10.6.19

ဆွေးနွေးအဖြေရှာ မျက်မှန်ပါဝါ ။ ပြည့်အောင်(COA)(၁၃/၅/၂၀၁၉ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါ ဆောင်းပါး)



          မျက်စိဝေဒနာများမှ သက်သာရာသက်သာကြောင်းရစေရန် ကုသမှုများအနက် မျက်မှန်လိုအပ် နေသူအား မျက်မှန်ပေး၍ ကုသခြင်းသည် ဝေဒနာရှင်ခံစားနေရသော အမြင်ဝေဝါးခြင်း၊မျက်ရိုးကိုက် ခြင်း၊ နောက်ကြော(လက်ပြင်နှစ်ခုကြားဧရိယာ)တက်ခြင်း၊ခေါင်းနောက်ခြင်း၊ စသည့်ဝေဒနာများကို ထင်ရှား စွာသက်သာပျောက်ကင်းစေသည့်အတွက် ထိရောက်သောကုသမှု တစ်ခုဖြစ်ပါသည်။
          ထိုကဲ့သို့ထိရောက်သောကုသမှု ဖြစ်စေရန်အတွက် မှန်ကန်တိကျသော မျက်မှန်ပါဝါရရှိရေး၊ မျက်မှန်ကိုင်းရွေးချယ်ရာတွင်မှန်ကန်မှုရှိရေး၊ပါဝါမှန်ရွေးချယ်ရာတွင်မှန်ကန်ရေး၊မှန်သွေးပညာရှင်များ ၏ကျွမ်းကျင်မှု စသည့်လိုအပ်ချက်များစွာအနက် တိကျသော မျက်မှန်ပါဝါရရှိရေးသည် အခြားအချက် များထက်ပို၍ အရေးပါသည်ကို လက်ခံကြရပါမည်။ မှန်ကန်တိကျသော မျက်မှန်ပါ ဝါရရှိ ရေးအတွက် ကြိုးစာကြရာတွင် အချို့သောစမ်းသပ်ခံသူတို့သည် ပညာရှင်များ၏ မေးမြန်းဆွေးနွေး ချက်များကို အလေးထားမှု အားနည်းလာကြပြီး၊ ခေတ်မီကိရိယာများကိုသာ စိတ်ဝင်တစားအားကိုးယုံကြည်လာ ကြသည်ကိုတွေ့ရပါသည်။
          ခေတ်မီကရိယာများဖြင့် အဖြေရှာခြင်းနှင့် ကျွမ်းကျင်သော ပညာရှင်များက တိုင်းတာတွက် ချက်အဖြေရှာခြင်း(Subjective)များသည် လုပ်ငန်းစဉ်အတိုင်း မဖြစ်မနေလုပ်ရသော ဆောင်ရွက် ချက်များဖြစ်ပါသည်။ထိုနည်းတူ ကာယကံရှင်၏အမြင်ဖြင့်ဆုံးဖြတ်ချက်ရယူခြင်း (Objective) သည် လည်း လိုအပ်ပါသည်။ မျက်မှန်တပ်ဆင်မည့် ကာယကံရှင်၏ ဆုံးဖြတ်ချက်မပါသော မျက်မှန်ပါဝါ သည် ပြီးပြည့်စုံသော မျက်မှန်ပါဝါ ဖြစ်သည်ဟု ဆို၍မရချေ။ ခေတ်မီကရိယာများနှင့်ပညာရှင်များ က ရှာဖွေရရှိသော အဖြေနှင့်၊ မျက်မှန်တပ်မည့် ကာယကံရှင်ကိုယ်တိုင် ကြည့်ရှုဆုံး ဖြတ်သော အဖြေတို့ ညှိနှိုင်းရရှိသော ရလာဒ်သည်သာ မှန်ကန်သောမျက်မှန်ပါဝါ ဖြစ်နိုင်ပေမည်။ဆိုလိုသည်မှာ မှန်ကန် တိကျသောမျက်မှန်ပါဝါရရှိရန်မှာ မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင်နှင့် ကာယကံရှင်လူနာတို့ အပြန် အလှန်ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာလျှင် ဖြစ်နိုင်သည် ဟူသော အချက်ပင်ဖြစ်ပါသည်။
          စမ်းသပ်ခံသူက ဖြေကြားမှုဆွေးနွေးမှု ပြုရန်မလိုသော၊ မသန်စွမ်းသူတို့အတွက် မျက်မှန်ပါ ဝါရှာဖွေရာတွင် ကျင့်သုံးသောနည်းစနစ်များရှိသော်လည်း၊ ထိုနည်းများကို မလွှဲသာမှသာလျှင် ပညာ ရှင်များက ကျင့်သုံးလိုကြပါသည်။လိုအပ်သည် ထက်ပို၍ အချိန်ယူရခြင်း၊ အဖြေကိုရနိုင်သော်လည်း များသောအားဖြင့် အနီးစပ်ဆုံးကိုသာ ရနိုင်ခြင်းများကြောင့် ဖြစ်လေသည်။
မျက်မှန်ပါဝါရှာသောကွန်ပျူတာ(Auto refractometer)ဖြင့် စစ်ဆေးရှာဖွေရာတွင် ကာယကံ ရှင်သည် ကွန်ပျူတာစက်၏ချောင်းကြည့်ပေါက်ငယ်မှ စက်အတွင်းသို့ကြည့်ပေးရ၏၊စမ်းသပ်ခံသူ၏မြင် ကွင်းတွင် မြင်ရသောရုပ်ပုံ (အိမ်၊သစ်ပင် စသည်ဖြင့် စက်တစ်မျိုးနှင့်တစ်မျိုးမတူ)သည် ပြတ်သား ကြည်လင်၍လာလိုက် မှုန်ဝါး၍သွားလိုက် နှင့်ဖြစ်နေသည်ကိုတွေ့ကြရမည်ဖြစ်၏။ထိုရုပ်ပုံကို အစဉ် တစိုက်ကြည့်ပေးရန်လိုလေသည်။ စက်ကိုင်တွယ်သူ ပညာရှင်ဖက်တွင် ကွန်ပျူတာမျက်နှာပြင်တခုရှိ သည်။ထိုမျက်နှာပြင်တွင် စမ်းသပ်ခံသူ၏ မျက်လုံးကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး၊မျက်လုံး၏လှုပ်ရှာမှု များကို မြင်ရ၏၊စက်ကိုင်တွယ်သူက ကွန်ပျူတာမျက်နှာပြင်ရှိ သတ်မှတ်နေရာသို့မျက်လုံး၏ အလယ် ဗဟိုကို ရောက်အောင်ချိန်၍ ခလုပ်နှိပ်ခါအဖြေကိုရယူမည်ဖြစ်သည်။
ခလုပ်နှိပ်လိုက်သောအခါ ကွန်ပျူတာအတွင်းမှ အလင်းတန်းငယ်တခုသည် မျက်ကြည်လွှာ၊ မျက်တွင်းမှန်ဘီလူး၊ မျက်စိရည်ပျစ်(Vitreous humour)စသည်တို့ကိုဖြတ်သန်း၍ မြင်လွှာသို့ရောက် ရှိပြီးအလင်းပြန်လေသည်။ထိုပြန်လင်းတန်းကို ကွန်ပျူတာမှဖတ်ပြီး အဖြေထုတ်ပေးခြင်းဖြစ်လေ သည်။ အလင်း၏အလျှင်ဖြင့် ဖြတ်သန်းသွားသော ထိုအလင်းတန်းကို မည်သူမှ သတိပြုမိမည် မဟုတ်ပေ။ သို့ဖြစ်ရာ ထိုခေတ်မီကွန်ပျူတာစက်များသည် သတ်မှတ်မြင်ကွင်းတွင်ရှိသော ရုပ်ပုံကို ကာယကံရှင် လူနာက မှန်မှန်ကန်ကန် တည့်တည့်မတ်မတ်ကြည့်တတ်ရန်လိုသကဲ့သို့ အလင်း၏ အလျှင်ဖြင့် အလင်းပြန်လာသော အလင်းတန်းကို ပို၍ပို၍တိတိကျကျ ဖတ်နိုင်ရန်မှာ စက်သည် ခေတ်မီဆန်းသစ်(Up to date ဖြစ်) နေရန် အရေးကြီးပါသည်။ထို့ပြင် စက်တို့၏အားနည်းချက် ဖြစ် သော စက်ကိုင်တွယ်သူကြောင့် လွဲချော် မှု (Human Error)နှင့် စက်၏အတွင်းတွင် တပ်ဆင်ထား သောကိရိယာများကြောင့် ဖြစ်သောလွဲချော်မှု (Instrument Error)များ မပေါ်ပေါက်စေရန်လည်း ဂရုစိုက်ကြရပါသည်။
စမ်းသပ်ခံသူက ရုပ်ပုံကိုကြည့်ရာတွင် တည့်မတ်မှန်ကန်မှုမရှိလျှင်သော်လည်းကောင်း၊ သက် တမ်းလွန်စက် (Out of Date)ဖြစ်နေလျှင်သော်လည်းကောင်း၊Human Error,Instrument Error များရှိနေလျှင်သော်လည်းကောင်း ကွန်ပျူတာစက်သည် အဖြေမှန်ထုတ်ပေးနိုင်မည်မဟုတ်ပေ။ ဤနေ ရာ၌ ကျွမ်းကျင် လိမ္မာသော မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင် (Ophthalmologist, Optometrist, Refractionist စသည်တို့) သည် မျက်မှန်ပါဝါရှာဖွေသော လက်ကိုင်ကရိယာနှင့် မျက်စိတွင်း စမ်းသပ် စစ်ဆေးသောကိရိယာ ( Retinoscope,Ophthalmoscope) တို့ဖြင့် ထပ်မံရှာဖွေ၍ အဖြေထုတ်ကြပါ သည်။စက်မှထွက်သော အဖြေနှင့်တိုက်ဆိုင်စစ်ဆေးကြပါသည်။
ထိုကဲ့သို့ရှာဖွေရရှိသော မျက်မှန်ပါဝါကို အကိုးအကားပြု၍ ကာယကံရှင်အတွက်အသင့်တော် ဆုံးမျက်မှန်ပါဝါကို စမ်းသပ်မှန်ချပ်များ(Trial Lens)ကိုအသုံးပြု၍ တိုက်ဆိုင်စစ်ဆေးအဖြေရှာကြရပါ သည်။ ဤနေရာတွင် ပညာရှင်နှင့်လူနာတို့၏ ဆွေးနွေးအဖြေရှာမှုစတင်ပါသည်။စမ်းသပ်ခံသူ၏  ကိုယ် ရည်ကိုယ်သွေး၊ အတွေးအခေါ်၊ ဥာဏ်ပညာ၊ စမ်းသပ်စစ်ဆေးမှုအပေါ်စိတ်ပါဝင်စားမှု၊ မိမိ၏ မြင်တွေ့ ရသည်များကိုပြောပြနိုင်မှု့ အရည်အသွေးများအပေါ်မူတည်၍ ရရှိသောရလာဒ်(မျက်မှန်ပါဝါ) သည် တိကျသေချာမှု အရည်အသွေးကွဲပြားမှုရှိပါမည်။ အဘယ့် ကြောင့်ဆိုသော အမြင်အာရုံချို့တဲ့သူ၏ အချို့သောမြင် ကွင်းများသည် မထင်မရှား မသဲကွဲ ဝါးတားတား အမြင်မျိုးမျှသာမဟုတ်မူဘဲ အမြင် စမ်းကဒ်ပြား (ပရိုဂျက်တာ၊လိုက်ဘောက်စိ၊တီဗွီစခရင် စသည်ဖြင့်)ပေါ်ရှိ စာလုံးများကိုကြည့်လျှင် ရွဲ့ စောင်းနေသော စာနှင့်သင်္ကေတများကိုမြင်ရခြင်း၊ အထက်အောက် ဘေးဘယ် ညာတို့၌ ဒေါင်လိုက် ခဲချစ်ရာများ၊ အလျားလိုက်ခဲခြစ်ရာများကဲ့သို့(အမြင်စမ်းကဒ်ပြားပေါ်တွင်မရှိပါဘဲနှင့်) မြင်ရခြင်းများ လည်း ရှိတတ်သည်ဖြစ်ရာ စမ်းသပ်ခံသူ၏ဖြေကြားပြောဆိုချက်များသည် အသုံးတည့်သော မျက်မှန် ပါဝါရရှိရေးအတွက် အထူးပင်အရေးပါပါသည်။
အမှန်တကယ်မျက်မှန်လိုသူအတွက် မိမိနှင့်ကိုက်ညီသော ပါဝါမျက်မှန်ကောင်းကောင်းတ လက်သည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းကိုဖြစ်စေသကဲ့သို့ ပါဝါမကိုက်သောမျက်မှန် သည် နေ့စဉ်လုပ်ငန်းများကိုဆောင်ရွက်ရာ၌ အထူးကသိကအောက် ဖြစ်စေသည်ကို သတိမူမိကြမည် ထင်ပါသည်။သို့ဖြစ်ရာ မိမိအတွက် မှန်ကန်သော တိကျသော အသုံးတည့်သော မျက်မှန်ပါဝါရရှိရေး အတွက်၊မျက်မှန်ပါဝါရှာဖွေပေးသူ ပညာရှင်များ၏ မေးမြန်း ဆွေးနွေးမှုများကို၊ စိတ်ရှည် လက်ရှည် ပြန်လည်ဖြေကြား ဆွေးနွေးသင့်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

ပြည့်အောင်(COA - Certified Ophthalmic Assistant)

No comments:

Post a Comment