မျက်စိဆေးရုံကြီးရှေ့သို့
ရောက်သည်နှင့် ဆိုင်ကယ်ကိုဒေါက်ထောက်ခါ သမီးငယ်ကို ပွေ့ချီ လျှက် ပြင်ပလူနာဌာနသို့
ကိုထွေးမောင် မပြေးရုံတမယ် ခပ်သွက်သွက် လှမ်းလိုက်သည်။ဌာနရှိ ပဏာ မစစ်ဆေးသော သူနာပြုဆရာမကြီးက
ဘယ်ဘက်မျက်စိထဲတွင် ကွမ်းဖတ်များဝင်နေသော သမီးငယ် အားတလှည့် ပါးစပ်တွင်ကွမ်းသွေးများပေနေသော
ကိုထွေးမောင်အားတလှည့်ကြည်ကာ စဉ်းစားရ လည်းခက် မေးရမှာလည်းအားနာဟန်ဖြင့် “ကလေးအဖေလား”ဟု
မေး၏ “ဟုတ် ..ကျနော် သူ့အဖေ ပါ”၊ “ကလေးမျက်စိကို သန့်စင်အောင် အရင်ဆုံးဆေးကြောပေးရမယ်၊ပြီးတော့
ချို့ယွင်းချက်ရှိမရှိသိ ရအောင် ဆရာဝန်ကြီးကိုယ်တိုင် စစ်ဆေးပေးမှာပါ”ဟုဆိုပြီး၊သမီးငယ်ကို
ဆေးခန်းငယ်တခုအတွင်း သို့ခေါ် သွားလေသည်။
သမီးငယ်၏ မျက်စိထဲမှကွမ်းဖတ်များသည် ဖအေဖြစ်သူ ကိုထွေးမောင်ကိုယ်တိုင်
ထွေးထည့်ခဲ့ သော ကွမ်းဖတ်များဖြစ်သည်ဟုဆိုလျှင်၊ ကြားကြရသူများအဖို့ အံ့သြဖွယ် တုန်လှုပ်ဖွယ်
မယုံကြည်နိုင် ဖွယ်ရာပင်ဖြစ်ပါမည်။တကယ်လည်း သူအလွန်ချစ်သော သမီးလေး၏ မျက်စိတွင်းသို့
ကွမ်းဖတ်များ ကို သူကိုယ်တိုင် မှုတ်သွင်းမိသည့်အဖြစ်မျိုး ကိုထွေးမောင် ကြုံခဲ့ရလေသည်။
ကွမ်းစားသည့် အလေ့ကိုခုံခုံမင်မင် စွဲစွဲလန်းလန်း နှစ်သက်သူများတွင်
ကိုထွေးမောင်လိုလူစား မျိုးသည် ထိပ်ဆုံးမှပါသည်ဟု ဆိုနိုင်ပါသည်။သက်မွေးဝမ်းကြောင်းအလုပ်ကလည်း၊မော်တော်ကား
ဆေးမှုတ်သည့် လုပ်ငန်းဖြစ်ရာ၊ကွမ်းလေးတမြုံ့မြုံဖြင့် အလုပ်လုပ်ရသည်ကို သူအလွန်နှစ်သက်၏။
ဆေးရောင်အမျိုးမျိုးကို စိတ်ကူးစပ်ဟပ်ရသည်မှာလည်း ကွမ်းယာလေးဝါးနေရမှ အဆင်ပြေသည်ဟု
သူထင်သည်။ကွမ်းယာဆိုင်တိုင်းလည်း၊ ကြုံရာကျပန်းမစား။ ကွမ်းမသန့်လျှင် ထုံးမမှန်လျှင် ကျောက် သဲ စသည်ကိုက်မိ၍ သွားနာရသည့် ဒုက္ခ၊ထုံးပေါက်သောကြောင့်
အစားအသောက်ပျက်ရသည့်ဒုက္ခ များကို ကိုထွေးမောင် ခံစားရပေါင်းများလေပြီ။
သို့အတွက်ကြောင့် ကွမ်းယာဆိုင်ကို ကိုထွေးမောင်လက်စွဲထားသည်။ကွမ်းရွက်ကွမ်းသီးသန့်
သောဆိုင်၊ထုံးနိုင်သောဆိုင်မှကွမ်းကိုသာ ငါးရာဖိုး တစ်ထောင်ဖိုး ကြိုတင်မှာ၍စား၏။ထိုဆိုင်မျိုးက
လည်း ဖောက်သည်များသောဆိုင်မျိုးဖြစ်ရာ မိမိအတွက်ရဖို့ ဝီရိယစိုက်ရလေသည်။ဤကိစ္စကလည်း
ကိုထွေးမောင်အတွက် မခဲယဉ်း၊နံနက်စောစော အစာပြေတခုခု စားပြီးသည်နှင့် ကွမ်းယာဆိုင်သို့
ဆိုင် ကယ်ဖြင့် ထွက်ခဲ့သည်။တနေ့တာအတွက် ကွမ်းမှာရန်ဖြစ်သလို နံနက်စောစော ကွမ်းစားချင်တာ
လည်းပါသည်။ တခုခုစားပြီး၊ ကွမ်းလေးဝါးလိုက်ရမှ ပြည့်စုံသည်ဟုထင်မိသည်။ ကွမ်းယာဆိုင်သို့
ရောက်သည်နှင့် ယခုချက်ချင်းစားရန် ကွမ်းတယာ ယာခိုင်း၊ကွမ်းဝါးပြီးမှ မနက်ဘယ်နှစ်ထုပ်၊
နေ့ခင်း ဘယ်နှစ်ထုပ် ၊ညနေအလုပ်သိမ်းချိန်အိမ်ပြန်ရင်း ဘယ်နှစ်ထုပ်ယူမည်၊စသည်ဖြင့် မှာသည်။ကျသင့်
ငွေလည်း အပြီးချေပြီး သေချာအောင်လုပ်ရသည်။ လက်ထဲရှိကွမ်းထုပ်တွင် ကွမ်းကုန်ခါနီးချိန်၌
ဖုံး လှမ်းဆက်ပြီး၊ကွမ်းထုပ်ကို သွားယူရုံသာဖြစ်သည်။ ညစာစားပြီးနောက် ညဥ့်ဦးပိုင်း
နားနားနေနေ နေသည့် အချိန်များတွင် တီဗွီကြည့်ရင်း ကွမ်းဝါးချင်သေးတာကြောင့် အိမ်အပြန်
ကွမ်းထုပ်ကိုလည်း ယူရသေးသည်။
ယနေ့နေ့ခင်းပိုင်းကွမ်းထုပ်ယူပြီး အလုပ်ရုံသို့အပြန်တွင် ကလေးကျောင်းကြိုပေးရန်
အိမ်ရှင် မကဖုံးဆက်သောကြောင့် ကိုထွေးမောင် သမီး၏ကျောင်းဖက်သို့ ထွက်လာခဲ့သည်။ ကျောင်းကြို
နေ ကျမဟုတ်သောကြောင့် ခပ်ကြောင်ကြောင်ဖြစ်နေသော်လည်း၊ သူ့အမေကြိုနေကျနေရာတွင် ဆိုင်
ကယ်ကိုရပ်ရင်း စောင့်နေလိုက်ပါသည်။ကျောင်းတံခါးဝတွင် အကြောင်းမဲ့ စုပြုံတိုးနေကြသော
မိဘ အုပ်ကြီး ဘေးသို့ရှဲသွားပြီးနောက် ကျောင်းတခါးပွင့်လာပါသည်။ အတန်းငယ်သည့် ကလေးများ
အရင် ဆုံးထွက်လာကြသည်။ပြီးတော့မှ သမီးတို့ဒုတိယတန်းကလေးများ…..၊သမီးသည် အသားဖြူဖြူ
ပါး လေးဖေါင်းဖေါင်းနှင့် အလွန်ပင်ချစ်စရာကောင်း၏။ အထူးသဖြင့်မျက်တောင်ကော့ကော့လေးများ
ဝန်းရံထားသော နက်မှောင်သည့် မျက်လုံးဝိုင်းဝိုင်းလေးများသည် အစဉ်သဖြင့်ရွှမ်းလဲ့တောက်ပလျက်
ရှိ၏။ အဖေအမေ၏မျက်နှာရိပ် မျက်နှာကဲကိုလဲသိတတ်ပြီး ပါးရည်နပ်ရည်ရှိသူဖြစ်၏။ ကိုထွေးမောင်
ကိုမြင်သည်နှင့် သမီး၏မျက်နှာသည် ဝမ်းမြောက်ဝမ်းသာဖြင့် လင်းလက်သွားလေသည်။ အဖေ ကိုယ်တိုင်
ကျောင်းလာကြိုလျှင် သမီးအလွန်သဘောကျ၏။ အပြေးကလေးလာပြီး၊ ဖအေ့ခါးကိုဖက်ခါ ဆိုင်ကယ်နောက်မှတက်လိုက်သည်။သမီးငယ်ကို
ကျောင်းမှကြိုပြီး ကျူရှင်သို့ ပို့ပေးရမည်ဖြစ်ပါသည်။
ကျောင်းပေါက်ဝတွင် ရပ်ထားသောကျောင်းကြိုကားများ၊လမ်းဘေးဝဲယာတို့၌
အစီအစဉ်မဲ့ ဖြစ် သလိုရပ်ထားကြသော ဆိုင်ကယ်များနှင့် မိမိကဲ့သို့မောင်းထွက်လာသော ဆိုင်ကယ်နှင့်ကားများကို
သတိထား ရှောင်ကွင်းလျှက်၊သမီး၏ကျူရှင်ရှိရာလမ်းဆီသို့ မိမိ၏ဆိုင်ကယ်ကို ဦးတည်လိုက်သည်။
ကျောင်းကြိုယာဉ်များ အလုအယက်မောင်းမှုကြောင့် ပေါ်ထွက်လာသည့် ဖုန်မှုန့်များမှ လွတ်သည့်
လမ်းကွေ့ကိုလွန်သောအခါ….“ဖေရေ……သမီးမျက်စိထဲ ဖုံဝင်သွားလို့…..လုပ်ပါဦး..” မိမိ၏ခါးကို
လက်တဖက်ဖြင့်ပုတ်၍ ပြောလာသော သမီးငယ်၏အသံ……..။ဆိုင်ကယ်ကို လမ်းဘေးရပ် ကမန်း ကတန်းဒေါက်ထောက်ပြီး၊သမီး၏မျက်လုံးများအတွင်း
ရှာဖွေကြည့်လိုက်တော့…….တွေ့ပါပြီ..အမှိုက်စ …..၊ ဘယ်ဖက်မျက်လုံးဒေါင့်လေးနားတွင် ကပ်၍နေသည်…လေဖြင့်ပြင်းပြင်းမှုတ်ထုတ်လိုက်လျှင်
ထွက်သွားနိုင်လောက်သည်။ကိုထွေးမောင် လေကိုရှိုက်ယူ၍ သမီး၏မျက်စိတွင်းသို့ပြင်းပြင်း
မှုတ် ပေးလိုက်သည်။
ကိုထွေးမောင်မျှော်လင့်ထားသည်က သမီးငယ်၏ အမှိုက်စလေးမရှိတော့သော
သန့်စင်သည့် မျက်နက်ဝန်းလေး…….၊…..အမှန်တကယ်တွေ့လိုက်ရသည်က သူ၏ပါးစောင်းတွင် အမြဲတစေငုံ၍
ထားလေ့သော ကွမ်းဖတ်များဖြင့် ပြည့်နေသော ထိတ်လန့်ဖွယ်အသွင်ဖြင့် မြင်တွေ့ရသည့် သနားစဖွယ် မျက်လုံးလေးတလုံး ဖြစ်နေပါတော့သည်………။
“ မျက်စိရဲ့ ဒီအစိတ်အပိုင်းလေးကို မျက်ကြည်လွှာလို့ခေါ်တယ် ကိုထွေးမောင်။အင်မတန်နှုးညံ့
တဲ့နေရာလေးပေါ့။သူရဲ့ဘေးတဖက်တချက်မှာရှိတဲ့ အဖြူရောင် ဧရိယာလေးကတော့ မျက်ဖြူလွှာ လေးပေါ့”၊ဆေးခန်းနံရံတွင်ချိတ်ဆွဲထားသော
မျက်စိ၏အဂါင်္အစိတ်အပိုင်းများ ရေးဆွဲထားသည့် သရုပ် ပြရုပ်ပုံကားချပ်ပေါ်တွင် တုတ်ချောင်းငယ်ဖြင့်
ထောက်၍ ထောက်၍ပြရင်း၊ ဆရာဝန်ကြီးကရှင်းပြ ပါသည်။ပြင်ပလူနာ ကြည့်ချိန်အပြီး၊အရေးပေါ်လူနာလည်းရှင်းနေချိန်မို့
အချိန်ယူရှင်းပြနေဟန်ရှိပါ သည်။ “ မျက်ဖြူလွှာရဲ့အပေါ်မှာ အင်မတန်ပါးလွှာပြီးကြည်လင်တဲ့
မျက်မြှေးလွှာရှိတယ်။ကွမ်းယာထဲ မှာပါတဲ့ ကွမ်း ဆေး ထုံး တွေဟာ မျက်ကြည်လွှာနဲ့ မျက်မြှေးလွှာတွေကို
ရေရှည်မှာတဖြည်းဖြည်းထိ ခိုက်စေပြီုး၊မျက်ကြည်လွှာအနာနဲ့ မျက်မြှေးလွှာအနာတွေဖြစ်တတ်တယ်။အဆိုးဆုံးကတော့
ထုံးပဲဗျ၊ သူက မျက်ကြည်လွှာကို တဖြည်းဖြည်းဖျက်စီးပြီး၊ မျက်စိကွယ်စေတဲ့အထိ အန္တရယ်အကြီးကြီးပေး
တတ်တယ်”။….ဘုရားရေ….ငါ့သမီး…..တဦးတည်းသောသမီးလေး…..ဒီလိုအဖြစ်ဆိုးနဲ့မကြုံပါစေနဲ့….
.ကိုထွေးမောင် ရင်ထဲတွင် ကယောင်ကတမ်း မြည်တမ်းလိုက်မိသည်……….။
.ကိုထွေးမောင် ရင်ထဲတွင် ကယောင်ကတမ်း မြည်တမ်းလိုက်မိသည်……….။
“ခင်းဗျားသမီးရဲ့မျက်စိမှာတော့
စိုးရိမ်လောက်စရာ ဘာမှမတွေ့ရပါဘူး၊ကျနော် သေသေချာ ချာစစ်ဆေးကြည့်ပြီးပြီ၊ဆေးရုံကို
အချိန်မဆိုင်းဘဲချက်ချင်းရောက်လာတာကြောင့် ဒီကသူနာပြုတွေ အနေနဲ့ ဆေးကြောသန့်စင်ပေးဖို့
အချိန်အများ ကြီးရတယ်၊ဒါကြောင့် သေသေချာချာလုပ်ပေးနိုင်တာ ပေါ့၊ခုတော့ သမီးမျက်စိက
စိတ်ချရပါပြီ၊ဂရုတော့စိုက်ပေါ့.. နောက်(၃)ရက်လောက်ကြာရင် လာပြ ဦးဗျာ…သေချာအောင်ထပ်စစ်ချင်သေးတယ်……..”။မျက်စိဆရာဝန်သုံး
ဓါတ်မီးငယ်ဖြင့် သမီး၏မျက်စိ တွင်းသို့ မီးထိုးပြရင်း၊ဆရာဝန်ကြီးကပြောပါသည်။ မီးရောင်တန်းလေး
ဖြန့်ကျက်သွားရာ တလျောက် သို့ စိုးရိမ်တကြီးလိုက်ကြည့်ရင်း ကိုထွေးမောင်ရင်မောလျှက်ရှိ၏။ဆရာဝန်ကြီးက
စိုးရိမ်ဖွယ်ရာမရှိ တော့ဟုဆိုသည့်တိုင် မိမိကိုယ်တိုင်မြင်ချင်စိတ်ကရှိသေးသည်။မိဘများ၏
စိတ်အခြေအနေကို ကောင်းစွာနားလည်သူ အတွေ့အကြုံရင်ကျက်သည့် ဆရာဝန်ကြီးက ကိုထွေးမောင်စိတ်သက်သာရာရ
စေရန် တမင်မီးထိုးပြခြင်းဖြစ်သည်ကိုတော့ ကိုထွေးမောင် သိမည်မဟုတ်ပေ။
ဆေးရုံသို့လာခဲ့တုန်းကကဲ့သို့မဟုတ်ပဲ ကြည်လင်သန့်စင်လျက်ရှိသည့်
သမီးငယ်၏မျက်စိကို ဓါတ်မီး၏ အလင်းရောင်တလျောက် ပြည့်ပြည့်စုံစုံမြင်လိုက်ရသောအခါတွင်မှ
ကိုထွေးမောင်သက်ပြင်း ချမိသည်။ သမီးကိုထွေးပွေ့လျက် မျက်ရည်လည်လာမိ၏။မိမိအဖြစ်ကို အဖန်ဖန်ပြန်တွေးရင်းဖြင့်
နောင်တအခါခါရမိ၏။ဆရာဝန်ကြီးနှင့်သူနာပြုများအား ဂါရဝပြုနှုတ်ဆက်ရင်း သမီးငယ်နှင့်အတူ
ဆေးရုံမှထွက်လာခဲ့ရသော်လည်း၊ ကိုထွေးမောင်၏ရင်ထဲတွင် ဘဝင်မကျ။ မိမိ၏အဖြစ်ကိုတအံ့တသြ
နားထောင်၍ စာနာမှုကိုပြခဲ့ကြသော်လည်း၊နောက်နောင်ကို ကွမ်းမစားဖို့ မည်သူမျှမတိုက်တွန်း
ကြ၊ကွမ်းယာ၏ဆိုးကျိုး ထုံး၏အန္တရယ်ကြီးမားပုံကို စိတ်ရှည် လက်ရှည်ဖြင့် အကျယ်တဝင့် ရှင်းပြ
ခဲ့ကြသော်လည်း “ကွမ်းမစားတော့ပါဘူး”ဟူသောကတိကို မိမိထံမှ မည်သူကမျှအရေးတယူ မတောင်း
ကြ။
နှစ်ရှည်လများကြာမြင့်သော
ကွမ်းစားသက်ကိုဖော်ပြနေသည့် ကွမ်းချေးအထပ်ထပ်ဖြင့် အနက်ရောင်ပေါက်နေသောသွား ၊ နီညိုရောင်ပေါက်နေသော
နှုတ်ခမ်းနှင့်ခံတွင်းအရောင်များကို ကြည့်လျက် မည်သည့်နည်းနှင့်မျှ ကွမ်းမစားရန်တား၍မရတော့ဟု
ယူဆကြလေသလား။တဦးတည်း သောသမီးငယ်၏ ဘဝအတွက် အန္တရာယ်ဆိုးကြီးကို ကျရောက်စေခဲ့သည့် ကွမ်းစားသည့်အကျင့်ကို
ဖခင်ကောင်းတယောက်ဖြစ်သော မိမိအနေဖြင့် မစွန့်လွှတ်နိုင်စရာ မည့်သည့်အကြောင်းမျှမရှိသည်ကို
မသိကြလေသလား။ မိမိကို မယုံသင်္ကာရှိသူတို့မတောင်းသော ကတိကို ကိုထွေးမောင်ပေးချင်နေမိ
သည် ။
မျက်စိဆေးရုံကြီးမှ
အနောက်ယွန်ယွန်းသို့ ကိုထွေးမောင်ဆိုင်ကယ်ကိုမောင်းခဲ့သည်။(၂၂) လမ်း၏အနောက်တည့်တည့်
အစွန်းတွင်ရှိသော ကျွဲစွန်းဟုခေါ်သော ဧရာဝတီမြစ်ကမ်းဘေး ရှုခင်း သာပန်းခြံလေးသို့ရောက်သောအခါ
၊မြစ်ဖက်သို့မျက်နှာမူနေသောထိုင်ခုံလေးတွင် သမီးကိုထိုင်ခိုင်း လိုက်သည်။နှုတ်ခမ်းရှေ့တွင်
လက်ညိုးကိုထောင်ပြီး တိတ်တိတ်နေရန် သင်္ကေတပြုသောအခါ စိတ်လှုပ်ရှားဟန်ဖြင့် သမီးကပြုံး၍ကြည့်နေသည်။ကိုထွေးမောင်
ဧရာဝတီမြစ်ဖက်သို့မျက်နှာမူ၍ ရင် ကိုကော့ခါ မတ်မတ်ရပ်လိုက်သည် လက်နှစ်ဖက်ကိုမြှောက်ပြီး
“ဧရာဝတီမြစ်ကြီးရေ….ထွေးမောင် ဆိုတဲ့……..ငါ…ဘယ်တော့မှ…………ကွမ်းမစားတော့ပါဘူးလို့………..
ဂတိပေးပါတယ်…….”၊ “ဧရာဝတီမြစ်ကြီးရေ…………………………..”
၊ “ဧရာဝတီမြစ်ကြီးရေ……………………………………….၊ ……ဟူ၍ အားရပါးရ ဟစ်၍ ဟစ်၍ မြစ်မင်းဧရာအား ကတိခံလိုက်ပါတော့သည်။
မောင်ပြည့်အောင်

No comments:
Post a Comment