(၅)ကျောက်ကပ်ကျန်းမာရေး
သင့်၏လက်သီးဆုပ်ခန့်သာရှိသော ဤအင်္ဂါလေးသည်၊ခန္ဓာကိုယ်၏
ကြီးလေးသောတာဝန်များကို ထမ်း ဆောင်ခြင်းဖြင့် သင့်ကိုကျန်းမာစေသည်။ရေနှင့်သတ္တုဓါတ်များ
အခြားပစ္စည်းများ၏ ပမာဏကို ထိန်းသိမ်းခြင်း သည် သူ၏အဓိကတာဝန်ဖြစ်သည်။ကံမကောင်းစွာဖြင့်
ကျောက်ကပ်လုပ်ငန်းချို့ယွင်းလျှင် သင်စောစီးစွာ မသိနိုင်တာများပါသည်။သိပြီဆိုလျှင်
လည်းပြင်းထန်ပြီး မကုနိုင်တာများပါသည်။
ကျောက်ကပ်ကျန်းမာရေးကို နားလည်ချင်လျှင်
ကျောက်ကပ်အကြောင်း အကြမ်းဖျင်းတော့ သိမှဖြစ် မည်။ကျောက်ကပ်မှာ သွေးစစ်ဇကာ
(Nephron)တစ်သန်းခန့်ရှိပြီး၊တနေ့ကို ဂါလံ(၄၀)ခန့်စစ်ထုတ်၍ သွေးကို သန့်စင်စေပြီး ဆီးကိုထုတ်လုပ်သည်။
ခန္ဓာကိုယ်အတွက်လိုအပ်သော ရေပမာဏ၊ အာဟာရများ၊ ဓါတ်ပစ္စည်း များကို ချန်ထားပြီး၊ပိုလျှံနေသော
ရေ၊ကျန်းမာရေးအတွက် အန္တရာယ်ရှိသောပစ္စည်းများ ပိုလျှံနေသော အာဟာ ရများကိုဆီးအဖြစ် စွန့်ထုတ်ပါသည်။
ထို့ပြင်သွေးပေါင်ချိန် ထိန်းသိမ်းခြင်း၊သွေးနီဥထုတ်လုပ်ခြင်း၊ဗီတာမင်ဒီကို
လှုံ့ဆော်ခြင်းတို့အတွက် လိုအပ်သော ဟော်မုန်းများကိုလည်း၊ ထုတ်လုပ်ပါသည်။ဗီတာမင်ဒီကို
လှုံ့ဆော်ခြင်းဖြင့် အရိုးများကို သန်မာစေ ၏။ကျောက်ကပ်လုပ်ငန်း လေးပုံသုံးပုံ ပျက်စီးနေသော်လည်း
လက္ခဏာမပြပဲ ရှိတတ်သည်မှာ ကြောက်စရာပါ။ ကျောက်ကပ်ကို ပျက်စီးစေသည်မှာ သွေးတိုး နှင့်
ဆီးချိုသွေးချိုအဓိကဖြစ်သည်။အခြား ကျောက်ကပ်ထိခိုက် စေသောရောဂါများမှာ နှလုံးရောဂါနှင့်
မျိုးရိုးလိုက်သော ကျောက်ကပ်လုပ်ငန်း ချို့ယွင်း မှု ရောဂါများဖြစ် ပါသည်။
ကျောက်ကပ်ကျန်းမာရေး ကောင်းမကောင်း နှစ်စဉ်မှန်မှန်
စစ်ဆေးသင့်ပါသည်။ဆီးထဲမှာ အသားဓါတ် (Albumin)ပါလျှင် ကျောက်ကပ်မကောင်းသည်ကို ဖော်ပြ၏။ဆီးကိုဖန်ပြွန်ထဲ
ထည့်၍ အပူပေးလျှင် အဖြူရောင် ပြောင်းသွားပါက ဆီးထဲတွင် အယ်ဗျူမင်ပါကြောင်း သိနိုင်သည်သွေးစစ်မှု အနေနှင့်
ကျောက်ကပ်စစ်ထုတ်နှုန်း (Glomerular Filtration Rate,GFR)ကိုစစ်ရပါသည်။GFR 60 အောက်
ဆိုလျှင် နာတာရှည်ကျောက်ကပ်ရော ဂါရှိသည်။GFR 15 အောက်ဆိုလျှင် ကျောက်ကပ် အလုပ်မလုပ်နိုင်တော့သည့်
သဘောဖြစ်၏။ ထို့ကြောင့် သည်အဆင့်မရောက်အောင် ဆိုဒီယမ် နှင့် အသားဓါတ် ကိုလျော့စားခြင်း၊သွေး
ပေါင်ချိန်ထိန်းခြင်း၊ အဝမလွန် အောင် ကိုယ်ခန္ဓာအလေးချိန်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှား
အားကစားလုပ်ခြင်းတို့ဖြင့် ကျောက်ကပ်ကျန်းမာ ရေး ကောင်းအောင် လုပ်ရမည်ဖြစ်ပါသည်။
အစားအစာနှင့်ကျန်းမာရေး
“သဗ္ဗေသတ္တာ အာဟာရဌိတိကာ”ဆိုသည့် အတိုင်း၊ခပ်သိမ်းသော သတ္တဝါတို့သည်
အစားအစာ ပေါ်တွင် တည်မှီနေ၏။အသက်ရှင်ရပ်တည်နေရ၏။ ကျန်းမာစွာနေရ၏။ အသက်ရှည်နေရ၏။ကျန်းမာသက်
ရှည် ခြင်းအတွက် အစာအာဟာရသည် အဓိကကျ၏။
ခန္ဓာကိုယ်အင်္ဂါအသီးသီးကို ဆဲလ်များဖြင့်တည်ဆောက်ထားသည်။
ဆဲလ်သည် သက်ဆိုင်ရာ လုပ်ငန်း များ လုပ်ဆောင်ရန်အတွက် အောက်စီဂျင်နှင့် ဂလူးကို့စ် လိုအပ်သည်။ဂလူးကို့အပါအဝင်
လိုအပ်သောဆဲလ်၏ အာဟာရများကို အစားအစာမှရသည်။ အစားအစာဆိုသည်မှာ ဗိုက်ဆာလျှင် ဗိုက်ဝရုံစားရသောအရာ
မျှသာ မဟုတ်။ခန္ဓာကိုယ်အတွက်လုံလောက် ပြည့်စုံမျှတသောအစားအစာ (Balance diet)ဖြစ်ဖို့လိုသည်။
သွေးထဲတွင်ဂလူးကို့စ် ပမာဏကျသွားခြင်း
(Hypoglycemia) ဖြစ်သောအခါ ဦးနှောက်ရှိ ဆာလောင် ခြင်းဗဟိုဋ္ဌာနချုပ် (Hunger
centre)ကိုလှုံ့ဆော်၏၊ ထိုအခါ ဗိုက်ဆာခြင်းကိုဖြစ်စေသည်။ ဗိုက်ဆာ၍ အစာစား သည်။ ဗိုက်ပြည့်လျှင်
ဦးနှောက်ရှိ ဗိုက်ပြည့်သောဗဟိုဌာန ချုပ်(Satiety Centre)ကို သတင်းပို့သောကြောင့် ဆက်လက်စားချင်စိတ်ကိုပျောက်စေသည်။
စားလိုက်သောအစားအစာများကို ပါးစပ်မှစ၍ အစာအိမ်အူလမ်းကြောင်းတလျောက်
တံတွေး၊ အစာ ချေရည်များဖြင့် ချေသည်။ပန်ကရိယ အင်ဇိုင်းများ၊သည်းခြေရည်များက ပါဝင်ကူညီသည်။
အစားအစာတွင် ပါဝင်သော ကစီဓါတ်၊ အသားဓါတ်၊အဆီဓါတ်၊ဓာတ်သတ္တု၊ ဗီတာမင်နှင့်ဆေးများကို
အူသိမ်နံရံအတွင်းစုပ် ယူ သည်။သွေးထဲမှတဆင့် အသည်းသို့ရောက်ရှိသည်။အသည်းတွင် လိုအပ်သည်များကို
စီမံခန့်ခွဲ၍ ခန္ဓာကိုယ် အသီးသီးသို့ အာဟာရများကို ပို့ဆောင်ပေးသည်။
အာဟာရ လုံလောက်စွာမရလျှင် အာဟာရချို့တဲ့ခြင်း
(Malnutrition)ဖြစ်၍၊အာဟာရလွန်ကဲလျှင် အဝ လွန်ခြင်း(Obesity)ဖြစ်သည်။အာဟာရချိုတဲ့လျှင်
ကိုယ်ခန္ဓာဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ကိုယ်ခံအားနည်း၍ ကူးစက် ရောဂါများ ဖြစ်ပွားလွယ်ခြင်း၊ဗီတာမင်ချို့တဲ့သောရောဂါ
စသည်တို့ဖြစ်လာသည်။အဝလွန်လျှင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ဆီးချို သွေးချိုရောဂါနှင့်
လေဖြတ်ရောဂါများ ဖြစ်လေ့ရှိသည်။ ထို့ကြောင့် အာဟာရပြည့်ဝအောင် လည်းကောင်း၊ကိုယ်အလေးချိန်
ထိန်းနိုင်ရန်လည်းကောင်း၊ မျှတသောအစားအစာ (Balanced diet)စားရန် လိုသည်။
မျှတသော အစားအစာဆိုသည်မှာ လတ်ဆတ်သော သစ်သီးများ
၊ လတ်ဆတ်သော ဟင်သီး ဟင်း ရွက်များ၊ကောက်ပဲသီးနှံများ၊ပဲတောင့်ရှည်များ၊အခွံမာသီးများ၊
အဆီနည်းသော အသားများ ပါဝင်ရပေမည်။ သာမန်လူတယောက်အဖို့ တနေ့ကယ်လိုရီ (၂၀၀၀)ခန့်ရှိသော
အစားအစာကိုစားလျှင် လုံလောက်သည်။ သို့ သော် အသက်အရွယ်၊ကိုယ် လက်လှုပ်ရှားမှုနှင့် အလုပ်အကိုင်ပေါ်မူတည်၍
ပြောင်းလဲနိုင်သည်။ အလုပ်ကြမ်း သမားတွင် ကယ်လိုရီပိုမိုလိုအပ်၍ အထိုင်များသောသူတွင်
ကယ်လိုရီအနည်းငယ်သာ လိုသည်။
ကျန်းမာရေးအတွက် အရေးကြီးဆုံးမှာ ဗလာကယ်လိုရီများ
(Empty Calories)ပင်ဖြစ်သည်။ ဗလာ ကယ် လိုရီဆိုသည်မှာ အာဟာရဓါတ်တန်ဘိုး လုံးဝမရှိပဲ၊ကယ်လိုရီသက်သက်သာပေးသော
ကယ်လိုရီများ ဖြစ်သည်။ယင်းတို့မှာ သကြားနှင့်ပြည့်ဝဆီများပင်ဖြစ်သည်။သကြားနှင့် ပြည့်ဝဆီများကိုရှောင်ခြင်းဖြင့်
အဝလွန် ခြင်း၊သွေးတိုးရောဂါ၊ဆီးချိုသွေးချို ရောဂါ၊လေဖြတ်ရောဂါများမှ ကင်းဝေးစေနိုင်ကြမည်
ဖြစ်ပါသည်။ဝက်ပေါင် ချောက်၊ကြက်/ဝက်အူချောင်းများ၊ကိတ်မုန့်များ၊ဒိန်ခဲ၊ကွတ်ကီး၊ ဒိုးနတ်၊အားဖြည့် အချိုရည်များ၊သစ်သီးဖျော်ရည်
များ၊ရေခဲမုန့်၊ပီဇာ၊အားကစားအ ချိုရည်နှင့် ဆိုဒါများသောက်သုံးခြင်းမှလည်း ဗလာကယ်လိုရီများရနိုင်သည်။
ဆီးချိုသွေးချိုသမားကလွဲ၍ ကျန်လူများ သစ်သီးချိုချိုဘယ်လောက်စားစား၊အန္တရာယ်မရှိပါ။
ဆီးချို သမားများအနေနှင့်သာ အချိုပေါ့သောသစ်သီးများ(ဥပမာ-ပန်းသီး၊သစ်တော့သီး၊ငှက်ပျောသီး)ကိုစားသင့်
သည်။ဟင်းသီးဟင်းရွက်များတွင် အမျှင်ဓါတ်၊ ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်တို့အပြင် ဓါတ်တိုးဆန့်ကျင်
ပစ္စည်းများပါဝင်သဖြင့် မှန်မှန်စားသုံးသင့်သည်။
လုံးတီးဆန်၊နှံစားပြောင်း၊
လုံးတီးဂျုံ တို့သည် ဖြူအောင်ဖွတ်ထားသော သီးနှံများထက် ကျန်းမာရေး အတွက်ပိုကောင်းသည်။အခွံမာသီးများတွင်
မိုနိုမပြည့်ဝဆီနှင့် ပေါ်လီမပြည့်ဝဆီများ (Mono and poly unsaturated fats) ပါဝင်သဖြင့်
ကိုလက်စထရောကို ကျစေသည်။ထို့ပြင် အမျှင်ဓါတ် ဗီတာမင်ဘီ အမျိုးမျိုး၊ ဖော်လိတ်၊ဗီတာမင်
အီး၊ဓါတ်သတ္တုများ(ဥပမာ ထုံးဓါတ်၊သံဓါတ်၊သွပ်ဓါတ်၊ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်)၊ ဓါတ် တိုးဆန့်ကျင်
ဓါတ် သတ္တုများ(ဥပမာ စနယ်လီယမ်၊မဂ္ဂနိစ်နှင့် ကြေးနီဓါတ်)၊ဓါတ်တိုးဆန့်ကျင် ဓါတ်ပေါင်းများ
(ဥပမာ ဖလေဗီနွိုက်နှင့် ရီဗာရာထရော)နှင့် အပင်စတီရော(Plant Sterols)တို့ပါဝင်သဖြင့်၊ ကျန်းမာသက်ရှည်
ရေးအတွက် များစွာအထောက်အကူပြုသည်။
ထို့ပြင် အခွံမာသီးများတွင် အသားဓါတ်ကြွယ်ဝခြင်း၊ဆိုဒီယမ်နည်း၍
ပိုတက်ဆီယမ်များခြင်းတို့ ကြောင့် ကျန်းမာရေးကိုကောင်းစေသည်။ အခွံမာသီးကို တနေ့ ၃၀ ဂရမ်စားသုံးလျှင်၊
နှလုံးရောဂါကို ၃၀%မှ၅၀% အထိ လျော့ချနိုင်သည်။နှလုံးရောဂါကြောင့် သေဆုံးမှုကို ၂၀% ထိ
လျော့ ချနိုင်သည်။ အမျှင်ဓါတ်နှင့် အပင်စတီရော တို့သည် ကိုလက်စထရောကို အူမှ ပြန်လည်မစုပ်ယူအောင်
တားဆီးပေး သည်။ အာဂျီနင်း(Arginine) ခေါ် အမိုင်နိုအက်စစ်တမျိုးသည်၊သွေးကြောများကို ပျော့ပျောင်းစေခြင်းဖြင့်
သွေးကြောမာခြင်း၊ကျဉ်းခြင်းကို လျော့ ပါးစေသည်။ ပါဝင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများသည်
ဓါတ်တိုးခြင်းနှင့် ရောင်ရမ်းခြင်းကိုတား ဆီးပေး သည်။ သွေးပေါင် ချိန်ထိန်းရာတွင် အထောက်အကူပြု သဖြင့်၊သွေးတိုးရောဂါ
ကာကွယ်ခြင်း၊ ကုသခြင်းတို့တွင် အသုံးဝင်သည်။
အခွံမာသီးစားသုံးသူများသည် အမျိုးအစား(၂)ဆီးချို သွေးချိုရောဂါ ဖြစ်ပွားနှုန်းကို ၃၀% ထိ လျော့ကျ
စေနိုင်သည်။အမျိုးအစား (၂)ဆီးချိုသွေးချိုရှိသူများတွင် ကစီဓါတ်နှင့်အခွံမာသီးကို တွဲဖက်စားပါက
ကစီဓါတ် ကို အစာအိမ်အူလမ်းကြောင်းတလျှောက် ရွေ့လျားရာတွင် နှေးကွေးစေခြင်း၊ကစီဓါတ်ချေဖျက်မှုကို
လျော့စေ ခြင်း၊အင်ဆူလင်အာနိသင်ကို တိုးစေခြင်းဖြင့် သွေးချိုထိန်းသိမ်းမှုကိုကူညီသည်။
(www.nutsforlife.com .au /resources/literature-review-summeries)
ပဏာမသုတေသနပြုချက်များအရ အခွံမာသီးများသည်
သည်းခြေ ကျောက်တည်ခြင်း ၊မြင်လွှာဗဟို ဌာနချုပ်ရောဂါ(Macular Degeneration)၊အရိုးအားနည်းခြင်း၊ဦးနှောက်မှတ်ဥာဏ်
အားနည်းခြင်း၊ ကင်ဆာ ရောဂါ ဖြစ်ခြင်းတို့ကို လျော့ပါးစေကြောင်းတွေ့ရှိရသည်။
အထက်ပါအတိုင်းမျှတသော အစားအစာဖြစ်အောင်ရွေးချယ်စားသုံးရန်
လိုအပ်သကဲ့သို့ ကျန်းမာရေး နှင့်ညီညွတ်သော စားသုံးဆီကိုလည်း ရွေးချယ်ချက်ပြုတ်သင့်ပါသည်။
စားသုံးဆီ
မိုနိုမပြည့်ဝဆီ(၂၀%)နှင့် ပြည့်ဝဆီ(၁၁%)သည်ကျန်းမာရေး
အတွက် ကောင်းသော အချိုး အစားဖြစ် သည်။နေကြာဆီ၊ ပဲပုတ်စေ့ဆီ၊ ဆူးပန်းဆီ၊ ပြောင်းဖူးဆီတို့သည်
ယင်းအချိုးအစားနှင့် ကိုက်ညီ သဖြင့်၊ ကျန်းမာ ရေးအတွက်ကောင်းသည်။ငါးများ၊သစ်ကြားသီး၊ဂုံလျှော်စေ့၊
ထောပတ်သီး၊သံလွင်ဆီ၊ ကင်နိုလာဆီ (Canola Oil) ၊မြေပဲဆီ၊စသည့် အဆီများသည်လည်း ကျန်းမာရေးအတွက်ကောင်းသည်။
ပြည့်ဝဆီအစား ပေါ်လီမပြည့်ဝဆီများကိုစားသုံးခြင်းသည်
နှလုံး ရောဂါကို ၂၉% အထိ လျှော့ချနိုင် သည်။ပေါ်လီမပြည့်ဝဆီနှင့် မိုနိုမပြည့်ဝ ဆီများကို
ရွေးချယ်စားသုံးခြင်းဖြင့်၊ကိုယ်ခန္ဓာ ကျန်းမာရေးကို ထိခိုက် သော အဆီဆိုးများ(bad
fats)သုံးမျိုးဖြစ်သည့်၊ အယ်ဒီအယ်(L D L –Low density lipoprotein)၊ကိုလက် စထရောနှင့်
ထရိုင်ဂလစ်စရိုက် (Triglycerides)များကို သွေးထဲတွင် လျော့နည်းစေခြင်းဖြင့်၊နှလုံးရောဂါ၊
သွေး တိုးနှင့် လေဖြတ်ရောဂါများကိုကာကွယ်နိုင်သည်။
စားသုံးဆီတိုင်းတွင် အဆီအက်စစ်သုံးမျိုး
ပါဝင်သည်။ပါဝင်သည့် အချိုးအစားသာကွာသည်။ ယင်းသုံး မျိုးမှာ ပေါ်လီမပြည့်ဝဆီ၊မိုနိုမပြည့်ဝဆီ
နှင့် ပြည့်ဝဆီတို့ဖြစ်သည်။သံလွင်ဆီနှင့်ကင်နိုလာဆီ (Canola Oil)တို့ တွင် မိုနိုမပြည့်ဝဆီ
အများဆုံးပါဝင်၍၊ပဲပုတ်စေ့နှင့် ပြောင်းဖူးဆီတွင် ပေါ်လီ မပြည့်ဝဆီ အများဆုံးပါဝင်သည်။
စားအုန်းဆီတွင် ပြည့်ဝဆီ အများဆုံးပါဝင်၍ ရှောင်သင့်သည်။
ထောပတ်သီးတွင် မိုနိုမပြည့်ဝဆီ ၇၀% ပါဝင်၍၊မိုနိုမပြည့်ဝဆီပါ
သော အဆီများတွင် ပထမဖြစ် သည်။ ဒုတိယမှာ သံလွင်ဆီဖြစ်သည်။သို့သော် ထောပတ်သီးတွင် ပေါ်လီမပြည့်ဝဆီ
၁၀% သာပါ၍ ပြည့်ဝဆီ ၂၀% ပါသဖြင့် အကောင်းဆုံးဟု ပြောရန်ခက်သည်။ပြည့်ဝဆီများသော ထောပတ်၊အုန်းဆီနှင့်
စားအုန်းဆီ(Palm Oil) တို့က အဆိုးဆုံးဖြစ်သည်။
စပျစ်သီးစေ့အဆီတွင် ပေါ်လီမပြည့်ဝဆီ ၇၁%၊မိုနိုမပြည့်ဝဆီ
၁၇%နှင့်၊ပြည့်ဝဆီ ၁၂% ပါဝင် သည်။ ကင်နိုလာဆီ(Canola Oil)တွင် မိုနို မပြည့်ဝဆီ ၆၂%၊ပေါ်လီမပြည့်ဝဆီ
၃၂%နှင့် ပြည့်ဝဆီ ၇% ပါဝင်သည်။ အိုမီဂါ-၃ အဆီ ပါဝင်သည့်အပြင် ကင်နိုလာဆီသည် စွယ်စုံသုံးဆီဖြစ်ပြီး၊
ဈေးသက်သာသည်။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)