11.12.18

မျက်စိကျန်းမာရေးနှင့် မျက်မှန်ဆိုင်များ၏ကဏ္ဍ (၆.၁၂.၂၀၁၈ ရက်နေ့ထုတ်ရတနာပုံ နေ့စဉ်သတင်းစာပါဆောင်းပါး)


      

                                       
       မျက်မှောက်ခေတ် လူမှုဆက်ဆံရေးနှင့် လုပ်ငန်းဆိုင်ရာနယ်ပယ်အသီးသီးတွင် ခေတ်မီအိုင်တီ ဒီဗိုက်(ပီစီကွန်ပျူတာ၊တက်ပလက်နှင့် ဖုံး)များ အသုံးတွင်ကျယ်လာသည့်နှင့်အမျှ၊မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများလည်း(လိုအပ်ချက်ရှိသည်နှင့်အညီ)လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပါသည်။ ထိုနည်းတူ မျက်မှန်လုပ်ငန်းရှင် (စီးပွားရေးလုပ်ငန်းရှင်) များကလည်း မျက်မှန်ဆိုင်များကိုတိုး၍ တိုး ၍  ဖြန့်ကျက်ဖွင့်လှစ်လာကြသည်ကို တွေ့ကြရပါမည်။

          မျက်မှန်ဆိုင်များ တွင်ကျယ်လာရခြင်း၏ အကြောင်းရင်းကိုလေ့လာလျှင်စာရေးသူတို့၏ လူမှု အသိုင်းအဝိုင်းအတွင်း မျက်စိကျန်းမာရေးဗဟုသုတတိုးပွားလာခြင်း နှင့် အလှအပရေးရာ(ဖက်ရှင်)ကို စိတ်ဝင်စားလာကြခြင်းများကို အခြေခံ အကြောင်းတရာများအဖြစ်တွေ့ ကြရပါမည်။မျက်စိကျန်းမာရေး ဗဟုသုတတိုးပွားလာသည်ဟုဆိုရာ၌ ပုံမှန်မျက်စိစစ်ဆေးရန် လိုအပ်ကြောင်းသိလာကြခြင်း၊မျက်စိ ဝေဒနာများ(နောက်ကြောတက်ခြင်း၊မျက်ရိုးကိုက်ခြင်း၊ခေါင်းနောက်ခြင်း၊မအီမသာဖြစ်ခြင်းများ)ဖြစ်လာလျှင် အစစ်ဆေးခံရန်လိုအပ်သည်ဟုသိလာခြင်း နှင့် နေရောင်ခြည်တွင်ပါဝင်သော အန္တရာယ်ရောင် ခြည်များကိုကာကွယ်ရန် အဆင့်မြင့်နေကာ မျက်မှန်များကိုအသုံးပြုရန်လိုအပ်ကြောင်း သိလာကြခြင်း များကိုဆိုလိုပါသည်။ကမ္ဘာ့အဆင့်မီ မျက်မှန်ကိုင်းများကို အလွယ်တကူ တင်သွင်း၍ ရခြင်းသည် လည်း အကြောင်းတခုဖြစ်မည်ထင်ပါသည်။

မျက်စိဝေဒနာများကိုခံစားကြရသူအများစုသည် မျက်စိဆေးရုံ၊ဆေးခန်းများသို့ သွားရောက် ပြသကြသော်လည်း၊အချို့သောသူများမှာ မျက်မှန်လိုအပ်သောကြောင့် မျက်စိမှုန်ခြင်း ဟုတ်မဟုတ် သေချာဂဏ မသိကြသော်လည်း မျက်မှန်ဆိုင်များသို့တိုက်ရိုက်သွားပြကြပါသည်။မျက်မှန်ဆိုင်များ အပိုင်းတွင် နေကာမျက်မှန်၊ ပါဝါမျက်မှန် နှင့် မျက်ကပ်မှန် စသည်ဖြင့်ရှိရာ ဤဆောင်းပါး၌ ရေးသား လိုသည်မှာ မျက်စိကျန်းမာရေးကဏ္ဍ အတွက် အရေးပါသော ပါဝါမျက်မှန်များနှင့်ပတ်သက်သော အပိုင်းဖြစ်ပါသည်။

          ပါဝါမျက်မှန်အပိုင်းတွင်မျက်မှန်ကိုင်းရွေးချယ်ဝယ်ယူခြင်းနှင့် မျက်မှန်ပါဝါ စစ်ဆေးစမ်သပ် ခြင်းဟူ၍ နှစ်ပိုင်းရှိရာ၊မျက်မှန်ကိုင်း ရွေးချယ်ဝယ်ယူသောအပိုင်းတွင်း အထူးဆိုဖွယ်ရာ မရှိပေ။ ဝယ်ယူသူက အခြားသောအသုံးအဆောင်ပစ္စည်းများဝယ်ယူသကဲ့သို့ မိမိနှစ်သက်သော၊ စတိုင်ကျ သော၊ခေတ် မီသော၊မိမိနှင့်လိုက်ဖက်မည်ဟုယူဆသော မျက်မှန်ကိုင်းကို စိတ်တိုင်းကျရွေး ချယ်ဝယ် ယူမည်ဖြစ်သကဲ့သို့ ရောင်းသူကလည်း မိမိတွက်ချေကိုက်မည့်ဈေးဖြင့်ရောင်းမည်သာဖြစ် ပါသည်။ 

အခြားကုန်ပစ္စည်းများဝယ်ယူခြင်းနှင့် မတူသောအပိုင်းမှာ မျက်မှန်ပါဝါရှာဖွေခြင်းနှင့်စပ်ဆိုင်သော အပိုင်းဖြစ်ပါသည်။ဤသည်မှာ မျက်မှန်ဆိုင်များနှင့် အခြားလူသုံးကုန်ပစ္စည်းများရောင်းချသော ဆိုင်တို့ ၏ အဓိကခြားနားသော အချက်ပင်ဖြစ်ပါသည်။

`        မျက်မှန်ဆိုင်များသည် မျက်မှန်(ကုန်ပစ္စည်း)ရောင်းချရုံမျှသာမဟုတ်ပေ။မျက်မှန်ပါဝါရှာ ဖွေ ခြင်း(မျက်စိကျန်းမာရေးစောင့်ရှောက်မှု)အတွက်ပါတာဝန်ရှိသူများဖြစ်နေပါသည်။ကာယကံရှင်အ တွက် မျက်မှန်ပါဝါကို ရှာဖွေပေးရန်လိုသကဲ့သို့ ၊ မျက်မှန်တပ်ရန် အမှန်တကယ်လိုအပ် မှုရှိမရှိ၊ သိရန် လည်းအရေးကြီးပါသည်။ မျက်မှန်ဆိုင်များ နိစ္စဓူဝရင်ဆိုင်နေရသောပြဿနာမှာ မိမိစီးပွားရေးအတွက် မျက်မှန်များများ ရောင်းလိုခြင်းနှင့် မျက်မှန်ဝယ်ယူမည့်ဈေးဝယ်အတွက် အမှန်တကယ်မျက်မှန်တပ် ရန်လို အပ်ချက် ရှိမရှိ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချရခြင်းများပင်ဖြစ်ပါသည်။ ပိုမိုအရေးကြီးသော ကိစ္စမှာ ကာယကံရှင်၏ မျက်စိမှုန်ခြင်းသည် မျက်စိရောဂါတမျိုးမျိုးကြောင့် ဟုတ်မဟုတ် သိရှိရန်ပင် ဖြစ်ပါသည်။

          စီးပွားရေှးဗဟုသုတ သက်သက်မျှသာမဟုတ်ဘဲ မျက်စိကျန်းမာရေးဗဟုသုတနှင့်ပြည့်စုံသူ မျက်မှန်ဆိုင်တည်ထောင်သူ(ဆိုင်ပိုင်ရှင်)များကမှု ထိုပြဿနာကို ဖြေရှင်းရန်အတွက် ခေတ်မီ မျက်စိ စမ်းသပ်စစ်ဆေးသော ကိရိယာများ ဝယ်ယူတပ်ဆင်၍ မျက်စိအထူးကုဆရာဝန်ကြီးများ၊မျက်မှန် ကျွမ်းကျင်ပညာရှင်များ၊အမြင်စမ်းပညာရှင်များအား မိမိ၏ဆိုင်သို့ဖိတ်ခေါ်၍ ထိုက်သင့်သည့်ဥာဏ် ပူဇော်ခ ချီးမြှင့်လျှက် စမ်းသပ်စစ်ဆေးဆုံးဖြတ်စေပါသည်။ထိုပညာရှင်တို့၏ အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် အထက်ပါပြဿနာများကို ဖြေရှင်းပြီဖြစ်စေပါသည်။

          ထိုကဲ့သို့ပညာရှင်များ ဖိတ်ခေါ်၍ ရသောမျက်မှန်ဆိုင်များရှိသကဲ့သို့ ဖိတ်ခေါ်လိုသော်လည်း မရသောဆိုင်များလည်းရှိနေပါသည်။အကန့်အသတ်ရှိနေသော ပညာရှင်အရေအတွက်သည် အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာ သောမျက်မှန်ဆိုင်အရေအတွက်ကို ဖြည့်ဆည်းရန်ခက်ခဲလျှက်ရှိ၏။ များသောအားဖြင့် နိုင်ငံဝန်ထမ်းများဖြစ်နေကြသော ထိုပညာရှင်များသည် မျက်မှန်ဆိုင်များ၏အခက် အခဲကို သူတို့၏ အားလပ်ချိန်များတွင်သာ ဖြေရှင်းပေးနိုင်ကြပါသည်။ထို့ပြင်မျက်မှန်ဆိုင်သို့ လာကြ သူများအနက် အချို့မှာ ပညာရှင်များ၏ ဥာဏ်ပူဇော်ခကိုပေးရန် ဝန်လေးကြခြင်းသည်လည်းအခက် အခဲတခုဖြစ်ပါသည်။ မျက်မှန်ဆိုင်ကို အခြားကုန်ပစ္စည်းရောင်းချသော ဈေးဆိုင်များကဲ့သို့ ရှုမြင်သုံး သပ်၍ ပညာရှင်များအတွက် ဥာဏ်ပူဇော်ခကို ဆိုင်ပိုင်ရှင်များကသာ(ဆိုင်ဝန်ထမ်းတဦးကဲ့သို့) ပေး သင့်သည့်ဟု ထင်မြင်ယူဆကြ သောကြောင့်ဖြစ်ပါသည်။

          ထိုအခက်အခဲများပြေလည်ရန်အတွက် အချို့သောမျက်မှန်ဆိုင်များတွင် ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်(ပညာရပ်ဆိုင်ရာ တက္ကသိုလ်များ သင်တန်းကျောင်းများမှ အသိအမှတ်ပြု လက်မှတ်ရပညာ ရှင် မဟုတ်စေကာမူ)က မျက်မှန်ပါဝါရှာဖွေခြင်းကို ပြုလုပ်လာကြပါသည်။ ထိုကဲ့ သို့သော သူများကို အမျိုးအစားအားဖြင့် အောက်ပါအတိုင်းတွေ့ကြရမည်ဖြစ်ပါသည်။

(၁) မိဘ၊ဘိုးဘွား အစဉ်အဆက် မျက်မှန်ဆိုင်ဖွင့်လှစ်ရောင်းချလာခဲ့၍ မျက်မှန်ပါဝါရှာဖွေခြင်းကို မိရိုးဖလာပညာတရပ်အနေခြင့် လက်ဆင့်ကမ်း သင်ယူတတ်မြောက်ခဲ့သူများ။

(၂) အသင့်သုံးပါဝါမှန်များမရှိစဉ်က မှန်ရိုင်းများကို ပါဝါမှန်အဖြစ်ပြုပြင်သွေးယူရာမှ၊မျက်မှန်ပါဝါများ အကြောင်း၊သိနားလည်လာပြီး၊အစဉ်အဆက် လက်ဆင့်ကမ်းသင်ကြားတတ်မြောက်လာသူများ။

(၃) မျက်မှန်ပါဝါရှာဖွေပေးသော ခေတ်မီကရိယာများ(Auto refractometer) ကိုအားကိုး၍လုပ်ဆာင် သူများ……………ဟူ၍တွေ့ကြရမည်ဖြစ်ပါသည်။

          မည်သို့ပင်ဖြစ်စေကာမှု ထိုသူများသည်လည်း မိမိတို့၏လေ့လာသင်ယူနိုင်မှုအတိုင်းအတာအရ လက်တွေ့အကောင်အထည်ဖော်ရသည့် နယ်ပယ်တွင် ပညာရှင်တယောက်၏နေရာတွင် ရောက်ရှိနေ သည်ကို သတိမူကြရမည်ဖြစ်ပါသည်။မျက်စိကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် တတတ်တအား ပါဝင်နေသူများဖြစ်သည်ကို သိထားသင့်ပါသည်။ ပညာရှင်တို့၏စံနှုန်းအရ မိမိမကျွမ်းကျင်သော၊ မပိုင် နိုင်သော၊ မသေချာ မရေရာဖြစ်နေသော အခြေအနေနှင့်အချက်များကိုတွေ့ရှိလာပါက၊ မိမိထက်ပို၍ ကျွမ်းကျင်သူ ပညာရှင်များထံသို့ စေလွှတ်ရမည်ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မျက် မှန်ဆိုင်များသည် ကုန်ပစ္စည်းရောင်းချရာ နေရာမျှသာမဟုတ်ဘဲ၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် အရေးပါသော အပိုင်းမှပါဝင်နေသည်ဖြစ်ရာ မျက်စိကျန်း မာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ၊ မျက်မှန် ပေး၍မရသူများ၊ မျက်မှန်ဖြင့် မြင်ရသော်လည်း ကြည်ကြည် လင်လင် (သတ်မှတ်စံနှုန်း အတိုင်း) မမြင်ရသူများအား မျက်စိအထူးကုဆရာဝန်ကြီးများရှိရာ မျက်စိဆေးရုံ ဆေးခန်းများသို့ သွား ရောက်ပြသပါရန် နှစ်သိမ့်ဆွေးနွေး စေလွှတ်ပေးသင့်ပါသည်။

          သို့မှသာ နိုင်ငံတဝန်းအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျှက်ရှိသော မျက်စိကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းစဉ်ကြီးတွင် မျက်မှန်ဆိုင်များ၏အရေးပါ သောအခန်းကဏ္ဍသည် ပိုမိုထင်ရှားလျှက် ထိရောက်မှုရှိလာမည်ဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

  ပြည့်အောင်(COA)