17.6.18

ရှေးရှေးတုန်းကဟင်းချိုမှုန့် ။မောင်ပြည့်အောင်( ၁၇/၆/၁၈ ရက်နေ့ထုတ် ကြေးမှုံသတင်းစာပါဆောင်းပါး)


       
                                                                
ကျန်းမာရေးပညာပေးစာစောင်များ၊သတင်းစာဂျာနယ်နှင့်ရုပ်သံအစီအစဉ်များတွင် အချိုမှုန့် (မိုနိုဆိုဒီယမ်ဂလူတမိတ်- MSG) ၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲခံစားရမည့် ရောဂါဝေဒနာများကို ပညာပေးဖော်ပြကြပြီး၊ စားသုံးရန်မသင့်ကြောင်း အကြံပြုကြသည်ကို တွေ့ကြရမည်ဖြစ်၏။ အကြံပြုချက်များမှာ ကြောင်းကျိုးဆီလျော် သည့်အပြင် လက်ခံနိုင်ဖွယ်ရာလည်းရှိပါသည်။သို့သော်လည်း စားသောက်ကုန်ပစ္စည်းတခုအဖြစ် ဈေးကွက်တွင် နေရာယူထားပြီးဖြစ်သည်သာမက သုံးစွဲရင်းရှိပြီးဖြစ်သော အချိုမှုန့်ကိုမသုံးလျှင် ဘာကိုသုံးကြရမည်နည်း၊ ကြော်ငြာအားကောင်းကောင်းဖြင့် ကြော်ငြာနေသော ဟင်းခတ်မှုန့် ဆိုသည် များကို သုံးရမည်လား၊ထိုဟင်းခတ်မှုန့်ဆိုသည်များတွင်လည်း အချိုမှုန့်မပါဘူးဟူ၍ု ဆိုနိုင်မည်လား၊ စသည် စသည်ဖြင့်၊ မေးစရာ ရှိလာပါသည်။
          အချိုမှုန့်ကိုမစားလျှင် ဘာကိုစားရမည်နည်း ဆိုသည်ကိုသိဖို့ရာတွင်၊ အချိုမှုန့်မပေါ်ခင်က ဟင်းလျာများကို မည်သို့ ချက်ပြုတ်စားခဲ့ကြသည်ကိုသိရလျှင် အထောက်အပံ့ဖြစ်နိုင်သည်ဟု ယူဆပါ သည်။ ထိုစဉ်က မည်သို့စားခဲ့ကြသည်ကို သိသောသူများလည်း၊ ယနေ့ခေတ်တွင် အလွန်နည်းပါး နေပြီ  ဖြစ်၏ ။
          စာရေးသူတို့ငယ်စဉ်က ကျေးလက်မှအိမ်များတွင်ရော မြို့ပြမှအိမ်များတွင်ပါ ကျပ်ခိုးစင် ဆိုသည် များရှိပါသည်။ ကျပ်ခိုးစင် ဆိုသည်မှာ ထမင်းအိုးဟင်းအိုးတည်သော မီးဖိုလေးများ၏အပေါ် တည့်တည့် ရင်စို့သာသာ လက်လှမ်း၍မီနိုင်သည့် အမြင့်ခန့်တွင် ထောင့်လေးထောင့်ကို ကြိုးဖြင့် ဆိုင်း၍ ဆွဲထားသော ခပ်ကျဲကျဲဝါးကပ်လေးတခုပင်ဖြစ်၏။ အကျယ်အားဖြင့် နှစ်တောင် (၃ပေဝန်း ကျင်) ပတ်လည် ခန့်ရှိပေမည်။ထိုကျပ်ခိုးစင်ကလေးများသည် စာရေးသူတို့ အိမ်ရှင်မများ အတွက် ထိုအချိန်က အလွန်ပင်အရေးပါ၏။ ပိုးထိုးတတ်သော အိမ်အသုံးအဆောင်ပစ္စည်းလေးများ၊ အခြောက် ခံရန်လိုအပ်သည့် ဆေးမြစ် ဆေးဥလေးများကို ထိုကျပ်ခိုးစင်လေးပေါ်တွင်တင်ထားကြ၏။  လယ်ထဲ ချောင်းထဲမှရသော ငါးကျည်းလေးများကို ဝါးသီတံလေးဖြင့်စီစီရီရီသီထိုးပြီး တွဲလောင်းလေး ဆွဲထား၊ ရွာထဲတွင်ပေါ်သော အသားကောင်းလေးများ၊ တောထဲကရသည့် တောကောင်သားလေးများ ကို ဝါးတံစို့လေးဖြင့်ထိုးလျက် ထိုကျပ်ခိုးစင်လေးများတွင် ချိတ်ဆွဲထားလေ့ရှိကြ၏။ ချောင်းရိုးမြောင်းရိုး များမှရသော ပုဇွန်လေးများထဲမှ ခပ်ရွယ်ရွယ် ခပ်ကြီးကြီးများကိုရွေး၍၊ ခေါင်းချိုး အမြှီးချိုး ချိုးကာ ဆန်ခါခုံးလေးတခုတွင်ထည့်ပြီး၊ ကျပ်ခိုးစင်လေးပေါ်တင်ထားကြ၏။ ပုဇွန်ဆိတ်ကလေးများကိုမူ ဆုံထဲတွင်မညက်တညက်မျှသာ ထောင်း၍ ဆားသင့်ရုံထည့်ခါ စဥ့်အိုးခပ်ရွယ်ရွယ်ထဲတွင် ဖိသိပ်သွတ် ၍ မျှင်ငါးပိလုပ်ထားလိုက် ကြသည်။
အောက်တွင်မီးဖိုရှိသောကြောင့် ထိုထိုသော အသားလေးငါးလေးများ၊ပုဇွန်လေးများသည် သုံးလေးရက်မျှကြာလျှင်ပင် မာမာခြောက်ခြောက်အခြေအနေသို့ ရောက်ရှိသွားတော့၏။ ကျပ်ခိုးစင် တွင်ချိပ်ဆွဲတင်ထားပြီး၊ အသားငါး စသည်များကို ခြောက်သွေ့စေသည့်အတွက်၊ နှောင်းပိုင်းကာလ များ၌ ဤနည်းဖြင့်ခြောက်သွေ့အောင်လုပ်လျှင် ကျပ်တင်သည်၊ ကျပ်တိုက်သည်ဟူ၍ သုံးနှုန်းခဲ့ကြ လေသည်။ခြောက်သွေ့ပြီဖြစ်သော ငါးကျပ်တိုက် အသားကျပ်တိုက်လေးများကို အိုးငယ်များ၊ဗူးငယ် များအတွင်း လေလုံစေရန်စီမံ၍ သိမ်းဆည်းထားကြသေး၏။ မီးဖိုပေါ်တွင်ချိတ်ဆွဲထားသော ကျပ်ခိုးစင်ဆို၍ မဲမဲတူးတူး ဖုန်မှုန့်အလိမ်းလိမ်းနှင့် ဖြစ်နေလိမ့်မည်ဟု ထင်မြင်ယူဆဖွယ်ရာရှိသော် လည်း ထိုခေတ်ထိုအချိန်က ဝီရိယကောင်းလှသော အိမ်ရှင်မများ၏ နိစ္စဓူဝဂရုတစိုက်သန့်ရှင်း ထားမှုကြောင့် ညိုညိုတင်းတင်း ဖုံမှုန့်ကင်းသည့် ကျပ်ခိုးစင်များသည် အိမ်၏ ကျက်သရေဆောင်များ  ပင်ဖြစ်ခဲ့လေသည်။
ဟင်းရွက်ဟင်းသီးလေးများကို ဆန်ကောဆန်ခါများတွင်ထည့်၍ အိမ်ရှင်မများ ဟင်းချက်ချိန် တွင် ထိုထိုသော ငါးကျည်းကျပ်တိုက်၊ အသားကျပ်တိုက်လေးများကို လိုအပ်သလောက် ဖဲ့ချွေယူပြီး၊ ဆုံမှာထည့်လျှက် ညက်ညက်ကျေအောင် ထောင်းလိုက်သောအခါ ၊ဟင်းချိုဖို့အရေး ထည့်ခပ်လို့ ပေးနိုင်သည့် ဟင်းချိုမှုန့်လေးများဖြစ်သွားလေတော့၏။ ဟင်းကိုချိုစေသော အမှုန့်လေးများဖြစ်၍ ဟင်းချိုမှုန့်ဟူ၍ ရိုးရိုးလွယ်လွယ် ဆိုခဲ့ကြဟန်ရှိပါသည်။ သဘာဝဟင်းချိုမှုန့်လေးများကိုခပ်၊ ဆားလေး သင့်ရုံမျှထည့်ကာ၊ မနှစ်က စဥ့်အိုးလေးတွင် ထည့်သိပ်ထားသော မျှင်ငါးပိလေးများကို၊ ဟင်းရည်လေး ဖြင့် ဖျော်၍ ဟင်းအိုးအတွင်း ထည့်လျှက် ရောသမမွှေလိုက်သောအခါတွင် အသီးအရွက်၏ မူလ အာဟာရမပျက် ချိုမြမြအရသာရှိသည့် ဟင်းရည်ချိုနှင့်အသီးအရွက်ကြော်လေးများကို ရပါတော့ သည်။
“အကျွန်ကျွန်ုပ် ယုန်တထုပ်ကို၊ ခွာဆုတ်ရေလှန် ကျပ်ခိုးခံ၍၊ပရန္နဝါ ရွက်နုညှာကို…”ဟူ၍ ဖွဲ့သီ ထားသော အလယ်တန်း မြန်မာကဗျာထဲမှ“ချိုပေစွဟင်းချို”ဟူသော ကဗျာလေးကို ပြေး၍သတိရ လျက် ခံစားမိကြမည်ထင်ပါသည်။ အသားငါး ဟင်းလျာများကို ချက်ပြုတ်ရာတွင်မူ၊ အသားငါးများ၌ မူလအချိုအရသာ ရှိပြီးဖြစ်၍ ဆားလေးသင့်ရုံ မျှင်ငါးပိလေးမျှတရုံဖျော်ထည့်ပြီး၊ မူလအချိုဓါတ်ကို အားထားစားသုံးခဲ့ကြပါသည်။
စာရေးသူတို့အရွယ်ရောက်သောအချိန် ကျောင်းသားဘဝ၌၊မီးဖိုချောင်မှ ကျပ်ခိုးစင်လေးများ ခေတ်ကာလအလျောက် မရှိကြတော့ချေ။သို့သော်လည်း ဈေးများတွင် ငါးကျည်းကျပ်တိုက် အသား ကျပ်တိုက်လေးများနှင့် ပုဇွန်ခြောက်လေးများကို သူတကာတတ်နိုင်သော လက်လှမ်းမီသည့် ဈေးနှုန်း ဖြင့် ဝယ်၍ရနိုင်ပါသေးသည်။ ထိုစဉ်က စာရေးသူတို့မိသားစု၏ အိုးသူကြီးဖြစ်သည့် ကြီးတော်ကြီးက ဈေးထဲမှဝယ်၍ မီးသွေးမီးဖိုတွင် ထပ်မံကြပ်တင်လေ့ရှိသည်ကို မှတ်မိပါသေးသည်။ ခြောက်ခြောက် သွေ့သွေ့ ပုလင်းကြီးတလုံးထဲတွင် ထည့်ထားပြီး၊ ဟင်းခပ်ဖို့လိုသည့်အခါတွင်မှ ထပ်မံ၍ မီးလေးနဲနဲပြ ဆုံမှာထည့်ထောင်းလျှက် ဟင်းချိုမှုန့်အဖြစ် သုံးလေသည်။ အသားမှုန့်ငါးမှုန့် စစ်စစ်များကို ဟင်းခပ်မှုန့် ဟင်းချိုမှုန့်အဖြစ် သုံးခဲ့ကြ၏။ကျမ်းမာရေးလဲ ကောင်းခဲ့ကြပါ၏၊ အသက်များလည်း ရှည်ကြပါသည်။ ဆန်းဆန်းပြားပြား ရောဂါများကိုလဲ ကြားရမြင်ရခဲသည်မှာ အမှန်ပင်ဖြစ်၏။ လက်လှမ်းမီသူများ တွေးမိ မြင်မိ  မှတ်မိကြမည်ထင်ပါသည်။
အချိုမှုန့်မပေါ်ခင်က စာရေးသူတို့သည် သဘာဝ ငါးမှုန့်အသားမှုန့်စစ်စစ်များကို ကိုယ်ကိုယ် တိုင် ပြုပြင်ဖန်တီး စားသုံးခဲ့ကြပါသည်။ ကိုယ်တိုင်ပြုလုပ်ခဲ့သည်မို့ အစစ်ဖြစ်ကြောင်း အာမခံချက် လည်း အပြည့်အဝရှိပါသည်။သက်ရှည်ကျမ်းမာသည့် ကောင်းကျိုးများကိုလည်း ရခဲ့ကြ၏။ သို့ဖြစ် သောကြောင့် ( ကျပ်ခိုးစင်လေးထက် အဆများစွာသာသော၊ ခေတ်မီမီးဖိုချောင်သုံး အခြောက်ခံစက် များ၊ အသားငါးကင်သောစက်များ၊အမှုန့်ပြုလုပ်သော ကရိယာများ ထွန်းကားနေပြီဖြစ်၍) ကိုယ်ကိုယ် တိုင်လုပ်သော (ရှေးရှေးတုန်းက ဟင်းချိုမှုန့်လေးကဲ့သို့ ကျန်းမာရေးအာမခံချက် အပြည့်အဝရှိသော) ငါးမှုန့် အသားမှုန့်များကို  စားသုံးကြပါစို့ဟု……..တိုက်တွန်းလိုပါသည်။…….။

 မောင်ပြည့်အောင်