9.8.17

မျက်မှန်တပ်ရန် အမှန်တကယ်လိုပြီလား….။ မောင်ပြည့်အောင်(Ophthalmic Assistant) ၉/၈/၁၇ ရက်နေ့ထုတ် The Voice Daily နေ့စဉ်သတင်းစာပါဆောင်းပါး၊



မျက်စိမှုန်ခြင်း (poor vision)ကို မျက်မှန်တပ်ခြင်းအားဖြင့် အမြင်အာရုံပိုကောင်းလာအောင် ဖြေရှင်းပေးသောနည်းသည် မျက်စိကုသမှုနယ်ပယ်၌ အခြားသောကုသနည်းများ (ခွဲစိတ်ကုသခြင်း၊ မျက်စဉ်း နှင့်သောက်ဆေးများပေး၍ကုသခြင်း၊ လေဆာရောင်ခြည်အမျိုးမျိုးကိုအသုံးပြု၍ ကုသခြင်း၊ မျက်စိရှေ့ခန်းကုသသည့်နည်းစနစ်များ၊ မျက်စိနောက်ခန်းကုသသည့်နည်းစနစ်များ) နှင့် နှိုင်းယှဉ် လျှင် အလွန်ရိုးရှင်းသော ဖြေရှင်းနည်းဖြစ်သည်ဟုဆိုချင်ပါသည်။
အချို့သူများသည် အဝေးမှုန်သော်လည်း စာဖတ်ခြင်းကဲ့သို့သော အနီးကြည့်တွင်မူကောင်း စွာမြင်နေရ၏၊ အဝေးကြည့်ကောင်းသော်လည်း အနီးကြည့်မှုန်ဝါးဝါးဖြစ်နေသူများလည်းရှိကြ၏၊ ထိုကဲ့သို့သော သူများသည်၊ များသောအားဖြင့် မျက်မှန်တပ်လျှင်ကြည်ကြည်လင်လင် မြင်နိုင်မည့် သူများ ဖြစ်ကြပါသည်။မျက်မှောက်ခေတ်၌ မျက်မှန်တပ်ခြင်းအပြင် မျက်ကပ်မှန်အသုံးပြုခြင်းနှင့် လေဆာရောင်ခြည်ဖြင့်ကုသသည့် နည်းပညာများလည်း ထွန်းကားနေသည်ဖြစ်ရာ မျက်မှန်တပ် ရန်လိုသူများအတွက် ရွေးချယ်ခွင့်များ ရရှိနေပြီဖြစ်ပါသည်။
            အနီးကြည့်ကောင်းပြီး အဝေးမှုန်သူများတွင်  အကြောင်းရင်းခံပေါ်မူတည်၍ မိုင်ယိုးပီးယား  Myopia (near sightedness မြင်လွှာ၌ကျရမည့် ပုံရိပ်အလင်းတန်းတို(လို)နေ၍ အဝေးမှုန်သူ) နှင့် ဟိုက်ပရိုးပီးယား Hyperopia (far sightedness-မြင်လွှာ၌ကျရမည့်ပုံရိပ် အလင်းတန်းရှည် (လွန်) နေ၍ အဝေးမှုန်သူ)ဟူ၍အခြေခံအားဖြင့် နှစ်မျိုးရှိပါသည်။
            အဝေးကြည့်ကောင်းပြီး အနီးမှုန်သူများသည် အထူးသဖြင့် သက်လတ်ပိုင်းအရွယ် (အသက် (၄၀)ဝန်းကျင်)များ ဖြစ်ကြ၏၊ပရက်စ်ဘိုင်ယိုးပီးယား (Presbyopia) သက်ကြီး၍အနီးမှုန်သူများဟု ခေါ်ပါသည်။  အသက်(၃၅)နှစ်(အနီးကြည့်အသုံးများသူများ)နှင့်အထက် အသက်(၄၀) ၀န်းကျင် ရောက်မှ စတင်၍အနီးမှုန်လာခြင်း ဖြစ်ပြီး ငယ်ရွယ်စဉ်က အနီးကိုကောင်းစွာမြင်ခဲ့သူများ ဖြစ်ပါသည်။ ၄င်းတို့သည် စာကြည့် (အနီး ကြည့်)မျက်မှန်တပ်ရန်လိုအပ်ပြီး အသက်အရွယ်အလိုက် အနီးကြည့် ပါဝါ +1.00 D နှင့် +3.00 D အတွင်းလိုအပ်ချက်ရှိတတ်ပါသည်။
        မျက်မှန်တပ်ရန် လိုမလိုနှင့် မျက်မှန်တပ်လျှင်  မည်သည့်အတိုင်း အတာအထိမြင်နိုင်ကြောင်းကို သိနိုင်ရန်အတွက် စမ်းသပ်စစ်ဆေးသော အရိုးရှင်းဆုံးနည်းမှာ ပင်ဟိုးဖြင့်စစ်ဆေးခြင်း(pinhole examination)ပင်ဖြစ်ပါသည်။ အလင်းပိတ်ကဒ်ပြားပေါ်၌ အပ်ပေါက်ငယ်များဖောက်၍  ကာယ ကံရှင်အား ချောင်းကြည့်စေပြီး စစ်ဆေးသောနည်းဖြစ်ပါသည်။ ပကတိအမြင်နှင့် ပင်ဟိုးမှကြည့် သောအမြင် ၄င်းအမြင်နှစ်မျိုးကို နှိုင်းယှဉ်၍ ဆုံးဖြတ်ရသည့် စစ်ဆေးမှုမျိုးဖြစ်၏။
 ၆ မီတာ(ပေ ၂၀ )အကွာတွင်ရှိသော အမြင်စစ်ကဒ်ပြား(chart of visual acuity test)ရှိ စာ သို့မဟုတ် သင်္ကေတများကို ပကတိအမြင်နှင့် ပင်ဟိုးအမြင်   နှိုင်းယှဉ်ဖတ်ရှုစေသောနည်းဖြစ်၏၊ မျက်စိတဖက်ချင်းကို စစ်ဆေးရမည် ဖြစ်သည်။ ပင်ဟိုး (pinhole)ဖြင့် အမြင်သည် ပကတိအမြင်ထက် ပို၍ကောင်းနေလျှင် မျက်မှန်တပ်ရန်လိုအပ်ကြောင်း ဆုံးဖြတ်နိုင်၏။ ထို့ပြင် ပင်ဟိုးဖြင့်မြင်ရသော အမြင်သည် မျက်မှန်တပ် လျှင်မြင်ရမည့် အဆင့်ပင်ဖြစ်ကြောင်း ပညာရှင်များက အနီးစပ်ဆုံးသုံး သပ်ကြပါသည်။(မည်သူမဆို ကဒ်ပြားထူထူတချပ်တွင် အပ်ပေါက်ကလေးများဖောက်၍ မိမိကိုယ်ကို စစ်ဆေးနိုင်သောနည်းဖြစ်၏)
မျက်စိဆရာဝန်ကြီးများကမူ မျက်စိကိုအသေးစိတ်ကြည့်နိုင်သော အနုကြည့်မှန်ဘီလူး( Slit Lamp) ဖြင့်စစ်ဆေး၍ မျက်မှန်လိုသူများကို  မျက်မှန်ကျွမ်းကျင်ပညာရှင် (သို့မဟုတ်)အမြင်စွမ်းရည် ဆိုင်ရာ ပညာရှင်(Refractionist or Optometrist) ထံသိုစေလွှတ်ကြပါသည်။                                                        
အကယ်၍ ပင်ဟိုး(pinhole) ဖြင့်ကြည့်ရှုသောအမြင်နှင့် ပကတိမျက်စိဖြင့်မြင်သော အမြင် နှစ်မျိုးသည် ကွဲပြားခြားနားမှုမရှိဘဲ တသမတ်ထည်းရှိနေပါက မျက်မှန်လိုအပ်ချက်ကြောင့် မျက်စိမှုန် ခြင်း မဟုတ်ဘဲ အခြားသော မျက်စိပြဿနာတမျိုးမျိုး (မျက်စိရောဂါတမျိုးမျိုး သို့မဟုတ် အခြား) ကြောင့် မျက်စိမှုန်နေခြင်း ဖြစ်နိုင်ပါသည်။ အတွင်းတိမ်(Cataract)၊မျက်စိရေတိမ် (Glaucoma) ရှိသူများ၊ မြင်လွှာ (Retina) ၌ ချို့ယွင်းချက်ရှိသူများနှင့် မျက်စိအာရုံကြော (Optic nerve) အားနည်း သူများ ဖြစ်နေတတ် ပါသည်။ ပင်ဟိုး (pinhole)ဖြင့်စမ်းသပ်ကြည့်ရာ၌ ပို၍မှုန်သွားလျှင် Macula ၏ချို့ ယွင်း ချက်လည်းဖြစ်နိုင် ပါသည်။ ဤကိစ္စရပ်များကို မျက်စိအထူးကုဆရာဝန်ကြီး များကသာ စွမ်း ဆောင်နိုင်သောကြောင့် မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင်များ(Refractionist or Optometrist) သည် ထို့ကဲ့သို့သောသူများကို မျက်စိအထူးကုဆရာဝန်ကြီးများနှင်ပြသရန် တိုင်တွန်း၍ စေလွှတ်ကြ ပါသည်။
           မျက်မှန်ကျွမ်းကျင်ပညာရှင်သည် မျက်မှန်လိုအပ်သူအား   ပါဝါရှာဖွေပေးပြီးနောက် မှတ်တမ်း ပုံစံ (Prescription Form) ရေးပေးမည် ဖြစ်ပါသည်။ ကာယကံရှင်သည် ညွှန်ကြားသည့်ပါဝါကို မိမိနှစ်သက် ရာမျက်မှန်ကိုင်း၌ ရွေးချယ်တပ်ဆင်ခြင်းဖြင့် ကြည်လင်သောအမြင်ကို ရရှိမည်ဖြစ်ပါ သည်။
          မျက်မှန်အပြင် မျက်ကပ်မှန် (Contact Lens)များကို  ယ္ခုအခါအသုံးပြုလာ ကြပြီဖြစ်ပါသည်။ အထူးသဖြင့် မျက်မှန်ပါဝါ (+/-) 2.00 D အထက်ကွာဟလျှင် ပုံရိပ်နှစ်ထပ် (Diplopia) ဖြစ်တတ်၍ မျက်ကပ်မှန်ဖြင့် ထိုပြဿနာကိုဖြေရှင်းနိုင်ပါသည်။ မျက်ကပ်မှန်သည် မျက်မှန်၏ အားနည်းချက်ကို ဖြေရှင်းပေးသော်လည်း မျက်စိ၏အလွန်အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ်သည့် မျက်ကြည် လွှာပေါ်၌ ကပ်၍တပ်ဆင်ရသောကြောင့် မျက်ကြည်လွှာ မထိခိုက်စေရေးကို အချိန်ပြည့်ဂရုစိုက်ရန် အရေးကြီးပါ သည်။ မျက်ကပ်မှန် (Contact Lens)သည် သက်တန်းမှန်(Up to Date)ဖြစ်နေရန်လို အပ်ပြီး မျက်ကပ် မှန်ကို ထိမ်းသိမ်း စောင့်ရှောက်မှု မှန်ကန်စေရေးအတွက် ပညာရှင်များ၏ ညွှန်ကြား ချက်အတိုင်း တိတိကျကျလိုက်နာ ရန်လိုအပ်ပါသည်။
                 လေဆာရောင်ခြည်သုံး နည်းပညာ၌လည်း မျက်မှန်တပ်သူများအတွက်  လေဆာရောင် ခြည်ဖြင့် ပါဝါလျော့သောနည်း (Laser in Situ Epithelial Keratomileusis-LASEK နှင့် Laser in Situ Intrastromal Keratomileusis-LASIK) တို့ကို  တွင်ကျယ်စွာအသုံးပြုနေပြီဖြစ်ရာ ပါဝါများသော မျက်မှန်ကို တပ်နေရသူများအား  ကုသပေးနိုင်ပြီဖြစ်ပါသည်။  LASIK နည်းပညာသည် ပါဝါကိုလျော့ ကျစေသော်လည်း ကုန်ကျစရိတ်မြင့်မားသောကြောင့် အခြေခံလူတန်းစားများ လက်လှမ်းမမီသေးပါ။ ပညာရပ်ပိုင်းတွင်လည်း ပါဝါ 10.00 D အထက်ရှိသူများတွင် စင်းလုံးချော 100% မျက်မှန် လွတ်မည်ဟူ၍ အာမခံနိုင်သည့် အခြေအနေ မရှိသေးသည်ကိုလည်း တွေ့ရပါသည်။
           မည်သို့ပင်ဆိုစေကာမူ မျက်စိမှုန်သည်ဆိုတိုင်း  မျက်မှန်တပ်ရန်လိုသည်ဟု ယူဆ၍မရနိုင် ကြောင်းနှင့် မျက်မှန်တပ်ရန်လိုမလိုသိနိုင်သည့် ပင်ဟိုးဖြင့်စစ်ဆေးနည်းကဲ့သို့ အများပြည်သူလက် လှမ်းမိသည့် အလွန်ရိုးရှင်းသော နည်းလည်းရှိကြောင်းသိစေချင်ပါသည်။သို့မှသာ မိမိမျက်စိမှုန်ရခြင်း ၏ ယေဘုယျအကြောင်းရင်းကို မိမိကိုယ်တိုင်ခန့်မှန်းနိုင်ပြီး၊လိုအပ်သောကုသမှုများကို စောလျင်စွာ ဆောင်ရွက်ကြခြင်းဖြင့် မျက်စိကျမ်းမာလူချမ်းသာကြပါစေကြောင်း စေတနာကောင်းဖြင့် ရေးသားအပ် ပါသည်။
( Ref;Community Eye Health Journal. Eye in primary health care and Oxford Medical Dictionary(Fourth Edition)-Refractive error,LASIK, LASEK )