6.8.18

မျက်မှောက်ခေတ် အတွင်းတိမ်ခွဲစိတ်ကုသခြင်း ဆိုသည်မှာ။(၄/၈/၁၈ နေ့ထုတ် ကြေးမှုံသတင်းစာပါဆောင်းပါး)ပြည့်အောင်(COA)




                အတွင်းတိမ်ခွဲစိတ်ကုသခြင်းဆိုသည်မှာ ကြည်လင်မှုမရှိဘဲ အလင်းပိတ်လျှက် နောက်ကျိ နေသော မျက်စိတွင်းသဘာဝမှန်ဘီလူးကို ဖယ်ရှား၍၊လူတို့ဖန်တီးထားသည့် မှန်ဘီလူးအသစ်ကို ထည့် သွင်း ပေးခြင်းဖြစ်ရာ၊ပြည့်ဝသောအမြင်ကို မြန်မြန်ရသောကုသမှုဖြစ်၍ ကာယကံရှင်များအတွက် အလွန် အကျိုးများပါသည်။

            ခွဲစိတ်ကုသရာတွင်လည်း မေ့ဆေးမသုံးဘဲ ထုံးဆေးကိုသာသုံး၍ကုသသောကြောင့်၊ မေ့ ဆေးကြောင့်ဖြစ်လေ့ ဖြစ်ထရှိသည့် ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးစေမည်ဖြစ်၏။ ထုံဆေးတွင် လည်း ထုံဆေးထိုးဆေးနှင့်ထုံဆေးမျက်စဉ်းနှစ်မျိုးစလုံးကိုသုံးစွဲနေကြပြီဖြစ်ရာ ထုံးဆေးမျက်စဉ်းကို သုံး၍ ခွဲစိတ် ကုသသော နည်းပညာများတွင် ကာယကံရှင်အား ပိုမိုသက်တောင့်သက်သာရှိ စေမည် ဖြစ်ပါသည်။ထို့ပြင် ခွဲစိတ်ကုသမှုမပြုမီ ကြိုတင်စမ်းသပ်စစ်ဆေးမှုများနှင့် ခွဲစိတ်ကုသမှုခံယူပြီးနောက် စစ်ဆေးမှုများပြုရာတွင် လည်း၊အတွင်းလူနာအဖြစ် ဆေးရုံတက်ရန်မလိုအပ်ဘဲ ပြင်ပလူနာ အဖြစ်နှင့် မိမိတို့ ပုံမှန်နေထိုင်ရာနေ အိမ်မှ သက်ဆိုင်ရာ ဆေးရုံဆေးခန်းသို့ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွား ရောက်ပြသရန် သာလိုပါသည်။

          ခွဲစိတ်ကုသမှုရလာဒ်များအလွန်ကောင်းမွန်ပြီး၊အမြင်အာရုံဖွံ့ဖြိုးတိုးတက်မှု အခြေအနေမြင့် မားပါ သည်။ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင်လည်း စောဒကတက်ဖွယ်ရာ ဆိုးကျိုးများ အလွန်နည်း ၏။သို့ဖြစ်ရာ အတွင်းတိမ်ရှိသူ မျက်စိဝေဒနာရှင်များအနေဖြင့် မည့်သည့်အချိန်တွင် အတွင်းတိမ်ကို ခွဲစိတ်ကုသမှုခံယူ မည်၊မည်သည့်နည်းပညာကိုသုံး၍ ကုသမှုခံယူသင့်သည်၊စသည်များကိုသာ အဓိက ထားဆုံးဖြတ်ပေးရန် လိုအပ်ပြီး၊ကုသမှုရလာဒ်ကောင်းရန်အတွက် သံသယဝင်ရန် မလိုအပ်တော့ ကြောင်း၊ဟားဗတ် တက္ကသိုလ်နှင့်တွဲဖက်ထားသော မက်ဆာချူးဆက်အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးတဦး(Dr. Laura Fine)က ပြောပါသည်။

ခွဲစိတ်ကုမှ မြင်ကြရ

          အတွင်းတိမ်သည် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သည့် သဘာဝဖြစ်စဉ်တခုဖြစ်ပါသည်။ အထူးသဖြင့် အသက်(၈၀)ဝန်းကျင် ပုဂ္ဂုလ်များ၏ ထက်ဝက်ခန့်တွင် အတွင်းတိမ်ရှိနေတတ်ပါသည်။ နှစ်ရှည်လများ တဖြည်းဖြည်း တရွေ့ရွေ့ပြောင်းလဲလာသော သဘောရှိပြီး၊မျက်စိတွင်းရှိ သဘာဝ မှန်ဘီလူးလေး၏ ကြည်လင် သန့်ရှင်းမှုသည်လည်း လျော့ကျလျှက် မသိမသာနောက်၍ နောက်၍လာ ရာမှ အလင်းပိတ်အဆင့်သို့ရောက်ရှိ လာလေသည်။အရောင်အသွေးမှာလည်း ကြည်ရာမှဖြူ ၊ ဖြူရာမှ ညို ၊ ညိုရာမှ ညိုညိုရင့်ရင့် စသည် ဖြင့် ရင့်၍ရင့်၍ လာမည်ဖြစ်၏။မူလအရွယ်ပမာဏထက်လည်း ပို၍ ကြီးလာမည်ဖြစ်ပါသည်။
          အမြင်အာရုံသည်လည်း မျက်စိတွင်းမှန်ဘီလူး၏ အခြေအနေပြောင်းလဲလာသည်နှင့်အမျှ ပို၍ ပို၍ မှုန်လာမည်ဖြစ်၏။အထူးသဖြင့် အဝေးကြည့်မှုန်လာပြီး၊အတွင်းတိမ်အရင့်ဆုံးအချိန်တွင် မိမိအား နှုတ်ဆက် စကားဆိုလာသူ၏မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရသည့် အမြင်အာရုံ ဆုံးရှုံးလုနီးပါးအခြေ အနေသို့ ရောက် ရှိလာလေသည်။မျက်မှန်လို၍ မျက်စိမှုန်သူများသည် မျက်မှန်တပ်ပါက ကြည်ကြည် လင်လင်မြင်နိုင်သော်လည်း အတွင်းတိမ်ရှိ၍ မျက်စိမှုန်နေသူမှာ မျက်မှန်တပ်သော်လည်း ကြည်ကြည် လင်လင် မြင်ရမည်မဟုတ်ချေ။ အရောင်အသွေးများကိုလည်း မခွဲခြားနိုင်တော့ဘဲ ရောထွေးလျှက် ရှိ သည့် မကွဲပြားသော အရောင်တမျိုးတည်းကိုသာ မြင်နေရတော့၏။

          အတွင်းတိမ်သည် တဖြည်းဖြည်းတရွေ့ရွေ့သာ အမြင်အာရုံဆုံးရှုံးလာတတ်သော သဘာဝ ရှိသည်ဖြစ်ရာ ကာယကံရှင်ကိုယ်တိုင် သတိမထားမိသည်ကများပါသည်။သိသိသာသာ မျက်စိမှုန်လာ သောအခြေအနေ(မိမိအား နှုတ်ဆက်စကားဆိုလာသူကိုပင် သဲသဲကွဲကွဲမမြင်ရသောအခြေအနေ) ရောက်မှသာ သတိပြုမိတတ်ကြ၏။စနစ်တကျ မျက်စိစမ်းသပ်စစ်ဆေးခြင်းဖြင့်သာ အတွင်းတိမ်ရှိ/မရှိ သိနိုင်သည်ဖြစ်ရာ၊အသက်(၄၀)မှ(၆၅)နှစ်အတွင်းရှိသူများသည် အနည်းဆုံး(၂)နှစ်တစ်ကြိမ်၊မျက်စိ အထူးကုဆရာဝန်နှင့် ပုံမှန်မျက်စိစစ်ဆေးမှု ခံယူသင့်ပါသည်။သို့မှသာ အတွင်းတိမ်ရှိ/မရှိ သိနိုင်ရုံမျှ မက အခြားသောမျက်စိရောဂါများ(ရေတိမ်နှင့် အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သော မြင်လွှာ ချို့ယွင်းမှုရောဂါများ)ရှိ/မရှိကိုလည်း သိနိုင်မည်ဖြစ်ပါသည်။

          မျက်စိအထူးကုဆရာဝန်သည် ကာယကံရှင်၏ အမြင်အာရုံပြတ်သားမှုရှိ/မရှိ(အမြင်စမ်းကဒ် ပြား၊လိုက်ဘောက်နှင့် ပရိုဂျက်တာ အသုံးပြု၍ စာလုံးများ၊ရုပ်ပုံသင်္ကေတများကိုဖတ်ခိုင်း၍) စစ်ဆေး ခြင်း၊လိုအပ်ပါက မျက်စိသူငယ်အိမ်ကိုကျယ်စေသော မျက်စဉ်းခပ်၍ မျက်စိတွင်းအနုကြည့်မှန်ဘီလူး (Slit Lamp)ကိုအသုံးပြု၍၊မျက်စိအတွင်းပိုင်းအထိ စစ်ဆေးကြည့်ရှုခြင်း၊စသည်ဖြင့် မျက်စိကျန်းမာ ရေး အခြေအနေများကို အသေးစိတ် စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။သို့မှသာ အတွင်းတိမ်၊ရေတိမ် နှင့်အသက်ကြီး၍ဖြစ်သော မြင်လွှာတဖြည်းဖြည်းအားနည်းလာသည့်ရောဂါများကို စောလျှင်စွာသိရှိ နိုင်မည်ဖြစ်ပေသည်။

အမြင်အာရုံဆုံးရှုံးမှုကိုဖြစ်ပေါ်စေလျှက် အလင်းရောင်ကောင်းစွာ မဖြတ်သန်းနိုင်တော့သည့်  မျက်စိတွင်း သဘာဝမှန်ဘီလူးကိုဖယ်ရှား၍ ကြည်လင်သန့်ရှင်းသည့် လူတို့ဖန်တီးပြုလုပ်ထားသော   မှန်ဘီလူးအသစ်ကို အစားထိုးထည့်သွင်းပေးခြင်းသည် အတွင်းတိမ်ခွဲစတ်ကုသမှု၏ ရိုးရှင်းသော နည်း လမ်း ဖြစ်ပါသည်။အတွင်းတိမ်ခွဲစိတ်ကုသမှုကို ခံယူသင့်သောအချိန်မှာ နေ့စဉ်လှုပ်ရှားသွားလာမှုများ တွင် အခက်အခဲဖြစ်လာသည့်အချိန်ပင်ဖြစ်ကြောင်း၊ခွဲစိတ်ကုသမှု မခံယူသ၍ မျက်စိမှုန်နေမှာ ဖြစ် ကြောင်း၊ လှေကားအတက်အဆင်းနှင့် မော်တော်ကားမောင်းခြင်းကဲ့သို့သော အရေးကြီးသည့် အလုပ် များကို လည်း လုပ်နိုင်မှာမဟုတ်ကြောင်း။ မျက်စိအထူးကုဆရာဝန်တဦး(Dr.Fine, Harvard-affiliated Massachusetts General Hospital.) ကပြောပါသည်။ မျက်စိအထူးကုဆရာဝန်၏ အကြံ ပြုချက် အတိုင်းလိုက်နာ၍ အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူခြင်းမပြုဘဲ နှောင့်နှေးကြန့်ကြာနေလျှင်၊ အခြား သော(အသက်အရွယ် ကြီးရင့်မှုကြောင့်မြင်လွှာတဖြည်းဖြည်းယို ယွင်းလာသည့်ရောဂါ ကဲ့သို့ သော) မျက်စိရောဂါများကို ကုသရန် အဟန့်အတားဖြစ်နိုင်သကဲ့သို့၊ အတွင်းတိမ့်ရင့်မှု့ကြောင့်ဖြစ် သော    ရေတိမ်လည်း ပေါ်ပေါက် လာ နိုင်ပါသည်။

ခွဲစိတ်သမှု မည်သို့ပြု

          မျက်စိအထူးကုဆရာဝန်၏ စမ်းသပ်စစ်ဆေးတွေ့ရှိချက်အရ မျက်စိနှစ်ဖက်စလုံးတွင် အတွင်း တိမ်ရှိနေလျှင်လည်း စိုးရိမ်ဖွယ်ရာမရှိချေ။မျက်စိခွဲစိတ်အထူးကုဆရာဝန်မှ ပို၍မှုန်သော ပို၍ရင့်သော စောလျှင်စွာခွဲစိတ်ကုသရန်လိုအပ်သည်ဟုယူဆသော မျက်စိတဖက်ကို ရှေးဦးစွာ ခွဲစိတ်ကုသပေး မည်ဖြစ်ပါသည်။ မျက်စိတဖက်ကောင်းစွာမြင်ရပြီးမှ ကျန်တဖက်ကိုဆက်လက်၍ ကုသပေးမည်ဖြစ်ရာ ကာယကံရှင်အတွက် သက်တောင့်သက်သာရှိစေမည်ဖြစ်ပါသည်။မျက်စိနှစ်ဖက်စလုံး ခွဲစိတ်ကုသပြီးမှ သာ ကားမောင်းခြင်းနှင့်စာဖတ်ခြင်းကဲ့သို့ မျက်စိအားစိုက်ရသည့် အလုပ်များကို အဆင်ပြေပြေဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

          အတွင်းတိမ်ခွဲစိတ်ကုသမှု နည်းပညာများသည် ကမ္ဘာတဝန်းအထူးဖွံ့ဖြိုးတိုးတက်လျှက်ရှိရာ အရိုး ရှင်းဆုံးဖြစ်သော ခွဲစိတ်ရာကျဉ်းချုပ်ကြိုးမဲ့နည်းပညာ(Small Incision Sutureless Cataract Surgery)ဖြင့် ကုသလျှင်ပင် ၁၅ မီးနစ်မျှသာ ကြာမြင့်လေသည်။အသံလွန်လှိုင်းဖြင့်အတွင်းတိမ်ကို ခြေဖျက်စုပ်ယူသော နည်းပညာ(Phacoemulsification)ဖြင့်ကုသလျှင် ထိုထက်ပို၍ လျှင်မြန်ပါသည်။ ကုသမှုရလဒ်များ အလွန်ကောင်းပြီး မျက်စိအထူးကုဆရာဝန်ကြီးများ၏ ကျွမ်းကျင်မှုပေါ်မူတည်၍      ၉၇ % မှ ၉၈ % ထိ အောင်မြင်မှုရှိပါသည်။

သက်တောင့်သက်သာ လိုက်နာပါ

          အတွင်းတိမ်ခွဲစိတ်ကုသမှုခံယူပြီးနောက်ပိုင်းတွင် လူနာနားနေဆောင်၌ ထုံဆေးပျယ်သည့် အချိန်ထိ တစ်နာရီခန့်သာ နားနေရန်လိုအပ်ပါသည်။ မျက်စိကို ဂွမ်းစငယ်(Eye pad)နှင့် ကာဘာပြား (Eye Shield)တို့ဖြင့် မျက်စိအထူးကုဆရာဝန်က ဖုံးကာပေးထားမည်ဖြစ်ပါသည်။မိမိအိမ်တွင် အကူ တယောက်နှင့်အတူ သက်တောင့်သက်သာ နားနေနိုင်ပါသည်။အလေးအပင်မခြင်းကိုရှောင်ရန်နှင့် မျက်စိတွင်းသို့ရေမဝင်ရန် အထူးဂရုစိုက်ရပါမည်။ပုံမှန်လှုပ်ရှားသွားလာမှုများကိုပြု၍ရသော်လည်း၊အင် အားစိုက်ထုတ်၍ လုပ်ရသော အဆောတလျှင်လှုပ်ရှားမှုများကိုမှု ရှောင်ကြဉ်ရပါမည်။အဓိကရည်ရွယ် ချက်မှာ မျက်စိတွင်းသို့ထည့်ထားသော မှန်ဘီလူးအသစ်အား အသားတကျရှိနေရန်နှင့် မျက်စိတွင်း သို့ ပိုးဝင်ခြင်း မရှိရန်ဖြစ်ပါသည်။မျက်စိအထူးကုဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ၍ မျက်စဉ်းများကိုစနစ်တကျ ခပ်ပေးရန်လည်း အရေးကြီးပါသည်။(ကာယကံရှင်ကိုယ်တိုင် မျက်စဉ်းမခပ်သင့်)

          တီဗီကြည့်ခြင်းနှင့်စာဖတ်ခြင်းကဲ့သို့ ပေါ့ပေါ့ပါးပါးအလုပ်များကို လုပ်နိုင်သော်လည်း၊ရှောင် သည်က ပို၍ကောင်းမည်ဟု ယူဆပါသည်။ စူးရှသောနေရောင်ခြည်နှင့် တောက်ပသောအလင်းရောင် (LED မီးသီးကဲ့သို့)များကို လုံးဝရှောင်ကြဉ်ရပါမည်။မျက်စိအထူးကုဆရာဝန်ကချိန်းဆိုသောနေ့ရက် များတွင် မပျက်မကွက်ပြသရန်လိုပါသည်။(များသောအားဖြင့် ခွဲစိတ်ကုသမှုပြုပြီးနောက်နေ့၊နှစ်ရက် ခြား၊ ရက်သတ္တတပတ်ခြား၊နှစ်ပတ်ခြား၊နှစ်လခြား စသည်ဖြင့်၊ကုသမှုလိုအပ်ချက်အရ ချိန်းဆိုမှုများ)

          အတွင်းတိမ်ခွဲစိတ်ကုသမှု၏ အပြီးသတ်စစ်ဆေးမှုကို ခွဲစိတ်ကုသပြီးနောက်(ယေဘုယျအား ဖြင့်)နှစ်လအကြာတွင် မျက်စိအထူးကုဆရာဝန်ကိုယ်တိုင်ပြုလုပ်ပါသည်။မျက်မှန်လိုအပ်ချက်ရှိလျှင် မျက်မှန်ပါဝါရှာဖွေ၍ မျက်မှန်တပ်ရန်ညွှန်ကြားပါသည်။မျက်မှန်ကူရန်လိုသူများရှိသကဲ့သို့ မျက်မှန် မလိုဘဲ အဝေးကြည့်ကို ကြည်ကြည်လင်လင်မြင်ရသူများလည်းရှိပါသည်။အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူသူများသည် များသောအားဖြင့် အသက်ကြီးသူများဖြစ်ရာ စာကြည့်မျက်မှန်လိုအပ်သူက အများ စုဖြစ်ပါသည်။

          အတွင်းတိမ်ရှိ၍မျက်စိမှုန်သူ သက်ကြီးရွယ်အိုများအနေဖြင့်၊ခွဲစိတ်ကုသမှုခံယူခြင်းဖြင့် လူငယ် လူရွယ်များကဲ့သို့ ပြန်မြင်နိုင်သည့် အခွင့်အရေးကိုရနိုင်သည်ဖြစ်ရာ မျက်စိအထူးကုဆရာဝန်နှင့် စနစ် တကျစမ်းသပ်စစ်ဆေးမှုခံယူသင့်ပါကြောင်းနှင့် မျက်စိအထူးကုဆရာဝန်မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ခံယူရန်အကြံပြုလျှင်၊မိမိ၏ အမြင်အာရုံတိုးတက်ကောင်းမွန်ရေးအတွက် လိုက်နာသင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

ပြည့်အောင်(COA)

No comments:

Post a Comment