9.2.17

ရောဂါပိုးကြောင့် မျက်ကြည်လွှာ ထိခိုက်ပျက်စီးမှု ၇၀ရာခိုင်နှုန်းရှိဟုဆို

ဟေမာန်ညီညီ၊ရန်ကုန်အတွဲ (၁၅)၊ အမှတ် (၄၈)
မျက်ကြည်လွှာ ထိခိုက်ပျက်စီးမှု များတွင် ရောဂါပိုးဝင်ရောက်ခြင်း ကြောင့်ထိခိုက်ပျက်စီးမှုသည် ၇၀ ရာခိုင်နှုန်းရှိကြောင်း မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာတင်ဝင်းက ပြောသည်။

လယ်ယာလုပ်ငန်းခွင်ဝင်သူ များနှင့် တွင်ခုံကဲ့သို့ စက်ရုံများ၌အလုပ်လုပ်သူများသည် မျက်လုံး  ထိခိုက်မှုဖြစ်သည့်အခါ ရှေးဦးသူနာပြုရမည့်အပိုင်းကို နားမလည် ခြင်း၊ အချိန်မီကုသမှုမခံယူခြင်း တို့ကြောင့်ရောဂါပိုးဝင်ပြီး မျက် ကြည်လွှာထိခိုက်ပျက်စီးရသည် ဟု ဆိုသည်။

‘‘မျက်ကြည်လွှာထိခိုက်စေ တဲ့အကြောင်းရင်းတွေထဲမှာ ရောဂါပိုးဝင်ခြင်းက၇၀ရာခိုင်နှုန်း လောက်ရှိတယ်။ Trauma(ထိ ခိုက်ဒဏ်ရာ)ရတာ၊ မျက်လုံးထဲကိုထုံးတို့၊ ချွတ်ဆေးတို့လို ဓာတု ပစ္စည်းဝင်တာတို့ ကြောင့်လည်း ဖြစ်နိုင်တယ်။တချို့ကျ မွေးရာပါ ဖြစ်တာလည်းရှိတယ်။ ရောဂါပိုး ကြောင့်ဖြစ်တာတော့
အများဆုံး ပဲ’’ဟု ပါမောက္ခဒေါက်တာတင် ၀င်းက ဆိုသည်။

 မျက်ကြည်လွှာထိခိုက်ပျက် စီးမှုများတွင် အသက်(၂၀)မှ (၄၀)ကြားအလုပ်လုပ်နိုင်သည့်အ ရွယ်များ၌ ပို၍အဖြစ်များပြီး ရော ဂါပိုးကြောင့်မျက်ကြည်လွှာထိ ခိုက်ပျက်စီးမှုနည်းစေရန် ရှေးဦး သူနာပြုစုမှုသည် အရေးကြီးကြောင်း ၎င်းကပြောသည်။

‘‘မျက်လုံးထဲကို တစ်စုံတစ်ရာဝင်တယ်ထင်ရင် ရေစင်အောင် ဆေးရမယ်။ဒါမှဝင်တဲ့ အမှိုက်တွေထွက် သွားနိုင်မယ်။ တက်ထ ရာဆိုက်ကလင်း မျက်စဉ်းဆေးကိုတစ်နေ့လေးကြိမ် ထည့်ပေးရ မယ်။ ပြီးရင်တော့ တတ်ကျွမ်းနား လည်တဲ့ ဆရာဝန်နဲ့အချိန်မီကုသ ဖို့လိုပါတယ်’’ဟု ဒေါက်တာတင် ၀င်းကဆိုသည်။

ရန်ကုန်မျက်စိဆေးရုံကြီး၌ မျက်ကြည်လွှာထိခိုက်ပျက်စီးသူ များကိုအစားထိုးကုသမှုပြုလုပ် ပေးနေပြီး ကုသမှုခံယူရန်စောင့်ဆိုင်းနေသည့်လူနာမှာလက်ရှိ၌ နှစ်ထောင်ခန့်ရှိကြောင်း၊ ၂၀၁၆အတွင်း မျက်ကြည်လွှာအစားထိုးမှုကိုလူနာ၂၁၂ဦးအား အောင်မြင်စွာပြုလုပ်ပေးခဲ့ပြီးမျက်ကြည်လွှာအလှူရှင်များ
လိုအပ်နေသေးကြောင်း သိရသည်။

http://www.7daydaily.com

3.2.17

မျက်မှန်ကြောင့် နှာခေါင်းမှာ အရာထင်နေသူတွေ သက်သာပျောက်ကင်းစေတဲ့နည်း



မျက်မှန်ကိုတစ်ချိန်လုံးတပ် ထားရသူတွေမှာ နှာခေါင်းပေါ် အမာရွတ်ကျန်နေတာတွေ ကြုံရ လေ့ရှိပါတယ်။ တစ်ခါတလေ မျက်ကပ်မှန်တပ်တဲ့အခါ နှာခေါင်းပေါ်မှာ အမည်းရာကြီးတွေရှိနေ လို့ စိတ်မညစ် ရလေအောင် သ ဘာဝနည်းလမ်းနဲ့ အမာရွတ်တွေ ဖျောက်နိုင်အောင်လို့ ဖော်ပြပေး လိုက်ပါတယ်။

အာလူး (သို့မဟုတ်) ခရမ်း ချဉ်သီး - အာလူးနဲ့ ခရမ်းချဉ်သီး အရည်ဟာ ထူးခြားစွမ်းရည်ရှိပြီး အမာရွတ်တွေကို ပျောက်ကင်း စေပါတယ်။ အာလူးဒါမှမဟုတ် ခရမ်းချဉ်သီးကိုခြမ်းပြီး အမာရွတ် ရှိတဲ့နေရာကို ပွတ်ပြီး ရေဆေး တာမျိုးနေ့စဉ်လုပ်ပေးရင် ရက်အ နည်းငယ်ကြာတဲ့အခါ ထူးခြားမှု ကို တွေ့ရမှာပါ။

သခွားသီး - သခွားသီးခြမ်း လေးတွေနဲ့ အမာရွတ်ရှိတဲ့နေရာ ကို ပွတ်ပေးတာမျိုးလုပ်နိုင်သလို သခွားသီး၊ အာလူးနဲ့ ခရမ်းချဉ်သီး ကို အရည်ညှစ်ပြီး ဂွမ်းစလေးနဲ့ ပွတ်၊ ခြောက်တဲ့အထိထားပြီးမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာမျိုး  ပုံမှန်လုပ်ပေးနိုင်ပါတယ်။

ပျားရည် - အမာရွတ်တွေ ဖယ်ရှားပေးပြီး အသားအရေကို စိုပြည်စေတဲ့ အစွမ်းသတ္တိရှိတဲ့ ပျား ရည်ကို အုတ်ဂျုံ၊ နွားနို့နဲ့ရောပြီး အမာရွတ်ရှိတဲ့နေရာကို သုတ် လိမ်းပြီး မျက်နှာသစ်တာမျိုးလုပ် ပေးရင်လည်း အမာရွတ်ပျောက် ကင်းစေပါတယ်။

သံပရိုရည်၊ ရှောက်ရည် - ဗီတာမင်စီကြွယ်ဝပြီး အရေပြား ကို ကြည်လင်စေတဲ့ သဘာဝ ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။လတ်လတ်ဆတ်ဆတ်သံပရို (သို့) ရှောက်သီးကို အရည်ညှစ်ပြီး ရေ အနည်းငယ်နဲ့ရောပြီး ဂွမ်းစလေး နဲ့ အမာရွတ်နေရာကို သုတ်လိမ်း ပေးနိုင်ပါတယ်။

ပန်းသီးဗီနီဂါ - ပန်းသီးဗီနီဂါ အနည်းငယ်နဲ့ ရေအနည်းငယ်ကို ဆတူရောပြီး အမာရွတ်နေရာကို သုတ်လိမ်းပေးနိုင်ပါတယ်။

ရှားစောင်းလက်ပပ်- အမာ ရွတ်တွေကို ပျောက်ကင်းစေသလိုအသားအရေကို အေးမြပြီး စိုပြည်စေပါတယ်။ ရှားစောင်းလက်ပပ် ဂျယ်က အမည်းမှတ်တွေသာမက အရေပြားပြဿနာတွေကိုလည်း ပျောက်ကင်းနိုင်စွမ်းရှိပါတယ်။
Ref: findhomeremedy

27.1.17

မျက်မှန်ပါဝါရှာဖွေခြင်းနည်းပညာ၏ သော့ချက် သို့မဟုတ် လူနာနှင့်ပညာရှင်တို့၏နွေးထွေးသောဆက်ဆံရေး...။ ပြည့်အောင်(COA)(၂၇/၁/၂၀၁၇)ထုတ် မန္တလေးနေ့စဉ် သတင်းစာပါဆောင်းပါး


မျက်မှန်ပါဝါရှာဖွေခြင်း နည်းပညာများသည် မျက်စိကုသမှုပညာရပ်နယ်ပယ်၏ အ ရေးပါသော ဘာသာရပ်တခုအဖြစ်ရပ်တည်လျက် လွန်ခဲ့သောဆယ်စုနှစ်များကနှင့်မတူ လျင်မြန် စွာတိုး တက် ပြောင်း လဲလာလျက်ရှိ၏။ ယခုခေတ်အခါတွင် ပုဂ္ဂလိကပိုင် ခေတ်မီမျက်စိ အထူးကု ဆေးရုံကြီးများ၊ နိုင်ငံတော်ပိုင် မျက်စိအထူးကုဆေးရုံကြီးများ နှင့် တနိုင်တပိုင်မျက်စိဆေးခန်းများ အပြင် ဇီဝိတဒါနကုသိုလ်ဖြစ် မျက်စိဆေး ရုံဆေးခန်းများလည်း ပေါ်ပေါက်လာကြသည်ကို သတိ ပြုမိကြမည်ဖြစ်၏။ ၎င်းမျက်စိဆေးရုံဆေး ခန်းများ တွင် မျက်မှန်ပါဝါစစ်ဆေးသည့်ဌာနများ ကို လည်း မျက်စိကုသမှု၏ကဏ္ဍတရပ်အဖြစ် မပါမဖြစ်ဖွင့်လှစ် လာကြရပါသည်။ ထို့ပြင် နိုင်ငံပေါင်းစုံရှိ ကုမ္ပဏီများကထုတ်လုပ်သော အမှတ်တံဆိပ်အမျိုးမျိုးရှိ သည့်မျက် မှန်များကို အပြိုင်အဆိုင် ရောင်းချ နေကြသော မျက်မှန်ဆိုင်ကြီးငယ်များကိုလည်း ဖွင့်လှစ်လာကြသည် ကို တွေ့မြင်ကြရမည် ဖြစ်ပါ သည်။
နည်းပညာလောက၌ ဦးဆောင်လျက်ရှိသော နိုင်ငံအသီးသီးမှ အပြိုင်အဆိုင်ထုတ်လုပ်လာ ကြသော ကွန်ပျူတာနည်းစနစ်သုံး မျက်မှန်ပါဝါရှာဖွေသည့်စက်များ (Autorefractometers)၊ မျက်စိအမြင် စွမ်းရည်ကိုစစ်ဆေးရန် အထူးပြုလုပ်ထားသော ပရိုဂျက်တာများ (Visual test projectors)၊ မျက်မှန် ပါဝါစစ်ဆေးသည့် ခေတ်မီကရိယာများ(Digital Visiontesters)စသည့် အမျိုးအစားစုံလင်လှ သည့် ခေတ်မီ ကရိယာအမျိုးမျိုးကို မျက်မှန်ပါဝါရှာဖွေသည့် ပညာရပ်နယ်ပယ် ၌ တွင်ကျယ်စွာသုံးစွဲလာကြပြီ ဖြစ်ပါသည်။ ထိုပြောင်းလဲမှုများနှင့်အတူ မျက်မှန်ပါဝါရှာဖွေပေး သူပညာရှင် (Optometrist or Refractionist) များသည် လည်း၊ မိမိတို့၏ ပညာရပ်နယ်ပယ်၌ အထူးနှံ့စပ်ကျွမ်းကျင်သူ (Professional) များအဖြစ် ခေတ်၏ လိုအပ် ချက်နှင့်အညီ ပြောင်းလဲ လာကြရပြီဖြစ်၏။ သို့ဖြစ်ရာ၎င်းတို့သည် မျက်စိစမ်းသပ်စစ်ဆေးသည့် ဒစ်ဂျစ်တယ် ကရိယာ အမျိုးမျိုးနှင့် ရင်းနှီးကျွမ်းဝင်လျက် ဂရုတစိုက်သတိနှင့်ယှဉ်၍ အလုပ်လုပ်ကြရသည့်အပြင်၊ လူနာ အများနှင့် ဆက်ဆံကြရသည့်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချကြရမည့် အခြေအနေကို လည်း ရင်ဆိုင်နေကြရပါသည်။
                ထိုကဲ့သို့သောအချိန်လေလွင့်မှု အဖြစ်မခံနိုင်သည့် ခေတ်၏လိုအပ်ချက်ကိုအမီ လိုက် ရန်အတွက် လျှင်မြန်စွာ အဖြေထုတ်ပေးနိုင်သည့် ခေတ်မီစက်ကရိယာများကို အားကိုးလာ ကြရခြင်းပင်ဖြစ် ပါသည်။ ကွန်ပျူတာနည်းစနစ်များကို အသုံးပြူထားပါသည်ဟု ညွှန်းဆိုထားသော မျက်မှန်ပါဝါ ရှာဖွေစမ်းသပ် စစ်ဆေးပေးသည့်  ကရိယာများအပေါ် အားကိုးယုံကြည်မှုများလွန်  ကဲလာသောအခါ ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်အားထားမှု စံနှုန်းများလျော့ကျလာပါသည်။ လူနာနှင့် ပညာရှင်တို့၏ဆက်ဆံရေးကိုလည်း အဆိုး ဖက်သို့ယိုင်စေပြီး မှားယွင်းသောရလဒ်များကို ထွက် ပေါ်လာစေပါသည်။ မျက်မှန်ဆိုင်ဖွင့်လှစ်ရောင်းချ သူများပင်လျှင် မျက်မှန်ပါဝါရှာဖွေခြင်းကို ပရော် ဖက်ရှင်နယ်များမဟုတ်သော်လည်း ခေတ်မီစက် ကရိယာ များအားကိုးဖြင့် ကိုယ်တိုင်လုပ်ကိုင်လာ ကြသည်ကိုလည်တွေ့ကြရမည်ဖြစ်ပါသည်။
 ခေတ်မီစက်ကရိယာများသည် မျက်မှန်ပါဝါရှာဖွေရာတွင် အထောက်အကူဖြစ်စေသော် လည်း ရာနှုန်းပြည့်မှန်ကန်သည်ဟူ၍ မမှတ်ယူသင့်ပါ။ အမှန်စင်စစ် ခလုပ်နှိပ်၍အဖြေကိုထုတ် သောအလုပ်ထက် ပို၍နက်နဲသိမ့်မွေ့သော စမ်းသပ်စစ်ဆေးမှုဖြစ်ကြောင်း နားလည်ထားရပါမည်။  လူသားအချင်းချင်း ဆက် ဆံရေးသဘောတရားမှ ကင်းလွတ်၍မရသည့် မျက်မှန်ပါဝါရှာဖွေရသော လုပ်ငန်းမျိုးတွင် လူနာနှင့်ပညာရှင် တို့၏ ဆက်ဆံရေးသည် အပြန်အလှန်အားဖြင့် နွေးထွေးညီ ညွတ်မှုရှိစေရန် အထူးလိုအပ်ပါသည်။ ပရော် ဖက်ရှင်နယ် ပညာရှင်တယောက်သည် မိမိလူနာနှင့် နွေးထွေးညီညွတ်သော ဆက်ဆံရေးရရှိလာရန် ကျိုး စားအားထုတ်နိုင်ရမည် ဖြစ်ပါသည်။ ကာယ ကံရှင်လူနာ၏ ပကတိအမြင်ဖြင့် စဉ်းစားဆုံးဖြတ်သော ဆုံးဖြတ်ချက်သည်သာလျှင် စိတ်ချရသော မှန်ကန်သည့် အဖြေဖြစ်ကြောင်း လက္ခံကြရမည်ဖြစ်ပါသည်။ သို့မှသာ မိမိအနေဖြင့် ရလာဒ် ကောင်းကို အချိန်တိုအတွင်း ရရှိနိုင်မည်ဖြစ်၏။ အရေးကြီးသောအချက်မှာ မျက်စိစမ်းသပ်စစ် ဆေးမှုအတွေ့အကြုံသစ်ကို ရရှိစေမည့်လူနာနှင့် မျက်စိစမ်းသပ်စစ်ဆေးပေးမည့် ပညာ ရှင်တို့ ပထမဦးဆုံးဆုံတွေ့ကြရသည့် ကာလတိုလေးပင်ဖြစ်ပါသည်။ထိုအချိန်ကာလသည် ဒုတိယ အကြိမ် ပြန်မရနိုင်သကဲ့သို့ မိမိအပေါ်လူနာ၏ ယုံကြည်ကိုးစားမှုရရှိရန်ကြိုးစားရမည့် တန်ဘိုးရှိသော အချိန်လည်း ဖြစ်ပါသည်။
                ထိုသို့တိုတောင်းလှသော အချိန်အတွင်း၌ လူနာအားအကဲခတ်လေ့လာရန် လိုအပ် သကဲ့သို့ မိမိ၏ကိုယ်အမူအရာ နှုတ်အမူအရာများကို သတိထားရမည်လည်းဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ယင်းအချိန်၌   ကောင်းမွန်သော ညီညွတ်သည့်ဆက်ဆံရေးကို ရရှိနိုင်သကဲ့သို့ မိမိ၏ မျက်မှန် ပါဝါရှာဖွေပေးသည့်လုပ်ငန်းကို နှောင့်နှေးသွားစေနိုင်သည့် ဆက်ဆံရေးမျိုးလည်း ပေါ် ပေါက်လာ နိုင် သောကြောင့်ဖြစ်ပါသည်။
            သို့ဖြစ်ရာ လူနာနှင့်ရှေးဦးစွာတွေ့ဆုံချိန်၌ ထိုက်သင့်သောရင်းနှီးမှုရရှိရန် ကြိုးစားနိုင်ရပါ မည်။ လိုအပ်ပါက မိမိကိုယ်ကိုမိတ်ဆက်ခြင်း၊ လူနာ၏အမည်ကို (မှတ်တမ်းစာအုပ်တွင် ရေးမှတ် ရန်မေးခြင်းမျိုးမဟုတ်ဘဲ) တရင်းတနှီးမေးမြန်းခြင်း၊ နေထိုင်ရာဒေသကို(ဘယ်က လာတာလဲ ၊ ဘယ်မှာနေ တာလဲ စသည်ဖြင့်) မေးမြန်းခြင်း၊ ခရီးလမ်းပန်းအခြေ အနေကိုပြောစေခြင်း (လမ်းခရီး ဝေးသလား၊ သွားရေးလာရေးအဆင်ပြေရဲ့လား) စသည်ဖြင့် နွေးထွေးသော ဆက်ဆံရေးကိုတည် ဆောက်ရပါမည်။
အခေါ်အဝေါ်အားဖြင့်လည်း မိမိထက်အသက်ကြီးသူ၊ အသက်ငယ်သူ၊ ရွယ်တူတန်းတူ စ သည်ဖြင့် သင့်တော်သောစကားလုံးများကို ရွေးချယ်သုံးနှုန်းရပါမည်။ (အနောက်တိုင်းအလိုအရ အသက်ငယ်ရွယ် သူကို ရှေ့နာမည်(First name) ကိုခေါ်၍၊ အသက်ကြီးသူအား နောက်နာမည် (Last Name)ကို ခေါ်ခြင်း ကဲ့သို့ မိမိတို့အသိုင်းအဝိုင်းတွင်လည်း၊ အဖိုးအဖွား ဦးလေးဒေါ်လေး ညီငယ် ညီမငယ် စသည်ဖြင့် နမ် စားခေါ်ဝေါ်ခြင်းမျိုးကိုသုံးစွဲရမည်ဖြစ်၏)။ အကောင်းဆုံးမှာ နာ မည်ရင်းကို ခေါ်ခြင်းဖြစ်ပြီး၊မိမိ အမည်တပ် ၍ ပြောဆိုခြင်းကို များသောအားဖြင့်နှစ်သက်ကြပါ သည်။ အကယ်စင်စစ် ထိုမိတ်ဆက်သောကာလ တိုလေးသည်  မိနစ်ပိုင်းပင်မရှိဘဲ စက္ကန့်အနည်း ငယ်မျှသာ ရှိကြောင်း လက်တွေ့ကျင့်သုံးကြည့် ပါက တွေ့ ကြရမည်ဖြစ်ပါသည်။
          ကုသမှုရာဇဝင်ရယူခြင်းကို ဒုတိယအဆင့်တွင်မှ ပြုလုပ်သင့်ပါသည်။မေးမြန်းရာတွင်လည်း၊ မျက်စိကုသမှုရာဇဝင်မျှသာ မဟုတ်ဘဲ၊လူနာ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်း နှင့် လူမှုဘဝ အခြေအနေ များကိုလည်း၊ စူးစမ်းမေးမြန်းသင့်ပါသည်။ဒေသန္တရအခြေအနေများ၊ မိသားစုတာဝန် နှင့် မိသားစုဝင် အရေ အတွက် စသည်တို့ကို လည်းသိထားသင့်ပါသည်။ ၎င်းအခြေ အနေများကို သိရှိခြင်းအားဖြင့် မျက်စိအမြင် အာရုံဆိုင်ရာ ပြဿနာများ၏ ဇစ်မြစ်ကိုစဉ်းစားရာတွင် အထောက် အကူဖြစ်စေပါသည်။ လူနာများဖက်ကလည်း မိမိတို့၏ဒေသအကြောင်း၊ မိသားစုဝင်များ အကြောင်းကို ပြောပြခွင့်ရသည့် အတွက် ကျေနပ်နှစ်သိမ့် မှုများ ရ၍ နွေးထွေးသော ဆက်ဆံရေးကို ခိုင်မာစေမည်ဖြစ်ပါသည်။ 
ထို့ပြင် လူနာတဦးချင်းစီနှင့်ပတ်သက်သော ထူးခြားသည့် အကြောင်းအရာအချို့ကိုလည်း၊ ကုသမှု မှတ်တမ်းစာအုပ်တွင်(ရေးလေ့ရေးထ မရှိသော်လည်း) ထည့်သွင်းရေးသား ထားသင့်ပါ သည်။ ၎င်းအချက် အလက်များသည် မျက်စိကုသရေးဆိုင်ရာမှတ်ချက်မဟုတ်ဘဲ လူနာ၏အခြား သော ကိစ္စရပ် လည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ (ဥပမာ- ၎င်းနှင့်ဆေးခန်းတွင် ပထမဦးဆုံး စတင် တွေ့ဆုံစဉ်က အ လာပ သ လာပ ပြောကြားခဲ့သော အကြောင်းအရာတခုခု၏ အတို ကောက်မှတ်ချက်) ထိုမှတ်ချက် သည် နောက်တကြိမ်လာရောက်သောအခါ၌ လူနာနှင့်မျှတညီ ညွတ်သော ဆက်ဆံရေးကိုရရှိစေရန် အထောက်အပံ့ပြုသောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်ရာ လူနာ နှင့်မတွေ့ဆုံမီ လူနာမှတ်တမ်းစာအုပ် အား ရှေးဦးစွာလေ့လာခြင်းသည်လည်း လွန်စွာအရေးကြီး ပါသည်။
မျက်မှန်ပါဝါရှာဖွေခြင်းအဆင့်တွင် စိတ်ဝင်တစားဖြင့် အချိန်ယူဆောင်ရွက်ရပါမည်။မျက်မှန် တပ်ရန် လိုအပ်သောလူနာအတွက်  အချိန်လုံလောက်စွာ ပေးရပါမည်။ အကယ်၍ မျက်မှန်ပါဝါရရှိ ရန် စမ်းသပ် စစ်ဆေးမှုကို အစောတလျင်ပြုလုပ်ပါက လူနာကိုပို၍ ခက်ခဲပင်ပန်းစေပါမည်။ အဘယ်ကြောင့်ဆိုသော် လူနာ၏စိတ်၌ အဖြေမှားသွားမည်ကိုစိုးရိမ်သည့်စိတ် ပေါ်ပေါက်လာ နိုင်သောကြောင့်ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် မိမိအတွက်ရလာဒ်ကောင်းနှင့် ပို၍အလှမ်းဝေးသွား မည်ဖြစ်၏။ သို့ဖြစ်ရာ သင့်တော်မည့် အမြင်စစ်ဆေးမှုပုံစံကို အချိန်ယူ၍ ရွေးချယ်ပါ၊ လူနာအား ကိုယ်ရောစိတ်ပါ  ပေါ့ပေါ့ပါးပါးရှိနေစေရန် ဖန်တီးပေးပါ၊ စစ်ဆေးမေးမြန်းသည့်ပုံစံ မဖြစ်စေဘဲ ဆွေးနွေးအဖြေရှာသည့်ပုံစံဖြင့် စိတ်ဝင်တစားရှိလာစေ ရန် ကြိုးစားပါ။ထိုအခါ လူနာနှင့်ပညာရှင် တို့အကြား၌ နွေးထွေးသောဆက်ဆံရေးကို တည်ဆောက်နိုင်ပြီး၊ သင့်တော်မှန်ကန်သည့် မျက် မှန်ပါဝါကိုရရှိလာမည်ဖြစ်ပါသည်။
အကယ်၍ လူနာသည် မျက်မှန်ပါဝါစစ်ဆေးရှာဖွေရန်အတွက် သင့်တော်သောကျမ်းမာရေး အခြေ အနေမရှိလျှင်သော်လည်းကောင်း၊ မျက်စိခွဲစိတ်ကုသမှုပြုမှသာ အမြင်အာရုံတိုးတက်လာ နိုင်သော အခြေ အနေရှိနေလျှင်သော်လည်းကောင်း၊ အထွေထွေရောဂါကု သမားတော်ကြီးများ၊ မျက်စိခွဲစိတ်အထူးကု ဆရာ ဝန်ကြီးများနှင့်ပြသရန် တရင်းတနှီးတိုက်တွန်းပေးရမည်ဖြစ်ပါသည်။
သတိထားသင့်သောအချက်မှာ မျက်မှန်ပါဝါစမ်းသပ်ရှာဖွေနေသာ ကာလတိုလေးကို တန် ဘိုး ရှိအောင် အသုံးချရန်ပင်ဖြစ်ပါသည်။ လူနာအား စမ်းသပ်စစ်ဆေးစဉ်တလျောက်လုံး၌ စိတ်အ နှောက် အယှက်ဖြစ်စေမည့် အပြုအမူအပြောအဆိုများကို ရှောင်ကြဉ်ရန်လိုပါသည်။ လူနာ၏ရှေ့ တည့်တည့် ပေ ၂၀ (၆ မီတာ)အကွာတွင်ရှိသော အမြင်စစ်ဆေးသည့် သင်္ကေတများ (သို့မဟုတ်) ရုပ်ပုံများအကြောင်းကို လိုရင်းတိုရှင်း ပြောပြထားရပါမည်။ အစကနဦးတွင် ကြည်ကြည်လင်လင် မမြင်ရသေးစေကာမူ ပို၍ကြည် လင်သော အစိတ်အပိုင်းကိုသာ ရွေးချယ်ပေးရန် လိုကြောင်း၊ မှားလျင်လည်း   ပြဿနာမရှိကြောင်းများကို ရှင်းပြရပါမည်။
လူနာအားမှန်ကန်စွာ ရွေးချယ်နိုင်ရန်အတွက် အချိန်ပေးရပါမည်။ ဇဝေဇဝါ မရေမရာ ဖြစ် နေ လျှင် မေးမြန်းသည့်စာလုံး(သို့)ရုပ်ပုံ၏ ပုံစံကိုချက်ခြင်းပြောင်းပါ( စာလုံးမှ-အရုပ်ပုံသို့ / စာလုံး အဝိုင်းမှ-စာလုံးလေးဒေါင့်သို့ /စာလုံးအသေးမှ-စာလုံးအကြီးသို့ စသည့်ဖြင့် ပြောင်း၍မေးသင့်ပါ သည်)။ လူနာ အတွက် သက်တောင့်သက်သာဖြင့် အကြည်လင်ဆုံးအမြင်ကို ရရှိစေနိုင်သော အဆင့်ကို အကောင်းဆုံး အဆင့်အဖြစ်ဆုံးဖြတ်၍ မျက်မှန်ပါဝါကို မှတ်သားရမည်ဖြစ်ပါသည်။ သိထားသင့်သည့်အချက်မှာ လူတိုင်း လူတိုင်းသည် အမြင်အာရုံသတ်မှတ်ချက်စံနှုန်း (6/6 or 20/20)ကို ရရှိနိုင်သော ကျမ်းမာရေးအခြေအနေရှိ မှသာလျှင် စံချိန်မီအမြင်ကို ရနိုင်မည်ဟူသော အချက်ပင်ဖြစ်ပါ သည်။
ရှာဖွေတွေ့ရှိသော မျက်မှန်ပါဝါအကြောင်း၊ ၎င်းပါဝါဖြင့်မြင်နိုင်သည့် အကောင်းဆုံးအမြင် စွမ်းရည် အဆင့် စသည့်အခြေအနေများကို လူနာအားရှင်းပြပေးခြင်းဖြင့်လည်း၊ လူနာ၏ကျေနပ် နှစ် သိမ့်မှု နှင့် ယုံ ကြည်ကိုးစားမှုကို ရရှိစေမည်ဖြစ်ပါသည်။ လူနာ၏နားလည်နိုင်စွမ်း အခြေအနေ ပေါ်မူတည် ၍ အဓိက ကျသောအချက်များကို လိုရင်းတိုရှင်း ပြောပြတတ်ရန်လည်း လိုအပ်ပါသည်။
သို့ဖြစ်ရာ နောက်ဆုံးပေါ်ခေတ်မီစက်ကရိယာဖြင့် စမ်းသပ်၍ရရှိသော ရလဒ်ပင်ဖြစ်စေ ကာမူ ၎င်းသည် မသေချာမရေရာသေးသောအဖြေ (Subjective) မျှသာဖြစ်၍၊ လူနာကိုယ်တိုင် ကြည့်ရှု့၍ စဉ်းစားဆုံးဖြတ်သော အဖြေသည်သာ သေချာရေရာသောအဖြေ (Objective) ဖြစ် ကြောင်းလက္ခံရပါမည်။ လူနာနှင့်ပညာရှင်တို့၏ နွေးထွေးသောဆက်ဆံရေးသည်မှန်ကန်သော မျက်မှန်ပါဝါရရှိရေးအတွက် အရေးကြီးသည့်အတွက် လူသားဆန်သောဆက်ဆံရေးဖြင့် ထိုက် သင့်သောအချိန်ကို အသုံးပြုသင့် ပါကြောင်း ပညာရပ်ဆိုင်ရာရှုဒေါင့်မှ ရေးသားအပ်ပါသည်။ (httpး// www. newgradoptometry.com တွင် Machael Hay ရေးသားသော How To Effectively Build Patient Relationship ကိုမှီငြမ်းပါသည်)

                                                           စာရေးသူ …….. ပြည့်အောင်(COA)