25.4.18

မမှုန်မကိုက် အစုံလိုက်မျက်စိကွယ်စေသောရောဂါ ။ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)



        “အမြင်သန်စွမ်း၊ တို့အခွင့်အလမ်း၊ ၂၀၂၀အရောက်လှမ်း” နိုင်ရန်သုံးနှစ်မျှပင်မလိုတော့သော အချိန်တွင်၊နေ့စဉ်နှင့်အမျှ အလင်းရောင်ပင် မမြင်ရတော့သော၊အလင်းရောင်မြင်သော်လည်း၊စမ်းတဝါး ဝါးသွားရန်ပင် မလွယ်လောက်အောင် မြင်ကွင်းကျဉ်းနေသောလူနာများ မကြာခဏတွေ့ကြုံနေရသည်။ မည်သူမျှသူတို့၏အမြင်အာရုံကို တိုးတက်အောင် လုပ်မပေးနိုင်သဖြင့်(နိုင်ငံခြားမှာပင် ကုသ၍မရနိုင် သော အခြေအနေ)လက်မှိုင်ချကာ နေရသောခံစားချက်ကြောင့် ဤဆောင်းပါးကို အရေးပေါ်ရေးမိ ခြင်း ဖြစ်ပါသည်။

          “ဘာဖြစ်လို့စောစောစီးစီးလာမပြတာလဲ”ဟုမေးသောအခါ “မျက်စိကိုက်တာ၊နီတာမှုန်တာ” ဘယ်လိုမှမဖြစ်တော့  မျက်မှန်ပါဝါလေးစမ်းရင်း၊ သည်လိုပဲနေရင်းနဲ့ ဖြစ်သွားတာပဲ ဟုဖြေကြ၏။တ ချို့ကြတော့လည်း မျက်မှန် မှန်မှန်စမ်းသော်လည်း၊ မျက်စိရေချိန်တိုင်းခြင်း၊ ဆီးချိုသွေးချိုရှိမရှိ စစ်ရ ကောင်းမှန်းမသိ၍ မစစ်ခြင်းတို့ကြောင့်၊ကြိုတင်မသိခဲ့ကြခြင်းဖြစ်သည်။ကြိုတင်မသိ၍ မကာကွယ်နိုင်ခဲ့ ကြ။တချို့ကြတော့လည်း ရေတိမ်ရှိမှန်းသိ၍၊ ဆရာဝန်မှန်မှန်ပြပြီး ရေချိန်မှန်မှန်တိုင်းသော်လည်း၊ ရေချိန်တိုင်း တိုင်း “ ပုံမှန်ပါဘဲ” ဟုပြောသော်လည်း၊ “ရေချိန်ပုံမှန်ရေတိမ်ရောဂါ” ကြောင့် မျက်စိအာရုံ ကြောများ ပျက်စီးရခြင်းတို့ကြောင့် ဤအခြေအနေသို့ရောက်ရကြောင်းတွေ့ရပါသည်။

          ရှင်းပါမည်၊ကာကွယ်ကုသနိုင်လျက် မျက်မမြင်ဘဝရောက်စေသော ဒုတိယအဖြစ်အများဆုံး မျက်စိရောဂါမှာ “ရေတိမ်ရောဂါ”ပင်ဖြစ်ပါသည်။ရေတိမ်ရောဂါ အမျိုးမျိုးရှိသည့်အနက် ခွဲခြားနိုင်သည် မှာ - ထောင့်ကျဉ်းရေတိမ်နှင့် ထောင့်ကျယ်ရေတိမ် ပင်ဖြစ်သည်။ထောင့်ကျဉ်းရေတိမ်တွင် မျက်စိနီ ခြင်း ကိုက်ခြင်း မှုန်ခြင်း ပျို့အန်ခြင်း လက္ခဏာများ ပြလေ့ရှိသည်။ ထောင့်ကျဉ်းမှုပမာဏ များလျှင် များသလို၊ မျက်လုံးတွင်းအရည်ထွက်ပေါက် ပိတ်ဆို့မှုဖြစ်ပေါ်သည်။ထောင့်ကျယ်ရေတိမ်တွင်မူ  လက္ခ ဏာပြလေ့မရှိပါ ။ မျက်လုံးတွင်းအရည် အပြင်သို့စစ်ထွက်သော ဇကာ(Trabecular Meshwork) ကောင်းကောင်း အလုပ်မလုပ်သောကြောင့်၊မျက်လုံးတွင်းအရည် အပြင်သို့ လုံလောက်စွာမထွက်နိုင် သောကြောင့်မျက်လုံးတွင်းဖိအား များလာသည်။အောက်ပုံကိုလေ့လာပါ။
            
          မျက်လုံးတွင်းအရည် အပြင်သို့လုံလောက်စွာမထွက်သောအခါ၊မျက်လုံးတွင်းဖိအား (Intra- ocular Pressure)တက်လာသည်။တက်လာသောဖိအားသည် မျက်လုံးတွင်းနံရံကို ပြန်ဖိသောကြောင့် မျက်စိအာရုံကြောထိပ်(Optic Nerve Head)ကိုဖိသောအခါ ပမာဏနှင့်အချိန်ပေါ်မူတည်၍ မျက်စိ အာရုံကြောထိပ်ကို ခွက်စေသည်။ မြင်လွှာအာရုံကြော(Optic Disc Cupping)မှ အာရုံကြောလွှာ (Nerve Fibre Layer)ပျက်စီး၍ မျက်စိမြင်ကွင်းကိုကျဉ်းစေသည်။

          မျက်စိရေချိန်ခဏခဏတက်သောအခါ အမြင်အာရုံကြောမျှင်ကလေးများ ပျက်စီးမှန်းမသိပျက် စီးလာသည်။ နာကျင်ကိုက်ခဲခြင်း၊ မျက်စိမှုန်ခြင်းမရှိဘဲ မြင်ကွင်းတဖြည်းဖြည်း ကျဉ်းလာသည်။ကိုယ့် ကိုယ်ကို မြင်ကွင်းကျဉ်းမှန်းမသိနိုင်၊မြင်ကွင်းစမ်းသည့် ကရိယာဖြင့်သာသိနိုင်သည်။ထို့ကြောင့် ခေတ် မီမျက်စိစင်တာများတွင် မျက်မှန်စစ်ရုံသာမက မျက်စိရေချိန်တိုင်းခြင်း၊ မျက်စိရောဂါရှာဖွေခြင်း၊      အလျင်းသင့်လျှင်သင့်သလို၊ မျက်စိမြင်ကွင်းစမ်းခြင်းများကိုပါ လုပ်ဆောင်လျက်ရှိပါသည်။လေယာဉ် ပိုင်းလော့များကိုတော့ တနှစ်တခါရေချိန်တိုင်းခြင်း၊မြင်ကွင်းစမ်းခြင်းများကို လုပ်ဆောင်ခဲ့သည်မှာ နှစ်အတော်ကြာလှပေပြီ။ 

ရှုပ်ထွေးသောရေတိမ်အမျိုးအစားများ

        မျက်စိရေချိန်ပုံမှန်(၂၁ မီလီမီတာမာကျူရီအောက်)ဖြစ်သော်လည်း စိတ်မချရသေးကြောင်း အောက်ပါရေတိမ်အမျိုးအစားများကို လေ့လာခြင်းဖြင့်သိနိုင်ပါသည်။ (က)ရေချိန်တက်၊ရေတိမ်မဟုတ်(Ocular Hypertension)     (ခ)ရေချိန်တက်၊ရေတိမ်ဖြစ်(Glaucoma)                                          (ဂ)ရေချိန်ပုံမှန်၊ရေတိမ်ဖြစ်(Normo-Tension Glaucoma)                        (ဃ)ရေချိန်ကျ၊ရေတိမ်ဖြစ်(Low Tension Glaucoma)

ရှင်းပါအံ့……လူတယောက်နှင့်တယောက် ခန္ဓာကိုယ်တည်ဆောက်ပုံမတူသလို၊ ခံနိုင်ရည် အားလည်းမတူကြ။မျက်စိအာရုံကြောတွင်လည်း၊ဘယ်လောက်ဖိဖိမပြားတဲ့ သရေပြားလိုသဘော နှင့် အလွယ်တကူပြားနိုင်သော ဂျုံနယ်ပြားလိုသဘောမျိုးကို စဉ်းစားကြည့်ပါ။မျက်လုံးရေချိန်တက် သော် လည်း၊မျက်စိအာရုံကြောမပြား၊မခွက်သည့် “ရေချိန်တက်၊ရေတိမ်မဖြစ်”အခြေအနေတွင် မျက်စိအာရုံ ကြောသည် သရေပြားအလားသဘောထား။မျက်လုံးရေချိန် ပုံမှန်သို့မဟုတ် ပုံမှန်အောက် အခြေ အနေတွင် ရေတိမ်ဖြစ်သော(ဂ)နှင့်(ဃ)အမျိုးအစားတွင်၊မျက်စိအာရုံကြောသည် “ဂျုံနယ်ပြား”အလား သဘောထားပါကမှားအံ့မထင်။
အထက်ပါအချက်များကို သဘောပေါက်ပါက……                                                            (က)ရေတိမ်ရှိမှန်းမသိ ဘုမသိ၊ဘမသိပဲ မျက်စိမြင်ကွင်းကျဉ်း၍ တဖြည်းဖြည်းမျက်စိမြင်ကွင်းကျဉ်းလွန်းမက ကျဉ်းသွားသောအခါ………… .မြင်ကွင်းပျောက်……ကွယ်။                                  (ခ)ရေတိမ်ရှိမှန်းသိသော်လည်း အရေး အဲ့လောက်ကြီးမှန်း မသိလို့ မြင် ကွင်းကျဉ်း…….ကွယ်။            (ဂ)ရေချိန်ရှိမှန်းလည်းသိ၊အရေးကြီးမှန်းလည်းသိ၍ မျက်စိဆရာဝန်နှင့် မှန် မှန်ပြ၍ ညွှန်ကြားချက်များအတိုင်း၊မျက်စဉ်းမှန်မှန်ခပ်၊ရေချိန်မှန်မှန်တိုင်း မြင်ကွင်းစမ်းသော်လည်း၊ရေ ချိန်ပုံမှန်ဖြစ်နေသဖြင့်၊ရေချိန်ပုံမှန်ဖြစ်နေတာကို လူနာရောဆရာဝန်ရော ကျေနပ်နေသဖြင့် တဖြည်း ဖြည်း မသိမသာလုံးပါးပါးကာ….မြင်ကွင်းကျဉ်း……ကွယ်။(ဤနေရာတွင် အမှတ်စဉ်(ဂ)နှင့်(ဃ)ရေ တိမ်အခြေအနေများ၌ လူနာအတွက်မြင်ကွင်းပိုမကျဉ်းရန် တားဆီးနိုင်မည့်ရေချိန်(Target I.O.P).. ဥပမာ(၁၄)လောက်အထိ ကျအောင်စွမ်းဆောင်ကုသဖို့ရာ မျက်စိဆရာဝန်ဖက်(အထူးသဖြင်ဂျူနီယာ များ)ကလူနာတယောက်ချင်းစီ၏ ထူးခြားသောအခြေအနေအရ စီမံကုသနိုင်ရန် အရေးကြီးသည်ဟု အကြံပြုပါသည်)။

သို့ပါ၍ “မမှုန်မကိုက်၊အစုံလိုက် မျက်စိကွယ်စေသော” ရေတိမ်ရောဂါအန္တရယ်မှ ကာကွယ်ရန်………
(က)လူတိုင်းအနည်းဆုံး တနှစ်တခါ မျက်စိရေချိန်တိုင်းခြင်း၊မျက်စိအာရုံကြောခေါင်း(Optic Nerve Head)ကိုသာမန်ထက် ခွက် မခွက်စစ်ဆေးခြင်း၊လိုအပ်ပါက မျက်စိမြင်ကွင်း စမ်းသပ်စစ်ဆေးခြင်းတို့ ဖြင့်လည်းကောင်း၊
(ခ)ရေတိမ်ကို ကုသမှုခံယူနေသူများကလည်း ရေတိမ်၏သဘော ရေချိန်၏သဘာဝတို့ကို ကိုယ် တိုင် နားလည် သဘောပေါက်၍ “မျက်စဉ်းခပ်တာ ဘာမှမထူးဘူး” “ပိုလည်းကြည်မလာဘူး”စသည် ဖြင့် မျက်စဉ်းခပ်နေရသည်မှာ နောက်ထပ်မြင်ကွင်းထပ်မကျဉ်းစေရန် ခပ်နေရသည်ကိုလည်း သဘော ပေါက်ကြရန်လည်းကောင်း၊
(ဂ) ဂျူနီယာ မျက်စိဆရာဝန်များအနေဖြင့် ရေချိန်ပုံမှန်ရေတိမ်နှင့် ရေချိန်ပုံမှန်အောက်ရေတိမ်များတွင် လူနာတယောက်ချင်းစီအတွက် ဖြစ်သင့်သည့်ရေချိန်(Target I.O.P)ကိုသတ်မှတ်၍ ထိုရေချိန်တွင် ထိမ်းထားနိုင်အောင် ကုသခြင်းဖြင့်လည်းကောင်း၊
          ကာကွယ်ကုသနိုင်ကြလျက် မျက်မမြင်ဖြစ်ပွားနှုန်း ဒုတိယအများဆုံး “ ရေတိမ်” ရေဂါကို ရင် ဆိုင်ဖြေရှင်းနိုင်ကြပါစေကြောင်း စေတနာကောင်းဖြင့်ရေးသားလိုက်ရပါသတည်း။

11.12.17

ခက်လက်ဝေဖြာ မျက်စိကုပညာ ။ ပြည့်အောင်(COA)(၁၀/၁၂/၁၇ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး)







နိုင်ငံတဝန်းမျက်စိကုသမှုနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ၊မျက်စိပညာရပ်နှင့် ထိတွေ့လာ ကြသူ(နိုင်ငံသူနိုင်ငံသားများ၊အုပ်ချုပ်သူများ၊ကူညီကြသူစေတနာရှင်များ၊ဆေးပညာရှင်များ)အရေအတွက် လည်း တနေ့တခြားတိုးပွားလာလျှက်ရှိပါသည်။ မျက်စိပညာရှင်များမဟုတ်ကြသော ထိုထိုသော သူများအား မျက်စိပညာရပ်ဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ပြုစုပါသည်။
          မျက်စိပညာသည် မိခင်ဆေးပညာရပ်ကြီးကို အခြေပြု၍ လေ့လာသင်ယူမှုနှင့်ကုသမှုများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပေါ်ပေါက်လာသော အထူးပြုပညာရပ် ဖြစ်ပါသည်။ ထိုနည်းတူ မျက်စိ၏အင်္ဂါအစိတ်အပိုင်းများနှင့် ဖြစ်ပွားသည့်ရောဂါ အခြေအနေများ ပေါ်တွင်မူတည်၍ မျက်စိပညာရပ်အတွင်း အထူးပြုဘာသာရပ်များ ထပ်မံသတ်မှတ်လျက်  ကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် စီမံထားသည်ကိုတွေ့ရှိကြရပါမည်။ မျက်စိပညာရပ်အတွင်းရှိ အထူးပြု ဘာသာရပ်များအနက် အချို့ကို အောက်ပါအတိုင်း အကျဉ်းချုပ် ရေးသားအပ်ပါသည်။
မျက်စိရှေပိုင်းအခန်းငယ် ခွဲစိတ်အထူးပြုဘာသာရပ်(Anterior Segment Surgery)
           မျက်ကြည်လွှာ(Cornea)၊မျက်နက်ဝန်း (Iris)၊ဆီလီယာရီဘော်ဒီ (Ciliary body)နှင့်မျက်စိ တွင်း မှန်ဘီလူး(Lens)တို့ပါဝင်သော၊မျက်စိရှေပိုင်းအခန်းငယ်ကို အထူးပြုလေ့လာသော ဘာသာ ရပ်ဖြစ်ပါသည်။ဤအပိုင်းကို အထူးပြုကုသသော မျက်စိဆရာဝန်သည် ပါဝင်သော အင်္ဂါအစိတ်အပိုင်း များ၏ ဖွဲ့စည်းတည်ဆောက်ပုံ၊အရည်အသွေး၊လုပ်ငန်းစဉ်၊အစိတ်အပိုင်းများ၏ ဆက်စပ်မှု၊ဇီဝကမ္မဗေဒ စသည်တို့တွင် ပို၍နားလည်နှံ့စပ်သည့်အပြင်၊ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်များတွင်လည်း၊ ပို၍ကျွမ်းကျင် သူဖြစ်ပါသည်။

အတွင်းတိမ်နှင့် စံလွဲအမြင်ဆိုင်ရာခွဲစိတ်အထူးပြုဘာသာရပ်(Cataracts and Refractive Surgery)

          အတွင်းတိမ်ခွဲစိတ်ကုသခြင်းကို မျက်စိအထူးကုဆရာဝန်များက အခြေခံလုပ်ရိုးလုပ်စဉ် အား ဖြင့် ဆောင်ရွက်နိုင်ကြပါသည်။အထူးပြုဘာသာရပ်တခုအဖြစ် သဘောထားခြင်းမျိုးမရှိသော်လည်း၊ မျက်စိကျမ်းမာရေး စောင့်ရှောက်မှုအပိုင်းတွင်၊သီးခြားထင်ရှားသော အပိုင်းကဏ္ဍတခုအဖြစ် မျက်စိ အထူးကုဆရာဝန်များနှင့် သမားတော်ကြီးများက လက္ခံထားကြပါသည်။ အထူးပြုဘာသာရပ် တခုအ ဖြစ် လုပ်ဆောင်ချက်များသောအပိုင်းမှာ အမြင်ဆိုင်ရာခွဲစိတ်ကုသမှုဖြစ်ပါသည်။ မျက်စိမှုန်သူများ အား၊မျက်မှန်ပါဝါလျော့ခြင်းနှင့်စံလွဲအမြင်ဆိုင်ရာ ခွဲစိတ်ကုသ ခြင်းများဖြစ်၏။

မျက်ကြည်လွှာနှင့်ပြင်ပအစိတ်အပိုင်းများ အထူးပြုဘာသာရပ်(Cornea and External Disease)

           မျက်ကြည်လွှာ၊မျက်မြှေးလွှာ၊မျက်ဖြူလွှာ၊ မျက်ခွံတို့နှင့်ပတ်သက်သော ရောဂါများကို လေ့လာခြင်း နှင့် ကုသမှုပေးသောအပိုင်းဖြစ်ပါသည်။ မျက်ကြည်လွှာ၊မျက်မြှေးလွှာနှင့်  မျက်ခွံတို့တွင်ဖြစ် ပွားသောထိရှခြင်း၊အနာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း၊ပိုးဝင်ခြင်းများကို ကုသသော ဘာသာရပ်ဖြစ်ပါသည်။ အရေးကြီးသော ကုသမှုများမှာ မျက်ကြည်လွှာအစားထိုးခြင်း ၊မျက်ကြည်လွှာပြုပြင်ခြင်းများ နှင့် မျက်စိမှုန်ခြင်း(ပါဝါများများ မျက်မှန် ထူထူတပ်ရသူများ) ကိုကုသပေးခြင်းများဖြစ် ပါ သည်။

ရေတိမ်အထူးပြုဘာသာရပ်(Glaucoma)

          မျက်စိတွင်းဖိအားမြင့်တက်လာမှုကြောင့်၊ မျက်စိ၏အရေးပါသော အစိတ်အပိုင်းဖြစ်သည့် မြင်လွှာရှိသွေးကြောများနှင့် အာရုံကြောများကိုပျက်စီးစေသည့် ရေတိမ်ကို အထူးပြုကုသသော ဘာသာရပ်ဖြစ်ပါသည်။မျက်စိတွင်းဖိအားမြင့်တက်နေမှုနှင့်တကွ ဆက်နွယ်နေသော အကြာင်းရင်းခံ များအားလုံးကို၊ဆေးဝါးဖြင့်ကုသခြင်း(သောက်ဆေးပေးခြင်း၊မျက်စဉ်ခပ်စေခြင်း)အပြင်၊လိုအပ်ပါကခွဲ စိတ်ကုသမှုပြုရသည့် အထူးကုအပိုင်းဖြစ်ပါသည်။

မျက်စိအာရုံကြောအထူးပြုဘာသာရပ်(Neuro-Ophthalmology)

          ဦးနှောက်အာရုံကြောပညာနှင့်မျက်စိပညာ နှစ်ရပ်စလုံးကိုနားလည်း နှံ့စပ်ကျွမ်းကျင်ရန်လိုအပ် သော ဘာသာရပ်ဖြစ်ပါသည်။ အမြင်စွမ်းရည်ဆုံးရှုံးစေသည်ထိ အန္တရာယ်ရှိသည့် မျက်စိအာရုံကြော ထိခိုက်ချို့ယွင်းမှုများကို ကုသပေးပါသည်။ ပီကျူထရီဂလင်း အကျိတ်က မျက်စိအာရုံကြော နှစ်ခုဖြတ် သည့်နေရာ(Optic Chiasma)ကိုဖိပါက မျက်စိမြင်ကွင်းကျဉ်း၍ ကွယ်တတ်သဖြင့်၊ ထိုအကျိတ်ကို မျက်စိဆရာဝန်နှင့် ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန် ပူးပေါင်း၍ အချိန်မီခွဲစိတ်မှသာ ပြန်မြင်နိုင်ပါ သည်။

မျက်စိကင်ဆာရောဂါအထူးပြုဘာသာရပ်(Ocular Oncology)

          ဆေးဝါးနှင့် ခွဲစိတ်ကုသမှု နှစ်မျိုးစလုံးဖြင့် ကုသမှုပေးရသော ဘာသာရပ်ဖြစ်ပါသည်။မျက်စိ တွင် ဖြစ်ပွားသော ကင်ဆာရောဂါကို အထူးကုသပါသည်။ကုသသော မျက်စိကုဆရာဝန်ကြီးများ သည်၊လိုအပ်သည့် ကုသမှုများနှင့်ရှင်းလင်းဆွေးနွေးရန် လိုအပ်သောကိစ္စရပ်များတွင် ရောဂါဗေဒ ဆရာဝန်၏ ဆေးစစ်အဖြေလွှာနှင့် တိုက်ဆိုင်စစ်ဆေးလျက် ဆောင်ရွက်ကြရပါသည်။

မျက်စိအနုစိတ်ပြုပြင်ခြင်းနှင့်မျက်လုံးအိမ်ဆိုင်ရာအထူးပြုဘာသာရပ်(Oculoplastics and Orbit Surgery)
          မျက်ခွံနှင့်မျက်စိအပေါ်ယံ အနုစိတ်နှင့်အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်း၊မျက်လုံးအိမ်နှင့် မျက် ခွံရိုး ခွဲစိတ်ပြုပြင်ခြင်းများကို ပြုလုပ်သည့် ဘာသာရပ်ဖြစ်ပါသည်။ဤဘာသာရပ်ဆိုင်ရာ မျက်စိဆ ရာဝန်သည် ဓါတုကုထုံးနှင့် ရေဒီယိုလှိုင်းဖြင့်ကုသခြင်းများကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ လာသင်ယူထားကြရ သည့်ပြင်၊ မျက်လုံးအိမ်ပြုပြင်ခြင်းနှင့် မျက်စိရောဂါများကုသရာတွင် အသုံးတည့် သည့် ဓါတ်ရောင်ခြည်ဖြင့် ခွဲစိတ်ခြင်း နည်းပညာများကိုလည်း အထူးကျွမ်းကျင်ကြပါသည်။

မျက်စိဆိုင်ရာရောဂါဗေဒဘာသာရပ်(Ophthalmic Pathology)

          မျက်စိပညာရပ်နှင့် ရောဂါဗေဒပညာရပ်နှစ်ခုကိုပေါင်းစပ်၍ အသုံးချရသောအပိုင်းဖြစ်ပါသည်။
မျက်စိရောဂါရှာဖွေရာတွင်၊ရောဂါဖြစ်သောနေရာမှာ အသားစတစ်ရှုးကိုယူ၍ မည်သည့်ရောဂါဖြစ်သည် ကို ဆုံးဖြတ်ရာတွင် မျက်စိပညာနှင့်ရောဂါဗေဒပညာ နှစ်ရပ်ပေါင်းစပ်၍ အဖြေရှာရပါသည်။

 ကလေးဆိုင်ရာမျက်စိပညာ(Pediatric Ophthalmology)

          ကလေးများ၏တွင်ဖြစ်ပွားသော မျက်စိပြဿနာများကို ဖြေရှင်းပေးသော ဘာသာရပ်ဖြစ်ပါ သည်။အထူးအားဖြင့် ကလေးများတွင် အဖြစ်များသည့် မျက်စိစွေခြင်း၊မျက်စိတဖက်နှင့်တဖက် အမြင် မတူခြင်း၊အနိမ့်အမြင့်ဖြစ်နေခြင်း၊ မျိုးရိုးလိုက်သော မျက်စိရောဂါများနှင့် မျက်စိအာရုံကြော ဖောက်ပြန် မှုများကို ကုသခြင်းများ ပါဝင်ပါသည်။

ယူဗွီရိုက်တစ်နှင့် အင်မျူးနိုလိုဂျီ(Uveitis and Immunology)

         မျက်စိအင်္ဂါအစိတ်အပိုင်းများတွင် မျက်နက်ဝန်း(Iris)၊ဆီလီယာရီဘော်ဒီ(Ciliary body)နှင့် မျက်စိအလယ်လွှာ(Choroid)တို့ပါဝင်သော၊မျက်စိ၏အလွန်အရေးပါသော အင်္ဂါအစိတ်အပိုင်းဖြစ် သည့် ယူဗီအာအလွှာ (Uvea tract) ရှိပါသည်။ယူဗီအာအလွှာ ရောင်ရမ်းခြင်းကို ယူဗီရိုက်တစ် (Uveitis)ဟုခေါ်ပါသည်။ ယူဗီအာအလွှာ ရောင်ရမ်းခြင်းတွင် ယူဗီအာတခုလုံး ရောင်ရမ်းခြင်းမျိုး မဟုတ်ပဲ၊၎င်းအလွှာတွင်ပါဝင်သော အစိတ်အပိုင်းတခုချင်းသော်လည်းကောင်း၊ နှစ်ခုသော်လည်း ကောင်း ရောင်ရမ်းခြင်းမျိုးလည်းရှိပါသည်။ယူဗီရိုက်တစ်ရောဂါသည် ခန္ဓာကိုယ်၏ အင်မျူးစနစ် (Immune System) နှင့် ဆက်စပ်ပတ်သက်လေ့ရှိပါသည်။သို့ဖြစ်ရာ ယူဗီရိုက်တစ်ဘာသာရပ်ကို အထူးပြုသော မျက်စိဆရာဝန်သည် မျက်စိပညာရပ်နှင့် အင်မျူးနိုလိုဂျီပညာရပ် နှစ်ခုစလုံးတွင် တတ် ကျွမ်းသော ပညာရှင်ဖြစ်ပါသည်။

မျက်စိနောက်ခန်းခွဲစိတ်ကုသခြင်း(Vitreo-Retinal Surgery)

          မျက်စိနောက်ခန်း(မျက်လုံး၏အတွင်းဖက်)တွင် ပြစ်ချွဲသောအရည်ကြည်တမျိုး(Vitreous)ရှိပြီး၊
၎င်းနှင့်ထိစပ်လျှက်ရှိသော မျက်လုံး၏အတွင်းဖက်အကျဆုံးအလွှာသည် မြင်လွှာ(Retina)ဖြစ်ပါ သည်။ဗစ်ထရပ်စ် နှင့် မြင်လွှာတွင်ဖြစ်ပွားသောရောဂါများ(ဆီးချိုသွေးချိုရောဂါကြောင့်မြင်လွှာထိခိုက် ခြင်းနှင့်အကြောင်းအမျိုးမျိုးကြောင့်မြင်လွှာကွာခြင်းစသည်များ)ကို ဆေးဝါး နှင့် ခွဲစိတ်ကုသခြင်း နှစ် မျိုးစလုံးသုံး၍ ကုသသော ပညာရပ်ဖြစ်ပါသည်။ မြင်လွှာဆိုင်ရာမျက်စိပညာ (Retinal Ophthalmology) ဟုခေါ်သော ဤဘာသာရပ်တွင် လေဆာရောင်ခြည်ဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသ ခြင်း၊ခွဲစိတ်မှုပြုနေစဉ် လေဆာရောင်ခြည်ဖြင့်ကုသခြင်း စသည့် နည်းပညာများပါဝင်ပါသည်။
မျက်စိပညာတွင်ပါဝင်သော အထက်ဖော်ပြပါ အထူးပြုဘာသာရပ်များကို လေ့လာလျှင်၊မျက်စိ ကုသမှု လုပ်ငန်းစဉ်များကို ယေဘုယျအားဖြင့် ခန့်မှန်းတွေးဆနိုင်မည်ဖြစ်ပါသည်။ အကြောင်းအား လျှော်စွာ မျက်စိကုသမှုနယ်ပယ်နှင့် ထိတွေ့ကြရသောအချိန်၌ ဤအချက်များသည် စာရှုသူတို့အား အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ပါသည်။ ဆောင်းပါးပါအချက်များသည် မိတ်ဆက်ပေးရုံ အကျဉ်းမျှသာဖြစ်ရာ ဆက်လက်လေ့လာလိုပါက အောက်ဖော်ပြပါလင့်ခ်များတွင် လေ့လာနိုင်ပါ ကြောင်း ညွှန်းဆိုအပ်ပါသည်။

References
Subspecialties of Ophthalmology By Yolanda Smith, Bpharm.
https://www.facs.org/education/resources/residency-search/specialties/ophthal
http://med.stanford.edu/voig/about/subspecialties.html
Further Reading
Ophthalmology Ophthalmologist Education and Training.History of Ophthalmology.
Ophthalmology Around the World Last Updated: Jan 17, 2017.



         

6.11.17

ငန်ငန် မငန်ငန် ရှောင်ရန်ဆိုဒီယမ်။ ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)






သက်ရှည်ကျမ်းမာခြင်း၏ လျှို့ဝှက်ချက်များကို လူတိုင်းသိခြင်းဖြင့် ကျမ်းမာအောင်၊အသက် ရှည်အောင် ဆောင်ရန်ရှောင်ရန်များကို၊ဆောင်နိုင်ရှောင်နိုင်ကြမည်ဖြစ်ပေသည်။


ယေဘုကျအားဖြင့် လူတိုင်းနီးပါးသိထားကြသည်မှာ သွေးတိုးရှိလျှင် “အငန်”ရှောင်ရမည် ဆို တာပင်။အငန်ဆိုသည်မှာ အဓိကအားဖြင့် ဆိုဒီယမ်ကလိုရိုက်(အိမ်သုံးဆား)ပါသော ငါးပိ၊ ငါး ခြောက်၊ ငံပြာရည်တို့ကိုဆိုလိုသည်။အငံတခုတည်းရှောင်ရုံဖြင့် ၂၀%သာအကျိုးရှိပါသည်။ ကျန် ၈၀% ဒုက္ခ ပေးသောအရာက မည်သည့်အရာနည်း………… ဆိုဒီယမ်ပါသော….မည်သည့်ဆားမဆို ခန္ဓာကိုယ်ကို ဒုက္ခရောက်စေပါသည်။ “ ငန်” စရာမလိုပါ။ “မငန်သောဆားများ”ဟုဆိုရမည်ဖြစ်ပါသည်။ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်(စားဆိုဒါ - မုန့်ပွရန်ဖြစ်စေ အကြော်ပွရန်ဖြစ်စေထည့်သော ဆိုဒါမှုန့်)၊မိုနိုဆိုဒီယမ် ဂလူတာမိတ် (အချိုမှုန့် - ဟင်းချိုရန်အတွက်ထည့်သော ဟင်းချိုမှုန့်) စသည်တို့သည် ဆိုဒီယမ်ပါ သဖြင့် ကြောက်စရာကောင်းပါသည်။
ဆိုဒီယမ်ဆားများကလူကိုဒုက္ခပေးပုံ
        ငန်သည်ဖြစ်စေ မငန်သည်ဖြစ်စေဆားများစားသောအခါ၊ သွေးထဲတွင်ဆားများစုပုံလာသည်။ စုပုံလာသောဆားကို ‘ ပျော့ ’ စေရန်(အရည်ပျော်သွားစေရန်) ရေကိုသွေးထဲသို့ စုပ်ယူသောအခါ၊ သွေးထုထည်များလာသည်။ သွေးထုထည်များ၍ နှလုံးသည် သာမန်ထက်ပို၍ အလုပ်လုပ်ရသည်။ သွေးကြောများပေါ်၌ ဖိအားပိုလာသည်။ အချိန်ကြာသောအခါ နှလုံးဝန်ပိခြင်း၊ သွေးကြောနံရံဖိအား များခြင်းတို့ကြောင့် သွေးတိုးရောဂါ ၊ နှလုံးတိုက်ခိုက်ခံရခြင်းနှင့် လေဖြတ်ခြင်းတို့ကိုဖြစ်စေသည်။ နောက်ဆုံး Heart Failure (နှလုံးအလုပ်မလုပ်တော့ခြင်း)ဖြစ်လာတတ်သည်။
          သွေးတိုးရောဂါ မဖြစ်ပဲနှင့်လည်း ဆိုဒီယမ်ဆားများများစားသုံးခြင်းဖြင့်၊နှလုံးသွေးကြောမကြီး နှင့်ကျောက်ကပ်တို့ကို ပျက်စီးစေသည်။အရိုးများကိုလည်း ဆိုးကျိုးပေးပါသည်။ဆိုဒီယမ် ကြောင့်ဖြစ် လာသောသွေးတိုးသည်၊လေဖြတ်သူများ၏ သုံးပုံနှစ်ပုံ၊နှလုံးရောဂါသည်များ၏ တဝက်တွင် တွေ့ရပါ သည်။တနှစ်တနှစ်တွင် သွေးတိုးကြောင့် ကမ္ဘာတဝန်း လူတသန်းကျော်သေဆုံးနေကြပါသည်။ ဆိုဒီ ယမ်ဆားစားသုံးသူများသည် သာမန်လူများထက် သေဆုံးနိုင်ခြေ ၂၀% ပို၍မြင့်မားပါသည်။
          ၁၉၈၀ ခုနှစ်တွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှလူပေါင်း ၁၀၀၀၀ ကျော်ရဲ့ ၂၄ နာရီအတွင်း စွန့်ထုတ် သော ဆိုဒီယမ်ကိုတိုင်းတာသုတေသနပြုကြည့်ခဲ့ပါသည်။ထိုအခါ ဆိုဒီယမ်များသောအုပ်စုတွင် သွေး တိုး နှလုံးရောဂါအဖြစ်များသည်ကို တွေ့ရ၍၊နည်းသောအုပ်စုတွင် အဖြစ်နည်းသည်ကို တွေ့ရပါသည်။
          ၁၉၈၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်းတွင်၊ “ TOHP ” Two Trial of Hypertension Prevention လုပ်ကြည့်ရာ - ဆိုဒီယမ်ကို(၁၈)လမှ(၃၆)လအထိ လျှော့စားသူများတွင် သွေးတိုးရောဂါကျသွား သည်ကို၎င်း၊နှလုံးတိုက်ခိုက်ခံရခြင်း နှင့် လေဖြတ်ခြင်းကို ၂၅% လျှော့ချနိုင်သည်ကို၎င်း၊ နှလုံးသွေး ကြောခွဲစိတ်ရခြင်းနှင့် နှလုံးရောဂါကြောင့် သေဆုံးရခြင်းတို့ကိုလျှော့ချနိုင်သည်ကို၎င်းတွေ့ရှိရပါသည်။
ဆိုဒီယမ်ဆားများနှင့်ကင်ဆာ
        The World Cancer Research Fund and America Institute for Cancer ကလေ့လာ တွေ့ရှိချက်များအရ ဆားနှင့်ဆားများသော အစားအစာများသည် အစာအိမ်ကင်ဆာဖြစ်စေကြောင်း ကောက်ချက်ချခဲ့ကြပါသည်။
အရိုးပွရောဂါနှင့် “ဆား”
        အရိုးကျမ်းမာရေးအတွက် ကယ်လဆီယံ(ထုံးဓါတ်)သည် မရှိမဖြစ်လိုအပ်ပါသည်။ဆီးထဲတွင် စွန့်သော ကယ်လဆီယမ်သည် ဆီးထဲတွင်စွန့်သော “ဆားများ” နှင့်တိုက်ရိုက်အချိုးကျပါသည်။ “ဆား”များများစားလျှင် ဆီးတွင် “ဆား”များများစွန့်၍ ကယ်လဆီယမ်လည်း များများစွန့်ပစ်ပါသည်။ ထိုအခါ အရိုးအတွက် ကယ်လဆီယမ်မလုံလောက်၍ အရိုးပွရောဂါဖြစ်ရသည်။အရိုးပွသောအခါ အနည်းငယ်ထိခိုက်ရုံဖြင့် အရိုးကျိုးနိုင်သည်။ပြန်ဆက်ဖို့လည်းခဲယဉ်း၏။
ရေတိမ်ရောဂါနှင့် “ဆား”
         “ဆား”များများပါသော အစားအသောက်များစားလျှင်၊ သွေးထဲတွင် ဆားဓါတ်များလာသဖြင့်၊ ရေဓါတ်ကိုဆွဲယူ၍ သွေးထုထည်များလာသည်။သွေးထုထည်များလာသောအခါ သွေးကြောများနှင့် ဆက်စပ်နေသော မျက်စိတွင်းအရည်ကြည်(Aqueous Humour)၏ထုထည် ပမာဏလည်းများလာ သည်။ထိုအရည်ကြည်ထွက်ပေါက် ကောင်းကောင်းအလုပ်လုပ်ပါက အဆင်ပြေသော်လည်း၊အဆင် မပြေပါက မျက်လုံးတွင်းဖိအား(Intraocular Pressure)တက်လာနိုင်သည်။ မျက်လုံးတွင်းဖိအား သည် မျက်စိအာရုံကြောများကို ထိခိုက်လောက်အောင် ဖိအားဖြစ်လျှင် ရေတိမ်ဖြစ်စေသည်။ရေတိမ် ရောဂါရှိသူတွင် ပို၍ဆိုးစေသည်။
တိုင်းရင်းဆေးရှုဒေါင့်
        ကွယ်လွန်သွားပြီဖြစ်သော တိုင်းရင်းဆေးဆရာကြီး ဦးဟန်ထွန်း(ကျောင်းအုပ်ကြီး၊မန္တလေး တိုင်းရင်းဆေးသိပ္ပံ)ကမိန့်ဘူးပါသည်။ “ငန်တကာ့ငန်-ပူ၊ဖန်တကာ့ဖန် - အေး”ဟူ၍ဖြစ်၏။ အငန်များ၊ ဆားများသည် ခန္ဓာကိုယ်တွင်းသို့ရောက်လျှင် “အပူ”ဖြစ်သွား၍၊အဖန်ဓါတ်ပါသော အစာများဆေးများ သည် ခန္ဓာကိုယ်တွင်းရောက်လျှင် “အအေး”ဖြစ်သွားသည်ဟုဆိုလိုပါသည်။အပူ(ဥဏှတေဇော)သည် အိုမင်း ရင့်ရော်ခြင်း၏ အဓိကအကြောင်းရင်းတခုဖြစ်ပါသည်။ပါးရေ တွန့်ခြင်း၊ဆံပင်ဖြူခြင်း၊ နှလုံးအား နည်းခြင်း၊အရိုးအားနည်းခြင်း စသည်တို့သည် ဥဏှတေဇောကြောင့် ဖြစ်ပါသည်။အအေးသီတတေ ဇောသည် ခန္ဓာကိုယ်ကို အပူငြိမ်းစေသည်၊စည်ပင်ဖွံ့ဖြိုးစေသည်။ ဖန်သောအရသာရှိသည့် ဆီးဖြူသီး၊ ဖန်ခါးသီး၊ကျဇုသီး(၃)မျိုးကိုတြိဖလ(တြိ=သုံး၊ဖလ=အသက်)အသက်ရှည်စေသော အသီးသုံးမျိုးဟု ဆိုရိုးရှိပါသည်။
တနေ့စားသုံးသင့်သည့်ဆိုဒီယမ်ပမာဏ = လက်ဖက်ရည်ဇွန်း၏လေးပုံတပုံ(၁/၄)သာ၊ ဆိုဒီယမ်များသောအစားအစာများ=စည်သွပ်ဘူးများ၊အသားခြောက်များ၊ငါးပိ၊ငါးခြောက်၊ကြာရှည်ခံအောင်လုပ်ထားသော အစားအစာများ၊အေးခဲသောအသားများ၊ထောပတ်၊ဆိုဒါများသော ထပ်တရာ၊ အီကြာကွေး၊ပလာတာ စသည်များ။                         ဆိုဒီယမ်နည်းသောအစားအစာများ=လတ်ဆတ်သောအစာများ၊အရွက်ခြောက်(စည်သွမ်မဟုတ်)။
          သို့ဖြစ်၍ နှလုံးရောဂါ၊သွေးတိုးရောဂါ၊လေဖြတ်ရောဂါ၊အစာအိမ်ကင်ဆာရောဂါ၊အရိုးပွရောဂါ နှင့်ရေတိမ်ရောဂါများကင်းဝေးစေရန် “အငန်” ရှောင်ရုံသာမက၊ “မငန်သောဆား”များဖြစ်သည့် စား ဆိုဒါ၊ အချိုမှုန့်၊အသားမှုန့်၊တာရှည်ခံအောင်သုံးသောဆား စသည့် “အန္တရယ်ဆား”များကိုရှောင်သင့်ပါ ကြောင်း စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။