21.8.18

ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၆) ။ ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)



ဆေးနှင့်ကျန်းမာရေး

        လူသားတို့သည် ကျန်းမာရေးအတွက် ဆေးဝါးများကိုသုံးလေ့ရှိကြသည်။ကျန်းမာနေစဉ် အားဆေး၊ အသက်ရှည်ဆေး၊ ကာမအားတိုးဆေး စသည်ဖြင့် မှီဝဲသလို၊နေမကောင်းဖြစ်သောအခါ၊ ရောဂါဖြစ်သော အခါ၊ မိမိ ဖာသာဆေးသောက်ခြင်း၊ ဆေးဆရာ၊ ဆရာဝန်များ ညွှန်ကြားသောဆေးများ သောက်ခြင်းဖြင့်၊ ခံစားရသော ရောဂါများကို သက်သာပျောက် ကင်းအောင် အားထုတ်ကြရသည်။
          ဆေးဝါးဆိုသည်မှာ ရောဂါဝေဒနာသက်သာပျောက်ကင်းစေရန်၊ သစ်တောထွက်ပစ္စည်း၊တရိစ္ဆာန်ထွက် ပစ္စည်း၊ ဓါတုပစ္စည်း စသည်တို့မှ အမယ်တစ်မျိုးတည်းဖြစ်စေ၊ တမျိုးထက်ပိုသောပစ္စည်းအမယ်များဖြင့် ဖြစ်စေ၊ ဖော်စပ်ထားသော ပစ္စည်းဖြစ်ပေသည်။ဆေးဝါးတွင်ပါ ဝင်သော ပစ္စည်းတွင် ရောဂါသက်သာပျောက်ကင်းစေ သော အာနိသင်( Pharmacological Effect)ရှိသလို အခြားအာနိသင်(Side Effect)များ လည်းရှိပေသည်။
          ရောဂါဝေဒနာတခုဖြစ်၍ နေမကောင်းဖြစ်လာလျှင် ဆေးကုသမှု  ခံယူရသည်။ ဆေးကုသမှုတွင် အထွေထွေကုသမှု (General Treatment)နှင့် သီးသန့်ကုသမှု(Specific Treatment)ဟူ၍ နှစ်ပိုင်း ပါဝင်သည်။ ထိုနှစ်ပိုင်းစလုံးတွင် ဆေးဝါးဖြင့်ကုသမှုပါဝင်သည်။ အထွေထွေကုသမှုတွင် ခံစားနေရသော ဝေဒနာ( ဥပမာ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်း၊ အန်ခြင်း၊ မူးခြင်းစသည်) များကို သက်သာပျောက်ကင်း အောင်ပေးရသလို၊ သီးသန့်ကုသမှုတွင် ရောဂါဝေဒနာဖြစ်ရသည့် အကြောင်းရင်း( ဥပမာ ရောဂါ ပိုးကူးစက် ခြင်း၊ရောင်ရမ်းခြင်း၊ သွေးကြောကျဉ်းခြင်းစသည်)များကို ပျောက်ကင်းစေရန်လည်း ဆေးဝါးများကို ပေးရသည်။
ဆေးဝါးများကို ခန္ဓာကိုယ်တွင်း ရောက်ရှိ၍ အာနိသင်ထိရောက် စွာပြစေရန် - ပါးစပ်မှလည်း ကောင်း (Oral Route)၊ ကြွက်သားအတွင်း (ဥပမာ တင်ပါး၊ လက်မောင်း) ဆေးထိုးအပ်ဖြင့် ထိုး သွင်းခြင်း(IM–Intramuscular)၊ အရေပြားအောက်ထိုးခြင်း(SC–Subcutaneous)၊ နှာခေါင်းနှင့် ပါးစပ်မှရှူ သွင်းခြင်း (Inhalation)၊ စအိုတွင်းထည့်သွင်းခြင်း(Anal Supposities)၊ မျက်စဉ်းခပ်ခြင်း(Eye Drop) ၊နှာခေါင်းမှထည့် ခြင်း (Nasal Drops)၊အကြောဆေး(Intravenous)၊အရိုးတွင်းဆေး(Intraosseous)၊ လေပြွန်ဆေး (Endotracheal) ၊လျှာအောက်ဆေး(Sublingual)၊ အရေပြားလိမ်းဆေး(Topical)၊ မိန်းမကိုယ်ဆေး (Vaginal)၊ နားဆေး(Ear drops)၊ကျောရိုးတွင်းဆေး(Intrathecal)၊ သွားဖုံးနှင့် ပါးစောင်ဆေး (Buccal)  စသည်ဖြင့် ပေးသွင်းကုသကြသည်။ယခုအခါ လိုအပ်သောဆေးကို လို အပ်သောနေရာတွင် တဖြည်း ဖြည်းစိမ့်ထွက်နေ စေရန်၊ဆေးအိပ်ငယ် များမြှုပ်နှံခြင်း(Slow-releasing devices Implantation)ဖြင့် ဆေးခဏခဏသောက် စရာ၊ထိုးစရာ၊ ထည့်စရာမလိုတော့အောင် တီထွင်စီမံမှုများရှိလာပြီဖြစ်သည်။
          ဆေးများသည် လူသားတို့ ကျန်းမာသက်ရှည်ခြင်းအတွက် အဓိကအခန်းမှ ပါဝင်သည်။ဆေးဝါးများ တွင် ရောဂါကာကွယ်ဆေးများလည်းပါဝင်သည်။ရောဂါကာကွယ်ဆေးများ မပေါ်ခင်က ရောဂါကြောင့်သေလျှင် သေ၊ မသေပဲရှင်လာမှ ရောဂါပြီးခြင်း(Immune) ဖြစ်သည်။၁၇၉၈ ခုနှစ်တွင် အက်ဒွပ်ဂျင်းနား(Edward Jenner)က နွားကျောက်မှ အရည်ကြည်ဖြင့်၊ ကျောက်ရောဂါ(Small Pox)ကို စတင်ကာကွယ်နိုင်ခဲ့သည်။၁၈၈၀ ခုနှစ်တွင် လူးဝစ်ပါချာ(Louis Pasteur)က ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို လည်းကောင်း၊ ၂၀ ရာစုအတွင်း ဆုံဆို့၊ကြက်ညှာ၊ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျာမန်ဝက်သက်နှင့် ရောဂါတော်တော်များများအတွက် ကာကွယ် ဆေးများ တီထွင်အသုံးပြု၍ ကာကွယ်နိုင်သဖြင့်၊ကျန်းမာသက် ရှည်ခြင်းအတွက်၊အ ထောက်အကူပြုနိုင် ခဲ့သည်။သို့သော် ရေယုံ(Herpes Simplex)၊ငှက်ဖျား(Malaria)၊ဆီးဖြူ ညောင်းကျ ဂနိုးရီးယားရောဂါ (Gonorrhea)၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ(H.I.V)၊အပါအဝင် အရေးကြီးရောဂါ အချို့အတွက် ကာကွယ် ဆေး မပေါ်ပေါက်သေးပါ။
          ဆေးဝါးများတွင် ပဋိဇီဝဆေးများသည် အရေးကြီးသော နေရာမှပါ ဝင်သည်။ပလိပ်(Plague)၊ ကျောက် ရောဂါ(Small Pox)၊ကာလဝမ်းရောဂါ (Cholera) ၊တီဘီ(Tuberculosis)နှင့် ယခုခေတ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊အီဘိုလာ၊ကြက်/ငှက်/ဝက် တုတ်ကွေး စသည့် ကူးစက်ရောဂါများသည် လူသန်းပေါင်းများစွာကို သေကြေပျက်စီးစေခဲ့သည်။ထိုကပ်ရောဂါများကို ကာကွယ်ဆေးဖြင့် ကာကွယ်ခြင်း၊ ပဋိဇီဝဆေးများဖြင့် ကုသ ခြင်း များပြုကြရသည်။ပဋိဇီဝဆေးများသည် အစွမ်းထက်သလို အန္တရာယ် လည်းကြီးပါသည်။တိကျသောဆေး ပမာဏကို သတ်မှတ်ထားသောကာလပြည့်အောင် မှီဝဲရသည် ။ရောဂါသက်သာရုံနှင့် ဆေးဖြတ်လျှင် ဆေးယဉ် ပါးမှု(Drug Resistance)ကြောင့်၊ ရောဂါပြန်ဖြစ်လျှင် ဆေးမတိုးသော အခြေအနေကို ရင်ဆိုင်ရ၏။အပ်နှင့်ထွင်း ရမှာ ပုဆိန်နှင့်ပေါက်ရမလိုအဖြစ် ရောက်တတ်သည်။ကုန်ကျစရိတ်ပို၍ အချိန်လည်းပိုယူရပြီး၊ပြဿနာများပို လာသည်။
          နာကျင်မှုဝေဒနာ သက်သာရန်သောက်သုံးရသော အကိုက်အခဲ ပျောက်ဆေး(Analgesics)များ သည် လည်း၊အန္တရာယ်များလှသည်။ဆရာ ဝန်မညွှန်ကြားဘဲ လက်လွတ်စံပယ် သောက်သုံးပါက အစာအိမ် မှသွေး ထွက်၍ သေဆုံးသည်အထိ ဖြစ်နိုင်သည်။ဟော်မုန်းပါသောဆေးများသည်လည်း ခန္ဓာကိုယ်၏ဟော် မုန်းစနစ် (Endocrine System)ကို ကမောက်ကမ ဖြစ်စေနိုင်သဖြင့်၊ သတိကြီးစွာထား၍ ဆရာဝန်များက ညွှန်ကြား ကြရသည်။စတီးရွိုက်ပါသောဆေးများသည် အစာအိမ်နာ၊အစာအိမ်သွေးယိုနာ၊ ဖောရောင်နာ စသည့်ဘေး ထွက်ဆိုးကျိုး(Side effects)နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ(Complication)များ သဖြင့်၊ မလွှဲမရှောင်သာမှ ဆရာဝန်များက သတိဖြင့်ပေးကြရသည်။စတီးရွိုက်ဆေးကို လုံလောက်သော ပမာဏ၊ လုံလောက်သောကာလ အထိ သောက်ကြရသည်။ရောဂါသက်သာရုံနှင့် ရုတ်တရက်ဖြတ်လိုက်ပါက (ခန္ဓာကိုယ်က စတီးရွိုက်ဟော်မုန်း ပြန်လည် မထုတ်နိုင်သေးခင်)သွေးပျက်ထိတ်လန့်ခြင်း(Shock)ဖြစ်၍ သေဆုံးနိုင်သည်။
          မိမိနှင့်မတည့်သောဆေးဝါးများကို သိထားသင့်သည်(ဥပမာ ပင်နီစလင်၊ ဆာလဖာ စသည်)မတည့် သောဆေး စားမိ၊ထိုးမိပါက သွေးပျက်ထိတ်လန့်ခြင်း(Shock)ဖြစ်၍ သေဆုံးနိုင်သည်။ပရိုပရန်နိုလော (Propranolol)စသည့် ဘီတာပိတ်ဆို့ဆေး(B-blocker)များသည် သွေးတိုးရောဂါအတွက် အသုံးပြုသော အခါ၊ နှလုံးခုန်နှုန်းနှေးခြင်း၊လေပြွန်ကျဉ်းစေခြင်းတို့ ဖြစ်စေသဖြင့် သတိပြုရသည်။ထို့အတူ ရေတိမ်ရောဂါ အတွက် သုံးသော မျက်စဉ်းဆေးတီမိုလော (Timolol)သည်၊မျက်စိရေချိန်ကို ကျစေသော်လည်း၊နှ လုံးသွေးကြောကို ကျဉ်းစေခြင်း၊ပန်းနာရင်ကြပ်ကို ထစေခြင်းတို့ကြောင့် ထိုရောဂါရှိသူများ မသုံးအပ်ပေ။ ထိုအခါ မျက်စိရေချိန်ကို သီးသန့်ကျစေသော ဘီတက်ဆိုလော(Betaxolol)ကိုရွေး ချယ်ပေးရသည်။ ဆီးဆေးများသည် ဆီးကိုများစေ ခြင်းအတွက် အကျိုးရှိသော်လည်း၊သွေးပေါင်ကျစေသဖြင့် Shock ဖြစ်နိုင်သည်။အထူးသဖြင့် ဖရူးဆမိုက် (Frusemide)ဆီးဆေးသည် အားပြင်းသောဆီးဆေးဖြစ်သဖြင့် သွေးပေါင်းကိုလျင်မြန်စွာကျစေသည်။
          ဓါတ်မတဲ့ခြင်းအတွက်ပေးသော ဟစ်တမင်းဆန့်ကျင်ဆေးများ( Antihistamines)သည် ဓါတ်မတဲ့ခြင်း ကိုပျောက်စေသော်လည်း၊ အိပ်ငိုက်စေသည်။အထူးသဖြင့် ကား၊ယာဉ်မောင်းသူများ သောက်ပြီးမောင်းပါက ယာဉ်တိုက်မှုဖြစ်နိုင်သည်။ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင် ဆေးပမာဏ ကို လိုအပ်သည်ထက်များ ခဲ့ပါက အိပ်ပျော်၍ သတိလစ်မေ့မြောရုံသာမက အသက်ရှုရပ်၍ သေဆုံးသည် အထိ ဖြစ်နိုင်သည်။ဟစ်စမင်း ဆန့်ကျင်ဆေးများသည် ချောင်းဆိုးပျောက်ဆေး၊တုတ်ကွေးပျောက်ဆေး၊ အဖျားပျောက်ဆေးများတွင် ပါလေ့ ရှိသဖြင့် သတိပြုဆင်ခြင်သင့်ပါသည်။
          တချို့ဆေးဝါးများတွင် ပါဝင်သောဓါတ်ပစ္စည်းများသည် ရေတွင်ပျော်ဝင်သော(Water soluble) ပစ္စည်းများဖြစ်၍ ဆီးတွင်အလွယ်တကူ စွန့်ထုတ်၍ရသည်။ တချို့ဆေးအမယ်များသည် ရေတွင်မပျော် ဝင်နိုင် သော အဆီတွင်ပျော်ဝင်သောပစ္စည်းများ(Fat soluble)ဖြစ်၍ ဆီးတွင် အလွယ်တကူ မစွန့်ထုတ် နိုင်သဖြင့် လိုအပ်သည်ထက် ပိုသောက်မိပါက၊ခန္ဓာကိုယ်အဆီထဲတွင် စု၍ ခန္ဓာကိုယ်ကို ပြန်၍ဒုက္ခပေး ပါသည်။အလွယ် တကူ မစွန့်ထုတ်နိုင်သောပစ္စည်းများတွင် သံဓါတ်ပါဝင်သည်။ခန္ဓာကိုယ်ထဲ သံဓါတ်ပို လျှံခြင်းကို ဟေမိုခရိုမာ တိုးစစ် (Haemochromotosis)ဟုခေါ်သည်။အသားညိုမဲခြင်း၊အသည်းကျုံ့ခြင်းနှင့် အခြားဆိုးကျိုးများကို ဖြစ်စေသည်။ထို့ကြောင့်သံဓါတ်ပါသောဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သင့်သည်။
          ဗီတာမင်များတွင် အေ၊ဒီ၊ အီးနှင့် ကေတို့သည် ရေတွင်းမပျော်ဝင် အဆီတွင်ပျော်ဝင်သည်။မလိုအပ် ပဲသောက်ပါက ဆီးတွင်ပြန်မစွန့်နိုင်သဖြင့် ခန္ဓာကိုယ် အဆီအတွင်းအောင်းကာ ဒုက္ခပေးတတ်သည်။ ဗီတာမင် အေ လွန်ကဲပါက အမြင်ဝေဝါးခြင်း၊အရိုးနာကျင်ခြင်းနှင့် အရေပြားပြောင်းလဲမှုများကိုဖြစ်စေသည်။ ရေရှည်လွန် ကဲပါက အသည်းကို ပျက်စီးစေ၍ ဦးနှောက်ဖိအားကို တက်စေသည်။ဗီတာမင်ဒီ ပိုလျှံပါက သွေးထဲတွင် ထုံး ဓါတ်များစေသည်။ပျို့ခြင်း၊အန်ခြင်း၊အားနည်းခြင်းနှင့် ဆီးခဏခဏသွားခြင်းတို့ကိုဖြစ်စေ သည်။ ထို့ပြင်ခံတွင်း ပျက်ခြင်း၊ဗိုက်အောင့် ခြင်း၊ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊အရိုးပါးခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ကိုဖြစ်စေနိုင်သည်။ဗီတာမင်အီး လွန်ကဲပါက ပျို့ခြင်း၊ဝမ်းဗိုက်မအီမ သာဖြစ်ခြင်း၊လေထခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊နုံးခွေ၍မောပန်းလွယ်ခြင်း၊ အလွယ်တ ကူသွေးခြေဥခြင်းနှင့် သွေးထွက်လွယ်ခြင်း တို့ကိုဖြစ် စေသည်။ဗီတာမင်ကေ ပိုလျှံပါက မွေးကင်းစ ကလေး များ အသားဝါခြင်း၊သွေးနီဥကွဲ၍ဖြစ်သော သွေးအားနည်း ရောဂါ၊ သွေးထဲတွင် ဘီလီရူဘင်ခေါ် သည်းခြေ ဓါတ်မြင့်တက်ခြင်း၊သွေးကျဲဆေးအာနိသင်ကို ပျက်စေခြင်း၊ ကျောက်ကပ်မကောင်း၍ ကျောက်ကပ်ဆေး ရသော လူနာများတွင် ဗီတာမင်ကေ ပါသောဆေး သောက်မိပါက ကျောက်ကပ်ဆေး၍ မရခြင်းများဖြစ်တတ်သည်။
          ဂျင်ဆင်းပါသောဆေးများသည် အိပ်မပျော်ခြင်း၊ဓမ္မတာမမှန်ခြင်း၊ သားမြတ်နာကျင်ခြင်း၊နှလုံးခုန်နှုန်း မြန်ခြင်း၊သွေးပေါင်းချိန်တက်ခြင်း,ကျခြင်း၊ခေါင်းကိုက်ခြင်း၊ခံတွင်းပျက်ခြင်း၊ဝမ်းလျှောခြင်း၊ယားယံခြင်း၊အရေ ပြားအနီကွက်ထွက်ခြင်း၊မူးဝေခြင်း၊အမူအကျင့်ပြောင်းလဲခြင်း စသည်တို့ ဖြစ်တတ်သဖြင့် သတိနှင့်ပေးကြရ သည်။
ဆေးနှင့်ကျန်းမာရေးခေါင်းစဉ်အောက်တွင် နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ကျန်းမာရေးဆိုင်ရာ ဆေးဝါးအမျိုးမျိုးသည် သေချာသုံးတတ်လျှင် လူတို့အတွက် အကျိုးများသော်လည်း မသုံးတတ်လျှင်ဘေး ဖြစ်နိုင်ပါသည်။သို့ပါ၍ ဆေးဝါးနှင့်ပတ်သက်၍ အကျိုးရှိစေပြီး၊ဘေးမဖြစ်စေရန်အတွက် အောက်ပါ အချက် များ ကို လိုက်နာမှသာကျန်းမာသက်ရှည်နေနိုင်မည်ဖြစ်ပါသည်။                                                 (၁)ဆေးကို တကယ်မှီဝဲဘို့လိုအပ်ခြင်း(Definite indication)မရှိဘဲ မမှီဝဲပါနှင့်၊မပေးပါနှင့်။ အဘယ့်ကြောင့် ဆိုသော် ဆေးသည် ရောဂါကို သက်သာပျောက်ကင်း သက်သာစေနိုင်သော်လည်း၊အကိုက် အခဲပျောက်ဆေး တစ်လုံးတည်းနှင့်လည်း အစာအိမ်သွေးကြောပေါက်နိုင်သည်ကို သတိချပ်သင့်၏ (ဥပမာ Butazolidine-အကိုက်အခဲပျောက်ဆေးတမျိုး )။ နှလုံးခုန်ရပ်သွားနိုင်သည်(ဥပမာ Propranolol)။ မျက်စဉ်းခပ်ရုံနှင့်ပန်းနာရင်ကျပ်ထသွားနိုင်သည်(ဥပမာTimololမျက်စဉ်း)။                                               (၂)ဆေးမှန်မမှန် စစ်ဆေးပါ။အမှန်တကယ် မှီဝဲဘို့လိုသောဆေး၊ ဆရာဝန် ညွှန်သောဆေးကို မမှီဝဲခင် ဆေး အမည်မှန်မမှန်၊ ဆေးဝါးဓါတုအမည် မှန်မမှန်၊ပါဝင်သောပစ္စည်းများ၊ ဆေးပမာဏ သေချာစွာစစ်ဆေးပါ။တတ် နိုင်လျှင် ဆေးညွှန်းစာရွက်ကို သေချာစွာဖတ်ပါ။မဖတ်တတ်ပါက ဖတ်နိုင်သောသူ၊ဘာသာ ပြန်ပေးသော သူကို ဖတ်ခိုင်းလျှင် ပို၍ကောင်း၏။                                       (၃)သောက်ရ မှီဝဲရမည့်ဆေးပမာဏ၊သောက်ရမည့် အချိန်နာရီ၊အကြိမ်အရေအတွက်နှင့် မည်သို့မည်ပုံ သောက်ရမည်ကို သေချာစွာလိုက်နာရမည်။ လေးပုံတပုံသောက်ရမည်ကို ပိုကောင်းအောင်တခြမ်းသောက်၍ မရ။ တစိတ်သောက်ရမှာ တခြမ်းသောက်လျှင် တချို့ဆေးများ သေသည်အထိအန္တရာယ်ရှိသည်(ဥပမာ ဒီဂေါက်ဆင် Digoxin-နှလုံးဆေး)။တနေ့တကြိမ် သောက်ရမည့်ဆေးကို နှစ်ကြိမ်သောက်လျှင်၊ဆေးအဆိပ် သင့်ခြင်း၊ ဆေးလွန်ခြင်းဖြစ်နိုင်သည်။အစာနှင့်သောက်ရမည့်ဆေးကို အစာနှင့်မသောက်လျှင် အစာအိမ် ထိခိုက်နိုင်သည်။အစာမရှိသောအချိန်တွင် သောက်ရမည့် ဆေးကို အစာနှင့်သောက်လျှင် ဆေးအာနိသင် လျော့နိုင်သည်။                                                                                                      (၄)ဆေးသောက်ရမည့် (မှီဝဲရမည့်) ကာလအပြည့်မှီဝဲရမည်။ ရောဂါဝေဒနာ သက်သာသော်လည်း ဆေးကိုမိမိ သဘောနှင့် မရပ်ရ(ဥပမာ တီဘီဆေး၊ ခြောက်လပြည့်အောင် မသောက်လျှင် ဆေးယဉ်ပါးမှုတီဘီဖြစ်၍ ရောဂါ ပိုဆိုး၊ပိုကုရခက်၊ပိုကာလရှည်သွားတတ်သည်)။ပဋိဇီဝဆေးများကို ဆေးပတ်လည်အောင်သောက်ရသည်။ ပြီး လျှင် ဆရာဝန်မညွှန်ကြားပဲ ဆက်၍၊စွဲ၍ မိမိသဘောနှင့် မသောက်ရ၊ မမှီဝဲရ။မှီဝဲပါက ဆေး၏ဘေးထွက်ဆိုး ကျိုးများ ပို၍ခံစားရခြင်း၊အခြားရောဂါပိုးများ ထကြွသောင်းကျန်းခြင်း ဘေးများ ကြုံရလေ့ရှိသည်။                                                         (၅)သောက်နေသောဆေးများရှိပါက ဆရာဝန်အားပြောပြပါ။သို့မှသာ လောလောဆယ်ဖြစ်နေသော ရောဂါ အတွက်ဆေးညွှန်းသောအခါ၊ ယခင်သောက်နေသော ဆေးများကို အားပေးခြင်း၊ဆန့်ကျင်ခြင်း၊ မတည့်ခြင်း များရှိပါက ဆရာဝန်ကချင့်ချိန်နိုင်ရန် ဖြစ်သည်။                               (၆)ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊သွေးတိုးဆီးချို စသည့် ရောဂါများရှိပါက ဆရာဝန်အားပြောပြပါ။ သို့မှသာ ဆေးကိုချင့်ချိန်၍ပေးနိုင်မည်။ ကျောက်ကပ်လုပ်ငန်း ချို့ယွင်းနေသောသူများတွင် ဆေးပမာဏ ကိုလျှော့၍ ပေးရသည်။ကျောက်ကပ်က သာမန်လူများလောက် ဆေးကိုမစွန့်ထုတ်နိုင် သောကြောင့်ဖြစ် သည်။ကျောက်ကပ် ထိခိုက်မည့်ဆေးများကို ရှောင်၍ပေးရသည်။ပါရာစီတမော၊တက်ထရာဆိုက်ကလင်း စသည်ကဲ့သို့သော အသည်းထိခိုက်စေသည့် ဆေးများကို အသည်းမကောင်းသူများတွင်ပေးလေ့မရှိ။ပန်း နာရင်ကျပ်ရောဂါရှိသူများ၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများတွင် ရေတိမ်ရောဂါအတွက်ပေးသော တီမို လော (TIMOLOL)မျက်စဉ်းခတ်လျှင် ပန်းနာရင်ကျပ်နှင့် နှလုံးရောဂါကို ပိုဆိုးစေသည်။ပိုကြွစေသည်။                                                      (၇)ဆေးတိုင်းတွင်ဘေးထွက်ဆိုးကျိုး(Side effects)နှင့် ဓါတ်မတဲ့ခြင်း (Allergy)ရှိသဖြင့် ဆေးမှီဝဲပြီး ဆေး ကြောင့်ဖြစ်သော ရောဂါဝေဒနာ တခုခုခံစားရပါက သက်ဆိုင်ရာဆရာဝန်၊ကျန်းမာရေးဝန်ထမ်းထံ အမြန်ဆုံး အကြောင်းကြား၍ လမ်းညွှန်မှုကိုခံယူပါ။                                             (၈)ရောဂါပျောက်ချင်စိတ်လွန်ကဲ၍ မည်သည့်ဆေးပစ္စည်း ပါဝင်သည်ဟု တိကျစွာဖော်ပြမထားသော ဆေး များကို မမှီဝဲသင့်ပါ။လူပြောသူပြောများ၍ သေချာပေါက် ရောဂါအမြစ်ပြတ်သည်ဟု ဆိုတိုင်းမယုံကြည်သင့်ပါ။ ဥပမာ ဆီးချိုသွေးချိုရောဂါ ပျောက်သည်ဆိုသောဆေး(တိုင်းရင်းဆေးအမည်တပ်ထားသောအချို့ဆေးများ) တွင် အနောက်တိုင်း ဆီးချိုသွေးချိုကျဆေးများ အမှုန့် ကြိတ်၍ ထည့်ထားနိုင်သည်။မိမိ မူလသောက်နေသော ဆီးချိုကျဆေးနှင့် အာနိသင်ထပ်တိုး၍ ဆီးချိုသွေးချို အလွန်ကျသွားပါက၊ အသက်အန္တရာယ်စိုးရိမ်ရ၍ဖြစ်ပါ သည်။

ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

15.8.18

မျက်ကပ်မှန်ဆိုသည်မှာ ။၁၄/၈/၁၈ ရက်နေ့ထုတ် ရတနာပုံသတင်းစာပါဆောင်းပါး။ ပြည့်အောင်(COA)


             

   မျက်ကပ်မှန်များသည် မျက်ကြည်လွှာပေါ်တွင် အဝန်းညီစွာထိကပ်လျှက် သက်တောင့် သက်သာ တပ်ဆင်နိုင်ရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသော မျက်စိအမြင်ဆိုင်ရာ အထောက်အကူပြု ပစ္စည်း ဖြစ်ပါသည်။မျက်မှန်လိုအပ်ချက်ကြောင့် မျက်စိမှုန်သူများသည် မျက်ကပ်မှန်ကိုတပ်ခြင်းဖြင့်၊ မျက်မှန်ကဲ့သို့ပင် မျက်စိတွင်းဝင်ရောက်လာသည့် ပုံရိပ်အလင်းတန်းများအား မြင်လွှာတွင်မှန်ကန်စွာ စုဆုံစေခြင်းအားဖြင့် ကြည်လင်သောအမြင်ကိုရရှိစေပါသည်။ မျက်ကြည်လွှာ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေရန် ပုံရိပ်ချိန်ဆမှုကို အတိုးအလျော့လုပ်ခြင်းဖြင့်လည်း ကူညီပေးပါသည်။အလင်း တန်းများကို မျက်ကြည် လွှာနှင့်တဆက်တည်း ဖြတ်သန်းနိုင်ခြင်းသည် မျက်ကပ်မှန်များ၏ အားသာ ချက်ဖြစ်ပါသည်။

မျက်မှန်အစားထိုး မျက်ကပ်မှန်ပါဝါအမျိုးမျိုး

        မျက်ကပ်မှန်များကို အမြင်အလျားတို၍ အဝေးမှုန်ခြင်း(Myopia)၊အမြင်အလျားရှည်၍ အဝေး မှုန်ခြင်း (Hyperopia)၊ဆလင်ဒါပါဝါကြောင့်မျက်စိမှုန်ခြင်း(Astigmatism)နှင့်သက်ကြီး အနီးမှုန်ခြင်း (Presbyopia) စသည့် မျက်စိမှုန်ခြင်းများအတွက် မျက်မှန်အစားထိုး အသုံးပြုရန် ရည်ရွယ်ထုတ် လုပ် ထားပြီး၊ အသုံးပြု သူများကလည်း အမျိုးမျိုး အစားစားရွေးချယ်၍ အသုံးပြုနေကြပါသည်။

        အမြင်အလျားတိုသောကြောင့် အဝေးမှုန်သူများ(Myopia)အတွက် ထုတ်လုပ်သော မျက်ကပ် မှန်များ သည် မျက်မှန်တွင်အသုံးပြုသော ရိုးရိုးမှန်များကဲ့သို့ပင်၊ မျက်ကပ်မှန်၏ အလယ်ဗဟိုတွင်ပါး၍ ဘေးပတ် လည်က(မှန်ဘီလူးခွက်ကဲ့သို့) ပို၍ထူပါသည်။အမြင်အလျားတိုသောကြောင့် မျက်စိမှုန်သူ များသည် အလင်း စုဆုံမှုများ သောကြောင့်၊ကြည်လင်သော အမြင်အာရုံကိုဖြစ်ပေါ်စေသည့် မြင်လွှာ ပေါ်တွင် အလင်းတန်းများ စုဆုံခြင်းမရှိဘဲ မြင်လွှာ၏ရှေ့တွင် စော၍စှုဆုံသဖြင့် မျက်စိမှုန်ခြင်းဖြစ်ပါ သည်။ အလယ်တွင်ပါး၍ ဘေးပတ်လည်တွင်ထူသော မျက်ကပ်မှန်ကို တပ်ဆင်ခြင်းဖြင့် မြင်လွှာ ၏ရှေ့ တွင်စော၍စှုဆုံနေသော အလင်းတန်းများကိုခွဲဖြာစေလျှက် မြင်လွှာပေါ်တွင် တတပ်တည်း ကျရောက်စေခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကိုရရှိစေမည်ဖြစ်ပါသည်။

        အမြင်အလျားရှည်သောကြောင့် အဝေးမှုန်သူများအတွက်ထုတ်လုပ်သော မျက်ကပ်မှန်များ သည် အလယ်ဗဟိုတွင်ထူ၍(မှန်ဘီလူးခုံးကဲ့သို့) ဘေးပတ်လည်တွင်ပါးပါသည်။အမြင်အလျားရှည် သောကြောင့်မျက်စိမှုန်သူများသည် အလင်းတန်းများခွဲဖြာမှုများသောကြောင့် ကြည်လင်သော အမြင် အာရုံကိုဖြစ်စေသည့် မြင်လွှာပေါ်တွင် အလင်းတန်းများစုဆုံကျရောက်ခြင်းမရှိဘဲ မြင်လွှာကိုလွန် လျှက် မြင်လွှာ၏ နောက်တွင် အလင်းတန်းများစုဆုံသောကြောင့်မျက်စိမှုန်ရခြင်းဖြစ်ပါသည်။ အလယ် တွင်ထူ၍ ဘေးပတ်လည်တွင်ပါးသော မျက်ကပ်မှန်ကိုတပ်ခြင်းဖြင့် ခွဲဖြာအားများသော အလင်းတန်း များကို စုဆုံ၍ မြင်လွှာပေါ်တွင် တထပ်တည်းကျရောက်စေခြင်းဖြင့် ကာယကံရှင်အား ကြည်လင်သော အမြင်အာရုံ ကိုရရှိစေမည်ဖြစ်ပါသည်။

          ပုံမမှန်အလင်းတန်းများကြောင့် မြင်လွှာပေါ်တွင်ခြားနားသောဆုံမှတ်များကျရောက်၍ မျက်စိ မှုန်သူများ(Astigmatism)သည် လိုအပ်သောနေရာများ၌ အထူအပါးအားဖြည့်ထားသည့် မျက်ကပ် မှန်များကိုတပ်ဆင်မှသာ ကြည်လင်သောအမြင်အာရုံကိုရရှိစေမည်ဖြစ်ပါသည်။ထိုသူများသည် များ သောအားဖြင့် မျက်ကြည်လွှာအခုံးမညီခြင်းကြောင့် မျက်စိမှုန်ခြင်းဖြစ်ပါသည်။အမြင်အလျားတို၍ မျက်စိမှုန်ခြင်း၊ အမြင်အလျားရှည်၍မျက်စိမှုန်ခြင်းများနှင့်လည်းတွဲလျှက် တွေ့ရတတ်ပါသည်။ ဆလင် ဒါပါဝါဟု အများကခေါ်သော ထိုမျက်ကပ်မှန်များ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ရှုပ်ထွေးပါသည်။ မှန် အထူအပါးနေရာအမျိုးမျိုးပါဝင်သော အထူးစီစဉ်ထုတ်လုပ်ရသော အမျိုးအစား လည်းဖြစ်ပါသည်။ ၎င်းကို အားဖြည့်မျက်ကပ်မှန်(Tonic contact lens) ဟုခေါ်ပါသည်။ ထောင့်မှန်နှင့်ထောင့်ဖြတ်(၉၀ံ နှင့်၁၈၀ံ)နေရာများတွင် လိုအပ်သော အလင်းတန်းဆုံမှတ်များ ရရှိစေရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား သောကြောင့် ဆလင်ဒါပါဝါခေါ် Astigmatism ရှိသောကြောင့် မျက်စိမှုန်သူများအတွက် ကြည်လင် သောအမြင်အာရုံကိုရရှိစေမည်ဖြစ်ပါသည်။

          အသက်အအရွယ်ကြီးရင့်မှု့ကြောင့် အနီးရောအဝေးတွင်ပါ မျက်စိမှုန်သူများသည်  သီးခြားပါဝါ နှစ်မျိုးပါသော ဘိုင်ဖိုကယ်မျက်ကပ်မှန်များကိုအသုံးပြုမှသာ အဝေးကြည့်နှင့်အနီးကြည့်နှစ်မျိုလုံးကို ကြည်ကြည်လင်လင်မြင်နိုင်မည်ဖြစ်ပါသည်။မှန်တခုထဲတွင် တွဲလျှက်ပုံစံထုတ်လုပ်ထားသောကြောင့် အနီးကြည့်နှင့် အဝေးကြည့်နှစ်မျိုးစလုံးအသုံးပြုနိုင်ခြင်းဖြစ်၏။ဤမျက်ကပ်မှန်အမျိုးအစားကို စာရေး သူတို့ အသိုင်းအဝိုင်းတွင် အလွန်အသုံးနည်းပါသည်၊ဈေးကွက်တွင် ပစ္စည်းရှိ/မရှိပင် မသေချာပေ။

အဆင့်မြင့်မျက်ကပ်မှန်များ

မျက်ကပ်မှန်ခေတ် အစောပိုင်းကာလ၏ လိုအပ်ချက်များကို အဆင့်မြင့် မျက်ကပ်မှန်များတွင် ဖြည့်စွက်ထုတ်လုပ်ထားသည်ကိုတွေ့ရ၏။မျက်ကြည်လွှာပေါ်တွင် အံဝင်ဂွင်ကျထပ်လျှက် တပ်ဆင် ရသောကြောင့် မျက်ကြည်လွှာထိခိုက်မှုမရှိစေရန်နှင့် မျက်ရည်စိမ့်ဝင်နိုင်စေရန်အတွက် ငွေ့ရည်စိမ့်ဝင် နိုင်သော(Gas permeable - GP)စနစ်၊မျက်ကြည်လွှာ အခုံးမညီသောကြောင့် မျက်စိမှုန်သည့် ဆလင် ဒါပါဝါ (Astigmatism)၊မျက်ကြည်လွှာ ရှေ့သို့ပို၍ချွန်ထွက်လာမှုကြောင့် အမြင်အလျားတို၍ မျက်စိမှုန် သည့် အဝေးမှုန်(Myopia) စသည်များအတွက် မျက်ကြည်လွှာကိုပြုပြင်သည့်စနစ်၊ စသည်များပါဝင် လာ ပါသည်။ ထိုစနစ်များကြောင့် မျက်ကပ်မှန်တပ်သည့် အချိန်ကြာသော်လည်း မျက်ကြည်လွှာကို မထိ ခိုက်ခြင်းနှင့် ကြည်လင်ပြတ်သားသော အမြင်အာရုံကိုရရှိခြင်း စသည့်အကျိုးထူးများကိုခံစားရပါ သည်။မျက်မှောက်ခေတ်တွင် ထိုမျက်ကပ်မှန်များကို အဝေးမှုန်သူများ၊ဆလင်ဒါပါဝါရှိသူများနှင့် သက် ကြီးမျက်စိမှုန်သူများ စသည့်ဖြင့် အသုံးပြုလာကြပြီဖြစ်ပါသည်။

ထို့ပြင် အမြင်အလျားတိုသောကြောင့် အဝေးမှုန်သူများအတွက် မျက်ကြည်လွှာကို ပြုပြင်ရန် အထူးထုတ်လုပ်ထားသော အဆင့်မြင့်မျက်ကပ်မှန်တမျိုးလည်းရှိပါသေးသည်။ထိုမျက်ကပ်မှန်သည် ညအိပ်ချိန်တွင် တပ်ဆင်၍အိပ်ရပြီး နေ့အချိန်တွင်ဖြုတ်ထားရပါသည်။တပ်ဆင်၍ထားသော ညအချိန် တွင် အခုံးအခွက်ပုံမှန်မဟုတ်သော မျက်ကြည်လွှာကို ပြုပြင်ပေးသောကြောင့်၊နေ့ဖက်တွင် မျက်ကြည် လွှာသည် ယာယီအားဖြင့် အကောင်းပကတိဖြစ်နေပြီး ကြည်လင်သောအမြင်အာရုံကို ရရှိစေမည်ဖြစ် ပါသည်။
          အများပြည်သူဖျော်ဖြေရေးလုပ်ငန်းများတွင် အထူးပြုလုပ်ချက်များ၌ သုံးသော မျက်ကပ်မှန် များနှင့် အဖြူရောင်အမာရွတ်ရှိသော မျက်ကြည်လွှာကို အမြင်တင့်တယ်စေရန် ဖုံးအုပ်တပ်ဆင်သော မျက်ကပ်မှန် များသည်လည်း အဆင့်မြင့်မျက်ကပ်မှန်များတွင်ပါဝင်ပါသည်။

ပြည့်အောင်(COA)

7.8.18

ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၅) ။(၇/၈/၁၈ ရက်နေ့ထုတ် ကြေးမှု့သတင်းစာပါဆောင်းပါး။ ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)







 ရေနှင့်ကျန်းမာရေး

         “ရေအသက် တစ်မနက်၊ထမင်းအသက် ခုနှစ်ရက်”ဟုဆိုရိုးစကားရှိ သည့်အတိုင်း ရေသည် ကျန်းမာ သက်ရှည်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။လူ့ခန္ဓာကိုယ်၏ ၆၀%သည် ရေဖြစ်ပြီး ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများတွင်မရှိမဖြစ် လိုအပ်သည်။

ရေ၏လုပ်ငန်းတာဝန်များ။

(၁) ဆဲလ်အသက်(Cell Life)။    ။ရေမရှိလျှင် ဆဲလ်များအသက်မရှင်နိုင်။ ဆလ်အသက်မရှင်နိုင်လျှင် လူလည်းမသက်မရှင်နိုင်။ရေသည် ဆဲလ်ထဲဝင်ရောက်၍ဆဲလ်၏အစိတ်အပိုင်းတခုဖြစ် သည်                                                                                                                           (၂)ဓါတုနှင့် ဇီဝကမ္မ ဓါတ်ပြုမှုများ။    ။ကျွန်ုပ်တို့စားလိုက်သောအစား အစာများ (အသားဓါတ်၊အဆီဓါတ် နှင့်ကစီဓါတ်များ)ကို ဇီဝဓါတုဖြိုခွဲ ခြင်း တွင် ရေရှိမှဖြစ်နိုင်သည်။ 
(၃)အဟာရဓါတ်များ သယ်ယူပို့ဆောင်ခြင်းနှင့် အညစ်အကြေးများစွန့် ထုတ်ခြင်း။    ။ ရေသည်သွေး၏ အဓိက ပါဝင်ပစ္စည်းဖြစ်သည်။သွေးသည် အာဟာရဓါတ်ကို လိုအပ်သောနေရာသို့ ပို့ဆောင်ပေးသည်။ ကျောက်ကပ် သည် ခန္ဓာကိုယ်မှအညစ်အကြေးများကို ဆီးထဲတွင်စွန့်ထုတ်သည်။ဆီး၏ အဓိကပါဝင် ပစ္စည်းသည် ရေဖြစ် သည်။                                                                                                                         (၄)ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း။    ။ခန္ဓာကိုယ်အပူချိန်တက် လာသောအခါ၊ချွေးထွက်၍ အငွေ့ပျံစေ ခြင်းဖြင့် ခန္ဓာကိုယ်အပူချန်ကို ကျ စေသည်။ချွေး၏ အဓိကပါဝင်ပစ္စည်းသည် ရေဖြစ်သည်။

                  ရေသည် တစ်ရှုးများကိုစိုစွတ်စေသည်။(အထူးသဖြင့် ခံတွင်းမျက်စိနှင့်နှာခေါင်း) ။ခန္ဓာ ကိုယ် ၏အင်္ဂါများနှင့် တစ်သျှူးများကို ကာကွယ်ပေးသည်။အရိုးအဆစ်များ၏ လှုပ်ရှားမှုများကိုချော မွေ့စေသည်။ ကျောက်ကပ်နှင့် အသည်းပေါ်တွင် ဝန်ထုပ်ဝန်ပိုးကိုလျော့စေသည်။ ဝမ်းမချုပ်အောင် ကာကွယ်ပေးသည်။ အစာချေရာတွင် ပါဝင်ကူညီပေးသည်။ သွေးထဲတွင် ရေလုံလောက်စွာရှိမှ သွေးထုထည်ပုံမှန်၊ သွေးဖိအား   ပုံမှန်ဖြစ်၍ ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ရေဓါတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးသည်။
ရေဓါတ်ချို့တဲ့ခြင်း
ခန္ဓာကိုယ်တခုလုံးရှိရေဓါတ်များခမ်းခြောက်၍ ဇီဝကမ္မဖြစ်စဉ်များ ရပ်တန့်သွားခြင်းကို ရေဓါတ်ချို့တဲ့ ခြင်းဟု ခေါ်သည်။၅% မှ ၈% ချို့တဲ့လျှင် နှုံးခွေ၍ ခေါင်းမူးလာမည်။ ၁၀% အထက်ချို့တဲ့လျှင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်လာပြီး၊ရေအလွန်ငတ်လာမည်။ ၁၅% မှ ၂၅%ထိရေဓါတ်ချို့တဲ့လျှင် အသက်သေဆုံးနိုင်သည်။ ရေဓါတ်ချို့တဲ့ရ ခြင်း အကြောင်းရင်းများတွင် ဝမ်းပျက်ဝမ်လျောခြင်း၊အန်ခြင်း၊ ဆီး လွန်ခြင်း၊ ချွေးထွက်လွန်ခြင်းတို့ပါဝင်သည်။ထို့ပြင် မည်သည့်ရောဂါမဆို၊ခန္ဓာကိုယ် ရေဓါတ်ထိန်းညှိခြင်းစနစ် (Body water balance)ကိုထိခိုက်လျှင် ရေဓါတ်ချို့တဲ့နိုင်သည်။

ကာကွယ်ခြင်း

(၁)ရေကိုလုံလောက်စွာ မှန်မှန်သောက်ရမည်။ရေဆာသည်အထိ မစောင့် သင့်၊တနေ့လျှင် အနည်းဆုံး ၁.၅ လီတာ သောက်သင့်သည်။                                                                                                 (၂)ပူအိုက်သောအချိန်၊ အားကစားလုပ်သောအချိန်များတွင် ရေကို ပိုသောက်ရမည်။     (၃)ချွေးထွက်လွန်ခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်း၊အန်ခြင်း၊ဆီးလွန်ခြင်းများရှိပါက၊ရေဓါတ်သာမက ဆားဓါတ်များပါ ဆုံးရှုံးသဖြင့်၊ ရေ နှင့်ဓါတ်ဆားပါ သောအရည်(ဥပမာ ဓါတ်ဆားရည်၊သီးစုံဓါတ်ဆား)စသည်တို့ကို များများ သောက်ပေးရမည်။လိုအပ်ပါက(ဥပမာ သွေးပေါင်ချိန်အလွန်ကျလျှင်) ဆရာဝန်က ရေနှင့်ဓါတ်ဆား အကြော ဆေးပုလင်းကြီးသွင်းပေးရသည်။
ရေဓါတ်လွန်ကဲခြင်း(Overhydration)
          ပုံမှန်အားဖြင့် ရေဓါတ်လွန်ကဲမှု ဖြစ်ခဲပါသည်။အထူးသဖြင့် အားကစားသမားများတွင် လည်းကောင်း၊ ကျောက်ကပ်မကောင်းသူများတွင် လည်းကောင်း၊နှလုံးရောဂါ၊အသည်းရောဂါ ရှိသူများတွင်လည်းကောင်း၊ လမစေ့ဘဲမွေးသော ကလေးများတွင်လည်းကောင်း၊စိတ်ကျရောဂါကုဆေး သောက်နေရသူများတွင်လည်း ကောင်း ရေဓါတ်လွန်ကဲခြင်းဖြစ်တတ်သည်။ပစ်ကျူထရီဂလင်းမှ ဗေဆိုပရက်စင်ခေါ် ဟော်မုန်းကို လိုသည် ထက် ပိုထုတ်လျှင်လည်း ရေဓါတ်လွန်ကဲမှုဖြစ်တတ်သည်။ ဦးနှောက်ဆဲလ်များသည် ရေဓါတ်လွန်ကဲမှုကို ထိခိုက်လွယ်သည်။ ပျို့အန်ခြင်းနှင့် လမ်းကိုတည့်အောင် မလျှောက်နိုင်ခြင်းလက္ခဏာများဖြင့် စ၍ ပိုဆိုးလာ သောအခါ၊ကယောင်ချောက်ချားဖြစ်ခြင်း၊တက်ခြင်း၊ သတိမေ့ခြင်းနှင့်သေဆုံးခြင်းများဖြစ်တတ်သည်။

ရေနှင့်ကျန်းမာရေး၏ အဓိကအချက်များ

(၁)ရေဓါတ်မချို့တဲ့အောင် ရေမှန်မှန်သောက်ဖို့လိုသလို ရေဓါတ်မလွန်ကဲ အောင်လဲ ဂရုစိုက်ရမည်။                                                                                (၂)အခြားသူများကရေများများသောက်လျှင် ကျန်းမာရေးကောင်းသည် ဆိုတိုင်း ပုံသေမမှတ်သင့်။ ကျောက် ကပ်မကောင်းသူများ၊နှလုံးရောဂါ၊ အသည်းရောဂါရှိသူများနှင့်ရေတိမ်ရောဂါရှိသူများတွင် ရေများများ သောက် ပါကရောဂါပိုဆိုးနိုင်သည် ။                                                                                                                   (၃)ရေဓါတ်လွန်ကဲခြင်း မဖြစ်အောင်ရေကို လျှော့သောက်ရုံသာမက “ဆား”များကိုပါ စားသုံးမှုပမာဏ လျှော့ရ မည်။ ဆားဓါတ်သည် ရေနှင့်အရည်များကို ဆွဲယူတတ်သောကြောင့်ဖြစ်သည်။

          “ဆား”ဟုဆိုရာတွင်၊ “ငန်သောဆား”နှင့် “မငန်သောဆား”ဟူ၍ နှစ်မျိုးရှိ သည်။ “မငန်သောဆား” ပါဝင်သော အစားအစာများမှာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည်တို့ဖြစ်သည်။ “မငန်သောဆား” ပါဝင်သော အစားအစာများမှာ ဆိုဒါ(မုန့်ဖုတ်ဆိုဒါ)ပါဝင်သော ထပ်တရာ၊အီကြာ ကွေး၊ပလာတာ စသည့်မုန့်အမျိုးမျိုး၊ ကြာရှည်ခံဆား (Preservatives) ပါဝင်သော အစားအစာများ၊အချိုမှုန့် အသားမှုန့်စသည်တို့ပါဝင်သည်။

          “ဆား”များသော အစားအစာများသည် သွေးကိုတိုးစေသည်။ နှလုံးရောဂါရှိသူများတွင် ပို၍ မောစေ ဖောစေသည်။အသည်းရောဂါရှိသူ များတွင် ရေဖျဉ်းပိုတင်းလာစေသည်။ကျောက်ကပ်မကောင်းသူများတွင် ပို၍ ဖောစေသည်။မျက်စိရေတိမ်ရောဂါ ရှိသူများတွင် မျက်စိရေချိန်တက်၍ မျက်စိကွယ်စေနိုင်သည်။ အငန်ရှောင် ရုံနှင့်မလုံလောက်ဘဲ မငန်သောဆားများပါရှောင်သင့်သည့် သဘောပင်ဖြစ်ပေသည်။
  
(၈) စိတ်ဖိစီးမှုနှင့် ကျန်းမာရေး


          ကျန်းမာသက်ရှည်ခြင်း၏ လျှိုဝှက်ချက်များစွာရှိသည့်အနက် အရေးကြီးသည့် အချက်တချက်မှာ စိတ်ဖိစီးမှု ကင်းဝေးရေးဖြစ်ပါသည်။ ကိုယ်ခန္ဓာကျန်းမာနေ၍ “စိတ်သွာတိုင်းကိုယ်ပါ”သော်လည်း စိတ်ဖိစီးမှု များပါက “စိတ်ထောင်းတော့ ကိုယ်ကျေ”ဖြစ်ကာ ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်နိုင်ပြန်သည်။ထို့ကြောင့် “စိတ်သာရှင်စော ဘုရားဟော”ဆိုသည့် အတိုင်း၊ကိုယ်စိတ်ကို ကိုယ်သိဖို့၊စိတ်ထားတတ်ဖို့လိုသည်။ “စိတ် ထားတတ် မြတ်သည်”ဆိုတာထက်၊ စိတ်ထားတတ်လျှင် နှလုံးသွင်းတတ်လျှင်(ယောနိသော မနသီကာရော)အရာရာကို သိပ်မခံစားရတော့ပဲ၊စိတ်မဆင်းရဲရတော့ပဲ “နေတတ်လျှင် ကျေနပ်စရာ”တွေ တပုံတပင်နှင့် စိတ်ဖိ စီးမှုကင်းဝေးကာ ဘဝတွင်အနေပျော်မည် ဖြစ်ပေသည်။
          လောကတွင် လောကဓံတရားရှစ်ပါးရှိသည်ကို အစဉ်အမြဲ အောက်မေ့မှ နှလုံးသွင်း တတ်မည်ဖြစ်သည်။ “ကောင်း”လေးပါးဖြစ်သော လာဘ်လာဘရခြင်း၊အခြွေအရံပေါများခြင်း၊ ချစ်ခင်နှစ် သက်သူနှင့် ပေါင်းဖော်ရ ခြင်း၊ ချမ်းသာသုခရခြင်း လေးပါးကို အမြဲကြုံတွေ့နေရမည် မဟုတ်သည်ကို သိရမည်။တခါတရံ “မကောင်း” လေးပါး ဖြစ်သော လာဘ်လာဘမရခြင်း၊အခြွေအရံနည်းပါးခြင်း (အထီးကျန်ဆန်ခြင်း)၊ ချစ်ခင်နှစ်သက်သူ နှင့်ကွေကွင်း ရခြင်းနှင့် ဆင်းရဲဒုက္ခများလည်း ကြုံတွေ့ တတ်ကြောင်း သိထားရမည်။သို့မှသာ ရုတ်တရက်ကြုံ တွေ့လာပါက မအံ့သြ၊မထိတ်လန့်ပဲ စိတ်ဆင်းရဲမှု နည်းပါးမည်ဖြစ် ပေသည်။
           “ကြမ်းပေါက်ကျွံလျှင် နှုတ်၍ရ၏၊စကားကျွံလျှင်နှုတ်၍မရ”ဆိုသည့်အတိုင်း စကားတိုင်းကို စဉ်းစားချင့် ချိန်ပြီးမှ ပြောသင့်သည်။မဆင်မခြင်ပြောမိသောကြောင့်ပြဿနာတက်၍ စိတ်ဖိစီးမှုများရုံသာ မက အရှက်တကွဲ အကျိုးနဲ၍ ဘဝပျက်သည်အထိ ဖြစ်နိုင်သည်။ရှက်လွန်းမကရှက်သောကြောင့် စိတ်ကျရောဂါဖြစ်၍ ကိုယ့်ကိုယ် ကို သတ်သေလောက်သည့်အထိဖြစ်နိုင်သည်။
          ထို့ကြောင့် မသိလျှင် မသိဘူး၊ မတတ်လျှင် မတတ်ဘူး၊မကျွမ်းကျင်လျှင် မကျွမ်းကျင်ဘူး၊အမှန် အတိုင်း အရှိအတိုင်း ပြောရုံသာ။မသိပဲ နှင့် သိသယောင်၊မတတ်ပဲနှင့် တတ်သယောင်၊မကျွမ်းကျင်ပဲနှင့် ကျွမ်းကျင် သယောင် လုပ်ခြင်း။ချော်လဲရောထိုင်ခြင်းနှင့် လောလောဆယ် အဆင်ပြေလျှင်ပြီးရော သဘောထားခြင်း၊ မုသားစကားပြောခြင်းများပြုပါက ယခုအရှက်မကွဲသော်လည်း၊နောင်တချိန် အမှန်အတိုင်းသိသွားသော အခါ၊ ပို၍ အကြီးအကျယ် အရှက်ကွဲမည်ဖြစ်ပေသည်။ဤကဲ့သို့ မသိ၊ မတတ်၊မကျွမ်းကျင်ပဲ အယောင်ဆောင်မိခြင်း သည် မိမိကို သူတပါးအထင်သေးမှာ ကြောက်သောစိတ် ကြောင့်ဖြစ်ရသည်။မသိလျှင်မသိဘူး ပြောရမှာ မရှက်ပါနှင့်၊မတတ်လျှင် မတတ်ဘူးဖြေရမှာ မရှက်ပါနှင့်၊ မကျွမ်းကျင်လျှင် မကျွမ်းကျင်ဘူးပြောရမှာ မကြောက် သင့်။
          “စကားများ အမှားပါ”ဆိုသည့် အတိုင်း၊စကားများများပြောလျှင် အမှားပါတတ်သည်။ ထိုစကား အမှား ကြောင့် ပြဿနာဖြစ်လျှင်၊ပြဿနာ အကြီးအငယ်အလိုက်၊ပြောမိသူ ဒုက္ခဖြစ်ရသည်။ဖြေရှင်းရ သည်၊စိတ်ဖိစီး မှုများရသည်။မိမိနှင့် မဆိုင်သောကိစ္စ၊ အလှမ်းဝေးသောကိစ္စ၊မကျွမ်းကျင်သော ဘာသာရပ်တွင် ဝင်ရောက် ပြောဆိုဆွေးနွေးခြင်း၊ဝေဖန်ခြင်းမပြု အပ်၊ပြုလျှင် အမှားပါဘို့၊ပြဿနာတက်ဘို့ များသည်။
          စာရေးသူ၏ ဆရာရင်းဖြစ်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် ပါမောက္ခကြီးတဦးဖြစ်သူ ဆရာကြီး တဦးက အော်တိုမှတ်တမ်းစာအုပ်တွင် ဆုတောင်း(၃)ခုရေးပေးဘူးပါသည်။                                       (ဘုရားသခင်သို့တိုင်တည်လျှက်………………)                                                                (၁)မိမိလက်လှမ်းမီသောကိစ္စ(မိမိ တတ်နိုင်သောကိစ္စ)နှင့် မိမိလက်လှမ်း မမီသောကိစ္စ(မိမိမတတ် နိုင်သော ကိစ္စ) နှစ်ခုကို ခွဲခြားနိုင်သောဥာဏ် စွမ်းကိုပေးသနားတော်မူပါ။                                  (၂)မိမိတတ်နိုင်သောကိစ္စ(လက်လှမ်းမီသောကိစ္စ)များကို ခြင်္သေ့ကဲ့သို့ ရဲရင့်သော စိတ်ထားဖြင့်၊ စွမ်းစွမ်းတမံ အောင်မြင်အောင် လုပ်ဆောင် နိုင်သောစွမ်းအားကိုပေးသနားတော်မူပါ။             (၃)မိမိမတတ်နိုင်သောကိစ္စ(လက်လှမ်းမမီသောကိစ္စ)များကို မလုပ်ပေး နိုင်သောအခါ၊မလုပ်ပေးနိုင်ခြင်း အတွက် စိတ်ဆင်းရဲမှုမှ ကင်းဝေးအောင် စောင်မတော်မူပါဟူ၏။
          မိမိတတ်နိုင်သလောက် အလုပ်ကိုသာ နိုင်နင်း အောင်လုပ်သင့်သည်။ “အလုပ်လောဘ” ကြီးလျှင်၊ မနိုင်ဝန်ပိ၍ ကျန်းမာရေးထိခိုက်ရုံသာမက၊စိတ်ဖိစီးမှုပါ များလာနိုင်ပေသည်။မတတ် နိုင်သောအလုပ်ကို လည်း၊ မလုပ်ပေးနိုင်ရကောင်းလားဟု စိတ်ဆင်းရဲခြင်း မဖြစ်သင့်။

          စိတ်ဖိစီးမှုဆိုသည်မှာ လိုအပ်ချက်တခု၊အဖြစ်အပျက်တခုကို သင်၏ဦးနှောက်နှင့်ခန္ဓာကိုယ်က တုံ့ပြန် ချက်ပင်ဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်လျှင် ခေါင်းကိုက်ခြင်း၊ အစာအိမ်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အိပ်မပျော်ခြင်း လက္ခဏာများကိုကြုံရတတ်သည်။ ရောဂါအခံ ရှိလျှင် ရှိရင်းစွဲရောဂါကို ပိုဆိုးစေသည်။ စိတ်ဖိစီးမှုများသောအခါ အရက်သောက်ခြင်း၊ ဆေးလိပ် သောက် ခြင်းများကိုပြုတတ်သည်။ ထိုအရာ များသည် စိတ်ဖိစီးမှုကို မလျော့ပါး စေရုံသာမက ခန္ဓာကိုယ်ဖိစီးမှုကို ပိုများစေပြီး၊ပြဿနာပိုစေသည်။ စိတ်ဖိစီးမှုကြောင့် အရွယ်ရောက်ပြီးသူများ၏ ၄၃% သည် ကျန်းမာရေး ထိခိုက်သည်။ဆေးခန်းများတွင် ဆရာဝန်လာပြသူများ၏ ၇၅%မှ ၉၀%သည် စိတ်ဖိစီးမှုနှင့် ဆိုင်သော ပြဿနာ များဖြစ်နေသည် ။ခေါင်းကိုက်ခြင်း၊သွေးတိုးခြင်း၊နှလုံးပြဿနာများ၊ ဆီးချို သွေးချို၊ အရေပြားရောဂါများ၊ပန်းနာ ရင်ကျပ်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ စိတ်ကျရောဂါနှင့် စိုးရိမ်မှုလွန် ကဲသော ရောဂါများဖြစ်ရခြင်းတွင် စိတ်ဖိစီးမှုသည် ပါဝင်ပတ်သက်နေသည်။

ဗုဒ္ဓတရားလက်ကိုင်ထား
          ဗုဒ္ဓဘုရားဟောကြားဆုံးမခဲ့သော တရားတော်များသည် စိတ်ဖိစီး မှုကို လျော့စေသည်။စိတ်ဖိစီးမှု သက်သာပျောက်ကင်းစေရုံမက စိတ်ဖိစီးမှုအပါအဝင် ဒုက္ခအားလုံးချုပ်ငြိမ်းရာ ချမ်းသာအစစ်အမှန် မြတ် နိဗ္ဗာန် အထိပင်ရောက်နိုင် မျက်မှောက်ပြုနိုင်ပါသည်။
          ရွှေဟင်္သာ ဆရာတော်ဘုရားကြီးက မိန့်ဘူးသည် “ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊မဖဲ့မစောင်း၊ ကိုယ့်လမ်း ကြောင်းကို၊စိတ်ကောင်းနှင့်ယှဉ်၊ရှေ့ ရှုနှင်လော့”ဟူ၍ဖြစ်သည်။မှန်၏။ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်သွားလို သည့်ပန်းတိုင်ကို စိတ်ကောင်းနှလုံးကောင်းမွေး၍ သွားရုံသာ။ဘေးမှ မလိုမုန်းထားသူများက ခနဲ့ခြင်း၊ကဲ့ရဲ့ပြစ် တင်ခြင်းများရှိပါက၊စိတ်ဖိစီးမှု မဖြစ်စေပဲ၊ ဆက်လက်လျှောက်လှမ်းရုံသာဖြစ်ကြောင်း မိန့်လိုရင်းဖြစ်ပါသည်။ ထို့ပြင် ဆရာတော်ကြီးက “သည်းခံနိုင်တဲ့ကိစ္စလည်း သည်းခံပါ၊ သည်းမခံနိုင်တဲ့ ကိစ္စကိုလည်း သည်းခံပါ” ဟုမိန့်ပါသေးသည်။ သည်းခံနိုင်တဲ့ကိစ္စ သည်းခံတာ မဆန်းချေ။ ဆန်းသည်က “သည်းမခံနိုင်တဲ့ကိစ္စ သည်းခံ ရန်”ဖြစ်သည်။မလွယ်သည့် ကိစ္စဖြစ်၏။ စာရေးသူတို့ ရုတ်တရက် သည်းမခံနိုင်ဟု ထင်ရသော ကိစ္စများ သည်(၁၅) မိနစ်ခန့် ခဏအောင့်အည်း၍၊ စကားတုန့်မပြန်ပဲ၊ လက်တုန့်မပြန်ပဲ၊ စဉ်းစားကြည့်ပါက၊သည်းခံလျှင် ဖြစ်နိုင်သောကိစ္စများ ဖြစ်နေတတ်သည်ကို တွေ့ကြရမည်ဖြစ်ပါသည်။
          မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ပစ္စကပရဗိုဒ်က၊မှိုချိုးမြှစ်ချိုး ပြင်းပြင်းထန်ထန် ကဲ့ရဲ့ပြောဆိုသော အခါ၊မြတ်စွာဘုရားက “အသင်ပြော လို့ ပြီးပြီလား၊ပြီးလျှင် သင့်စကားများကို သင်ပြန်ယူသွား ပါတော့၊ အကျွန်ုပ် မယူပါ”ဟု ပြန်ပြောခဲ့လေသည်။ကိုယ်ကမှန်နေ ရန်သာလိုသည်။မည်သို့ပင် ကဲ့ရဲ့ပြစ်တင်ပါစေ ၊ဒေါသထွက်စရာ မလို၊ခွန်းတုန့်ပြန်စရာမလို၊စိတ်လှုပ်ရှားစရာမလို သို့ဆိုလျှင် စိတ်ဖိစီးမှုလည်းဖြစ်ဖွယ် ရာမရှိပြီ။

ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)