16.5.17

မျက်မှန်တပ်တော့မည်ဆိုလျှင်…။ ( မောင်ပြည့်အောင် ) (၁၆/၅/၁၇ ရက်စွဲပါ မန္တလေးနေ့စဉ်သတင်းစာပါဆောင်းပါး)



        မျက်စိကုသမှုနယ်ပယ်၌ မျက်စိဝေဒနာအမျိုးမျိုးကို ကုသမှုပေးရာတွင် သောက်ဆေးစားဆေးပေး၍ ကုသခြင်း၊ မျက်စဉ်းပေး၍ကုသခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်စေ၍ကုသခြင်း၊ ခွဲစိတ်မှုပြု၍ကုသခြင်းများ အပြင် မျက်မှန်တပ်ရန်လိုအပ်သူများအား မျက်မှန်တပ်ဆင်စေခြင်းဖြင့် အမြင်အာရုံပို၍ ကောင်းလာစေရန် ကုသခြင်းလည်းရှိသည်ဖြစ်ရာ မျက်မှန်တပ်ခြင်းသည် အရေးပါသော ကုသမှုကိစ္စရပ်တခုဖြစ်ပါသည်။ အခြား သောကုသမှုများနှင့် ခြားနားသောအချက်မှာ မိမိကျမ်းမာရေးအတွက် အသုံးပြုရမည့် မျက်မှန် ကိုင်းနှင့် တပ်ဆင် ရမည့်မှန်ကို မိမိကိုယ်တိုင် ရွေးချယ်ဝယ်ယူရခြင်းပင်ဖြစ်ပါ သည်။
 မျက်မှန်ဆိုင်များ၏ အကြံဥာဏ်ကို ရယူနိုင်သော်လည်း မိမိကိုယ်တိုင် ထိုက်သင့်သလောက် သိရှိထား ပါမူ ပို၍ကောင်းသော အကျိုးရလာဒ်ကို ခံစားရမည်ဖြစ်ပါသည်။မျက်မှန်များသည် အမြင်အာ ရုံတိုးတက် ကောင်းမွန်ရန်အတွက်သာမက မျက်စိထိခိုက်ဒဏ်ရာရခြင်းများမှ ကာကွယ်ရန် အတွက်လည်း တပ်ဆင်လာကြ သည်ဖြစ်ရာ ခေတ်သစ်လူသုံးကုန်များအဖြစ် တွင်ကျယ်လာပြီ ဖြစ်ပါသည်။  ယ္ခုဆောင်း ပါး၌ ဖော်ပြလတ္တံသော အကြောင်းအရာများတွင် မိမိတို့အသိုင်းအဝိုင်းနှင့် မမီသည်များလည်း ပါရှိနိုင်ပါ သည်။မည်သို့ပင် ဆိုစေကာမူ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်၌ သိထားသင့်သည်ချည်းသာ ဖြစ်ပါသည်။

           မျက်မှန်ကိုင်းကို ရွေးချယ်ရာတွင် လက်တွေ့ကျကျတွေးခေါ် စဉ်းစား၍ ရွေးချယ်တတ်ရန် လိုပါသည်။ မိမိ၏အိတ်ထဲတွင် ထည့်ထားရမည့် မျက်မှန်ကိုင်းသည် ကျိုးပဲ့တတ်သောပစ္စည်းဖြစ်၍ သတိထားရွေးချယ် ရမည်ဖြစ်ပါသည်။ သတ္တုဖြင့်ပြုလုပ်ထားသော မျက်မှန်ကိုင်းများသည် ရွဲ့စောင်း လိမ်ကောက် သွားတတ်ပါ သည် (ပြန်ပြင်၍ သုံးမယ်ဆိုလျှင်တော့ ရနိုင်ပါသည်)။ ပလပ်စတစ် ကိုင်းများသည်လည်း သတ္တုကိုင်းများကဲ့သို့ တခါတရံရွဲ့စောင်းလိမ်ကောက် သွားသည်များ ရှိတတ်သော် လည်း ပြုပြင်ရန် မလွယ်ကူပါ။ အပူဒဏ်ကိုလည်း မခံနိုင်သောကြောင့် အပူရှိန်ရှိနေသော အရာဝတ္တု များပေါ်၌ ကြာကြာတင်ထား၍ ရမည်မဟုတ်ပါ။ သတ္တုကိုင်း များကတော့ အပူဒဏ်ခံနိုင်သော အားသာ ချက်ရှိပါသည်။ မျက်ကပ်မှန် အသုံးပြုသူများ အတွက်တွင်မူ အခြား သော အားနည်းချက်များ ရှိသော်လည်း မျက်မှန်ကိုင်းနှင့်ပတ်သက်သော ပြဿနာများမှ ကင်းဝေးစေမည်ဖြစ် ပါသည်။ မျက်မှန်ကိုင်းများအပေါ် တွေးခေါ်နိုင်မည့် အခြေခံသဘောတရားမျှကို ဖော်ပြခြင်းဖြစ်ပါသည်။ ယခု ခေတ်တွင် မလိမ်မကောက် ချွေးမစားသော(တိုက်တေနီယံကဲ့သို့) သတ္တုကိုင်းများ၊ အပူဒဏ်ခံနိုင်သော ပလပ်စတစ်ဖြင့်ပြု လုပ် ထားသော ကော်ကိုင်းများလည်း ဈေးကွက်အတွင်းရောက်ရှိနေပြီဖြစ်ရာ ပိုမိုစဉ်းစားတွေးခေါ် လျက်ဝယ် ယူသင့်ပါသည်။မိမိတို့၏လုပ်ငန်းသဘာဝ အလေ့အကျင့် နှင့် ပတ်ဝန်းကျင် အခြေအနေများကို လည်း၊ မျက်မှန်ကိုင်းဝယ်ယူရာတွင် ထည့်သွင်းစဉ်းစားသင့်ပါသည်။

မိမိနှင့်လိုက်ဖက်သည့် မျက်မှန်ကိုင်း

           ပါဝါမျက်မှန်တပ်ရန် ညွှန်ကြားချက်ရရှိပြီးပါက မျက်မှန်တပ်ရန်အတွက် မျက်မှန်ကိုင်းရွေးချယ်ရန် လိုအပ်သည်ဖြစ်ရာ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

(က)မှန်အရွယ်အစားသေးသော မျက်မှန်ကိုင်းများသည် ပါဝါများများ တပ်ရမည့်သူများအတွက် သင့်တော် ပါသည်။(ပါဝါမှန်၏ထူသော အပိုင်းဖြစ်သည့် ပတ်ပတ်လည် အနားသတ်များကို လျော့ပါးစေ သောကြောင့် ဖြစ်၏)

(ခ)မျက်နှာသွင်ပြင်နှင့် ပြတ်ပြတ်သားသား လိုက်ဖက်မှုရှိရပါမည်။ (ဥပမာ-မျက်နှာဝိုင်းသူများ လေးဒေါင့်ဆန် သည့်မျက်မှန်ကိုင်းတပ်သင့်သကဲ့သို့)

(ဂ) ပေါ့ပါးပျော့ပြောင်းမှုမရှိသောကိုင်းများ(လေးလေးတောင့်တောင့်ကိုင်းများ) နှင့် အရောင်အသွေးပြတ် သားမှုမရှိသောကိုင်းများ( ဟိုအရောင်လိုလို ဒီအရောင်လိုလို ကိုင်းများ)သည် မိမိ၏သွင်ပြင်လက္ခဏာကို ကျဆင်းစေသဖြင်ရှောင်ရှားသင့်ပါသည်။ (အထူးသဖြင့်-ပြည့်ပြည့်ဝိုင်းဝိုင်း မေးစေ့ရှိသူများ)။

(င)မျက်လုံးပုံနှင့် နီးစပ်သောပုံသဏ္ဍန်ရှိသည့် မျက်မှန်ကိုင်းများသည် ၎င်း၏ဒေါင်းချိုးနေရာက ပေါ်လွင်စေ သဖြင့်၊မရှည်မဝိုင်း အလယ်အလတ် မျက်နှာပိုင်ရှင်များအတွက် ပို၍တင့်တယ်စေပါသည်။

(စ)မျက်မှန်ကိုင်း၏အရောင်ကို ရွေးချယ်ရာတွင် မိမိ၏ဆံပင်အရောင် မျက်လုံးအရောင်တို့နှင့် လိုက်ဖက်မည့် အရောင်အသွေးကို ရွေးချယ်လေ့ရှိကြပြီး၊ မိမိမျက်နှာနှင့် ထင်ထင်ရှားရှားပေါ်ပေါ်လွင်လွင်လိုက်ဖက်မှုရှိ ရန် လည်း ဂရုထားရွေးချယ်ရန် လိုအပ်ပါသည်။

လုပ်ငန်းရှင်ကြီးများ သုံးသင့်သောမျက်မှန်ကိုင်း
           အကယ်၍ မိမိ၏လုပ်ငန်းခွင်သည် ဂုဏ်သရေရှိလူကြီးများနှင့် ဆက်ဆံနေရသော လုပ်ငန်းအမျိုးအစား မျိုးဖြစ်ပါက တိုက်တေနီယံ သတ္တုဖြင့်ပြုလုပ်ထားသော ပေါ့ပါးသည့်မျက်မှန်ကိုင်း ၊ စတိမ်းလက်စတီး မျက်မှန်ကိုင်း ၊ ဘောင်ကွပ်မပါသောမျက်မှန်ကိုင်း( မျက်မှန်ဆိုင်အခေါ်- ဖောက် ကိုင်း၊ ကြိုးဆွဲကိုင်း)စသည့် သပ်ရပ်ခန့် ညားသော မျက်မှန်ကိုင်းများကို ရွေးချယ်သင့်ပါသည်။
         အမျိုးသားများအနေဖြင့် အညိုရောင် ၊ အနက်ရောင် ၊ ငွေရောင် မျက်မှန်ကိုင်းများနှင့် ဘရောင်နင် အရောင် (သေနတ်ပြောင်း အရောင်) ကိုင်းများကို စဉ်းစားသင့်ပါသည်။အဘယ့်ကြောင့်ဆိုသော် ၎င်း အရောင် များသည် ပြေပြစ်သော အရောင်များဖြစ်သည့်အပြင် ပွဲတက်ဝတ်စုံ(ဥရောပဝတ်စုံ ၊ အမျိုးသား ဝတ်စုံ)များနှင့် လည်းလိုက်ဖက်မှုရှိပါသည်။အမျိုးအသမီးများအတွက်လည်း ထိုနည်းတူစွာပင် အနက်ရောင် ၊ အညိုရောင် ၊ ငွေရောင် ၊ ဘာဂန်ဒီဝိုင်အရောင်(အနီ ၊အဖြူ)၊အရည်မီရွှေရောင်စသည့် မျက်မှန်ကိုင်းများကို ရွေးချယ်တပ် ဆင်သင့်ပါသည်။ထို့ပြင် လိပ်ခွံအရောင်သည်လည်း သိမ်မွေ့သော အရောင်ဖြစ်၍ ရွေးချယ်သင့်သောအရောင် ပင်ဖြစ်ပါသည်။

ကွန်ပျူတာ(စခရင်များ)သုံး သီးသန့်မှန်
     အိုင်တီဒီဗိုက်များနှင့် စခရင်များ(screens)ကိုအသုံးပြုနေစဉ်တွင် မျက်စိကိုဘေးကင်းစေရန်အတွက် အရေး ကြီးသော လုပ်ဆောင်ချက်အဖြစ် ယနေ့ခေတ်တွင် သီးသန့်မျက်မှန်များကို စူးစမ်းရှာဖွေ၍ တပ်ဆင် အသုံးပြု လာကြရပြီ ဖြစ်ပါသည်။ အထူးသဖြင့် နေ့စဉ်ကွန်ပျူတာသုံးစွဲသူများ၏ ၇၀% ခန့်သည် မျက်စိ အားစိုက်အသုံး ပြုရမှုကြောင့် ထိုကဲ့သို့မျက်မှန်ကို အသုံးပြုလာကြ ခြင်းဖြစ်ပါသည်။ကွန်ပျူတာသုံး မျက်မှန်များသည် ကွန်ပျူ တာသုံးနေစဉ်၌ မျက်စိမှုန်ဝါးလာခြင်းကို သက်သာစေနိုင်ပါသည်။ ထုတ်လုပ် သူများ၏ အဆိုအရ ၎င်းမှန်များ သည် စခရင်များရှိစာများနှင့် ရုပ်ပုံများကို ကြည့်ရှုရန်အတွက် အထူး သင့်လျော်ပြီး၊ စာအုပ်ကိုဖတ်ရှုသည် ထက် ပို၍ ကောင်းသော မြင်ကွင်းကို တွေ့ရမည်ဟု ဆိုပါ သည်။အလင်းပြန်စေသော အလွှာပါးဖြင့် မှန်ကိုဖုံးအုပ်ထား သောကြောင့် တောက်ပသောအလင်းရောင်ကို လျော့ချပေးလျှက် ၊ အရောင်အသွေးများကို မျှတစေပြီး၊ ပြင်ပမှဝင် ရောက်လာသော အလင်းပြန်မှုများ ကိုလည်း သက်သာစေမည်ဖြစ်ကြောင်းလည်း ဖော်ပြကြပါသည်။

ပုလင်းဖင်လိုထူတဲ့မှန်နဲ့ နည်းပညာသစ်
     မျက်မှန်ပါဝါအသစ်နဲ့ မှန်အသစ်ကို သုံးဖို့လိုအပ်လာချိန်မှာ ပုလင်းဖင်လိုထူတဲ့ မှန်အထူကို မသုံးချင်ဘူးဆို လျှင်တော့ မျက်စိအတွက်ပံ့ပိုးမှုပေးတဲ့သူ (မျက်မှန်ရောင်းချသူ)ကို ဟိုက်အင်ဒက်မှန်( high- index lens-နည်း ပညာသစ်ဖြင့် ထုတ်လုပ်ထားသော မှန်ပါး အမျိုးအစား)ကို မေးမြန်းစုံစမ်း ကြည့်ရ မည်ဖြစ်ပါသည်။ ၎င်းမှန်အ မျိုးအစားသည် ရိုးရိုးမှန်များထက် ပို၍ပါးသည့်အပြင် ကြည်လင်မှု တွင်လည်း သာလွန်၍ သက်တောင့်သက်သာ ရှိစေပါသည်။ထိုနည်းတူ အက်စ်ဖီးရစ်မှန်များ(aspheric lenes-နှစ် ဖက်ပါးမှန် အမျိုးအစား) ကိုလည်း သိထားရန်လိုအပ်ပါသည်။ထိုမှန်အမျိုးအစား နှစ်မျိုးကိုသုံးစွဲခြင်းအားဖြင့် မှန်ထူထူလေးလေးကို တပ်ဆင်ရသော ဒုက္ခ နှင့် ပြတ်သားသောပုံရိပ်များကို မမြင်ရသည့်ဒုက္ခတို့မှ ကင်းဝေးစေနိုင်မည် ဖြစ်ပါသည်။


ဘိုင်ဖိုကယ်မှန် နှင့် ပို၍ကောင်းသောမှန်များ
     စာကြည့်ခြင်း(အနီးကြည့်) နှင့် တီဗွီကြည့်ခြင်း(အဝေးကြည့်)ကဲ့ သို့ မတူညီသော အကွာ အဝေး များအတွက် အသုံးပြုရန် မှန်ရွေးချယ်ရမည်ဆိုပါက မာတီဖိုကယ်မှန်(multifocal lens - အကွာ အဝေး အမျိုးမျိုး အတွက် ပါဝါများပါသောမှန်)ကိုရွေးချယ်သင့်ပါသည်။ ဘိုင်ဖိုကယ်မှန်သည် ပါဝါနှစ်မျိုးသာပါဝင်ပြီး ၊ မှန်၏အောက်ခြေ၌ စာကြည့်(အနီးကြည့်)ပါဝါ ပါဝင်ပါသည် ၊ ၎င်းမှလွတ်သော အထက်ဖက်သည်  အဝေးကြည့်ပါဝါ ဖြစ်ပါသည်။ အဝေးကြည့်(ပေ-၂၀)နှင့် အနီးကြည့်(၁၂”-၁၄”လက္မ)အတွင်းသာ အဆင်ပြေပြီး၊ ၎င်းနှစ်ခု၏ကြား အကွာ အဝေးများတွင် အမြင်ဝေဝါးနေတတ်ပါသည်။ သို့ဖြစ်ရာ ကွန်ပျူတာ အပါအဝင်အခြားသော ကြားအကွာအဝေး များ (၁၈” နှင့် ၂၄” အတွင်း)ကို ကြည့်ရန်အတွက် ထရိုင်ဖိုကယ်မှန်(Trifocal -အဝေအနီး နှင့် အလယ် အလတ် ပါဝါသုံးမျိုးပါမှန်)ကို ထုတ်လုပ်သုံး စွဲလာကြပါသည်။ ယခုအခါတွင် ၎င်းထရွိင်ဖိုကယ်မှန်မှ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပြီး မာတီဖိုကယ်မှန် (multifocal lens) အဖြစ် ထုတ်လုပ်သုံးစွဲလာကြခြင်း ဖြစ်ပါသည်။ Multifocal lens သည် အဝေးကြည့်နှင့် အနီးကြည့်ကြား အကွာဝေးများအတွက် ကြည်ကြည်လင်လင်မြင်နိုင် စေရန် အတွက် သုတေသနပြု ထုတ်လုပ်ထားသော မှန်အမျိုးအစားဖြစ်ပါသည်။

အန္တရယ်ရှိသောကစားနည်းများအတွက် ပိုလီကာဗွန်နိတ်မှန်

      လက်ရိုက်တံ(racquet)ဖြင့် ရိုက်၍ ကစားရသော ကစားနည်း များတွင်၊ ရိုက်တံဖြင့်ရိုက်လိုက်သော ဘော လုံး(racquetball)သည် တနာရီလျှင် မိုင်၁၀၀ မှ မိုင်၁၅၀ အတွင်းအမြန်နှုန်းရှိပါသည်။ အရှိန်ပြင်းပြင်းနှင့်လာ သော ဘောလုံးသည် ကစားသမား၏မျက်လုံးကို အချိန်မရွေး ထိခိုက်ဒဏ်ရာ ရစေနိုင်ပါသည်။ထိုကဲ့သို့သော အာကစားနည်းများအတွက် အကောင်းဆုံးသော မျက်စိအကာအကွယ်မှာ အကောင်းစားပလပ်စတစ်ဖြင့်ပြုလုပ်ထားသည့် ပေါ်လီကာဗွန် နိတ်မှန်(poly -carbonate lenses) တပ်ဆင်ထားသော မျက်မှန်ပင်ဖြစ်ပါသည်။ ပေါ်လီကာဗွန်နိတ်မှန်သည် အခြားသော သတ္တုပစ္စည်း များထက် ၁၀ ဆမျှ ပို၍မာကြောပြီး ခရမ်းလွန်ရောင် ခြည်ကိုလည်း ကာကွယ်ပေးပါသည်။ မျက်စိထိ ခိုက်ဒဏ်ရာရမှု အများဆုံးဖြစ်ပွားသော အားကစားနည်းများ မှာ- ရက်ကက်စပို့ ၊ ဘေ့ဘော/ဆော့ဖ်ဘော ၊ ရေခဲပြင်ဟော်ကီ ၊ ဘတ်စကက်ဘော ၊ လာ့ခရော့စ် ကစားနည်း (ပိုက်ကွန်တပ် တုတ်တံသုံး၍ ဘောလုံးဖမ်း သယ်ဆောင်ကစားရသော ကစားနည်းတမျိုး)တို့ဖြစ်၏။အထက် ဖော်ပြပါ ပေါ်လီကာဗွန် နိတ်မျက်မှန်ကို တပ်ဆင်စေခြင်းအားဖြင့် အားကစားကြောင့်ဖြစ်ပွားသည့် မျက်စိထိခိုက် ဒဏ်ရာရခြင်း များကို ၉၀% အကာအကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။

 အဝါရောင်မှန်များ ၏ အားသာချက်
         အဝါရောင်မှန်များသည် သဘာဝအလင်းရောင် အားနည်းသော အခြေအနေနှင့် မှုန်မှိုင်းသောကာလ မျိုးများတွင် ပုံရိပ်များကို ပို၍ ကြည်လင်ပြတ်သားစွာ မြင်စေနိုင်သော ဂုဏ်သတ္တိရှိပါသည်။ထို့ကြောင့်ပင်လျှင် အသေးစိတ်ကြည့်ရှု့၍ အမြင်အာရုံကောင်းကောင်းဖြင့် ယှဉ်ပြိုင်ကြရသော အားကစားသမားများနှင့် လုပ်ငန်း လိုအပ်ချက် ရှိသူများသည် အဝါရောင်မှန်တပ်ဆင်ထားသည့် မျက်မှန်များကို ရွေးချယ်ဝတ်ဆင်ကြ ခြင်းဖြစ် ပါသည်။အထူးသဖြင့် စကိတ်စီးသမားများ၊ နှင်းလျောစီးသူများ ၊ စက်ဘီးအားကစားသမားများ ၊ဘတ်စကက် ဘော၊ ရက်ကက်ဘော ကစားနည်းကဲ့သို့ အားကစားခန်းမများအတွင်း ကစားရသော အားကစားသမားများ နှင့် သေနတ်ပစ် အားကစားသမားများသည် အဝါရောင်မှန်တပ်ထားသည့် မျက်မှန်နှင့် အထူးသင့်လျော်သူများဖြစ် ကြပါသည်။


အစိမ်းရောင်မှန်၏အသုံးဝင်ပုံ

           အစိမ်းရောင်မှန်များသည် အရောင်အသွေးတမျိုးနှင့်တမျိုး ပို၍ ကွဲပြားစေရန် ခွဲခြားပေးနိုင်သော ဂုဏ် သတ္တိရှိပါသည်။ ဂေါက်သီး အားကစားသမားများနှင့် ဘေ့စ်ဘောအားကစားသမားများလောကတွင် အစိမ်း ရောင်မှန်တပ်ဆင်ထားသည့် မျက်မှန်များ ရေပန်းစားရခြင်း၏ အကြောင်းရင်းလည်းဖြစ်၏။ဂေါက် ကွင်း၌အစိမ်း ရောင်မှန် ဖြင့်ကြည့်လျှင် မြက်ခင်းပေါ်ရှိဂေါက်သီးကို ပို၍ ထင်ထင်ရှားရှားတွေ့ကြရမည် ဖြစ်သည်။ ထိုသို့ဖြစ် ရခြင်းမှာ အစိမ်းရောင်မှန်သည် ကြည်ကြည်လင်လင် မြင်ရစေရုံမျှသာမကဘဲ အစိမ်းရောင် (မြက်ခင်း)နှင့် အဖြူရောင်(ဂေါက်သီး)တို့ကို ကွဲကွဲပြားပြား ခွဲခြားပေးနိုင်သောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ရာ အရောင်အသွေး များကို ခွဲခြားဆုံးဖြတ်ရသော အားကစားနည်းကို ကစားကြရသော အားကစားသမားများ နှင့် လုပ်ငန်းလုပ်ကိုင် သူများအနေဖြင့် အစိမ်းရောင်မှန်ကို စမ်းသပ်သုံး စွဲကြည့် သင့်ကြပေသည်။

စာဖတ်သူနှင့် သက်ကြီးအနီးမှုန်

    အသက်ကြီးလာသော အခါတွင် စာလုံးများကိုကြည့်ရာ၌ ထင်ထင်ရှားရှား မမြင်ရဘဲ ကျုံ့နေသကဲ့သို့ ထင်ရ လေသည်။ထိုသို့ ဖြစ်ရခြင်းမှာ မျက်စိ၏ အနီးအဝေးကို ချိန်ဆနိုင်သောစွမ်းရည် ကျဆင်း သွားသောကြောင့် ဖြစ် ပါသည်။ထိုသို့သော အခြေအနေ၌ စာကြည့်မျက်မှန်တပ်၍ကြည့်လျှင် ကြည်လင် စွာမြင်ရပြီး၊ မျက်စိ၏ ချိန် ဆမှု ကောင်းမွန်လာရုံမျှမက စာလုံးများကိုလည်း ပြတ်ပြတ်သားသား မြင်လာရ မည်ဖြစ် ပါသည်။ထိုကဲ့သို့သော စာ ကြည့်မျက်မှန်မျိုးကို မျက်မှန်ဆိုင်နှင့် စတိုးဆိုင်များတွင် ဝယ်ယူရရှိ နိုင်ပါသည်။ သို့သော်လည်း မျက်စိတဖက် နှင့်တဖက် ပါဝါမတူလျှင်သော်လည်းကောင်း၊ အဝေးအနီး တွဲလျှက် ပါဝါနှစ်မျိုး တပ်ရသောမျက်မှန်မျိုး တပ်ရန် လိုအပ်လျှင်သော်လည်းကောင်း၊ ပုံမမှန်ပုံရိပ် များမြင်နေ ရ၍ ဆလင်ဒါပါဝါမျိုးတပ်ရန် လိုအပ်လျှင်သော်လည်း ကောင်း၊ မျက်စိကျမ်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ် မည်ဖြစ်ပါသည်။

အဝေးမှုန်နှင့် မျက်မှန်တပ်နှုန်းမြင့်လာမှု

           အသက်ငယ်ရွယ်သူများ မျက်မှန်တပ်ကြရမှု များလာသည်ကို သတိမူမိကြမည် ဖြစ်ပါသည်။ ထိုသူများ သည် များသောအားဖြင့် မိုင်ယိုးပီးယား(Myopia)ဟုခေါ်သော အဝေးမှုန်သူများဖြစ်ကြပြီး၊ 1970 ခုနှစ်ဝန်းကျင် မှ စတင်၍ မျက်မှန်တပ်ဆင်မှု များလာကြခြင်းဖြစ်ပါသည်။ ဟိုက်ပရိုးပီးယား (hyperopia) ဟုခေါ်သော အဝေးမှုန် သူများလည်း ရှိသေးရာ ထိုသူများမှာ ဖြစ်ပွားမှုနှုန်းနည်းပါသည် ။နှစ်မျိုးစလုံးပင် အမြင်အာရုံကြည်လင်စေရန် အတွက် မျက်မှန်တပ်ရန် လိုအပ်သူများ ဖြစ်ကြပါသည်။ အချို့သောသူများက တိကျသေချာမှုမရှိဘဲ အရပ် စကားအဖြစ်- မျက်မှန်တပ်ပါက မျက်စိကိုပို၍အား နည်းစေမည်ဖြစ်ကြောင်း ပြောသည်များလည်းရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ မျက်မှန်မတပ်ရသော ဆေးဝါးနှင့် နည်းပညာများ အများပြည်သူ လက်လှမ်း မီသော အဆင့်အထိရောက်အောင် ပညာရှင်များနှင့် လုပ်ငန်းရှင်များက၊ အကောင်အထည်ဖော်နိုင်သည့်အချိန်အထိ၊ အသက်အရွယ်နှင့် အခြေအနေအရပ်ရပ် တို့အပေါ်မူတည်၍ မျက်မှန်အမျိုးအစား တမျိုးမဟုတ်တမျိုးကို သူသူ ကိုယ်ကိုယ် တပ်ဆင်ကြရဦးမည်သာ ဖြစ်ကြပါသည်။

မျက်စိစမ်းသပ်စစ်ဆေးမှု ပုံမှန်ခံယူသင့်သောကာလ
       
           မျက်မှောက်ခေတ်သည်  မျက်မှန်သုံးမှန်များ ထုတ်လုပ်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ မျက်စိစမ်းသပ်စစ်ဆေးမှုဆိုင်ရာ နည်းပညာများလည်း တိုးတက်လျက်ရှိပါသည်။မျက်စိကျမ်းမာရေး ကောင်း နေသူပင်ဖြစ်စေကာမူ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးမှုကို (၂) နှစ်တခါ ခံယူသင့်ကြောင်းသုတေသီတို့က အကြံ ပြုကြပါသည်။မျက်မှန်တပ်နေရသူ ဖြစ်ပါကလည်း မိမိ၏ မျက်မှန်ပါဝါကိုက်ညီမှု ရှိမရှိ သိရှိရန်လိုအပ် ပါသည်။ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးခြင်း အားဖြင့် မိမိတွင် အတွင်းတိမ်(cataracts) ၊ ရေတိမ် (Glaucoma) စသည်တို့ရှိ မရှိ သိနိုင်သည့်အပြင် ၊ ဆီးချို သွေးချိုရောဂါ ၊သွေးတိုးရောဂါ၊ နှလုံးရောဂါ များအပြင် အခြားသောရောဂါများ ရှိမရှိကိုလည်း သိကြရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် အထက်ဖော်ပြပါ ရောဂါများ၏ ရှေ့ပြေးနှင့် ဖြစ် ဆဲ သင်္ကေတလက္ခဏာများကို မျက်စိ၏အရေး ပါသော အင်္ဂါအစိတ်အပိုင်းများတွင် မျက်စိအထူးကုဆရာဝန်များက ရှာဖွေတွေ့ မြင်နိုင်သောကြောင့်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

မောင်ပြည့်အောင်

No comments:

Post a Comment