“မာတာပိတု
ဥပဋ္ဌာနံ”ဟူသော မင်္ဂလာတရားတော်နှင့်အညီ မိဘကျေးဇူးဆပ်ခြင်းကို စာရေးသူ တို့သားသမီးများ
အနေ့ဖြင့် အထူးအလေးထား ကျိုးစားဆောင်ရွက်သင့်ပါသည်။ သူများပေး၍မရ ကိုယ်ပြုမှရသည့် (ဒါနသီလ
ဘာဝနာတရားတို့ကဲ့သို့) ဂုဏ်တင်ထိုက်သည့် မိဘကျေးဇူးဆပ်သည့် အလုပ်ကို သားကောင်းသမီးမွန်တို့က
ကြိုးစားကြအားထုတ်ကြ၏၊ မလုပ်ဖြစ်သေးသော သူများက လည်း စိတ်၌ရည်ရွယ်ရင်း ရှိကြမည်ပင်ဖြစ်၏။
ဤနေရာ၌ စိတ်စေတနာ အလျင်းမရှိသောသူဟူ၍ ရှိမည်မထင်ပေ။ကျင့်သုံးသည့် နည်းလမ်းကိုသာ ရွေးချယ်တတ်ကြရန်
လိုမည်ထင်၏။
မိမိတွင် စီးပွားဥစ္စာတို့နှင့် ပြီးပြည့်စုံသောတနေ့၌
အမိအဖတို့အား အိမ်ကောင်းယာကောင်း တိုက်ကြီးတာကြီးတို့ဖြင့် နေရစေမည်၊ ဝတ်ကောင်းစားလှတို့ဖြင့်ဆင်ယင်လျက်
ကောင်းပေ့ဆိုသော ကားကြီးကားငယ် အသွယ်သွယ်တို့ဖြင့် တင့်တယ်စေရမည် ၊ လှူရေးတန်းရေး
လက်မနှေးစေရဘဲ ဒါန သီလဘာဝနာ ကုသိုလ်ကောင်းမှုတို့၌ စိတ်သွားတိုင်းကိုယ်ပါစေရမည် စသည့်ဖြင့်
အားခဲမာန်တင်း လျက် စီးပွားဥစ္စာကြိုးစားရှာဖွေနေကြသူ သားသမီးတို့လည်း ဒုနဲ့ဒေးပင်ရှိကြပါလိမ့်မည်။ထိုတနေ့၌
အမိအဖတို့သည် သက်ရှိထင်ရှား ရှိနေကြပါဦးမည်လား။
“မိဘကျေးဇူးမြင့်မိုရ်ဦး”ဟူ၍
အနှိုင်းမဲ့ကြီးမားလှသည်ဟုဆိုသော မြင့်မိုရ်တောင်၏အထွဋ်၌ တင်လျှက် မြင့်မြတ်မှုကိုစံပြုကြ၏။
ညာဖက်ပခုံးတွင်ဖခင်ကိုတင် ဘယ်ဖက်ပခုံးတွင်အမိကိုထားကာ
ကပ်ကမ္ဘာ တခုသောကာလပတ်လုံး ကျေးဇူးဆပ်သော်ငြား အမိအဖတို့၏ကျေးဇူးကို ကျေအောင်ဆပ် နိုင်ဖွယ်ရာပင်မမြင်ကြောင်း
ပမာခိုင်း၍ ပြသော စာပေများလည်းရှိပါသည်။
ဤသို့ဆိုလျှင် မိဘကျေးဇူးဆပ်ခြင်းသည်(ခေတ်စကားနှင့် လွယ်လွယ်ဆိုရလျှင်)အကြီးကြီး
ဖြစ်၏၊ အများကြီးဖြစ်၏၊အလွန့်အလွန်ကြီး၍ အလွန့်အလွန်များ၏ဟူ၍ပင် ဆိုရအံ့ထင်သည်။ သာမန်
လူတို့စွမ်းနိုင်ဖွယ်ရာမရှိဟူ၍ စာရေးသူတို့၏သားသမီးများအပါအဝင် လူငယ်အပေါင်းတို့၏စိတ်
သဏ္ဍာန်ဝယ် ထင်မှတ်ဖွယ်ရာဖြစ်နေလေသည်(စာပေပညာရှင်တို့အား အပြစ်မြင်ခြင်းမဟုတ်ပါ)။ အဖိုး
အနဂ္ဂထိုက်သော ပြည်တန်ပတ္တမြားအား တန်ဘိုးကြီးလွန်း၍ (မဖြစ်နိုင်ဟုယူဆ၍) ရယူရန် ကြိုးစားဖို့
ဝေးစွ စိတ်ကူး၌ပင်မတွေးသည့်အဖြစ်မျိုး၊ သာမန်အဆင့်လောက်ဖြင့် လုပ်နိုင်ဖွယ်မရှိဟူသော
မာန် လျော့နေကြမည့်အဖြစ်မျိုးပင်(စိုးရိမ်လောက်စရာ) ဖြစ်နိုင်ဖွယ်ရှိလေသည်။
သို့ဆိုသော်ငြားလည်း ဥာဏ်ပညာနှင့်ပြည့်စုံသော အမိအဖများသည် အထက်ဖော်ပြပါ
စံလွဲ အတွေးအခေါ်မျိုး မိမိသားသမီးတို့၏စိတ်သဏ္ဍာန်ဝယ် မြူမှုံမျှမထင်စေရန် အလိမ္မာတရား
လက်ကိုင် ထားလျက် ကြိုးစားအားထုတ်ကြသည်သာဖြစ်လေ၏။ လူမှန်းသိတတ်စအရွယ်မှစတင်ကာ၊ မိခင်
ဖခင်တို့အား ကိုယ်စိတ်နှလုံးသုံးပါးလုံး၌ ရိုသေလေးမြတ်မှုရှိစေရန် ပညာဥာဏ်ကိုသုံး၍ ဆိုဆုံးမကြ၏။
သားသမီးတို့၏ စိတ်နှလုံးကို ကြည်နူးစေသော ဘုရားအလောင်းတော်
သုဝဏ္ဏသာမဇတ်တော်သည် သားသမီးတို့၏ အိပ်ယာဝင် ပုံပြင်ဖြစ်စေ၏။ အမိအဖတို့၏ကျေးဇူးကို အလောင်းတော်ကဲ့သို့
ဝေယျာ ဝစ္စကုသိုလ်ပြု၍လည်း ဆပ်နိုင်ကြောင်း မီးမောင်းထိုးပြ ကြ၏။
ပြေးလွှားကစားတတ်စအရွယ်မှစ၍
“ဖေဖေ့ကိုကြိုလိုက်ပါဦး” “မေမေ့ကိုကူလိုက်ပါဦး”ဟုသတိ ပေး၍ သာသမီးဝတ်ကို သိစေ၏။ ဤသို့ဖြင့်
အမိအဖတို့၏ အလိုကိုသိ၍ မိဘအလိုကျနေထိုင်တတ် ခြင်းနှင့် မိဘတို့၏ဝေယျာဝစ္စ အမှုကြီးငယ်တို့ကို
ဆောင်ရွက်ပေးခြင်း၌ယဉ်ပါးသော အလေ့အကျင့် ကောင်းများသည် သားသမီးတို့၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်၌
စွဲထင်၍သွားလေတော့သည်။ မိမိ တို့ကိုယ်တိုင် တအိုးတအိမ်ထူထောင်၍ မိဘကျေးဇူးကို နားလည်သိတတ်လာသောအခါ
မိဘ ကျေးဇူးဆပ်ခြင်းကို ငယ်စဉ်ကလေး ဘဝကပင် မိမိကိုယ်တိုင်ပြုခဲ့ကြောင်းနှင့် ဆက်၍ကျင့်သုံးရမည့်
နည်းလမ်းကိုလည်း ကောင်းစွာ သိမြင်လာတော့၏။
စာရေးသူတို့လူရွယ်ဘဝ
အလုပ်ခွင်အသီးသီးတွင် စ၍အလုပ်ဝင်ကြစဉ်ကဖြစ်၏၊ တပ်မတော် ဆေးတပ်၌ ဆေးရုံတပ်ဆွယ်မှူးဗိုလ်ကြီး
(ဆရာဝန်) ဖြစ်သော စာရေးသူ၏အကိုဖြစ်သူသည် အိမ်သို့ ရောက်ခိုက် အမေနှင့်စကားပြောရင်း
အလုပ်ပင်ပန်း၍ နေသာထိုင်သာမရှိကြောင်းပြောမိရာ၊ မိခင် ဖြစ်သူက သား၏နဖူးကိုသူ၏ပါးဖြင့်ကပ်၍စူးစမ်း၏၊
ခြေဖျားလက်ဖျားများကိုလည်း စမ်းသပ်ကြည့်၏၊ ရင်ကိုလည်း နားနှင့်ကပ်၍နားထောင်၏ “ ဒီအိပ်ယာမှာအိပ်ငါ့သား
စောင်ကိုခေါင်းဖျားခြေဖျား လုံ အောင်ခြုံ စိတ်ရောကိုယ်ရောပင်ပန်းလွန်းလို့ မအီမသာဖြစ်နေတာ
ချွေးထုတ်ရမယ် ငန်းဆေး ( ကွမ်း ရွက်၊ ကြပ်ခိုး၊နနွင်းမှုန့်၊အိပ်သုံးဆားတို့ဖြင့် သူကိုယ်တိုင်ဖော်စပ်ထားသော
အဖိုးအဖွားတို့ထံမှ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့သည့် အမေ၏လက်စွဲဆေး) သောက်ဖို့လိုတယ်”
ဟုဆိုပြီး၊ ထိုစဉ်က အသက်(၆၀) နားသို့ ကပ်နေပြီဖြစ်သောအမေသည် လိုအပ်သည်များကို သူကိုယ်တိုင်လည်း
ဇယ်စက် သလို တက်ကြွသွက်လက်စွာပြင်ဆင်၏။ အနားရှိ သားသမီးများအားလည်း ကူညီစေ၏။ အကိုဖြစ်သူ
(ဆရာဝန်ဗိုလ်ကြီးဖြစ်သူ)ကလည်း မည်သည့်စောဒကမျှမတက် ၊အမေတိုက်သောငန်းဆေး( ဟင်း ရည်သောက်
ကြွေဇွန်း ကြီး ၃ ဇွန်းပမာဏ)ကို သောက်၍ အမေခင်းပေးသော အိပ်ယာထက်၌ စောင် ကို ခေါင်မြီးခြုံ၍
ချွေးထုတ်လေသည်။
“အခုမှဘဲပေါ့ပါးလန်းဆန်းပြီး
နေလို့ကောင်းသွာတယ်အမေရာ”၊ ချွေးစုံမစုံ သူကိုယ်တိုင်ဆုံး ဖြတ်၍ ကိုယ်တိုင်ချွေးသုတ်
ကိုယ်တိုင်အဝတ်အစားလဲပေးထားသော သူ့သား၏အသံကို ကျေကျေ နပ်နပ်ကြီး နားထောင်နေသောအမေသည်
ပြုံး၍နေပါသည်။ ဤအပြုံးကို ပီတိမျက်ရည်တို့ဖြင့် စိုနေ သောမျက်ဝန်းများတွင်လည်း တွေ့ရ၏။
ပိရိသေသပ်သော နှုတ်ခမ်းများ၌လည်းတွေ့ရ၏။ အရေး အကြောင်းတို့ဖြင့် မပီမပြင် တန်ဆာဆင်စပြုနေသော
ပါးပြင်နှင့်နဖူးပြင်တို့ထက်၌ပင်လျှင် မြင်ရသည် ထင်၏။ သိမ်မွေ့သောအပြုံး ကျေနပ်သောအပြုံး
နှလုံးသားမှလာသည့် မပြယ်သောအပြုံးပင်ဖြစ် ပါသည်။ ကာယိကဒုက္ခ စေတသိကဒုက္ခ တို့ကိုရင်ဆိုင်လျက်
ကိုးလလွယ်၍ ဆယ်လဖွားခဲ့ရသော သူ၏ သားဖြစ်သူသည်၊ ကိုယ်တိုင် သက်မွေးဝမ်းကြောင်းပြုနေနိုင်ပြီဖြစ်သော
ဤအရွယ်အထိ မိမိ၏ ရင်ခွင်ထဲ၌ ရှိနေသေးသည်ကို ခံစားသိမြင်လိုက်ရသောကြောင့် ဖြစ်ပါလိမ့်မည်။
သားသမီးများနှင့်
ကြီးမားသောအိမ်ထောင်တာဝန်ကို ထမ်းဆောင်နေရသော စီးပွားရေးလုပ် ငန်းရှင် အသက်(၆၀)ဝန်းကျင်ရှိသော
သားဖြစ်သူက အသက်(၉၀)ကျော်အရွယ် အမိအဖတို့၏အိမ်သို့ နေ့စဉ်သွားကာ ညနေစာအတူတူစားခြင်းသည်လည်းကောင်း၊
ဘီးတပ်ကုလားထိုင်ဖြင့် အသက်ရှင် ရပ်တည်နေရသော ဖခင်၏အိမ်သို့ (သားသမီးသုံးယောက်တို့၏မိခင်ဖြစ်နေလင့်ကစား)
နေ့စဉ်ဝတ် မပျက်အရောက်သွားကာ ၊ ဘီးတပ်ကုလားထိုင်ကိုတွန်းရင်း၊ မိမိ၏လုပ်ငန်း အတွေ့အကြုံများနှင့်
ရှေးဟောင်းနှောင်းဖြစ် ကြည်နူးရယ်မောစရာများကိုပြောလျက် လမ်းလျောက်ထွတ်တတ်သော သမီး
သည်လည်းကောင်း၊ မိမိတို့၏ရင်မှလာသော မိဘကျေးဇူးဆပ်နည်းများကို ကျင့်သုံးနေကြသူများ ဖြစ်သည်ကို သိမြင်နိုင်ကြမည်ထင်ပါကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း
ပို၍ပို၍ထိရောက်သော နည်းလမ်းကောင်းများကို ရှာဖွေတွေ့ရှိကျင့်သုံးကြလျက် မိဘကျေးဇူးကို
ပြန်လည်ပေးဆပ်နိုင်ကြသော သူတော်ကောင်းများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုရေးသားအပ်ပါသည်။
No comments:
Post a Comment