ဆေးနှင့်ကျန်းမာရေး
လူသားတို့သည် ကျန်းမာရေးအတွက် ဆေးဝါးများကိုသုံးလေ့ရှိကြသည်။ကျန်းမာနေစဉ်
အားဆေး၊ အသက်ရှည်ဆေး၊ ကာမအားတိုးဆေး စသည်ဖြင့် မှီဝဲသလို၊နေမကောင်းဖြစ်သောအခါ၊ ရောဂါဖြစ်သော
အခါ၊ မိမိ ဖာသာဆေးသောက်ခြင်း၊ ဆေးဆရာ၊ ဆရာဝန်များ ညွှန်ကြားသောဆေးများ သောက်ခြင်းဖြင့်၊
ခံစားရသော ရောဂါများကို သက်သာပျောက် ကင်းအောင် အားထုတ်ကြရသည်။
ဆေးဝါးဆိုသည်မှာ ရောဂါဝေဒနာသက်သာပျောက်ကင်းစေရန်၊
သစ်တောထွက်ပစ္စည်း၊တရိစ္ဆာန်ထွက် ပစ္စည်း၊ ဓါတုပစ္စည်း စသည်တို့မှ အမယ်တစ်မျိုးတည်းဖြစ်စေ၊
တမျိုးထက်ပိုသောပစ္စည်းအမယ်များဖြင့် ဖြစ်စေ၊ ဖော်စပ်ထားသော ပစ္စည်းဖြစ်ပေသည်။ဆေးဝါးတွင်ပါ ဝင်သော
ပစ္စည်းတွင် ရောဂါသက်သာပျောက်ကင်းစေ သော အာနိသင်( Pharmacological
Effect)ရှိသလို အခြားအာနိသင်(Side Effect)များ လည်းရှိပေသည်။
ရောဂါဝေဒနာတခုဖြစ်၍ နေမကောင်းဖြစ်လာလျှင်
ဆေးကုသမှု ခံယူရသည်။ ဆေးကုသမှုတွင် အထွေထွေကုသမှု
(General Treatment)နှင့် သီးသန့်ကုသမှု(Specific Treatment)ဟူ၍ နှစ်ပိုင်း ပါဝင်သည်။
ထိုနှစ်ပိုင်းစလုံးတွင် ဆေးဝါးဖြင့်ကုသမှုပါဝင်သည်။ အထွေထွေကုသမှုတွင် ခံစားနေရသော ဝေဒနာ(
ဥပမာ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်း၊ အန်ခြင်း၊ မူးခြင်းစသည်) များကို သက်သာပျောက်ကင်း
အောင်ပေးရသလို၊ သီးသန့်ကုသမှုတွင် ရောဂါဝေဒနာဖြစ်ရသည့် အကြောင်းရင်း( ဥပမာ ရောဂါ ပိုးကူးစက်
ခြင်း၊ရောင်ရမ်းခြင်း၊ သွေးကြောကျဉ်းခြင်းစသည်)များကို ပျောက်ကင်းစေရန်လည်း ဆေးဝါးများကို
ပေးရသည်။
ဆေးဝါးများကို
ခန္ဓာကိုယ်တွင်း ရောက်ရှိ၍ အာနိသင်ထိရောက် စွာပြစေရန် - ပါးစပ်မှလည်း ကောင်း (Oral
Route)၊ ကြွက်သားအတွင်း (ဥပမာ တင်ပါး၊ လက်မောင်း) ဆေးထိုးအပ်ဖြင့် ထိုး သွင်းခြင်း(IM–Intramuscular)၊
အရေပြားအောက်ထိုးခြင်း(SC–Subcutaneous)၊ နှာခေါင်းနှင့် ပါးစပ်မှရှူ သွင်းခြင်း (Inhalation)၊
စအိုတွင်းထည့်သွင်းခြင်း(Anal Supposities)၊ မျက်စဉ်းခပ်ခြင်း(Eye Drop) ၊နှာခေါင်းမှထည့်
ခြင်း (Nasal Drops)၊အကြောဆေး(Intravenous)၊အရိုးတွင်းဆေး(Intraosseous)၊ လေပြွန်ဆေး
(Endotracheal) ၊လျှာအောက်ဆေး(Sublingual)၊ အရေပြားလိမ်းဆေး(Topical)၊ မိန်းမကိုယ်ဆေး
(Vaginal)၊ နားဆေး(Ear drops)၊ကျောရိုးတွင်းဆေး(Intrathecal)၊ သွားဖုံးနှင့် ပါးစောင်ဆေး
(Buccal) စသည်ဖြင့် ပေးသွင်းကုသကြသည်။ယခုအခါ
လိုအပ်သောဆေးကို လို အပ်သောနေရာတွင် တဖြည်း ဖြည်းစိမ့်ထွက်နေ စေရန်၊ဆေးအိပ်ငယ် များမြှုပ်နှံခြင်း(Slow-releasing
devices Implantation)ဖြင့် ဆေးခဏခဏသောက် စရာ၊ထိုးစရာ၊ ထည့်စရာမလိုတော့အောင် တီထွင်စီမံမှုများရှိလာပြီဖြစ်သည်။
ဆေးများသည် လူသားတို့ ကျန်းမာသက်ရှည်ခြင်းအတွက်
အဓိကအခန်းမှ ပါဝင်သည်။ဆေးဝါးများ တွင် ရောဂါကာကွယ်ဆေးများလည်းပါဝင်သည်။ရောဂါကာကွယ်ဆေးများ
မပေါ်ခင်က ရောဂါကြောင့်သေလျှင် သေ၊ မသေပဲရှင်လာမှ ရောဂါပြီးခြင်း(Immune) ဖြစ်သည်။၁၇၉၈
ခုနှစ်တွင် အက်ဒွပ်ဂျင်းနား(Edward Jenner)က နွားကျောက်မှ အရည်ကြည်ဖြင့်၊ ကျောက်ရောဂါ(Small
Pox)ကို စတင်ကာကွယ်နိုင်ခဲ့သည်။၁၈၈၀ ခုနှစ်တွင် လူးဝစ်ပါချာ(Louis Pasteur)က ခွေးရူးပြန်ရောဂါ
ကာကွယ်ဆေးကို လည်းကောင်း၊ ၂၀ ရာစုအတွင်း ဆုံဆို့၊ကြက်ညှာ၊ပါးချိတ်ရောင်၊ ဝက်သက်၊ ဂျာမန်ဝက်သက်နှင့်
ရောဂါတော်တော်များများအတွက် ကာကွယ် ဆေးများ တီထွင်အသုံးပြု၍ ကာကွယ်နိုင်သဖြင့်၊ကျန်းမာသက်
ရှည်ခြင်းအတွက်၊အ ထောက်အကူပြုနိုင် ခဲ့သည်။သို့သော် ရေယုံ(Herpes Simplex)၊ငှက်ဖျား(Malaria)၊ဆီးဖြူ
ညောင်းကျ ဂနိုးရီးယားရောဂါ (Gonorrhea)၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ(H.I.V)၊အပါအဝင်
အရေးကြီးရောဂါ အချို့အတွက် ကာကွယ် ဆေး မပေါ်ပေါက်သေးပါ။
ဆေးဝါးများတွင် ပဋိဇီဝဆေးများသည် အရေးကြီးသော
နေရာမှပါ ဝင်သည်။ပလိပ်(Plague)၊ ကျောက် ရောဂါ(Small Pox)၊ကာလဝမ်းရောဂါ (Cholera) ၊တီဘီ(Tuberculosis)နှင့်
ယခုခေတ်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊အီဘိုလာ၊ကြက်/ငှက်/ဝက် တုတ်ကွေး စသည့် ကူးစက်ရောဂါများသည်
လူသန်းပေါင်းများစွာကို သေကြေပျက်စီးစေခဲ့သည်။ထိုကပ်ရောဂါများကို ကာကွယ်ဆေးဖြင့် ကာကွယ်ခြင်း၊ ပဋိဇီဝဆေးများဖြင့်
ကုသ ခြင်း များပြုကြရသည်။ပဋိဇီဝဆေးများသည် အစွမ်းထက်သလို အန္တရာယ် လည်းကြီးပါသည်။တိကျသောဆေး
ပမာဏကို သတ်မှတ်ထားသောကာလပြည့်အောင် မှီဝဲရသည် ။ရောဂါသက်သာရုံနှင့် ဆေးဖြတ်လျှင် ဆေးယဉ်
ပါးမှု(Drug Resistance)ကြောင့်၊ ရောဂါပြန်ဖြစ်လျှင် ဆေးမတိုးသော အခြေအနေကို ရင်ဆိုင်ရ၏။အပ်နှင့်ထွင်း
ရမှာ ပုဆိန်နှင့်ပေါက်ရမလိုအဖြစ် ရောက်တတ်သည်။ကုန်ကျစရိတ်ပို၍ အချိန်လည်းပိုယူရပြီး၊ပြဿနာများပို
လာသည်။
နာကျင်မှုဝေဒနာ သက်သာရန်သောက်သုံးရသော အကိုက်အခဲ
ပျောက်ဆေး(Analgesics)များ သည် လည်း၊အန္တရာယ်များလှသည်။ဆရာ ဝန်မညွှန်ကြားဘဲ လက်လွတ်စံပယ်
သောက်သုံးပါက အစာအိမ် မှသွေး ထွက်၍ သေဆုံးသည်အထိ ဖြစ်နိုင်သည်။ဟော်မုန်းပါသောဆေးများသည်လည်း
ခန္ဓာကိုယ်၏ဟော် မုန်းစနစ် (Endocrine System)ကို ကမောက်ကမ ဖြစ်စေနိုင်သဖြင့်၊ သတိကြီးစွာထား၍
ဆရာဝန်များက ညွှန်ကြား ကြရသည်။စတီးရွိုက်ပါသောဆေးများသည် အစာအိမ်နာ၊အစာအိမ်သွေးယိုနာ၊
ဖောရောင်နာ စသည့်ဘေး ထွက်ဆိုးကျိုး(Side effects)နှင့် နောက်ဆက်တွဲ ဆိုးကျိုးများ(Complication)များ သဖြင့်၊ မလွှဲမရှောင်သာမှ
ဆရာဝန်များက သတိဖြင့်ပေးကြရသည်။စတီးရွိုက်ဆေးကို လုံလောက်သော ပမာဏ၊ လုံလောက်သောကာလ အထိ
သောက်ကြရသည်။ရောဂါသက်သာရုံနှင့် ရုတ်တရက်ဖြတ်လိုက်ပါက (ခန္ဓာကိုယ်က စတီးရွိုက်ဟော်မုန်း
ပြန်လည် မထုတ်နိုင်သေးခင်)သွေးပျက်ထိတ်လန့်ခြင်း(Shock)ဖြစ်၍ သေဆုံးနိုင်သည်။
မိမိနှင့်မတည့်သောဆေးဝါးများကို သိထားသင့်သည်(ဥပမာ
ပင်နီစလင်၊ ဆာလဖာ စသည်)မတည့် သောဆေး စားမိ၊ထိုးမိပါက သွေးပျက်ထိတ်လန့်ခြင်း(Shock)ဖြစ်၍
သေဆုံးနိုင်သည်။ပရိုပရန်နိုလော (Propranolol)စသည့် ဘီတာပိတ်ဆို့ဆေး(B-blocker)များသည်
သွေးတိုးရောဂါအတွက် အသုံးပြုသော အခါ၊ နှလုံးခုန်နှုန်းနှေးခြင်း၊လေပြွန်ကျဉ်းစေခြင်းတို့
ဖြစ်စေသဖြင့် သတိပြုရသည်။ထို့အတူ ရေတိမ်ရောဂါ အတွက် သုံးသော မျက်စဉ်းဆေးတီမိုလော
(Timolol)သည်၊မျက်စိရေချိန်ကို ကျစေသော်လည်း၊နှ လုံးသွေးကြောကို ကျဉ်းစေခြင်း၊ပန်းနာရင်ကြပ်ကို
ထစေခြင်းတို့ကြောင့် ထိုရောဂါရှိသူများ မသုံးအပ်ပေ။ ထိုအခါ မျက်စိရေချိန်ကို သီးသန့်ကျစေသော
ဘီတက်ဆိုလော(Betaxolol)ကိုရွေး ချယ်ပေးရသည်။ ဆီးဆေးများသည် ဆီးကိုများစေ ခြင်းအတွက် အကျိုးရှိသော်လည်း၊သွေးပေါင်ကျစေသဖြင့်
Shock ဖြစ်နိုင်သည်။အထူးသဖြင့် ဖရူးဆမိုက် (Frusemide)ဆီးဆေးသည် အားပြင်းသောဆီးဆေးဖြစ်သဖြင့်
သွေးပေါင်းကိုလျင်မြန်စွာကျစေသည်။
ဓါတ်မတဲ့ခြင်းအတွက်ပေးသော ဟစ်တမင်းဆန့်ကျင်ဆေးများ(
Antihistamines)သည် ဓါတ်မတဲ့ခြင်း ကိုပျောက်စေသော်လည်း၊ အိပ်ငိုက်စေသည်။အထူးသဖြင့်
ကား၊ယာဉ်မောင်းသူများ သောက်ပြီးမောင်းပါက ယာဉ်တိုက်မှုဖြစ်နိုင်သည်။ကလေးငယ်နှင့် သက်ကြီးရွယ်အိုများတွင်
ဆေးပမာဏ ကို လိုအပ်သည်ထက်များ ခဲ့ပါက အိပ်ပျော်၍ သတိလစ်မေ့မြောရုံသာမက အသက်ရှုရပ်၍ သေဆုံးသည် အထိ
ဖြစ်နိုင်သည်။ဟစ်စမင်း ဆန့်ကျင်ဆေးများသည် ချောင်းဆိုးပျောက်ဆေး၊တုတ်ကွေးပျောက်ဆေး၊
အဖျားပျောက်ဆေးများတွင် ပါလေ့ ရှိသဖြင့် သတိပြုဆင်ခြင်သင့်ပါသည်။
တချို့ဆေးဝါးများတွင် ပါဝင်သောဓါတ်ပစ္စည်းများသည်
ရေတွင်ပျော်ဝင်သော(Water soluble) ပစ္စည်းများဖြစ်၍ ဆီးတွင်အလွယ်တကူ စွန့်ထုတ်၍ရသည်။
တချို့ဆေးအမယ်များသည် ရေတွင်မပျော် ဝင်နိုင် သော အဆီတွင်ပျော်ဝင်သောပစ္စည်းများ(Fat
soluble)ဖြစ်၍ ဆီးတွင် အလွယ်တကူ မစွန့်ထုတ် နိုင်သဖြင့် လိုအပ်သည်ထက် ပိုသောက်မိပါက၊ခန္ဓာကိုယ်အဆီထဲတွင်
စု၍ ခန္ဓာကိုယ်ကို ပြန်၍ဒုက္ခပေး ပါသည်။အလွယ် တကူ မစွန့်ထုတ်နိုင်သောပစ္စည်းများတွင် သံဓါတ်ပါဝင်သည်။ခန္ဓာကိုယ်ထဲ
သံဓါတ်ပို လျှံခြင်းကို ဟေမိုခရိုမာ တိုးစစ် (Haemochromotosis)ဟုခေါ်သည်။အသားညိုမဲခြင်း၊အသည်းကျုံ့ခြင်းနှင့်
အခြားဆိုးကျိုးများကို ဖြစ်စေသည်။ထို့ကြောင့်သံဓါတ်ပါသောဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ
သောက်သင့်သည်။
ဗီတာမင်များတွင်
အေ၊ဒီ၊ အီးနှင့် ကေတို့သည် ရေတွင်းမပျော်ဝင် အဆီတွင်ပျော်ဝင်သည်။မလိုအပ် ပဲသောက်ပါက
ဆီးတွင်ပြန်မစွန့်နိုင်သဖြင့် ခန္ဓာကိုယ် အဆီအတွင်းအောင်းကာ ဒုက္ခပေးတတ်သည်။ ဗီတာမင် အေ
လွန်ကဲပါက အမြင်ဝေဝါးခြင်း၊အရိုးနာကျင်ခြင်းနှင့် အရေပြားပြောင်းလဲမှုများကိုဖြစ်စေသည်။
ရေရှည်လွန် ကဲပါက အသည်းကို ပျက်စီးစေ၍ ဦးနှောက်ဖိအားကို တက်စေသည်။ဗီတာမင်ဒီ ပိုလျှံပါက
သွေးထဲတွင် ထုံး ဓါတ်များစေသည်။ပျို့ခြင်း၊အန်ခြင်း၊အားနည်းခြင်းနှင့် ဆီးခဏခဏသွားခြင်းတို့ကိုဖြစ်စေ သည်။
ထို့ပြင်ခံတွင်း ပျက်ခြင်း၊ဗိုက်အောင့် ခြင်း၊ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း၊အရိုးပါးခြင်းနှင့်
ကျောက်ကပ်ပျက်စီးခြင်းတို့ ကိုဖြစ်စေနိုင်သည်။ဗီတာမင်အီး လွန်ကဲပါက ပျို့ခြင်း၊ဝမ်းဗိုက်မအီမ သာဖြစ်ခြင်း၊လေထခြင်း၊
ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊နုံးခွေ၍မောပန်းလွယ်ခြင်း၊ အလွယ်တ ကူသွေးခြေဥခြင်းနှင့်
သွေးထွက်လွယ်ခြင်း တို့ကိုဖြစ် စေသည်။ဗီတာမင်ကေ ပိုလျှံပါက မွေးကင်းစ ကလေး များ အသားဝါခြင်း၊သွေးနီဥကွဲ၍ဖြစ်သော
သွေးအားနည်း ရောဂါ၊ သွေးထဲတွင် ဘီလီရူဘင်ခေါ် သည်းခြေ ဓါတ်မြင့်တက်ခြင်း၊သွေးကျဲဆေးအာနိသင်ကို
ပျက်စေခြင်း၊ ကျောက်ကပ်မကောင်း၍ ကျောက်ကပ်ဆေး ရသော လူနာများတွင် ဗီတာမင်ကေ ပါသောဆေး
သောက်မိပါက ကျောက်ကပ်ဆေး၍ မရခြင်းများဖြစ်တတ်သည်။
ဂျင်ဆင်းပါသောဆေးများသည်
အိပ်မပျော်ခြင်း၊ဓမ္မတာမမှန်ခြင်း၊ သားမြတ်နာကျင်ခြင်း၊နှလုံးခုန်နှုန်း မြန်ခြင်း၊သွေးပေါင်းချိန်တက်ခြင်း,ကျခြင်း၊ခေါင်းကိုက်ခြင်း၊ခံတွင်းပျက်ခြင်း၊ဝမ်းလျှောခြင်း၊ယားယံခြင်း၊အရေ
ပြားအနီကွက်ထွက်ခြင်း၊မူးဝေခြင်း၊အမူအကျင့်ပြောင်းလဲခြင်း စသည်တို့ ဖြစ်တတ်သဖြင့် သတိနှင့်ပေးကြရ
သည်။
ဆေးနှင့်ကျန်းမာရေးခေါင်းစဉ်အောက်တွင် နိဂုံးချုပ်အနေဖြင့်
တင်ပြလိုသည်မှာ ကျန်းမာရေးဆိုင်ရာ ဆေးဝါးအမျိုးမျိုးသည် သေချာသုံးတတ်လျှင် လူတို့အတွက်
အကျိုးများသော်လည်း မသုံးတတ်လျှင်ဘေး ဖြစ်နိုင်ပါသည်။သို့ပါ၍ ဆေးဝါးနှင့်ပတ်သက်၍ အကျိုးရှိစေပြီး၊ဘေးမဖြစ်စေရန်အတွက်
အောက်ပါ အချက် များ ကို လိုက်နာမှသာကျန်းမာသက်ရှည်နေနိုင်မည်ဖြစ်ပါသည်။ (၁)ဆေးကို တကယ်မှီဝဲဘို့လိုအပ်ခြင်း(Definite indication)မရှိဘဲ မမှီဝဲပါနှင့်၊မပေးပါနှင့်။
အဘယ့်ကြောင့် ဆိုသော် ဆေးသည် ရောဂါကို သက်သာပျောက်ကင်း သက်သာစေနိုင်သော်လည်း၊အကိုက် အခဲပျောက်ဆေး
တစ်လုံးတည်းနှင့်လည်း အစာအိမ်သွေးကြောပေါက်နိုင်သည်ကို သတိချပ်သင့်၏ (ဥပမာ
Butazolidine-အကိုက်အခဲပျောက်ဆေးတမျိုး )။
နှလုံးခုန်ရပ်သွားနိုင်သည်(ဥပမာ
Propranolol)။ မျက်စဉ်းခပ်ရုံနှင့်ပန်းနာရင်ကျပ်ထသွားနိုင်သည်(ဥပမာTimololမျက်စဉ်း)။ (၂)ဆေးမှန်မမှန် စစ်ဆေးပါ။အမှန်တကယ် မှီဝဲဘို့လိုသောဆေး၊
ဆရာဝန် ညွှန်သောဆေးကို မမှီဝဲခင် ဆေး အမည်မှန်မမှန်၊ ဆေးဝါးဓါတုအမည် မှန်မမှန်၊ပါဝင်သောပစ္စည်းများ၊
ဆေးပမာဏ သေချာစွာစစ်ဆေးပါ။တတ် နိုင်လျှင် ဆေးညွှန်းစာရွက်ကို သေချာစွာဖတ်ပါ။မဖတ်တတ်ပါက
ဖတ်နိုင်သောသူ၊ဘာသာ ပြန်ပေးသော သူကို ဖတ်ခိုင်းလျှင် ပို၍ကောင်း၏။ (၃)သောက်ရ မှီဝဲရမည့်ဆေးပမာဏ၊သောက်ရမည့်
အချိန်နာရီ၊အကြိမ်အရေအတွက်နှင့် မည်သို့မည်ပုံ သောက်ရမည်ကို သေချာစွာလိုက်နာရမည်။ လေးပုံတပုံသောက်ရမည်ကို
ပိုကောင်းအောင်တခြမ်းသောက်၍ မရ။ တစိတ်သောက်ရမှာ တခြမ်းသောက်လျှင် တချို့ဆေးများ သေသည်အထိအန္တရာယ်ရှိသည်(ဥပမာ
ဒီဂေါက်ဆင် Digoxin-နှလုံးဆေး)။တနေ့တကြိမ် သောက်ရမည့်ဆေးကို နှစ်ကြိမ်သောက်လျှင်၊ဆေးအဆိပ်
သင့်ခြင်း၊ ဆေးလွန်ခြင်းဖြစ်နိုင်သည်။အစာနှင့်သောက်ရမည့်ဆေးကို အစာနှင့်မသောက်လျှင်
အစာအိမ် ထိခိုက်နိုင်သည်။အစာမရှိသောအချိန်တွင် သောက်ရမည့် ဆေးကို အစာနှင့်သောက်လျှင်
ဆေးအာနိသင် လျော့နိုင်သည်။
(၄)ဆေးသောက်ရမည့်
(မှီဝဲရမည့်) ကာလအပြည့်မှီဝဲရမည်။ ရောဂါဝေဒနာ သက်သာသော်လည်း ဆေးကိုမိမိ သဘောနှင့် မရပ်ရ(ဥပမာ
တီဘီဆေး၊ ခြောက်လပြည့်အောင် မသောက်လျှင် ဆေးယဉ်ပါးမှုတီဘီဖြစ်၍ ရောဂါ ပိုဆိုး၊ပိုကုရခက်၊ပိုကာလရှည်သွားတတ်သည်)။ပဋိဇီဝဆေးများကို
ဆေးပတ်လည်အောင်သောက်ရသည်။ ပြီး လျှင် ဆရာဝန်မညွှန်ကြားပဲ ဆက်၍၊စွဲ၍ မိမိသဘောနှင့် မသောက်ရ၊
မမှီဝဲရ။မှီဝဲပါက ဆေး၏ဘေးထွက်ဆိုး ကျိုးများ ပို၍ခံစားရခြင်း၊အခြားရောဂါပိုးများ ထကြွသောင်းကျန်းခြင်း
ဘေးများ ကြုံရလေ့ရှိသည်။ (၅)သောက်နေသောဆေးများရှိပါက
ဆရာဝန်အားပြောပြပါ။သို့မှသာ လောလောဆယ်ဖြစ်နေသော ရောဂါ အတွက်ဆေးညွှန်းသောအခါ၊ ယခင်သောက်နေသော
ဆေးများကို အားပေးခြင်း၊ဆန့်ကျင်ခြင်း၊ မတည့်ခြင်း များရှိပါက ဆရာဝန်ကချင့်ချိန်နိုင်ရန်
ဖြစ်သည်။ (၆)ကျောက်ကပ်ရောဂါ၊အသည်းရောဂါ၊သွေးတိုးဆီးချို
စသည့် ရောဂါများရှိပါက ဆရာဝန်အားပြောပြပါ။ သို့မှသာ ဆေးကိုချင့်ချိန်၍ပေးနိုင်မည်။
ကျောက်ကပ်လုပ်ငန်း ချို့ယွင်းနေသောသူများတွင် ဆေးပမာဏ ကိုလျှော့၍ ပေးရသည်။ကျောက်ကပ်က
သာမန်လူများလောက် ဆေးကိုမစွန့်ထုတ်နိုင် သောကြောင့်ဖြစ် သည်။ကျောက်ကပ် ထိခိုက်မည့်ဆေးများကို
ရှောင်၍ပေးရသည်။ပါရာစီတမော၊တက်ထရာဆိုက်ကလင်း စသည်ကဲ့သို့သော အသည်းထိခိုက်စေသည့် ဆေးများကို
အသည်းမကောင်းသူများတွင်ပေးလေ့မရှိ။ပန်း နာရင်ကျပ်ရောဂါရှိသူများ၊ နှလုံးသွေးကြောကျဉ်း
ရောဂါရှိသူများတွင် ရေတိမ်ရောဂါအတွက်ပေးသော တီမို လော (TIMOLOL)မျက်စဉ်းခတ်လျှင် ပန်းနာရင်ကျပ်နှင့်
နှလုံးရောဂါကို ပိုဆိုးစေသည်။ပိုကြွစေသည်။ (၇)ဆေးတိုင်းတွင်ဘေးထွက်ဆိုးကျိုး(Side
effects)နှင့် ဓါတ်မတဲ့ခြင်း (Allergy)ရှိသဖြင့် ဆေးမှီဝဲပြီး ဆေး ကြောင့်ဖြစ်သော ရောဂါဝေဒနာ
တခုခုခံစားရပါက သက်ဆိုင်ရာဆရာဝန်၊ကျန်းမာရေးဝန်ထမ်းထံ အမြန်ဆုံး အကြောင်းကြား၍ လမ်းညွှန်မှုကိုခံယူပါ။ (၈)ရောဂါပျောက်ချင်စိတ်လွန်ကဲ၍
မည်သည့်ဆေးပစ္စည်း ပါဝင်သည်ဟု တိကျစွာဖော်ပြမထားသော ဆေး များကို မမှီဝဲသင့်ပါ။လူပြောသူပြောများ၍
သေချာပေါက် ရောဂါအမြစ်ပြတ်သည်ဟု ဆိုတိုင်းမယုံကြည်သင့်ပါ။ ဥပမာ ဆီးချိုသွေးချိုရောဂါ
ပျောက်သည်ဆိုသောဆေး(တိုင်းရင်းဆေးအမည်တပ်ထားသောအချို့ဆေးများ) တွင် အနောက်တိုင်း ဆီးချိုသွေးချိုကျဆေးများ
အမှုန့် ကြိတ်၍ ထည့်ထားနိုင်သည်။မိမိ မူလသောက်နေသော ဆီးချိုကျဆေးနှင့် အာနိသင်ထပ်တိုး၍
ဆီးချိုသွေးချို အလွန်ကျသွားပါက၊ အသက်အန္တရာယ်စိုးရိမ်ရ၍ဖြစ်ပါ သည်။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

No comments:
Post a Comment