းပေးတဲ့စက်သုံးနိုင်တယ်။ အခန်းလေအေးစက်က မကောင်းတတ်ပါ။
လေတိုက်များတာလဲ မကောင်းပါ။ မျက်လုံးကို အပူကပ်ပေးတာနဲ့ မျက်ခွံကို
ကလေးသုံးခေါင်းလျှော်ရည်သုံးပြီး နှိပ်နယ်ပေးတာက အဆီလွှာအတွက် ကောင်းစေတယ်။

Artificial tears မျက်ရည်တု နဲ့ Lubricating eye drops and gels မျက်စိချောမျက်စဉ်း သုံးနေရမယ်။ အနည်းဆုံး တနေ့ ၄ ကြိမ်ခပ်ရတယ်။
Preservative free solutions အမျိုးအစားဆိုရင် တနေ့ အနည်းဆုံး ၆ ကြိမ်ခပ်ရတယ်။
Lubricating eye ointments မျက်စိချောဆီကော်မျက်စဉ်းက အရည်နဲ့ ဂျဲလ်ထက် ပိုထူတယ်။ ညမှာချပ်တာပိုသင့်မယ်။
နေ့ခင်းမျက်စိသုံးရတဲ့အလပ်လုပ်ရသူတွေက မျက်စိကို မကြာခဏ အနားပေးရမယ်။ ၁ဝ မိနစ်တခါ ၁ဝ စက္ကန့် နားပါ။ မျက်တောင်ပိုခတ်ပေးပါ။
Fish oil ငါးကြီးဆီနဲ့ Omega-3 fatty acids အိုမီဂါ-သရီး သောက်ပါ။
သုံးနိုင်တဲ့မျက်စဉ်းတွေကတော့ 20/20 Tears, Celluvisc, Comfort Tears, Dry Eyes, Murine, Refresh, and Tears Naturale တွေဖြစ်တယ်။
မျက်ကပ်မှန်နဲ့ဆင်တူတဲ့ Lacrisert ကိုထည့်နည်းလဲ မျက်စိဆရာဝန်တွေ ညွှန်နိုင်တယ်။ တနေ့မှာ ၁-၂ ခါ ထည့်ရတယ်။ အထဲမှာ Cellulose ပါတယ်။
Cyclosporine A 0.5% (Restasis) ဆေးက မျက်စိရောင်ရမ်းတာကိုသက်သာစေတယ်။ တနေ့ ၂ ကြိမ် သုံးရတယ်။
Corticosteroid
drops (Lotemax, Alrex, FML, Vexol) စတီရွိုက်ပါတဲ့ဆေးလဲ သူ့ချည်းဖြစ်ဖြစ်
cyclosporine နဲ့ရောပြီးဖြစ်ဖြစ် သုံးနိုင်တယ်။ ခံစားနေရတာကို သက်သာမေယ်။
Voltaren, Acular, Nevanac, Xibrom အနာသက်သာမျက်စဉ်းလဲသုံးနိုင်တယ်။ ရောင်ပြီးရင်းလာချိန်မှာ ပိုးသေဆေးပါတဲ့ မျက်စဉ်သုံးရမယ်။

ခွဲစိတ်ကုသနည်း
Punctal occlusion မျက်ရည်ထွက်လမ်းကို တမင်တကာပိတ်နေတာမျိုး
လုပ်ပေးနိုင်တယ်။ သိပ်ဆိုးတဲ့သူကို မျက်ရည် ဆင်းလမ်းကို ရာသက်ပန်
လျှပ်စစ်ဖြစ်ဖြစ် လေတာနဲ့ဖြစ်ဖြစ် ပိတ်ပေးနိုင်တယ်။ မျက်နှာတဖက်လေဖြတ်လို့
မျက်လုံးတဖက် မပိတ်နိုင်သူကို Lateral tarsorrhaphy
ခွဲစိတ်နည်းလုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေDr. Tint Swe's Writings:
Friday, December 19, 2014
Source.....Dr. Tint Swe's Writings: Dry eye syndrome

19.5.17

ထင်သည်ထက် ပို၍အရေးကြီးသော မျက်စိစမ်းသပ်ခြင်း။ (မောင်ပြည့်အောင်)(၁၉/၅/၁၇ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါဆောင်းပါး)

          လူမှုအသိုင်းအဝိုင်းအတွင်း ကျင်လည်ကျက်စားလျက် ရှင်သန်ရပ်တည်နေကြရသော စာရေး သူတို့သည် မိမိတို့ပိုင်ဆိုင်သည့် စီးပွားဥစ္စာများဖြစ်သည့် အိုးအိမ်တိုက်တာ စိန်ရွှေရတနာ မော်တော် ကား ဘဏ်စာရင်း  စသည့်တို့အပေါ်၌သာ အရိပ်တကြည့်ကြည့်ဖြင့် အချိန်ပြည့် အာရုံဝင်စားလျက် မျက်ခြေမပြတ်စောင့်ကြည့် နေတတ်ကြပါသည်။မိမိ၏အမြင်အာရုံ ကောင်း၏မကောင်း၏ မျက်စိစမ်း သပ်စစ်ဆေးမှု ခံယူရန်သင့်မသင့် စသည့်ကိစ္စရပ်တွင်မူ အမှတ်မထင် လျစ်လျူရှုမိသကဲ့သို့ ဖြစ်နေ တတ်ကြပါသည်။ ထိုနည်းတူ ပစ္စုပ္ပန်ကာလ၌ မသေချာမရေရာသော ကံကြမ္မာ၏ ခြယ်လှယ်တတ် သောသဘောကို ပို၍ပင် မေ့လျော့နေတတ်ကြပါသည်။
ကြည့်သမျှမြင်သမျှ ထုံးစံအတိုင်း ကြည့်ကောင်းထင်ရှားနေသေးလျှင် မျက်စိဆိုသော အင်္ဂါ အစိတ်အပိုင်းကို ပို၍ပင်မေ့လျော့၍နေတတ်ကြ၏။ ထိုကဲ့သို့ မြင်ကောင်းကြည့်ကောင်းနေခြင်းသည် အစစ်အမှန်မဟုတ်သော လှည့်စားသည့်အမြင်မျိုး ဖြစ်နေတတ်သည်ကိုမူ တွေးပင်တွေးမိကြမည် မဟုတ်ပေ။  အကယ်စင်စစ် မျက်စိရောဂါအများစု၏ ရောဂါဖြစ်စ အစောပိုင်းကာလများသည် အလွန် ပင်သိမ့်မွေသော အခြေအနေ၌ ရှိနေတတ်ကြပါသည်။ရောဂါအခြေအနေ ရင့်လာသည်အထိ အချို့ သော မျက်စိရောဂါများသည် အမြင်ဝေဝါးကြည့်မကောင်းသည့် လက္ခဏာကို မပြသည်များရှိပါသည်။ စမ်းသပ်စစ်ဆေးမှသာ သိရမည်ဖြစ်ပြီး ဖြစ်ပေါ်နေသည့်အခြေအနေကို အချိန်မီရပ်တန့်သွား စေရန် တားဆီးနိုင်မည်ဖြစ်ပါသည်။
မျက်မှောက်ခေတ် မျက်စိစမ်းသပ်စစ်ဆေးမှုဆိုင်ရာ နည်းပညာများသည် အလွန်အဆင့်မြင့် မားပြီး ထိရောက်မှုရှိပါသည်။ မျက်စိစမ်းသပ်စစ်ဆေးသော ကိရိယာများသည်လည်း တိကျသော အဖြေကို ထုတ်ပေးနိုင်သော ခေတ်မီပစ္စည်းများဖြစ်၏။ မျက်စိအထူးကု ဆရာဝန်ကြီးများက ကာယ ကံရှင်၏ မျက်စိကိုပုံမှန်သဘာဝအတိုင်း ဖြစ်စေ၊ လိုအပ်ပါက သူငယ်အိမ်ကိုကျယ်စေသော မျက်စဉ်း ခပ်၍ဖြစ်စေ မျက်စိ၏ ဖောက်ပြန်သောလက္ခဏာရပ်များကို ထိုထိုသော ခေတ်မီကိရိယာများကို အသုံး ပြုလျက် အဆင့်ဆင့်ရှာဖွေစစ်ဆေးမှု ပြုကြမည် ဖြစ်ပါ သည်။
 ကွန်ပျူတာစနစ်သုံး လေဆာစကင်နာ(Laser scaner)ဖြင့် ပုံးရှိုးကွယ်ရှိုးအန္တရယ်ပြုတတ် သည့် မြင်လွှာပေါ်ရှိ သွေးကြောများအား အသေးစိတ် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ထို့ပြင် မြင်လွှာ၌ဖွဲ့ စည်းပါဝင်လျှက်ရှိသည့် အမြင်အာရုံခံဆဲလ်များ(အရောင်အသွေး အလင်းအမှောင်တို့ကို ပိုင်းခြား ဆုံးဖြတ်ရာတွင် အရေးပါသည့် ဆဲလ်များ) ကိုလွယ်ကူစွာ ခွဲခြားစိတ်ဖြာလျက် သိပ်သည်းဆကိုတိုင်း တာနိုင်သည်အထိ ဆောင်ရွက်နိုင်သော ကိရိယာ (device)များလည်း ရှိနေပြီဖြစ်ပါသည်။
အမြင်အာရုံခံဆဲလ်များအတွင်း ပေါ်ပေါက်လာတတ်သည့် အမြင်ကန်းအစက်အပျောက်များ   ( blind spots)ကိုလည်း ၊ မဖြစ်ပွားမီကပင် ဖြစ်နိုင်ချေကို ကြိုတင်သိရှိတိုင်းတာနိုင်သည့် စက်များ လည်း ပေါ်ပေါက်လာပြီဖြစ်ရာ၊တခုနှင့်တခု အချိတ်အဆက်မိမိ တိုင်းတာသိရှိနိုင်သည့် ၎င်းခေတ်မီ စက်ကိရိယာများကိုအသုံးပြုလျက် ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်ကြီးများသည်  ကာယကံ ရှင်၌ ဖြစ်လာနိုင်ချေရှိသော မျက်စိရောဂါများကို ကြိုတင်သိရှိ ကာကွယ်ပေးနိုင်သော အခြေအနေ သည် ယနေ့ခေတ်တွင် ရှိနေပြီဖြစ်ပါသည်။ 
       မျက်စိစမ်းသပ်စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ရေရှည်ဖြစ်ပွားတတ်သည့် မျက်စိရောဂါ များ(အတွင်းတိမ် နှင့် ဆီးချိုရောဂါကြောင့် မြင်လွှာရှိ အရေးပါသောသွေးကြောများ ဖောက်ပြန်ခြင်း ကဲ့သို့သောရောဂါများ)ကို ကြိုတင်သိရှိနိုင်သည့်အပြင်၊ဆန်းစစ်အဖြေရှာမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ အမြင်အာရုံကျဆင်းလာမှုကို နှေးကွေးစေသည့် ကုသမှုများကိုလည်း စောလျင်စွာ စတင်နိုင်မည်ဖြစ်၏၊
မျက်မှန်တပ်ရန် လိုအပ်ချက်ရှိသူများအား၊ ကွန်ပျူတာစနစ်သုံး မျက်မှန်ပါဝါရှာဖွေသည့် ကိရိ ယာ(Auto Refractometer)ဖြင့်မျက်မှန်ပါဝါရှာဖွေပြီး၊ အမြင်စမ်းကိရိယာ(Vision Tester or Sight Tester) ဖြင့်စမ်းသပ်စစ်ဆေးပေးခြင်းအားဖြင့် တိကျသောမျက်မှန်ပါဝါကိုရရှိစေမည်ဖြစ်၏။ မျက်မှန်လို သည့် အချိန်၌ လိုအပ်သောပါဝါမျက်မှန်ကို တပ်ဆင်စေခြင်းဖြင့်၊ အမြင်အာရုံချို့တဲ့သည့်အခြေအနေမှ  လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
 ယခင်ဆယ်စုနှစ်များကထက် အာနိသင်နှစ်ဆခန့် ပို၍ထက်မြက်လာသော ဆေးဝါးများ၏ အကျိုးရလာဒ်ကောင်းကြောင့် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူသားများအား အမြင်အာရုံ ဆုံး ရှုံးမှုမဖြစ်စေရန် စောင့်ရှောက်မှုပေးနိုင်သော ခေတ်ကာလဖြစ်သော်လည်း၊ကာယကံရှင်၏ ပေါ့ဆမှု ကြောင့် မျက်စိစမ်းသပ်စစ်ဆေးမှုမပြုလျှင် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပညာရှင်အသီးသီးက မည့်သည့်စောင့်ရှောက်ကူညီမှုကိုမျှ ပြုလုပ်ပေးနိုင်မည်မဟုတ်ပေ။
 ထိုနည်းတူစွာပင် အမြင်အာရုံဆုံးရှုံးမှုကို တဖြည်းဖြည်း တရွေ့ရွေ့မသိမသာဖြစ်ပွားလာစေ သည့် အာဟာရချို့တဲ့မှုကြောင့် ဖြစ်သည့်မျက်စိရောဂါ နှင့် မျိုးရိုးဗီဇကြောင့်ဖြစ်သည့် မျက်စိပြဿနာ များ သည်လည်း၊အောင်မြင်သည့် ကုသမှုနည်းပညာများ( Stem cell therapy နှင့်Gene therapy တို့ကဲ့ သို့)မည်သို့ပင်ထွန်းကားနေသည် ဖြစ်စေကာမူ အခါအခွင့်သင့်မှသာ အကောင်အထည်ဖော် ကုသခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
မျက်စိအမြင်အာရုံကို လုံးဝဆုံးရှုံးသည်အထိ အန္တရယ်ပြုနိုင်သော ရေတိမ်(Glucoma)ကို စောစီးစွာ သိရှိပါက ရေတိမ်ကုသရာတွင်အသုံးပြုသည့် လေဆာရောင်ခြည်(Argon Laser)သုံး ခေတ် မီကိရိယာဖြင့် သက်တောင့်သက်သာ ကုသမှုပြုနိုင်သကဲ့သို့၊ မြင်လွှာ၌ဖြစ်ပေါ်သည့် အန္တရယ်ကြီးမား သည့် ပြဿနာများကိုလည်း စောစီးစွာသိရပါက မြင်လွှာကုသရာတွင် အသုံးပြုသည့် လေဆာရောင် ခြည်(YAG Laser )သုံးကိရိယာဖြင့် သက်တောင့်သက်သာ ကုသပေးနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မျက်စိစမ်းသပ်စစ်ဆေးမှုကို တွေးထင်ယူဆမှုသက်သက်ဖြင့် အချိန်မဖြုန်းဘဲ လက် တွေ့ကျကျ စမ်းသပ်စစ်ဆေးမှုခံယူသင့်ကြောင်းအကြံပြုလိုပါသည်။ သို့မှသာ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများအပါအဝင် အကြံပေးမှုများကို မျက်စိအထူးကုဆရာဝန်များက ပြုလုပ်ပေးနိုင်မည်ဖြစ်ပြီး၊ မလိုလားအပ်သည့် အမြင်အာရုံဆုံးရှုံးမှုများသည်လည်း ပေါ်ပေါက်လာမည်မဟုတ်ပေ။စီးပွာဥစ္စာတိုး ပွားစေရေးအတွက် ပုံမှန်ရင်းနှီးမြှုပ်နှံမှုများ ပြုသကဲ့သို့ အသက်ရှည်သမျှကာလပတ်လုံး အမြင်အာရုံ မဆုံးရှုံးစေရေးအတွက် ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးခြင်းတည်းဟူသော ရင်းနှီးမြှုပ်နှံမှုကိုလည်း ပြု သင့်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားအပ်ပါသည်။ ( Dan Roberts, Editor-in-Chief of  Living Well with Low Vision from Prevent Blindness ရေးသားသည့် Eye Exams: More Important Than You Might Think ကိုမှီငြမ်းပါသည်။)
   

16.5.17

မျက်ကပ်မှန်များအကြောင်း သိကောင်းစရာ။ ( မောင်ပြည့်အောင်)(၁၆/၅/ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါဆောင်းပါး)


            မျက်မှန်အစားထိုး မျက်ကပ်မှန်သုံးစွဲမှုများသည် ခေတ်၏လိုအပ်အရလည်းကောင်း၊မျက်ကပ်မှန်၏ အား သာချက်များအရလည်းကောင်း ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ပါသည်။သုံးစွဲမှု များပြားလာသည် နှင့်အညီ နည်းပညာပိုင်းဆိုင်ရာနှင့် အသိပညာပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း မြင့်မားလာသည်ဖြစ်ရာ အ ခြေခံအကျဆုံးအပိုင်းဖြစ်သည့် မျက်ကပ်မှန်အမျိုးအစားများနှင့် အသုံးပြုပုံများကို ရေးသားတင်ပြလိုပါသည်။ ကျယ်ပြန့် လှသော မျက်ကပ်မှန်ဆိုင်ရာ နည်းပညာနယ်ပယ်၏ မိတ်ဆက်မျှသာဖြစ်ကြောင်း ရှေးဦးစွာ အသိပေး ပါသည်။  မျက်ကပ်မှန်အမျိုးအစားများတွင်-------
(၁) အပျော့းစား ရိုးရိုးမျက်ကပ်မှန်                                                                                         (၂) ရောင်စုံအပျော့စားမျက်ကပ်မှန်                                                                                        (၃) မျက်ရည်စိမ့်ဝင်နိုင်သော မျက်ကပ်မှန်အမာစား                                                                    (၄) ဘိုင်ဖိုကယ် မျက်ကပ်မှန်                                                                                               (၅) မိုနိုဗွီးရှင်းမျက်ကပ်မှန်                                                                                                  (၆) အနီးကြည့်မျက်မှန်နှင့် မျက်ကပ်မှန်                                                                                 (၇) ဆလင်ဒါပါဝါအတွက် မျက်ကပ်မှန်                                                                                   (၈) မျက်ကြည်လွှာ၏ပုံသဏ္ဍန်ကို ပြုပြင်ရန်သုံးသောမျက်ကပ်မှန် --- စသည်ဖြင့် အမျိုးမျိုးရှိပါသည်။
         
         မျက်စိ၏ ရှေ့ဆုံးပိုင်းတွင်ရှိပြီး ကြည်လင်သန့်ရှင်းသော အင်္ဂါအစိတ်အပိုင်းတခုဖြစ်သည့် မျက်ကြည် လွှာ၏ အပေါ်ယံတွင် အံဝင်ဂွင်ကျကပ်လျက် စုပ်ခွပ်သဖွယ် တပ်ဆင်အသုံးပြုရသော မျက်ကပ်မှန်များသည် မျက်စိမှုန်သူများ အတွက် အသုံးတည့်ပြီးထိရောက်မှုရှိသည့် မျက်စိကျမ်းမာရေး အထောက်အကူပြု ပစ္စည်းတခု ဖြစ်ပါသည်။ အဝေး မှုန်ခြင်းအမျိုးမျိုး ၊ ဆလင်ဒါပါဝါရှိသူများအပြင် အသက်အရွယ် ကြီးရင့်လာမှုကြောင့် အဝေးအနီးမှုန်ခြင်းများကို အမြင် အာရုံတိုးတက်ကောင်းမွန်လာစေရန် ပြုပြင်ပေးနိုင်သော ကရိယာတခုလည်း ဖြစ်ပါသည်။
          များသောအားဖြင့် ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးမှု ရလဒ်အပေါ်မူတည်၍ မိမိနှင့်ကိုက်ညီသော မျက်ကပ် မှန်များကို နားလည်းတတ်ကျွမ်းမှုရှိသော မျက်စိဆရာဝန်များက ညွှန်ကြားကြပါသည်။သို့သော်လည်း မိမိကိုယ် တိုင် ထိုက်သင့်သလောက် သိရှိထားမည်ဆိုပါက ဆရာဝန်များ၏ညွှန်ကြားချက်ကို နားလည်လွယ်မည်ဖြစ်ပြီး ထိရောက်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
          သို့ဖြစ်ရာ အောက်ဖော်ပြပါ မျက်ကပ်မှန်အမျိုးမျိုးနှင့် အသုံးပြုပုံများကို လေ့လာခြင်းအားဖြင့် အကျိုး ကျေးဇူးရရှိမည်ဖြစ်ပါသည်။

(၁)အပျော့စား ရိုးရိုးမျက်ကပ်မှန်
          ၎င်းမျက်ကပ်မှန်အမျိုးအစားကို ရေ၌ကြာရှည်စိမ်ထားလျှင် ဓါတ်ပြောင်းလဲမှု မဖြစ်စေနိုင်သော ပလပ် စတစ်အမျိုးအစားဖြင့် ပြုလုပ်ထားပါသည်။ မျက်ကပ်မှန်ကိုဖြတ်သန်းလျက် မျက်ကြည်လွှာသို့ အောက်စိဂျင်အ လုံအလောက် ရရှိစေမည်ဖြစ်သဖြင့် မျက်ကြည်လွှာကိုလည်း သာမန်အားဖြင့် ထိခိုက်စေမည်မဟုတ်ပါ။ မျက်စိ ခြောက်သွေ့ခြင်းကို လျော့ပါးစေသောကြောင့် အသုံးပြုသူအား သက်တောင့်သက်သာ ရှိစေမည်ဖြစ်ပါသည်။ မျက် ကြည် လွှာ၌ အောက်စီဂျင် အလုံအလောက်မရရှိပါက အမြင်ဝေဝါးပြီး မျက်ကြည်လွှာရောင်ရမ်းမှုကိုဖြစ် စေမည့် အပြင် အခြားမလိုလားအပ်သည့် မျက်ကြည်လွှာပြဿနာများ ကိုလည်း ပေါ်ပေါက်လာစေနိုင်ပါသည်။
များသောအားဖြင့် မျက်ကပ်မှန်များသည် တခါသုံးများဖြစ်ကြပါသည်။ အချိန်တိုအတွင်း အသုံးပြုပြီး နောက် ထပ်မံ၍မသုံးသင့်သည်က များပါသည်။ သန့်ရှင်းလတ်ဆတ်သော မျက်ကပ်မှန်များကို သက်တောင့် သက်သာရှိစေရန် ကြည်လင်သောအမြင်ရရှိရန်နှင့် ရောဂါပိုးများဝင်ရောက်နိုင်မှုအခွင့်အရေးများ နည်း ပါးစေရန် တို့အတွက်ထိရောက်သော နည်းပညာများဖြင့် ထုတ်လုပ်ထားကြပါသည်။
အချို့သော အပျော့စားမျက်ကပ်မှန်များသည် တခါသုံးများမဟုတ်ကြဘဲ တနှစ်ခန့်အသုံးပြု၍ရပါသည်။ သို့ရာတွင် ညစဉ်ဖြုတ်၍ သတ်မှတ်ထားသောဆေးရည်ဖြင့် စင်ကြယ်အောင် ဆေးကြာရပါမည်။၎င်းအမျိုးအစား သည် အသုံးပြုသူက စိတ်ကြိုက်ရွေးချယ်၍သုံးနိုင်သော အမျိုးအစားဖြစ်ပါသည်။ရေငွေ့စိမ့်ဝင်နိုင်သော အချိန် ကြာကြာ(ရက်ရှည်)တက်ဆင်ရသော မျက်ကပ်မှန်အမျိုးအစားနှင့် နှိုင်းယှဉ်လျှင် အပျော့စားမျက်ကပ်မှန်များ သည် အသုံးပြုသူအား ပို၍သက်တောင့်သက်သာ ရှိစေပါသည်။ ကြာရှည်တပ်ရသောအမျိုးအစားမှ ယာယီ တပ်ရသော မျက်ကပ်မှန်အပျော့စားသို့ကူး ပြောင်းတပ်ဆင်အသုံးပြုခါစတွင် ပို၍သိသာထင်ရှားပါသည်။
ထို့ပြင် အပျေားစားမျက်ကပ်မှန် အများစုသည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပြီး၊မီးခိုးငွေ့နှင့် ဖုံမှုန့်ကဲ့သို့သောအညစ်အကြေးများကို ငွေ့ရည်စိမ့်ဝင်နိုင်သော အမာစားမျက်ကပ်မှန်များထက်ပို၍ စုပ်ယူဖယ် ရှား ပေးနိုင်ပါသည်။ မျက်စိကို မသက်မသာဖြစ်စေသည့် ဆပ်ပြာရည် ၊ စပရေးငွေ့ နှင့် ဆေးလိပ်မီးခိုးငွေ့များ၊ မိတ်ကပ်နှင့် ကိုယ်လိမ်းလိုးရှင်းရည်များကိုလည်း ဖယ်ရှားပေးနိုင်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် မျက်ကပ် မှန်ကို ရှေးဦးစွာ တပ်ဆင်ပြီးမှသာ အလှပြင်ပစ္စည်းများကို သုံးစွဲသင့်ကြောင်း ပညာရှင်များက အင်္ကြပြုကြခြင်း   ဖြစ်ပါသည်။
အပျော့စားမျက်ကပ်မှန်များသည် မျက်ကပ်မှန်အမာစားများထက် ပို၍ ပျော့ပြောင်းသောကြောင့် ဆုတ် ပြဲခြင်းနှင့် အနားသတ်များကျယ်သွားခြင်းများ ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာလျှင် လက္ခဏာရပ်အဖြစ် မျက် ကပ်မှန်ကို တပ်ဆင်၍မရခြင်းနှင့် တပ်ဆင်ရခက်ခဲခြင်းများ ကြုံတွေ့ကြရမည်ဖြစ်ပါသည်။ ယင်းအခြေအနေ သည် မျက်ကပ်မှန်ကို အသစ်လဲလှယ်သင့်သည့် အခြေအနေပင်ဖြစ်ပါသည်။ ဆက်လက်၍ လုံးဝအသုံးမပြု သင့်ပါ။
တိုးတက်လာသော နည်းပညာသစ်များဖြင့် ထုတ်လုပ်ထားသော (ကမ္ဘာ့)ဈေးကွက်တွင်းရှိ မျက်ကပ်မှန် အပျော့ စားများကိုအောက်ပါအတိုင်းတွေ့ကြရပါမည်။

တနေ့တာအတွက် တခါသုံးမျက်ကပ်မှန်
          တရက် (office hours) အတွက်အသုံးပြုရန် ရည်ရွယ်ထုတ်လုပ်ထားပြီး၊အသုံးပြုပြီးနောက် စွန့်ပစ်ရန် ဖြစ်ပါသည်။ မျက်ကပ်မှန်ကို သန့်စင်ဆေးရည်ဖြင့် ပုံမှန်ဆေးကြာရသည့်ဒုက္ခမှ ကင်းဝေးစေပါသည်။ မျက်စိ ခြောက်သွေ့ခြင်းကိုလည်း လျော့ပါးစေပြီး ၊မျက်စိအလာဂျီ (မျက်စိယားယံတတ်သူများ)အတွက် ပို၍သင့်တော် သော မျက်ကပ်မှန်ဖြစ်ပါသည်။
ဆီလီကွန်မျက်ကပ်မှန်
          ဆီလီကွန်ကိုအခြေခံ၍ထုတ်လုပ်ထားပြီး၊လေဝင်လေထွက် အလွန်ကောင်းမွန်သောကြောင့် မျက်ကြည် လွှာအတွက် အရေးတကြီးလိုအပ်သည့် အောက်စီဂျင်ကို ပိုမိုရရှိစေပါသည်။မျက်ကပ်မှန်နည်းပညာကို အဆင့် မြင့်တင် ထုတ်လုပ်ထားသော အမျိုးအစားဖြစ်ပြီး၊မျက်စိခြောက်သွေ့မှု ကိုလျော့ပါးစေပါသည်။အချို့သော ဆီလီ ကွန်မျက်ကပ်မှန်များသည် တပ်ဆင်ချိန် ၂၄နာရီထက် ပိုမိုအသုံးပြုနိုင်ကြောင်းနှင့် အက်ဖ်ဒီအေ(FDA)၏ ထောက်ခံချက်ဖြင့် တပ်ဆင်အသုံးပြုနိုင်သည့် ကာလကို ပါကင်ဗူးတွင် ဖော်ပြထားကြပါသည်။ ရက်ပေါင်း သုံးဆယ် (တလ) အထိတဆက်တည်း တပ်ဆင်ထားနိုင်သော မျက်ကပ်မှန်များပင် ပေါ်ပေါက်လာပြီ ဖြစ်၏။
      မျက်ကပ်မှန်များ၏ အရည်အသွေး တိုးတက်ကောင်းမွန်လာပြီး၊လနှင့်ချီ၍တပ်ဆင်ထားနိုင်သော်လည်း၊ မျက်စိအထူးကုဆရာဝန်များကမူ၊အိပ်ယာဝင်ချိန်တွင် မျက်ကပ်မှန်ကို မဖြစ်မနေချွတ်ထားကြရန် တိုက်တွန်း ကြပါသည်။အဘယ့်ကြောင့်ဆိုသော် အိပ်ပျော်နေချိန်တွင် မျက်စိ၏အနေအထားသည် ပိတ်နေသော သဘာဝရှိ သောကြောင့်၊ အောက်စီဂျင်ရရှိရန် အခွင့်အရေး အလွန်နည်းပါးပါသည်။ ထိုအခြေ အနေတွင် မျက်ကပ်မှန်ကိုတပ်ထားမည်ဆိုပါက မလိုလားအပ်သောဆိုးကျိုးများ ဖြစ်လာနိုင် ပါသည်။ ဆီလီကွန် မျက်ကပ်မှန်များသည် အဆင့်မြင့် မျက်ကပ်မှန်များဖြစ်သော်လည်း၊ လူတိုင်းနှင့် သင့်တော် သည်ဟူ၍ မဆိုသာသေးပါ။ သို့ဖြစ်ရာ ၎င်း မျက်ကပ်မှန်များကို သုံးစွဲမည်ဆိုပါက သက်ဆိုင် ရာကျွမ်း ကျင်ပညာ ရှင်များနှင့် ဆွေးနွေးတိုင်ပင်၍ အကြံ ဥာဏ်ရယူပြီးမှသာ သုံးစွဲသင့်ကြောင်း ပညာရှင်များ က အကြံပြုထားကြပါသည်။


(၂)ရောင်စုံ အပျော့စားမျက်ကပ်မှန်များ
       အပျော့စားရောင်စုံမျက်ကပ်မှန်များသည် နှစ်သက်ဖွယ်ရာကောင်းသော အခြေခံအကြောင်းများကြောင့် ထူးထူးခြားခြားဖက်ရှင်ဆန်ဆန် ဝတ်စားဆင်ယင်မှုများနှင့် လိုက်ဖက်အောင် တပ်ဆင်အသုံးပြုသော မျက်ကပ် မှန်များဖြစ်ကြပါသည်။၎င်းမျက်ကပ်မှန်များတွင် -----------
(က) သာမန်အားဖြင့်ကြည့်လျှင် အရောင်အသွေးရှိသည်ဟု မထင်ရသကဲ့သို့၊ တပ်ဆင်ထားသော အခါ၌ လည်း  ထူးထူးခြားခြားပြောင်းလဲမသွားဘဲ၊ မျက်စိ၏မူလအရောင်အသွေးကို ပိုမိုတင့်တယ်စေသော မျက် ကပ်မှန်၊
(ခ) မျက်စိ၏မူလအရောင်အသွေးကို ပိုမို၍ထင်ရှားလှပလာစေရန်၊ ကာယကံရှင်၏ မျက်စိအရောင်နှင့် တထပ် တည်းတူညီသောအရောင်အသွေးပါ မျက်ကပ်မှန်၊
(ဂ) မျက်စိ၏မူလအရောင်အသွေးနှင့် မတူကွဲပြားခြားနားသောအရောင်ကို ပြောင်းလဲရန်တပ်ဆင်နိုင်သော ရောင်စုံမျက်ကပ်မှန်များ (ခရမ်းပြာရောင်၊ ခရမ်းရောင်၊အပြာရောင်၊ အစိမ်းရောင်၊အနီရောင်၊ အညိုရောင်-စ သည့် ထူးထူးခြားခြားအရောင်များ)။
(ဃ) ကာယကံရှင်၏ မူလမျက်စိအရောင်နှင့် တထပ်တည်းတူညီသည့် အလင်းပိတ်မျက်ကပ်မှန်များ (အမြင် အာရုံ ဆုံးရှုံးနေသည့် အရောင်အသွေးချို့ယွင်းနေသောမျက်စိကို အခြားသူများအမြင်၌ ကျန်တဖက်နှင့် တူညီ စေရန်အတွက် တပ်ဆင်အသုံးပြုပါသည်)။
သတိပြုရန်အချက်မှာအရောင်ပါသော မျက်ကပ်မှန်အမျိုးအစားများသည် အလှအပအတွက်သာမက မျက်ကပ်မှန် အကြည်များနည်းတူ မျက်စိကုသမှုအတွက်ပါ အသုံးပြုသည်ဟူသော အချက်ပင်ဖြစ်ပါသည်။ မျက်စိ အထူးကုဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည့်အပြင်၊ တကိုယ်ရေသုံးအဖြစ်သာ သုံးသင့်ပါသည်။ ပါဝါမျက်ကပ်မှန်များကို အသုံးပြုသကဲ့သို့ စနစ်တကျသန့်စင်ခြင်း နှင့် ထိမ်းသိမ်းထား ရှိခြင်းများကို မလွဲမသွေ ဂရုတစိုက် ပြုကြရမည်ဖြစ်ပါသည်။
(၃)မျက်ရည်စိမ့်ဝင်နိုင်သော မျက်ကပ်မှန်အမာစား
၎င်းမျက်ကပ်မှန်ကို ဆီလီကွန်ဖြင့်ပြုလုပ်ထားပြီး၊ မျက်ကပ်မှန်အပျော့စားများထက် အနည်းငယ် ပို၍မာ ပါသည်။ မျက်ကြည်လွှာသို့ အောက်စီဂျင် အလုံအလောက်ရရှိစေရန်အတွက် မျက်ရည်စိမ့်ဝင်နိုင်စေ ရန် ဒီဇိုင်း ပြု ထုတ်လုပ်ထားပါသည်။ မျက်မှန်ပါဝါ အမျိုးအစားတခုဖြစ်သော ဆလင်ဒါပါဝါများသူများကို ပြုပြင်ပေးရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းအားနည်းချက်ရှိနေသော မျက်ကြည်လွှာကို အကာ အကွယ်ပေးရန်တို့ အတွက် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပညာရှင်များ၏ ညွှန်ကြားချက်ဖြင့် အထူး သဖြင့် အသုံးပြုကြပါ သည်။ မျက်ကပ်မှန်အပျော့စားများကဲ့သို့ သက်တောင့်သက်သာ ရှိမည်မဟုတ်သော် လည်း မျက်စိကျမ်းမာရေး လိုအပ်ချက်အရ တပ်ဆင်ကြရမည်ဖြစ်ပါသည်။ ရေရှည်တပ်ဆင်ရန်လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အချိန် အတိုင်းသာ တပ်ဆင်သင့်ပါသည်။
(၄) ဘိုင်ဖိုကယ် မျက်ကပ်မှန်
အဝေးအနီး ပါဝါနှစ်မျိုးပါသောမှန်ကို ဘိုင်ဖိုကယ် (ပါဝါနှစ်မျိုးချိန်ဆ၍ရသော)မှန်ဟု ခေါ်သကဲ့သို့၊ အဝေးအနီး ပါဝါနှစ်မိျုးသုံး၍ရသော မျက်ကပ်မှန်ကိုလည်း ဘိုင်ဖိုကယ်မျက်ကပ်မှန်ဟုပင် ခေါ်ပါသည်။ ပရက်စ် ဘိုင်ယိုးပီးယား(presbyopia)ဟုခေါ်သော၊အသက်အရွယ်ကြီးရင့်လာမှုကြောင့် အနီးမှုန်သူများ အတွက် ထုတ်လုပ်သော မျက်ကပ်မှန်ဖြစ်ပါသည်။အသက်အရွယ်ရစ (အသက် ၄၀ နှစ်ဝန်းကျင်)တွင် အနီးမှုန် မျှသာဖြစ်ရာမှ၊ အသက် ၄၅ နှစ်နှင့် ၅၀ ဝန်းကျင်များတွင် အဝေးပါမှုန်စပြုလာတတ်သည်ဖြစ်ရာ ထိုကဲ့သို့သောသူများအတွက် အသုံးပြုရန်သင့်သော မျက်ကပ်မှန်ဖြစ်ပါသည်။ အထက်တွင်ဖော်ပြ ထားသော မျက်ကပ်မှန်အပျော့စားနှင့် အမာ စားမျက်ကပ်မှန် နှစ်မျိုးစလုံး (ကမ္ဘာ့)ဈေးကွက်တွင် ရှိပါသည်။
အရေးကြီးသောအချက်မှာ မိမိနှင့်သင့်တော်သောမျက်ကပ်မှန်ကို မှန်မှန်ကန်ကန်ရွေးချယ်တတ် ရန်နှင့် မျက်ကပ်မှန်ဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်၏ အကြံပြုချက်ဖြင့်သာ တပ်ဆင်အသုံးပြုရန်တို့ပင်ဖြစ် ပါသည်။
(၅) မိုနိုဗွီးရှင်း မျက်ကပ်မှန် (ပုံရိပ်တထပ်တည်းကျစေရန် သုံးရသောမျက်ကပ်မှန်)
          ဘယ်ညာမျက်စိအစုံ၌ တဖက်နှင့်တဖက် ပါဝါသဘာဝမတူညီခြင်းနှင့် ပါဝါသဘာဝခြင်းတူသော်လည်း ကွာဟချက်များလွန်းခြင်းများကြောင့် ပုံရိပ်နှစ်ထပ်မြင်နေရသော အခြေအနေတွင် အသုံးပြုပါသည်။ မျက်စိတဖက် သည် အဝေးမှုန်ဖြစ်နေပြီး၊ အခြားတဖက်သည် အနီးမှုန်ဖြစ်နေလျှင်သော်လည်းကောင်း၊ တဖက်နှင့် တဖက် ပါဝါကွာဟချက် (+ or – 200 ထက်ပိုသော) များလွန်းသောသူအား ၎င်း၏အမြင်အာရုံတွင် ပုံရိပ်တထပ် တည်းကျနေစေရန်အတွက် တွဲဖက်၍သုံးရသော မျက်ကပ်မှန်အမျိုးအစား ဖြစ်ပါသည်။ မျက်စိနှစ်ဖက်စလုံး အတွက် အသင့်သုံးတွဲစပ်လျက်လာသော အမျိုးအစားမဟုတ်ဘဲ အထူးပြုကျွမ်းကျင်ပညာရှင်များက စမ်းသပ် စစ်ဆေး တွက်ချက်၍ တွဲစပ်ပေးရသော အမျိုးအစားဖြစ်ပါသည်။
          အမျိုးမျိုးအစားစားသော ပါဝါများကို တွဲစပ်ပေးရသောကြောင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ၏ အတွေ့အကြုံနှင့်ကျွမ်းကျင်မှုသည် အထူးအရေးပါသကဲ့သို့ လိုအပ်သောမျက်ကပ်မှန်များ ရရှိရေးသည်လည်း ဤအပိုင်း၌ အဓိကကျပါသည်။
(၆) စာကြည့်မျက်မှန်နှင့် မျက်ကပ်မှန်
          တခါတရံ အဝေးကြည့်အတွက် မျက်ကပ်မှန်တပ်ရပြီး၊ ၎င်းမျက်ကပ်မှန်အပေါ်မှ အနီးကြည့်မျက်မှန်ကို စာဖတ်ရန်အတွက် တပ်ဆင်ရသည်မျိုးလည်းရှိပါသည်။ မျက်စိအထူးကုဆရာဝန်များနှင့် အထူးကျွမ်းကျင်သူပညာရှင် များ၏ အကြံပြုချက်အရသာ လိုက်နာဆောင်ရွက်ရခြင်းမျိုးဖြစ်ပါသည်။

(၇) ဆလင်ဒါပါဝါ အတွက် အခုံးမညီမျက်ကပ်မှန်

မျက်ကြည်လွှာ အခုံးမညီသောကြောင့် ဆလင်ဒါပါဝါရှိသူများအတွက် ထုတ်လုပ်ထားသော မျက်ကပ် မှန်ဖြစ် ပါသည်။အခြားသောမျက်ကပ်မှန်နှင့် ထုတ်လုပ်သည့်ကုန်ကြမ်းအမျိုးအစားတူညီသည့်အပြင်၊အပျော့စား အမာစား မျက်ကပ်မှန်၊ ရောင်စုံမျက်ကပ်မှန်၊မျက်ရည်စိမ့်ဝင်နိုင်သော မျက်ကပ်မှန် စသည့်ဖြင့်လည်းအမျိုးမျိုးရှိ ပါသည်။ အခြားသောမျက်ကပ်မှန်များနှင့် အဓိကမတူညီသောအချက်မှာ အခုံးမညီခြင်းဖြစ်ပါသည်။ မျက်ကြည် လွှာ အခုံးမ ညီသောကြောင့် ဆလင်ဒါပါဝါဖြစ်ခြင်းကို အခုံးမညီသော မျက်ကပ်မှန်ကိုတပ်ဆင်၍ပြေပျောက်စေ ခြင်းဖြစ် ပါသည်။ အိုးရွဲ့ကိုစလောင်းရွဲ့ဖြင့်ဖုံးခြင်း သဘောတရားနှင့် ဆင်တူမည်ထင်၏။ ဆလင်ဒါပါဝါ သီးသန့် မျက်ကပ်မှန်များ ရှိသကဲ့သို့ ၊ ဆလင်ဒါနှင့် အဝေးမှုန်ပါဝါတွဲလျက် မျက်ကပ်မှန်များလည်းရှိပါသည်။
(၈) မျက်ကြည်လွှာ၏ပုံသဏ္ဍာန်ကို ပြုပြင်ရန် သုံးသောမျက်ကပ်မှန်
အမြင်အလျားတိုသောကြောင့် အဝေးမှုန်နေသူများအား မျက်ကြည်လွှာပြုပြင်သော နည်းပညာအရ အမြင် အာရုံ တိုးတက်စေရန်အတွက် တပ်ဆင်ရသော အထူးမျက်ကပ်မှန်ဖြစ်ပါသည်။မျက်ကပ်မှန်တပ်ဆင်ထား သော အချိန်တွင်သာ မျက်ကြည်လွှာ၏ ပုံသဏ္ဍာန်ပြောင်းလဲသွားသောကြောင့် ပိုမိုကြည်လင်ကောင်းမွန်သော အမြင်ကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ယနေ့မျက်မှောက်ခေတ်တွင် အလွန်အသုံးနည်းသော နည်းစနစ်တခုဖြစ်၏။ မျက်ကပ်မှန် အမျိုးအစားတခုအဖြစ်သာ ရေးသားရခြင်းဖြစ်ပါသည်။

ဤသို့လျှင် မျက်ကပ်မှန်အမျိုးအစားများနှင့် အသုံးပြုပုံများကို လေ့လာခြင်းအားဖြင့် မျက်ကပ်မှန်များကို မျက်မှန်လိုအပ်သူများအတွက် မျက်မှန်အစားထိုး အသုံးပြုရသည့် ပစ္စည်းတခုအဖြစ်သာမက မျက်စိကုသရေး အတွက်ပါ အရေးပါသောပစ္စည်းအဖြစ် အသုံးပြုကြောင်း အမြွက်မျှသိကြရမည်ဖြစ်ပါသည်။မျက်ကပ်မှန်ကို အသုံးပြုခြင်းဖြင့် အားသာချက်များကို ခံစားရမည့်အပြင် ကြုံတွေ့လာနိုင်သည့် ဆိုးကျိုးများကိုလည်း သတိမူကြ ရမည်ဖြစ်ပါသည်။ မျက်ကပ်မှန်နှင့် ဆက်နွယ်သောဆိုးကျိုးသည် မျက်စိ၏ အရေးပါသော အင်္ဂါအစိတ်အပိုင်း ဖြစ်သည့် မျက်ကြည်လွှာတွင် ပေါ်ပေါက်လာတတ်သည်ဖြစ်ရာ ၊ မိမိအသုံးပြုမည့် မျက်ကပ်မှန်ကို ဂရုတစိုက် ရွေးချယ်ရန် နှင့် မျက်ကပ်မှန်သုံးစွဲသူများ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာကြရန် လိုအပ် ပါကြောင်း ရေးသားလိုက်ရပါသည်။(WebMD Medical Reference Reviewed by Alan Kozarsky, MD  How to Find the Right Contact Lenses ကိုမှီငြမ်းပါသည်။)

မောင်ပြည့်အောင်