10.1.20

မျက်စိ၊အမြင်အာရုံနှင့် မျက်မှန်ပါဝါ(၇) ။၃၁/၉/၂၀၁၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာပါဆောင်းပါး။



                                   
အမြင်အာရုံအကြောင်းကိုဆက်လက်ရေးသားလိုပါသည်။

အမြင်အာရုံချိန်ဆခြင်း(What Is Accommodation)

       အမြင်အာရုံချိန်ဆခြင်းဆိုသည်မှာ မျက်စိတွင်းအင်္ဂါအစိတ်အပိုင်းတခုဖြစ်သော ဆီလီယာရီ ကြွက်သား(ciliary muscle)၏ အနေအထား(လျော့ခြင်း၊တင်ခြင်းအားဖြင့်) ပြောင်းလဲချိန်ဆပေးမှု ကြောင့်၊မျက်စိတွင်းမှန်ဘီးလူး ထူခြင်း ပါးခြင်းများဖြစ်ပေါ်ပြီး၊ မြင်လွှာပေါ်တွင် ကြည်လင်သော(အနီး အဝေး)အမြင် အာရုံရရှိစေခြင်း ကိုခေါ်ပါသည်။
          ဆီလီယာရီကြွက်သားသည် ပုံမှန်အနေအထား၌ ရှိစဉ်တွင် မျက်စိ၏ ပုံသဏ္ဍန်နှင့် အရွယ် ပမာဏသည် မူလအရွယ်အစားအတိုင်းဖြစ်သောကြောင့် အဝေး(အထူးသဖြင့် ပေ ၂၀ သို့မဟုတ် ၆ မီတာအကွာ အဝေး)ကို ကောင်းစွာမြင်ရခြင်းဖြစ်၏။ထိုကြောင့် ၄င်းကို မူလအမြင်အာရုံချိန်ဆခြင်း( relaxed accommodation) ဟုခေါ်ပါသည်။ ထိုသို့ မျက်စိတွင်းရှိ အင်္ဂါအစိတ်အပိုင်းအသီးသီးက ပို၍ ကြည်လင်သော အမြင်အာရုံရရှိစေရန် ၊ ၎င်းတို့၏ သဘာဝအတိုင်းဆောင်ရွက်ပေးနေမှုကို ကာယကံ ရှင် ကိုယ်တိုင်က သိနိုင်မည်မဟုတ်ပေ။အဝေး အနီးရှိ အရာဝတ္တုများကိုကြည့်ရာ၌ ကြည်လင်ထင် ရှားစွာ မြင်နေရခြင်းကိုသာ သင်္ကေတအဖြစ် သိနိုင်ပေသည်။     
အသက်ကြီးလာသော အခါတွင် မျက်စိတွင်းရှိသဘာဝမှန်ဘီလူးသည် စတင်၍ အနည်းငယ် မာလာ((gets harder)၏။ထိုအခါ ဆီလီယာရီကြွက်သားသည် မှန်ဘီလူး၏ပုံသဏ္ဍန်(အထူ အပါး)ကို လွယ်လွယ်ကူကူ ထိမ်းချုပ် ၍ ပြောင်းလဲခြင်းမပြုနိုင်တော့ချေ။ဤသည်မှာ အသက်အရွယ်ကြီးရင့်မှု ကြောင့်ဖြစ်သည့် သဘာဝပြောင်း လဲမှုတခုဖြစ်ပြီး၊ အသက်ကြီးမှုကြောင့် အနီးမှုန်ခြင်း၏ မူလအစ ဖြစ် ပါသည်။ဆိုလိုသည်မှာ အသက်ကြီးသူများသည် အသက်ငယ်သူများလောက် အမြင်အာရုံချိန်ဆမှု ပြု ရာတွင် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မရှိတော့ခြင်းပင်ဖြစ်ပါသည်။ထိုကဲ့သို့ချိန်ဆမှု အားနည်း သောကြောင့် အနီးကြည့်ရာတွင် ဝေဝါးလာပြီး အနီးမှုန်လာ ခြင်းဖြစ်၏။


အမြင်ချိန်ဆနိုင်မှု အတိုင်းအတာ (Amplitude of Accommodation)

          ပုဂ္ဂိုလ် တဦးတယောက်၏ အမြင်ချိန်ဆနိုင်မှု(accommodation)အတိုင်းအတာသည် ထိုသူ၏ မျက်စိတွင်းမှန်ဘီး၏ အခြေအနေပေါ်တွင်မူတည်ပါသည်။မှန်ဘီလူး၏ ပုံသဏ္ဍန်တိုးတက်ပြောင်းလဲနိုင် မှုပမာဏ အနည်းအများအလိုက် အမြင်ချိန်ဆနိုင်မှုပမာဏသည်လည်း အတိုးအလျော့ရှိပါသည်။
ဥပမာအားဖြင့် ကလေးတစ်ယောက်၏ အမြင်ချိန်ဆနိုင်မှုသည် 15 D ရှိသည်ဆိုပါစို့။ထိုကလေးသည် မျက်စိကျန်းမာရေးကောင်းသူ(မျက်စိမမှုန်/မျက်မှန်လိုအပ်ချက်မရှိသူ)ဖြစ်လျှင်၊ မျက်စိရှေ့ 7 cm အကွာရှိ အရာဝတ္တုများကိုကြည်ကြည်လင်လင် မြင်ရသည့် သဘောပင်ဖြစ်ပါသည်။မျက်စိတွင်း မှန်ဘီ လူးသည် 15 D ( 15 dioptres) ကိုကောင်းစွာချိန်ဆနိုင်သောကြောင့်၊ 7 cm အကွာအဝေးတွင်ရှိ သော အရာဝတ္တု၏ ပုံရိပ်သည် မြင်လွှာပေါ်တွင် တထပ်တည်းကျရောက်သည်ဟု ဆိုလိုပါသည်။
တွက်ချက်မှု ပုံသေနည်းအရဆိုလျှင်…….

The focal length formula is:   f = 100 /F  (f in centimetres, F in dioptres).
15 D (=F) so f= 100/15 = 7 cm(6.6) ဟူ၍ တွေ့ရပါမည်။

Focal length=အမြင်အလျား(ဆုံတာ), centimetres ၊ F=မှန်ဘီလူး၏ပါဝါ, dioptres
အသက်(၄၀)အရွယ်သို့ရောက်လာသောအခါ(အဝေးမှုန်ခြင်းနှစ်မျိုး Myopia & Hyperopia နှင့် ဆလင်ဒါပါဝါ Astigmatism များ မရှိသူဖြစ်ပါက) မျက်စိ၏ချိန်ဆနိုင်မှုသည် 5 D  ဖြစ်လာပြီး၊ ကြည်ကြည် လင်လင်မြင်ရသော အနီးကြည့် အကွာအဝေးသည် 20 cm ဖြစ်သောကြောင့် သာမန် စာကြည့်အကွာဝေး  ( 7 cm ) ထက်ပို၍ ခွာကြည့်ပါမှ မြင်ရခြင်းဖြစ်ပါသည်။ 
 
The focal length formula is: f = 100/F (f in centimetres, F in dioptres)
ချိန်ဆနိုင်မှုအကွာအဝေးသည် 5 D (=F) ဖြစ်ရာ
F = 100/5 = 20 cm    ဖြစ်၏။

          အသက်(၆၀)ဝန်းကျင်ရောက်သောအခါတွင်မှု အဝေးအနီးချိန်ဆပေးနိုင်သော မျက်စိ၏ စွမ်း အင်များသည် မရှိတော့သလောက်ပင် လျော့နည်းသွားပြီဖြစ်ပါသည်။ လူတဦးနှင့်တဦး အမြင်စွမ်းရည် ခြင်း တူညီမှုရှိနိုင်မည်မဟုတ်သော်လည်း အသက်အရွယ်ကြီးရင့်လာမှုကြောင့် မျက်စိ၏အမြင် စွမ်း ရည်ကျ ဆင်းလာပုံတွင်မှု တူညီနေသည်ကိုတွေ့ကြရပါမည်။

မျက်ကြောအားနည်းခြင်း - အက်စ်သီနိုးပီးယား (Asthenopia)

          အနီးကြည့်အကွာအဝေးတစ်ခုတည်းကို အချိန်ကြာမြင့်စွာကြည့်ရှုခြင်းသည် မျက်စိကို ပင်ပန်းစေပြီး ၊ အဝေးအနီးအမြင်အာရုံကိုချိန်ဆပေးသော ဆီလီယာရီကြွက်သားကို အားနည်းစေပါ သည်။ အချိန်ကြာမြင့်စွာ စာဖတ်ခြင်း၊ စက်ချုပ်ခြင်း၊ ကွန်ပျူတာဖြင့်အလုပ်လုပ်ခြင်း၊ပန်းချီ ပန်းပု စသည့် လက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း နှင့်အခြားသော အနီးကြည့်အလုပ်များကို အချိန်ကြာမြင့် စွာဖြင့် အနားတမ်း အလုပ်လုပ်သူများသည်  မျက်စိ၏ အဝေးအနီးချိန်ဆနိုင်မှုကို အားနည်း စေပါ သည်။ထိုကဲ့သို့ အားနည်း လာသည်ကို အောက်ပါလက္ခဏာ များကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
(၁)မျက်စိပူခြင်း နှင့်နာကျင်ကိုက်ခဲခြင်း။                                                                                (၂)မျက်စိပင်ပန်းခြင်း။                                                                                                             (၃)ခေါင်းကိုက်ခြင်း။                                                                                               (၄)ပင်ပန်းနွမ်းနယ်ခြင်း။                                                                                     (၅)အနီးကြည့်အလုပ်များလုပ်ရာတွင် မကြာခဏ အိပ်ငိုက်ခြင်း။                                       (၆)အာရုံစူးစိုက်နိုင်မှုနည်းလာခြင်း။                                                                               (၇)အမြင်ဝေဝါးလာခြင်း။                                                                                                    (၈)ပုံရိပ်နှစ်ထပ်မြင်ခြင်း။                                                                                                (၉)မျက်စိယားယံခြင်း……………စသည်တို့ဖြစ်၏။

အထက်ပါ  လက္ခဏာရပ်များအနက် တစ်ခု(သို့မဟုတ်)အများကို ခံစားရသူသည် မျက်ကြော အားနည်း(Asthenopic ဖြစ်)နေသူဖြစ်ကြောင်း၊ယေဘုယျအားဖြင့် သုံးသပ်နိုင်ပါသည်။သို့ရာတွင် တစ်ဦး နှင့်တစ်ဦး ကွာခြားချက် အနည်းအများ ရှိနိုင်ပါသည်။
အနီးအဝေးရှိအရာဝတ္တုများကိုကြည်ကြည်လင်လင် မြင်နိုင်စေရန် ချိန်ဆပေးသော မျက်စိ တွင်းရှိ ဆီလီယာရီကြွက်သား၏ သဘောသဘာဝကို လက်မောင်းကြွက်သားများ၏ သဘော သဘာဝနှင့် နှိုင်း ယှဉ်၍ စဉ်းစားကြည့်နိုင်ပါသည်။အလွန်လေးလံသော ဆန်အိတ်တစ်အိတ်ကို မ,ချီသယ်ဆောင်ပြီးပါက၊ လက်မောင်း ကြွက်သားများနာကျင်နေသည်ကို ကြုံတွေ့ဘူးကြမည်ဖြစ်ပါ သည်။ထိုအချိန်မျိုးတွင် နောက်ထပ်တစ်အိတ် ထပ်မံသယ်ဆောင်ရန် ဝန်လေး(တုန့်ဆိုင်း) လျှက်ရှိ နေတတ်ပြီး၊အချိန် အနည်းငယ် အနားယူပြီးမှသာ ဆက်၍ လုပ်နိုင်မည်ဖြစ်ပါ သည်။အနားမယူဘဲ ဆက်၍လုပ်ပါက ကြွက်တက်ခြင်းကဲ့သို့သော ပြဿနာမျိုးကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ လက်မောင်း ကြွက်သားများကို အားနည်းစေမည်ဖြစ်ပါသည်။  
ထိုနည်းတူစွာပင် မိမိတို့သည် အနီးကြည့်အကွာအဝေးတွင် မျက်စိကိုအသုံးပြုရာ၌ ကြည်လင် စွာ မြင်ရစေရန် ဆီလီယာရီကြွက်သားက အချိန်တိုအတွင်း ချိန်ဆပေးရလေသည်။အကယ်၍ ၎င်းဆီ လီယာရီကြွက်သားသည် ညောင်းညာလျှက် ပင်ပန်းနေလျှင် မျက်စိနာကျင်နေသောကြောင့် မြင်ရ သောမြင်ကွင်း သည်လည်း ကြည်ကြည်လင်လင်ရှိမည်မဟုတ်ပေ။ အနီးကြည့် အကွာအဝေးကို အချိန် ကြာမြင့်စွာ မနားတမ်းကြည့်ပါက၊အနား မယူဘဲ ဆက်တိုက်အလုပ်လုပ်လျှင် လက်မောင်း ကြွက်သား များကြွက်တက် သကဲ့သို့၊ အနီးအဝေးကို ချိန်ဆပေးသော ဆီလီယာရီကြွက်သားသည်လည်း ကြွက် တက်ပေလိမ့်မည်။ ဆီလီယာရီကြွက်သား(ciliary muscle) ကြွက်တက်(cramp)လျှင် ပြန်လည်၍ ပြေလျှော့(relax) မသွားတော့ပေ။အဝေးအနီးချိန်ဆနိုင်မှု စွမ်းရည်သည် လည်း ကျဆင်းသွားပြီး၊ အပြည့်အဝချိန်ဆမှု မပြုနိုင်တော့ ပေ။
လူတစ်ယောက်အတွက် အနီးကြည့်နေစဉ်တွင် ဆီလီယာရီကြွက်သား၏ အနီးအဝေးချိန်ဆ နိုင်မှု စွမ်းရည် ထက်ဝက်မျှကို အသုံးပြုနေရသည်ဖြစ်ရာ၊ စွမ်းရည်ကျဆင်းသွားသောအခါတွင်လည်း ထက်ဝက်မျှကျဆင်း သွားလေသည်။ကျဆင်းသွားသော ပမာဏသည် အဝေးကြည့်ချိန်ဆမှုတွင် သက် ရောက်မှုဖြစ် ပြီး၊အဝေးမှုန်သွားလေသည်။ဤအခြေအနေသည် လူငယ်များတွင်အဖြစ်များပြီး၊ မျက်စိ အသုံးချမှု မှန်ကန်စေရန် ကျင့်ကြံနေထိုင်ခြင်းဖြင့်သာလျှင် ကာကွယ်နိုင်လေသည်။အနီး ကြည့် အလုပ်များကို လုပ်ရာတွင် အချိန်ကြာမြင့်စွာ အနားမယူဘဲ ဆက်တိုက်လုပ်ခြင်းကို ရှောင်ရှား ပြီး၊ မျက်စိကို အနားပေး၍ လုပ်ကြရန်လိုပါသည်။
ဥပမာအားဖြင့်ဆိုရလျှင်…….
          လူငယ်တစ်ယောက်၏အဆိုအရ….စာသင်ခန်းအတွင်း စာသင်နေချိန်တွင်၊စာရေးစာ ဖတ်ပြု (အနီး ကြည့်) ပြီးနောက် ဘလက်ဘုတ်(သို့မဟုတ်)ဝှိုက်ဘုတ်(အဝေးကြည့်)ကို လှမ်း၍ကြည့် လိုက်သောအခါ၊ တခါတရံ မှုန်ဝါးဝါးမြင်ရပြီး၊တခါတရံ ကြည်ကြည်လင်လင်မြင်ရသည်ဟုဆိုလျှင်၊ ၎င်း လူငယ်သည် အဝေးမှုန်သူ (Myopia)မဟုတ်ဘဲ၊အနီးကြည့်ကို ကြာမြင့်စွာကြည့်သော ပြဿနာသာ ဖြစ်လေသည်။ ဤအခြေ အနေသည် မျက်ကြောအားနည်း(Asthenopia ဖြစ်)စပြုနေသော အခြေ အနေကို ဖော်ပြနေခြင်းဖြစ်လေသည်။
အမြင်အာရုံဆိုင်ရာအကြောင်းအရာအချို့ကိုရေးသားဖော်ပြပြီးနောက် ကြည်လင်သော အမြင်ကိုရရှိစေရန် အတွက် အရေးကြီးသောအထောက်အပံ့ပစ္စည်းတခုဖြစ်သည့် မျက်မှန်တွင် တပ်ဆင်အသုံးပြုရသော မှန်အမျိုးအစားအမျိုးမျိုးကိုဆက်လက်ရေးသားဖော်ပြလိုပါသည်။
စဖီးရစ် - ထုဝန်းညီ (Spherical Lenses)မှန်များ

စဖီးရစ်မှန်များသည် များသောအားဖြင့် မျက်မှန်တွင်တပ်ဆင်အသုံးပြုသော မှန်အမျိုးအစား ဖြစ်ပါသည်။၎င်းမှန်များနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကိုရေးသား သွားပါမည်။
(၁) စဖီးရစ်မှန်များ(Spherical lens)များဖြင့်မြင်နိုင်သည့် မျက်စိမှုန်ခြင်းအမျိုးမျိုး။                               (၂) အပေါင်းနှင့်အနုတ် စဖီးရစ်မှန်များ၏ခြားနားချက်များ။                                                         (၃) စဖီးရစ်မှန်များ၏ ပုံသဏ္ဍာန်နှင့်သွင်ပြင် လက္ခဏာများ။                                                                                                             (၄) စဖီးရစ်မှန်များ၏ အလင်းတန်းများစုဆုံပုံ။                                                                          (၅) အလင်းယိုင်ပမာဏ သို့မဟုတ် ယူနစ်(Dioptre)၏ အဓိပ္ပါယ်။                                               (၆) စဖီးရစ်မှန်များ၏ ပါဝါကိုရေးသွင်းခြင်း။                                                                             (၇) အမြင်အလျှား သို့မဟုတ် ဆုံတာ(Focal length)နှင့်မှန်များ၏ပါဝါ (Lens power)တို့၏ ပတ်သက်ယှက်နွယ်ပုံ……..စသည်ဖြင့်ဖြစ်၏။

စဖီးရစ်မှန်(Spherical len)၏ပုံသဏ္ဍာန်များ

        စဖီးရစ်မှန်များ၏ အနားစွန်းများနှင့် အလယ်ဗဟိုတို့၏ အထူအပါးပေါ်မူတည်၍ အမျိုးအစား အမျိုး မျိုးကွဲပြားပါသည်။ အပေါင်းလက္ခဏာဖြင့်ဖော်ပြသော စဖီးရစ်မှန်များ၏ အလည်ဗဟိုသည်ထူပြီး အနားသတ်များသည်ပါး၏။ အနုတ်လက္ခဏာဖြင့်ဖော်ပြသော စဖီးရစ်မှန်များ၏ အလည်ဗဟိုသည် ပါး ၍ အနားသတ်များသည် ထူကြ၏။
          စဖီးရစ်မှန်များ၏ပုံသဏ္ဍန်များသည် စက်ဝန်း(စက်ဝိုင်း)(Spheres)နှစ်ခုထပ်ရာမှ ပေါ်ထွက် လာသော အတွင်း ထုဝန်းနှင့် စက်ဝန်းနှစ်ခုနီးစပ် သို့မဟုတ် ထိကပ်ရာမှ ပေါ်ထွက်လာသော ကြားထု ဝန်းများ ဖြစ်သည်။ စက်ဝန်းနှစ်ခုထပ်ရာမှ ပေါ်ထွက်လာသော အတွင်းထုဝန်းသည် အပေါင်းပါဝါ မှန်ဖြစ်ပြီး၊ နီးစပ် သို့မဟုတ် ထိ ကပ်ရာမှ ပေါ်ထွက်လာသော ကြားထုဝန်းသည် အနုတ်ပါဝါမှန်ဖြစ် သည်။

မျက်မှန် မှန်များ၏ပုံသဏ္ဍာန်

မျက်မှန်တွင်သုံးသောမှန်များကို အောက်ပါအတိုင်းတွေ့ရပါမည်။
(၁) ပြင်ညီမျက်နှာပြင်မှန် - Plano(Flat)                                                                                                               (၂) မျက်နှာပြင်ခုံးမှန် - Convex(Curved like the outside of ball - ဘောလုံး၏အပြင်မျက်နှာ ပြင်ကဲ့သို့)                                                                                                                     (၃) မျက်နှာပြင်ခွက်မှန် - Concave (Curved like the inside of ball - ဘောလုံး၏အတွင်းမျက်နှာ ပြင်ကဲ့သို့)
          စက်ဝန်းလုံး(ဘောလုံးကဲ့သို့)တစ်ခု(a sphere)ကို ထက်ပိုင်းဖြတ်လိုက်လျှင် မျက်နှာပြင်နှစ်မျိုး ကို တွေ့ရမည်ဖြစ်သည်။တစ်မျိုးမှာ အပြင်မျက်နှာပြင်ဖြစ်ပြီး၊နောက်တစ်မျိုးမှာ အတွင်းမျက်နှာပြင် ဖြစ်ပါသည်။ စဖီးရစ်၏ အပြင်မျက်နှာပြင်အပိုင်းသည် မျက်နှာပြင်ခုံး(Convex)ဖြစ်ပြီး၊ စဖီးရစ်၏ အတွင်းမျက်နှာပြင် အပိုင်း သည် မျက်နှာပြင်ခွက်(Concave)ဖြစ်သည်။စဖီးရစ်မှန်၏ မျက်နှာပြင်ခုံး တစ်ခုသည် အလင်းတန်း များကို စုဆုံစေပြီး၊မျက်နှာပြင်ခွက်သည် အလင်းတန်းများကိုခွဲဖြာစေသည်။ 

  ပြည့်အောင်(COA)

(ICEE – International Centre For Eyecare  Education(Brien Holden Vision Institute Foundation),Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်)   

မျက်စိ၊အမြင်အာရုံနှင့် မျက်မှန်ပါဝါ(၆)။၁၅ / ၉ /၂၀၁၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာပါဆောင်းပါး။




                                     
အလင်းတန်းများနှင့်အမြင်အာရုံဆက်စပ်ပုံ၊ပုံရိပ်ဖော်အင်္ဂါအစိတ်အပိုင်းများ၏အလုပ်လုပ်ပုံများနှင့်မျက်စိမှုန်ခြင်းအကြောင်းများကို ဤအခန်း၌ရေးသားလိုပါသည်။

အလင်းတန်းများနှင့် အမြင်အာရုံ(Focusing light in the eye)

        အဝေးရှိ အရာဝတ္တုများမှလာသော ပုံရိပ်အလင်းတန်းများသည် ပြိုင်လင်းတန်းများ(parallel light rays)ဖြစ်သည့်အတွက် ၊မည့်သည့် အရာဝတ္တုပင်ဖြစ်စေ အမြင်အာရုံကောင်းမကောင်း စဉ်းစား ဆင်ခြင် ဆုံးဖြတ်ရန် အသင့်တော်ဆုံး အကွာအဝေးသည်( ၆ )မီတာ(ပေ ၂၀)အကွာအဝေးဖြစ် ကြောင်း သုတေသီတို့ကဆိုကြပါသည်။ ၎င်းတွေ့ရှိချက်များကိုမှီး၍ အဝေးကြည့် အမြင်စွမ်းရည် စမ်း သပ်စစ်ဆေး ခြင်းများကို ဆောင်ရွက်ကြရာ၌(၆)မီတာ(ပေ ၂၀)အကွာအဝေးကိုစံထားလျက် ပြုလုပ် ကြခြင်း ဖြစ်ပါသည်။
          အနီးရှိ အရာဝတ္တုများမှလာသော အလင်းတန်းများသည် ခွဲဖြာအလင်းတန်းများ(divergent light rays) ဖြစ်သည့်အတွက် ပုံရိပ်နှင့်မျက်စိ ပို၍ နီးလေလေ ခွဲဖြာအလင်းတန်းများသည်လည်း ပို၍ များလေ လေဖြစ်၏။
          ကြည်လင်သော အမြင်အာရုံရရှိရန် အတွက် အလင်းတန်းများသည် မြင်လွှာပေါ်၌ တိကျ သော ပုံရိပ်ကိုထင်ဟပ်စေ ရန် လိုအပ်ပါသည်။ထိုသို့ ပုံရိပ်ကိုထင်ဟပ် စေရန်အတွက် အလင်း တန်း များနှင့် စပ်လျင်း၍အောက်ပါအခြေအနေနှင့် အချက်အလက်များ မျက်စိတွင် ရှိနေရန်လိုအပ်ပါသည်။
(၁) မျက်ကြည်လွှာ(cornea)နှင့် မျက်စိတွင်းမှန်ဘီလူး(lens)တို့သည် အလင်းတန်းများကို မှန်ကန် သော ပမာဏဖြင့် အလင်းယိုင်စေခြင်း။
(၂)မျက်လုံး(eyeball)အတွင်း အလင်းဖြတ်သန်းမှု မှန်ကန်ခြင်း။ (မျက်ကြည်လွှာ(cornea)နှင့် မြင်လွှာ (retina)တို့၏ အကွာအဝေး မှန်ကန်တိကျမှုရှိခြင်း)
(၃) မျက်လုံး(eyeball)၏ အရွယ်အစား(size)နှင့် ပုံသဏ္ဍာန်(shape) မှန်ကန်ခြင်း။
          စသည်တို့ဖြစ်ပြီး အလင်းတန်းဆိုင်ရာ ယင်းအချက်အလက်များနှင့် ပြည့်စုံပါက သက်တောင့် သက်သာဖြင့် ကြည်လင်သော အမြင်အာရုံကို ရရှိစေမည် ဖြစ်ပါ သည်။

ပုံရိပ်ဖော် အင်္ဂါအစိတ်အပိုင်းများ (Focusing structures of the eye)

          မျက်ကြည်လွှာနှင့် မှန်ဘီလူးတို့သည် မြင်လွှာပေါ်၌ အလင်းတန်း များ  ညီညွတ် မျှတစွာ စုဆုံနိုင်စေရန်အတွက်၊ မျက်စိတွင်းသို့ ဝင်ရောက်လာသော ပုံရိပ်အလင်းတန်းများကို မှန်ကန်စွာ အလင်းယိုင်စေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါသည်။

မျက်ကြည်လွှာ(cornea)
 
          မျက်ကြည်လွှာသည် မျက်စိ၏ စုစုပေါင်း ပုံရိပ်ဖော်ဆောင်နိုင်မှု ပ မာဏ၏ သုံးပုံနှစ်ပုံ(၂/၃)ကို စွမ်းဆောင်ပေးနိုင်သော အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသည်။မျက်ကြည်လွှာ၏ အခုံးသဏ္ဍာန် ပြေပြစ်မှန် ကန်မှု (curved shape)နှင့် အထူအပါးမှန်ကန်မှု(thickness) တို့သည် အမြင်အာရုံ ချိန်ဆမှုအတွက် အထူးအရေးပါသော အခြေအနေများ ဖြစ်ပါသည်။ 
                                                
မျက်စိတွင်းမှန်ဘီလူး (lens)
 
          မျက်စိတွင်းမှန်ဘီလူးသည် မျက်စိ၏ စုစုပေါင်းပုံရိပ်ဖော်ဆောင် နိုင်မှုပမာဏ၏ သုံးပုံတပုံ (၁/၃)ကို စွမ်းဆောင်ပေးနိုင်သော အင်္ဂါအစိတ် အပိုင်းဖြစ်ပါသည်။အထက်ဖော်ပြပြီးဖြစ်သော မျက် ကြည်လွှာနည်းတူ ၎င်း၏အခုံးသဏ္ဍာန် (curved shape) အနေအထားနှင့် အထူအပါး (thick ness) တို့သည်လည်း၊ အမြင်အာရုံချိန်ဆမှုအတွက် အရေးပါသော အခြေအနေများ ဖြစ်ကြပါသည်။
          မျက်ကြည်လွှာနှင့် သဘောသဘာဝခြင်း အဓိကမတူညီသောအချက်မှာ မှန်ဘီလူးသည် အမြင်ချိန်ဆနိုင်မှုပမာဏ(focusing power)ကို ပြောင်းလဲနိုင်ခြင်းပင် ဖြစ်ပါသည်။မှန်ဘီလူး၏ အထူ ကို ပို၍ ထူထည်းလာစေခြင်း(သို့မဟုတ်)ပါးလျသွားစေခြင်းအားဖြင့် ချိန်ဆပြုပြင်၍ အမြင်အာရုံ ကြည် လင်မှုကို တိုးတက်လာစေပါသည်။ မှန်ဘီလူး၏ ပတ်လည်တွင်ရှိ သည့် စီလီယာရီမာဆယ်(ciliary muscle)ဟုခေါ် သော ကြွက်သားကွင်းက လိုအပ်သလို ထိမ်းညှိခြင်းအားဖြင့်ချိန်ဆပေးပြီး အမြင် အာရုံကို ကြည်လင်လာ စေပါသည်။
          သို့ဖြစ်ရာ မျက်စိ၏ ပုံရိပ်ချိန်ဆဖော်ဆောင်နိုင်မှု ပမာဏ၏ သုံးပုံ နှစ်ပုံ(၂/၃)ဖြစ်သော မျက် ကြည်လွှာ၏ စွမ်းဆောင်နိုင်မှုနှင့်ပေါင်းစပ်၍ ကြည်လင်ပြတ်သားသော အမြင်စွမ်းရည်ကို ရရှိရန်၊ တိကျသောချိန်ဆမှု (fine - tune) ပြုကြရာတွင်အနုစိတ်များကို မှန်ဘီလူး(lens)၏ ပုံ သဏ္ဍာန် ပြောင်းလဲခြင်း (အထူအပါးပြောင်းလဲခြင်း) ဖြင့် သာလျှင် ဆောင်ရွက်နိုင် ကြောင်း သတိပြုမိကြ မည်ဖြစ်ပါသည်။ မှန်ဘီလူး၏ အမြင်ချိန်ဆနိုင်မှု စွမ်းရည်ဖြစ်သော မျက်စိ၏ ချိန်ဆနိုင်မှုပမာဏ၏ သုံးပုံ တပုံ(၁/၃)တွင် ၎င်းကဲ့သို့ပြောင်းလဲချိန်ဆနိုင်မှုကသာလျှင် အဓိက ဖြစ် ကြောင်း သုံးသပ် နိုင်ကြမည်ဖြစ်ပါသည်။

 စံလွဲအလင်းယိုင်ခြင်း(သို့မဟုတ်)မျက်မှန်လိုသောမျက်စိမှုန်ခြင်း (Refractive Error)

          စံလွဲအလင်းယိုင်မှုကြောင့် မျက်စိမှုန်သူများသည် မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ခြင်း လေဆာရောင်ခြည်ဖြင့်ကိုသခြင်း တို့ဖြင့် အလင်းယိုင်နေမှုကို မှန်ကန်အောင်တည့်မတ်ပေးခြင်းပြု မှသာလျှင် သက်တောင့်သက်သာဖြင့် ကြည်ကြည်လင်လင် မြင်ကြရမည်ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် ထိုသူတို့၏မျက်စိသည် ပုံသဏ္ဍာန်နှင့် အရွယ်အစား (size and shape)မမှန် ခြင်း နှင့် မြင်လွှာ (retina)ပေါ်၌ ပုံရိပ်အလင်း တန်းများ တိကျမှန်ကန်စွာ မကျရောက်ခြင်း စသည့် အား နည်းချက်များ ရှိနေသောကြောင့်ပင်ဖြစ် ပါသည်။
          ထိုကဲ့သို့ အားနည်းချက်များရှိနေသူ၏မျက်စိသည် ပြင်ပသွင်ပြင်လက္ခဏာအားဖြင့် ထူးခြားမှု ကို တွေ့ရမည် မဟုတ်သော်လည်း၊ အလင်းယိုင်မှု ချို့ယွင်းနေသောကြောင့်၊ အမြင်အာရုံခံစားမှု အပိုင်းတွင် ကြည်လင် ပြည့်ဝသော အမြင်အာရုံကို ရရှိနိုင်မည်မဟုတ်ပေ။

          မျက်မှန်တပ်ခြင်းအားဖြင့် အလင်းယိုင်မှုကိုပြုပြင်ပြီး ကြည်ကြည်လင်လင် မြင်နိုင်ခြေရှိသော မျက်စိမှုန်သူ၏ အမြင်ချို့ယွင်းချက် အနည်းအများသည် အောက်ဖော်ပြပါ အချက်များပေါ်တွင် အခြေ ခံ၍ ပေါ်ပေါက်လာရပါသည်။
(၁)မျက်ကြည်လွှာသည် ပုံမှန်ထက်ပို၍ ခုံးနေခြင်း(steepness) သို့မဟုတ် အခုံးလျော့နေခြင်း (flatness)။
(၂) မျက်စိတွင်းမှန်ဘီလူး(crystalline lens)သည် ပုံမှန်ထက်ပို၍ ထူနေခြင်း(thickness) သို့မဟုတ် ပို၍ ပါး(ပြား)နေခြင်း(thinness)။
(၃)မျက်စိ(eyeball)၏အလျား(length) မမှန်ခြင်း။ စသည်တို့ဖြစ်ပါသည်။

               အထက်ဖော်ပြပါ အချက်များသည် အလင်းယိုင်ခြင်းကို ဖောက်ပြန်စေပြီး ၊ စံလွဲအလင်း ယိုင်ခြင်း(refractive error)ကိုဖြစ်ပေါ်စေပါသည်။၎င်း Refractive Error ကြောင့်ပင်လျှင် မြင်လွှာ (retina) ပေါ်၌ တိကျသော ပုံရိပ်အလင်းတန်းများ ကျရောက်ခြင်းမရှိတော့ပေ။
          အဝေး သို့မဟုတ် အနီးမှလာသော ပုံရိပ်အလင်းတန်းများသည် မြင်လွှာပေါ်၌ သင့်တင့် လျောက်ပတ်စွာ ကျရောက်ခြင်းမရှိပါက ကာယကံရှင်၏ အမြင်အာရုံသည်လည်း ကြည်လင်ပြတ် သား မှု ရှိမည် မဟုတ်ပေ။ သို့ဖြစ်ရာ ကာယကံရှင်အား မျက်မှန်တပ်ဆင်စေခြင်းဖြင့် အလင်းယိုင်ခြင်း ကိုပြု ပြင်ခြင်းဖြင့်သာလျှင် သင့်တင့် လျောက်ပတ်သော ပုံရိပ်ကို မြင်လွှာပေါ်၌ ကျရောက် စေမည်ဖြစ် ပါ သည်။ အမြင်အာရုံကိုလည်း ကြည်လင်ပြတ်သားစေမည် ဖြစ်ပါသည်။ဤသည်ပင်လျှင် စံလွဲအလင်း ယိုင်ခြင်း သို့မဟုတ် မျက်မှန်လိုသောမျက်စိမှုန်ခြင်း (refractive error) ၏ အခြေခံသဘောတရား ပင်ဖြစ်ပါသည်။
               စံလွဲအလင်းယိုင်ခြင်းကြောင့် မျက်မှန်တပ်ဆင်ရန် လိုအပ်သော မျက်စိအမျိုးအစားများကို အဓိကအား ဖြင့်(၄)မျိုး ခွဲခြားနိုင်ပါသည်။

(၁)အမြင်အလျား(ဆုံတာ)ရှည်(လွန်)နေသောမျက်စိ၊(Hyperopia ဟိုက်ပရိုးပီးယား)

          အဝေးမြင်ပြီး အနီးမှုန် အမျိုးအစားဖြစ်၏။အဝေးရောအနီးပါမှုန်သူများလည်း ရှိပါသည်။ သာ မန်အားဖြင့်အဝေးရှိ အရာဝတ္တုများကို ကောင်းမွန်စွာမြင်ရသော်လည်း အနီး ကြည့်တွင်မူ မှုန်ဝါးနေ တတ်ကြပါသည်။အသက်ကြီးလာသော အခါ၌ အဝေးကြည့်ပါ မှုန်လာတတ်ပါ သည်။ ၎င်းအမျိုး အစားကို Longsightedness , Farsightedness , Hypermetropia , စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ် ကြပါသည်။ယေဘုယျ အားဖြင့် မျက်လုံး(eyeball) သေးသောကြောင့် မျက်ကြည်လွှာ(cornea) နှင့် မြင်လွှာ(retina) အကြား အကွာအဝေးတိုနေပြီး ၊ မြင်လွှာ၌ စုဆုံရမည့် ပုံရိပ်အလင်းတန်းများသည် မြင်လွှာကိုလွန်လျှက် မြင်လွှာ၏ နောက်တွင် စုဆုံနေခြင်းမျိုး ဖြစ်ပါသည်။

(၂)အမြင်အလျား(ဆုံတာ)တို(လို)နေသောမျက်စိ(မိုင်ယိုးပီးယား-Myopia)

အမြင်အလျားတို(လို)နေသော မျက်လုံးပိုင်ရှင်များ(Myopia or  Myopes) သည်အဝေးကို ကောင်းစွာမမြင် (အဝေးမှုန်)နေသူများဖြစ်ပြီး၊၎င်း အဝေးမှုန်ခြင်းအခြေအနေ(amount of myopia) ပေါ်မူတည်၍ အနီးအမြင်အာရုံ၌ သာမန်ထက်ပို၍ ကောင်းမွန်နေသူများ ဖြစ်နေတတ်ပါသည်။ ၎င်း မျက်စိအမျိုးအစားကို အမြင်အလျားတို (short sightedness) သော မျက်စိ(သို့မဟုတ်)အမြင် အလျား လို(near sightedness)သောမျက်စိ စသည်ဖြင့်ခေါ် ဝေါ်ကြပါသည်။
          အမြင်အလျားတို(short sightedness) နေသောကြောင့် ပုံရိပ်အလင်းတန်းများသည် မြင်လွှာ ပေါ်၌စုဆုံခြင်း မရှိဘဲ မြင်လွှာရှေ့၌ ကြို၍ (လို၍)စုဆုံနေသော မျက်စိအမျိုးအစားဖြစ်ပါသည်။

(၃)မတူညီသောအမြင်အလျားများ ဖြစ်ပေါ်နေသောမျက်စိ (အက်စတစ်မက်တစ်ဇင်-Astigmatism)

          ပုံရိပ်အလင်းတန်းများ ဝင်ရောက်ရာ လမ်းကြောင်းတလျောက်၌ ရှိနေသော မျက်ကြည်လွှာ (Cornea)၊ မျက်စိရည်ကြည်(Acquous)၊ မျက်စိတွင်းမှန်ဘီလူး(Lens)၊မျက်စိရည်ပျစ်(Vitrouous) စသည် တို့အနက် တခုခု သို့မဟုတ် အများ၏ ချို့ယွင်းမှုကြောင့်၊မတူညီသော အလင်းတန်းများ ပေါ် ပေါက်လာပြီး၊မြင်လွှာပေါ်နှင့် ၎င်း၏ ရှေ့နောက်တို့၌ ကွဲပြားခြားနားသော ဆုံမှတ်များ(Astigmatism) ပေါ်ပေါက်နေသော မျက်စိဖြစ်ပါသည်။ အထူးသဖြင့် မျက်ကြည်လွှာ(Cornea) သို့မဟုတ် မှန်ဘီလူး (Lens)တို့၏ ချို့ယွင်းချက်ကြောင့် အဖြစ်များပါသည်။

(၄)သက်ကြီးအနီးမှုန်ခြင်း(Presbyopia)

သက်ကြီးအနီးမှုန်ခြင်းဆိုသည်မှာ အသက်ကြီးသောကြောင့်(အထူးသဖြင့် အသက် ၄၀ မှ ၄၅ နှစ် အတွင်း) မျက်စိတွင်းရှိ သဘာဝမှန်ဘီလူးသည် အနီးရှိအရာဝတ္တုမှလာသော အလင်းတန်းများကို မှန်အောင် ချိန်ဆမှုမပေးနိုင်တော့သည့်အတွက် ထင်ထင်ရှားရှားမမြင်ရတော့ခြင်းဖြစ်သည်။ ထိုသူ များသည် အနီးကြည့်ရာတွင် ပြတ်သားသောအမြင်ကို မရကြသူများဖြစ်သည့်အတွက် သက်ကြီးအနီး မှုန် (Presbyopia)ဟုခေါ်ခြင်းဖြစ်ပါသည်။ မျက်စိတွင်းရှိ သဘာဝမှန်ဘီလူးသည် ငယ်ရွယ်စဉ် ကကဲ့ သို့ ပျော့ပြောင်းမှုမရှိတော့ဘဲ တဖြည်းဖြည်းမာ၍လာသောကြောင့် အနီးကြည့်တွင် ချိန်ဆမှု မမှန်တော့ ဘဲ မြင်လွှာတွင်ထင်ရှားသော ပုံရိပ်ကို မထင်ဟပ်တော့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ သက်ကြီးအနီးမှုန်သူများသည် အနီးကြည့်မျက်မှန်တပ်ခြင်းဖြင့် ကြည်လင်သော အမြင်ကို ရနိုင်ပါသည်။မျက်စိနှစ်ဖက်စလုံး ပါဝါတူသည်ကများပြီး၊တဖက်နှင့်တဖက် ပါဝါမတူသည် လည်းရှိပါသည်။ အဝေးမှုန်သူများဖြစ်ကြသော မိုင်ယိုးပီယား(Myopia)နှင့် ဟိုက်ပါရိုးပီးယား (hyperopia) တို့သည် သာမန် အဝေးကြည့်ကောင်းသူများ အနီးမှုန်ချိန်တွင် အနီးကြည့်ကောင်း နေတတ်ကြပါသည်။ အဝေးမှုန်သည့်ပါဝါ အခြေအနေပေါ်မူတည်၍ အနီးမှုန်ပါဝါလိုအပ်ချက်ကွဲပြားပြီး ပုံသေသတ်မှတ်၍ မရပေ။
အဝေးမှုန်များဖြစ်ကြသော အမြင်အလျှား(လို)တို နှင့် အမြင်အလျှား(လွန်)ရှည် အဝေးမှုန်များ သည် မျက်စိတလုံးတည်း တွင် အတူတကွမဖြစ်နိုင်ပါ။ ဖြစ်လေ့ဖြစ်ထနည်းသော တဖက်ခြင်းတွင်သာ သီးခြားဖြစ်လေ့ဖြစ်ထရှိပါသည်။ လူတဦးတယောက်တွင် မျက်စိတဖက် သို့မဟုတ် နှစ်ဖက်စလုံး မျက် မှန်တပ်လျှင် ပို၍ကြည်ကြည်လင်လင် မြင်နိုင် မမြင်နိုင်ကို အထူးစမ်းသပ်စစ်ဆေးမှုပြုမှာသာ သိနိုင် ပါသည်။ ထိုသို့ စမ်းသပ်စစ်ဆေးခြင်းကို မျက်မှန်ပါဝါရှာဖွေခြင်း (Refraction)ဟုခေါ်ပါသည်။

   ပြည့်အောင်(COA)

(ICEE – International Centre For Eyecare  Education ( Brien Holden Vision Institute Foundation), Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်) 

မျက်စိ၊အမြင်အာရုံနှင့်မျက်မှန်ပါဝါ(၅)။၂/၉/၂၀၁၉ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါဆောင်းပါး။


    
  

                                 
          မျက်မှန်လိုသောမျက်စိမှုန်ခြင်း သို့မဟုတ် စံလွဲအလင်းယိုင်မှုကြောင့်မျက်စိမှုန်ခြင်း (Refractive Error)ကြောင့် အမြင်အာရုံအားနည်းသူများအတွက် ကြည်လင်သောအမြင်ကို ရရှိစေရန် မှန်ကန်သော ပါဝါဖြင့် မျက်မှန်တပ်ရန်လိုအပ်ပါသည်။ မျက်မှန်တွင်တပ်ဆင်အသုံးပြုရသော မှန်များ သည်လည်း အရေး ပါသောကဏ္ဍမှပါဝင်သည်ဖြစ်ရာ ၎င်းမှန်များအကြောင်းကို အောက်ပါအတိုင်း ရေး သားလိုပါသည်။

မှန်ဘီလူးများ(The lenses)

အမျိုးမျိုးသော မှန်ဘီလူးများ(မျက်မှန်တွင်တပ်ဆင်အသုံးပြုရသော မှန်များအပါအဝင်)ကို ထွင်းဖောက်မြင်နိုင်သော ကြည်လင်သည် အလင်းပေါက် ပစ္စည်းများ(မှန်သားနှင့် ပလပ်စတစ်အမာ ကဲ့သို့သောပစ္စည်းများ) ဖြင့် ပြုလုပ်လေ့ရှိကြပါသည်။ အရာ ၀တ္တုပုံရိပ်များကို ကြည့်ရှု့ရာ၌  ကြည်လင် သော အရည်အသွေးရှိသည့် မြင်ကွင်းကို ရရှိရန် အတွက် မှန်ဘီလူးများကို အသုံးပြုကြရာတွင်၊ အခုံး အခွက် ထုချွန် စသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး ဖန်တီးပြု လုပ်ကြရပါသည်။
          အဝေးအနီးရှိ အရာဝတ္တုများကို ပို၍ ကြည်လင်ပြတ်သားမှုရှိစေရန် ချိန်ဆပေးသော မှန်ဘီလူး များ ရှိသကဲ့သို့ ၊ အမြင်အာရုံ ပို၍ကြည်လင်အောင် ချိန်ဆမှုပြုခြင်းမရှိဘဲ  အမြင်လမ်း ကြောင်းကို ပြောင်းလဲစေရန်သာ ဖန်တီးပေးသည့်(Prism-ကဲ့သို့သော) မှန်ဘီလူးများလည်း ရှိပါသည်။ မှန်ဘီလူး များ ကို မျက်မှန်များ(Spectacles) ၊ပုံကြီးချဲ့ မှန်ဘီလူးများ (Magnifying glasses)၊ အနုကြည့်မှန်ဘီ လူးများ (Micro scopes)၊ အဝေးကြည့်မှန်ပြောင်းများ(Telescopes)၊အမြင်လမ်းကြောင်း အမျိုးမျိုး ပြောင်း၍ ကြည့် ရှုရသောမှန်ပြောင်းများ(Periscopes)၊ ဆလိုက်မီးထိုးပုံဖော်ကရိယာ ပရိုဂျက်တာ များ(Slide projectors)၊ စသည်တို့တွင် အထူးသဖြင့် အသုံးပြုကြပါသည်။ 

 မှန်ဘီလူးအမျိုးမျိုးကို အသုံးပြုပုံများ

ပရိုဂျက်တာများတွင် သင့်လျော်သော မှန်ဘီလူးကိုအသုံးပြုခြင်းဖြင့် ပုံရိပ်လက္ခံသည့် မျက်နှာ ပြင်စခရင်(Screen)တွင် ထင်ရှားပြတ်သားသည့် ပုံရိပ်တို့ကို ရှိစေသကဲ့သို့ ၊ မျက်မှန်များတွင် တပ် ဆင်အသုံးပြုသည့် မှန်ဘီလူးများ(Lens)ကလည်း အမြင်အာရုံ ချိန်ဆမှုပြုလုပ်ပေးပြီး၊မျက်စိအမြင်ကို ပို၍ကြည်လင်စေရန် ပံပိုးမှုပေးပါသည်။ 
          မျက်မှန်လိုအပ်၍ မျက်စိမှုန်သူများ(စံလွဲအလင်းယိုင်ခြင်းကြောင့်မျက်စိမှုန်သူများ)အား မျက်မှန်တပ်ဆင်စေခြင်းဖြင့် ၊မျက်စိတွင်းသို့ ၀င်ရောက်လာသော ပုံရိပ်အလင်းတန်းများအား မှန် ကန်သောချိန်ဆ(အလင်းယိုင်)မှု ရရှိစေရန် မှန်ဘီလူးများကပြုပြင်ပေးသောကြောင့် ကြည်လင်သော မျက်စိအမြင် အာရုံကို ရရှိစေခြင်းဖြစ်ပါသည်။
          မျက်မှန်လိုအပ်သောကြောင့် မျက်စိမှုန်သူများဟု ဆိုရာတွင် အသက်ကြီး၍ အနီးကြည့်မှုန်သူ (presbyopia) ၊ ပုံရိပ်အလင်းတန်း၏ အကွာအဝေး(ဆုံတာ)တို၍ မျက်စိမှုန်သူ(myopia) ၊ ဆုံတာ ရှည်၍ မျက်စိမှုန်သူ(hyperopia) နှင့် ဆုံချက်မညီ၍ မျက်စိမှုန်သူ(astigmatism) စသည်ဖြင့်ပါဝင်ပါ သည်။
မှန်ဘီလူးများတွင် မျက်နှာပြင်နှစ်ဖက်ရှိရာ၊ အနည်းဆုံး တဖက်ဖက်၌ အခုံး သို့မဟုတ် အခွက် စသည်ဖြင့် ပြင်ညီမဟုတ်သော ပုံသဏ္ဍာန် ရှိပါသည်။မျက်နှာပြင်နှစ်ဖက်စလုံး၌ နှစ်ဖက်ခုံးနှစ်ဖက်ခွက် တဖက်ခုံး တဖက်ခွက် များလည်းရှိတတ်ပါသည်။ 
                                                      
အသုံးများသော မှန်ဘီလူးများမှာ………………………
(၁) ၀န်းဝိုင်းသောသဏ္ဍာန်ရှိ(ထုဝန်းညီ) စဖီးရစ် မှန်ဘီလူးများ  (spherical lens)= မှန်ဘီလူး ခုံး (plus lens) နှင့် မှန်ဘီလူး ခွက်(minus lens)…..

(၂)ထုလုံးရှည် (ဆလင်ဒါ) မှန်ဘီလူးများ (cylindrical lens) =ဆလင်ဒါ မှန်ဘီလူးခုံး(plus cylinder lens) ၊ဆလင်ဒါ မှန်ဘီလူးခွက်(minus cylinder lens)…………..နှင့်……

(၃)၀န်းဝိုင်းသောသဏ္ဍာန်ရှိစဖီးရစ်မှန်ဘီလူး(spherical lens)နှင့် ထုလုံးရှည် ဆလင်ဒါမှန်ဘီလူး (cylindrical lens) နှစ်မျိုးစလုံး ဖွဲ့စည်းပါဝင်သည့် စဖီရို ဆလင်ဒါမှန်ဘီလူး(sphero-cylindrical lens)…တို့ဖြစ်ကြ၏။ 
          
          မှန်ဘီလူးတခုသည် ၎င်းမှန်ဘီလူးကို ပြုလုပ်ထားသည့် ၀တ္တုပစ္စည်းပေါ် မူတည်၍ အလင်းယိုင် ညွှန်းကိန်း(refractive index) ရှိမည် ဖြစ်ပါသည်။မှန်ဘီလူး၏ မျက်နှာပြင်ကို ရိုက်ခတ်လာသည့် ရိုက် လင်းတန်း (incident light ray)သည်လည်း၊ မှန်ဘီလူး၏ အလင်းယိုင်ညွှန်းကိန်းပေါ်မူတည်၍ အလင်းတန်း များကို စုဆုံခြင်းနှင့် ခွဲဖြာခြင်းပမာဏ အနည်းအများကို ဖြစ်ပေါ်လာစေမည် ဖြစ်ပါ သည်။
          မှန်ဘီးလူးခုံး(plus lens)သည် အလင်းတန်းများကို စုဆုံစေမည်ဖြစ်ပြီး အလင်းတန်းအားလုံး သည် ဆုံမှတ်(focal point)တွင် ပေါင်းဆုံကြမည် ဖြစ်သည် ။ ထိုနည်းတူ မှန်ဘီလူးခွက်(minus lens) သည် လည်း အလင်းတန်းများကို ခွဲဖြာစေမည်ဖြစ်ပြီး ၊ အလင်းတန်းအားလုံးသည် ဆုံမှတ် (focal point)မှ စတင် ၍ ခွဲဖြာလာကြမည် ဖြစ်ပါသည်။
          ပရစ်ဇမ်(prism)မှန်တို့သည် အမြင်ကြည်လင်အောင် ချိန်ဆပေး နိုင်မှုမရှိဘဲ၊ အလင်းတန်းများ ကို သက်ဆိုင်ရာ(ရည်ညွှန်း) လမ်းကြောင်းများသို့ အလင်းယိုင်စေခြင်းကိုသာ ပြုလုပ်ပေးသည်ဟုဆို သော်လည်း၊ ပရစ်ဇမ်များကို ပေါင်းစပ်ခြင်းဖြင့် မှန်ဘီလူးများကို ဖြစ်ပေါ်လာစေသည့် သဘောသဘာ ၀ရှိသည်ကို တော့ သိထားရန် အရေးကြီးပါသည်။
          ပရစ်ဇမ်မှန်(prism lens)တို့သည် တြိဂံပုံသဏ္ဍာန် ရှိသည်ဖြစ်ရာ ပရစ်ဇမ် နှစ်ခုတို့၏ အောက် ခြေ တို့ကို(bace to bace)ပေါင်းစပ်ခြင်းဖြင့် မှန်ဘီလူးခုံး(plus lens)ကို ဖြစ်ပေါ်လာစေ ပါသည်။ (ပုံဆွဲ၍ လေ့လာကြည့်ပါ) ထို နည်းတူစွာပင် ပရစ်ဇမ်နှစ်ခု၏ ထိပ်ချွန်း(apex)နှစ်ခုကို(apex to apex) ပေါင်းစပ်ခြင်းဖြင့် လည်း မှန်ဘီလူးခွက် (minus lens)ကို ဖြစ်ပေါ်လာစေမည်ဖြစ်ပါသည်။
ပရစ်ဇမ်နှင့် မှန်ဘီလူးခုံး မှန်ဘီလူးခွက်တို့၏ ဆက်စပ်မှု သဘောတရားသည် အခြေခံမျှသာ ဖြစ်ပြီး ပြီးပြည့်စုံသော မှန်ဘီလူးတခု၏ အလင်းယိုင်ခြင်းများကို တွေ့မြင်ကြရဦးမည် မဟုတ်ပေ။ ပရစ် ဇမ်နှစ်ခု၏ ဆက်စပ်ခြင်းမျှသာဖြစ်၍ အလင်းယိုင်ခြင်း၏ အခြေခံမျှသာ တွေ့ကြရမည်ဖြစ်ပါ သည်။ မှန် ဘီလူးတခု၏ အလင်းတန်းများကို ချိန်ဆပေးနိုင်မှု အခြေအနေကိုလည်း ပရစ်ဇမ်နှစ်ခု ဆက်စပ်ရုံမျှနှင့် ရရှိမည်မဟုတ်ပေ။
မှန်ဘီလူးတခု ဖြစ်လာရန်အတွက် နှစ်ခုထက်ပိုသော (အရွယ်အစားမတူညီသည့်) ပရစ်ဇမ် အများအပြားလိုအပ်ပြီး ၎င်း ပရစ်ဇမ်များကို  အစွန်းနှစ်ဖက်၌ ဆက်၍ဆက်၍ ပေါင်းထည့်ပေးရမည် ဖြစ်ပါသည်။ထိုသို့ ပရစ်ဇမ်များကိုဆက်၍ ပေါင်းထည့်ပေးခြင်းအားဖြင့် အလင်းတန်းများ ကို ပို၍ ပို၍ တိုးလာ စေပြီး၊ ၎င်းအလင်းတန်းများ စုဆုံခြင်း သို့မဟုတ် ခွဲဖြာစေခြင်းအားဖြင့်၊အမြင်အာရုံ ချိန်ဆမှုကို ပြုလုပ်နိုင်သည့် အခြေအနေကို ရရှိ စေမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ မှန်ဘီလူးဆိုသည်မှာ ပရစ်ဇမ်အများအပြားကို အလယ်ဗဟို၌ ဆက်စပ်ထားသော ပရစ်ဇမ်နှစ်ခု၏ အစွန်းနှစ်ဖက်၌ ဆက်၍ဆက် ၍ ပေါင်းစပ်ထားသော အသွင်သဏ္ဍာန်နှင့် တူညီ ကြောင်း ဆက်စပ်တွေးတောမိကြမည်ဖြစ်ပါသည်။
တနည်းအားဖြင့် ဆုံမှတ်တခု၌ အလင်းတန်းများကို စုဆုံခြင်း သို့ မဟုတ် ခွဲဖြာခြင်းများ ဖြစ်ပေါ် လာ စေရန်အတွက်၊ အနည်းဆုံးမှန်ဘီလူး၏ မျက်နှာပြင်တဖက်ဖက်သည်၊ ခုံးခြင်း သို့မဟုတ် ခွက်ခြင်း ဖြစ်နေရန် လိုပါသည်။ထိုသို့ ရရှိစေရန်အတွက် ဆောင်ရွက်ခြင်းသည်၊မှန်ဘီလူး၏ အစွန်း (edge)နှစ် ဖက်၌ ပရစ်ဇမ်များကို တဖြည်းဖြည်းခြင်း တိုး၍တိုး၍ပေါင်းပြီး ပရစ်ဇမ်အရေအတွက် ပို၍ ရရှိအောင် ဆောင်ရွက်ခြင်း နှင့် အလားသဏ္ဍာန် တူညီပါသည်။
အထူးသဖြင့် မျက်မှန်တွင် အသုံးပြုသောမှန်များ(spectacle lens)၌ မျက်နှာပြင်နှစ်ဖက်စလုံး အခုံး သို့မဟုတ် အခွက်ရှိသည်က များပါသည်။ထူးထူးခြားခြား တဖက်ခုံးတဖက်ခွက်လည်း ရှိတတ် ပါသည်။ပြင်ညီမျက်နှာပြင်နှင့် အခုံး သို့မဟုတ် အခွက်လည်း ရှိတတ်ပါသည်။ မျက်မှန်သုံးမှန်များ (spectacle lens) သည် အလင်းတန်းများကို ကောင်းမွန်စွာ ချိန်ဆပေးပြီး အမြင်အာရုံကြည်လင် စေရန် ဖန်တီးပေးပါသည်။ 

မှန်ဘီးလူး၏အလယ်ဗဟို(Optical centre)    
   
သတိပြုရန်အချက်မှာ ပရစ်ဇမ်နှစ်ခု ပေါင်းစပ်၍ ဆက်ထားသော မှန်ဘီလူး၏ အလယ်မှဖြတ် သွားသော အလင်းတန်းသည် အစဉ်သဖြင့် အလင်းယိုင်ခြင်းမရှိသည့် အချက်ပင်ဖြစ်ပါသည်။ ၎င်း နေရာကို မှန်ဘီလူး၏ အလယ်ဗဟို( Optical center of the lens)ဟု ခေါ်ပါသည်။
          မှန်ဘီလူး၏ဗဟိုသည် အလင်းယိုင်ခြင်းမရှိဘဲ အလင်းတန်းဖြတ်သန်းသည့် တခုတည်းသော အစိတ်အပိုင်းဖြစ်ပါသည်။မျက်မှန်တွင် တပ်ဆင်ရန်အတွက် လိုအပ်သော မှန်ဘီလူးများကို မျက်မှန် ကိုင်း၌ ပြုပြင်တပ်ဆင်ရာတွင် ၎င်း အော့ပ်တစ်ကယ်စင်တာ(optical centre)နေရာနှင့် မျက်မှန်တပ် ဆင်မည့်သူ၏ မျက်လုံးတို့ကို တတန်းတည်း(မျဉ်းတပြေးတည်း) ကျနေစေရန် ချိန်ဆတပ်ဆင်ပေးရ မည် ဖြစ်ပါသည်။သို့မှသာ ကြည်လင်သောအမြင်အာရုံရရှိရေးအတွက် မှန်ကန်သော အထောက်အပံ့ကို ရမည်ဖြစ်ပေသည်။

ပါဝါမဲ့မှန်များ(Plano lens)

မှနှ်ဘီလူးခုံး(plus lens) လည်းမဟုတ်၊ မှန်ဘီလူးခွက်(minus lens)လည်းမဟုတ်သောမှန် သည်၊ ပါဝါမဲ့မှန်(plano lens)ပင် ဖြစ်ပါသည်။ ပါဝါမဲ့မှန်များသည် ကြည်လင်ပြတ်သားသော အမြင် အာရုံရရှိအောင် ချိန်ဆမှုများ ပြုလုပ်ပေးနိုင်ခြင်းမရှိချေ။ သို့ဖြစ်ရာ ပါဝါမဲ့မှန် (plano lens)များ အတွင်းသို့ ဖြတ်သန်းသော အလင်းတန်းများသည် အလင်းယိုင်ခြင်းမရှိဘဲ၊ ပြူတင်းပေါက်မှန်များကို အလင်းတန်းဖြတ်သန်းသကဲ့သို့ ထောင့်မတ်မျဉ်းနှင့်အပြိုင် ရှိနေမည်ဖြစ်ပါသည်။အရာဝတ္တုများ၏ ပုံရိပ် အနေအထားကို ပြောင်းလဲမှုရှိစေမည်မဟုတ်ဘဲ၊ တသမတ်တည်း ရှိနေမည်ဖြစ်ပါသည်။
          ပါဝါမဲ့မှန် (plano lens) များကို နှစ်ဖက်ပြင်ညီမှန် (two flat surface)နှင့် အထူအပါး ညီညာ သော တဖက်ခုံးတဖက်ခွက်မှန်(equal and opposite curved surface)များအဖြစ်လည်း တွေမြင် ကြရမည် ဖြစ်ပါသည်။
          မှန်ဘီလူးများအကြောင်းကို မိတ်ဆက်(နောက်အခန်းများတွင် အသေးစိတ်ဆက်လက်ရေး သားရန်ရှိ) ပြီးနောက် မျက်စိနှင့်စပ်လျင်းသောအကြောင်းကို ရေးသားလိုပါသည်။

 မျက်စိ၏လုပ်ငန်းစဉ်များ (Eye optics and accommodation)

မျက်စိ၏လုပ်ငန်းစဉ်များတွင်  အောက်ပါ အကြောင်းအရာများသည် အရေးပါသော အချက် များဖြစ်ပါသည်။
(၁) မျက်စိ၏ လုပ်ငန်းစဉ်များတွင်ပါဝင်သော အင်္ဂါအစိတ်အပိုင်းအသီးသီး၏ အမည်များ။
(၂) ကြည်လင်သော ပုံရိပ်တခု၏ အမြင်ကို ထင်ဟပ်စေရန်အတွက် ပုံရိပ်အလင်းတန်းများကို အတူ တကွ စုစည်းပုံဖော်ကြသည့် အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းလုပ်ဆောင်ပုံ ရှင်းလင်းချက်များ။
(၃)မျက်မှန်လို၍ မျက်စိမှုန်ခြင်း၏ သဘောသဘာဝနှင့် အမျိုးအစားများ။
(၄) အနီးအဝေးရှိ အရာဝတ္တုများကို ကြည်လင်စွာ မြင်တွေ့နိုင်စေရန် အတွက် ချိန်ဆပေးသော မျက်စိ ၏ လုပ်ငန်းစဉ် ရှင်းလင်းချက်။
(၅)အသက်အရွယ် ကြီးရင့်လာသူများ၏ မျက်စိ၌ အနီးအဝေးချိန်ဆမှု (accommodation) အားနည်း လာ ခြင်းကြောင့် အမြင်းစွမ်းရည် ကျဆင်းရခြင်းအကြောင်း။
(၆)မျက်စိအသုံးပြုပုံ မှားယွင်း၍၊ မျက်စိဒဏ်ပိခြင်းကြောင့် မျက်ကြောအားနည်းခြင်း(Asthenopia)၏ လက္ခဏာများနှင့်၊ ဖြစ်ပွားရခြင်း၏ အကြောင်း ရင်းများ…….စသည်တို့ဖြစ်၏။


အမြင်အာရုံပေါ်ပေါက်လာပုံ
(How is light received by the normal eye)

          အရာဝတ္တုများမှလာသော ပုံရိပ်အလင်းတန်းများသည် ရှေးဦးစွာ မျက်ရည်အလွှာ(tear film)၊ မျက်ကြည်လွှာ(cornea)တို့ကို ဖြတ်သန်း၍ မျက်စိရှေ့ပိုင်း အခန်းငယ်(anterior chamber)အတွင်း ရောက်ရှိသည်။ ထိုမှတဆင့် ဆက်လက်၍ မျက်စိသူငယ်အိမ်(pupil)၊ မျက်စိတွင်း မှန်ဘီလူး (crystalline len)၊ နှင့် မျက်စိနောက်ခန်း (posterior chamber) အတွင်းရှိ မျက်စိရည်ပျစ်(vitreous) တို့ကို ဖြတ်သန်းလျက် မြင်လွှာ(retina) သို့ရောက်ရှိသည်။ ( အခန်း(၁)မျက်စိ၏ အင်္ဂါအစိတ် အပိုင်း များကိုလည်းရှု)
          အလင်းတန်းများ ဖြတ်သန်းဝင်ရောက်သည့် ထိုလမ်းကြောင်း တလျောက်တွင် ၊ရှေးဦးစွာ မျက် ကြည်လွှာ(cornea)ကိုဖြတ်သန်းရာ နေရာမှ စတင်၍ အလင်းတန်းများသည် အတွင်းဖက်သို့ စ၍ယိုင် ၏။ ဆက်လက်၍ စုဆုံ သို့မဟုတ် ခွဲဖြာ အလင်းတန်းများဖြစ် ဝင်ရောက်လာသော အလင်းတန်းများ သည် အထက်ဖော် ပြပါ အစဉ်အတိုင်းဖြတ်သန်းပြီး မြင်လွှာ၌ ဆုံမှတ်အဖြစ် စုဆုံခြင်းအားဖြင့် ကြည် လင် ပြတ်သားသော ပုံရိပ်ကို ရရှိစေမည် ဖြစ်ပါသည်။
          မြင်လွှာ၌ စုဆုံထင်ဟပ်လာသော အလင်းတန်းများသည် ဘိုင်အို(Bio)အီလက်ထရွန်နစ် သင်္ကေတများ (electrical signal)အဖြစ် ပြောင်းလဲသွားပြီး၊ မျက်စိအာရုံကြောများ(optic nerve)ကို ဖြတ်သန်းလျက် ဦးနှောက်သို့ ရောက်ရှိပါသည်။ ၎င်း ဘိုင်အိုအီလက်ထရွန်းနစ် သင်္ကေတများကို ဦးနှောက်က အနက်ဖွင့်ဆိုဖတ်ကြားခြင်းအားဖြင့် အမြင်အာရုံဆိုင်ရာပုံရိပ်(visual images) တို့ ပေါ်ပေါက်လာကြရလေသည်။

 ပြည့်အောင်(COA)

(ICEE – International Centre For Eyecare  Education(Brien Holden Vision Institute Foundation),Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်)