23.12.18

မျက်မှန်ကိုင်း မျက်မှန်မှန်နှင့် အခြေခံသိမှတ်ဖွယ်ရာများ ။၂၁/၁၂/၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး။ ပြည့်အောင်(COA)



      
                                    
        မျက်စိကုသမှုနယ်ပယ်၌ မျက်စိဝေဒနာအမျိုးမျိုးကို ကုသရာတွင် သောက်ဆေး စားဆေးပေး ၍ ကုသခြင်း၊ မျက်စဉ်းပေး၍ကုသခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်စေ၍ကုသခြင်း၊ ခွဲစိတ်မှုပြု၍ ကုသ ခြင်းများအပြင် မျက်မှန်တပ်ရန်လိုအပ်သူများအား မျက်မှန်တပ်ဆင်စေခြင်းဖြင့် အမြင်အာရုံပို၍ ကောင်းလာစေရန် ကုသခြင်းလည်းရှိသည်ဖြစ်ရာ မျက်မှန်တပ်ခြင်းသည် အရေးပါသော ကုသမှုတခု ဖြစ်ပါသည်။ အခြားကုသမှုများနှင့် မတူသောအချက်မှာ မိမိကျန်းမာရေးအတွက် အသုံးပြုရမည့် မျက်မှန်ကိုင်းနှင့် တပ်ဆင် ရမည့်မှန်ကို မိမိကိုယ်တိုင် ရွေးချယ်ဝယ်ယူရခြင်းပင်ဖြစ်ပါ သည်။
           မျက်မှန်ကိုင်းကို ရွေးချယ်ရာတွင် လက်တွေ့ကျကျစဉ်းစား၍ ရွေးချယ်တတ်ရန် လိုပါသည်။   သတ္တုဖြင့်ပြုလုပ်ထားသော မျက်မှန်ကိုင်း များသည် ရွဲ့စောင်း လိမ်ကောက် သွားတတ် ကြောင်း သိရပါမည်။ (ပြန်ပြင်၍ သုံးမည်ဆိုလျှင်တော့ ရနိုင်ပါသည်)။ ပလပ်စတစ်ကိုင်းများသည်လည်း သတ္တုကိုင်းများကဲ့သို့ တခါတရံရွဲ့စောင်းလိမ်ကောက် သွားတတ်ခြင်း၊ အပူဒဏ်မခံနိုင်ခြင်းများ ရှိကြောင်းလည်း သတိမူရမည်ဖြစ်၏။ သတ္တုကိုင်းများမှာမူ အပူဒဏ်ခံနိုင်သော အားသာချက်ရှိပါ သည်။ ဤသည်မှာ မျက်မှန်ကိုင်းများ နှင့်ပတ်သက် သော  အခြေခံ သဘော တရားမျှဖြစ်ပါသည်။
 ယခုခေတ်တွင် မလိမ်မကောက် ချွေးမစားသော(တိုက်တေနီယံသတ္တုဖြင့်ပြုလုပ်သော) ကိုင်း များ၊ အပူဒဏ် ခံနိုင်သော ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော ကော်ကိုင်းများလည်း ဈေးကွက် အတွင်း ရောက်ရှိ နေပြီဖြစ်ရာ ပိုမို စဉ်းစားတွေးခေါ်လျက် ဝယ်ယူသင့်ပါသည်။ မိမိတို့၏ လုပ်ငန်း သဘာဝ အလေ့အကျင့် နှင့် ပတ်ဝန်းကျင် အခြေအနေများကို လည်း၊ မျက်မှန်ကိုင်း ဝယ်ယူရာတွင် ထည့် သွင်း စဉ်းစားရမည်ဖြစ်၏။

မိမိနှင့်လိုက်ဖက်သည့် မျက်မှန်ကိုင်း

           ပါဝါမျက်မှန်တပ်ရန် ညွှန်ကြားချက်ရရှိပြီးပါက  မျက်မှန်ကိုင်းရွေးချယ်ရန် လိုအပ်သည်ဖြစ်ရာ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
(က)မှန်အရွယ်အစားသေးသော မျက်မှန်ကိုင်းများသည် အဝေးမှုန် အနှုတ်ပါဝါများများ တပ်ရမည့် သူများ အတွက် သင့်တော်ပါသည်။(အဝေးမှုန် အနှုတ်ပါဝါသည် မှန်ဘီးလူးခွက်ဖြစ်ရာ ပါဝါမှန်၏ ထူ သော အပိုင်းဖြစ်သည့် ပတ်ပတ်လည် အနားသတ်များကို လျော့ပါးစေသောကြောင့် ဖြစ်၏)
(ခ)မျက်နှာသွင်ပြင်နှင့် ပြတ်ပြတ်သားသား လိုက်ဖက်မှုရှိရပါမည်။ (ဥပမာ-မျက်နှာဝိုင်းသူများ လေးဒေါင့်ဆန် သည့်မျက်မှန်ကိုင်းတပ်သင့်သကဲ့သို့)
(ဂ)ပေါ့ပါးပျော့ပြောင်းမှုမရှိသောကိုင်းများ(လေးလေး တောင့်တောင့်ကိုင်းများ) နှင့် အရောင်အသွေး ပြတ်သားမှုမရှိသောကိုင်းများ ( ဟိုအရောင်လိုလို ဒီအရောင်လိုလို ကိုင်းများ)သည် မိမိ၏သွင်ပြင် နှင့် ဥပဓိရုပ်ကို ကျဆင်းစေသဖြင့်ရှောင်သင့်ပါသည်။ (အထူးသဖြင့်-ပြည့်ပြည့်ဝိုင်းဝိုင်း မေးစေ့ရှိသူများ)။
(င)မျက်လုံးပုံနှင့် နီးစပ်သောပုံသဏ္ဍန်ရှိသည့် မျက်မှန်ကိုင်းများသည် ၎င်း၏ဒေါင်းချိုးနေရာက ပေါ်လွင်စေ သဖြင့်၊မရှည်မဝိုင်း အလယ်အလတ် မျက်နှာပိုင်ရှင်များအတွက် ပို၍တင့်တယ်စေပါသည်။
(စ)မျက်မှန်ကိုင်း၏အရောင်ကို ရွေးချယ်ရာတွင် မိမိ၏ဆံပင်အရောင် မျက်လုံးအရောင်တို့နှင့် လိုက် ဖက်မည့် အရောင်အသွေးကို ရွေးချယ်လေ့ရှိကြပြီး၊ မိမိမျက်နှာနှင့် ထင်ထင်ရှားရှား ပေါ်ပေါ် လွင်လွင် လိုက်ဖက်မှုရှိရန် လည်း ဂရုထားရွေးချယ်ရန် လိုအပ်ပါသည်။

လုပ်ငန်းရှင်ကြီးများ သုံးသင့်သောမျက်မှန်ကိုင်း

           အကယ်၍ မိမိ၏လုပ်ငန်းခွင်သည် ဂုဏ်သရေရှိလူကြီးများနှင့် ဆက်ဆံနေရသော လုပ်ငန်း အမျိုးအစား မျိုးဖြစ်ပါက တိုက်တေနီယံ သတ္တုဖြင့်ပြုလုပ်ထားသော ပေါ့ပါးသည့်မျက်မှန်ကိုင်း ၊ စတိမ်း လက်စတီး မျက်မှန်ကိုင်း ၊ ဘောင်ကွပ်မပါသောမျက်မှန်ကိုင်း( မျက်မှန်ဆိုင်အခေါ်- ဖောက်ကိုင်း၊ ကြိုးဆွဲကိုင်း)စသည့်ဖြင့် မိမိတပ်ဆင်ရမည့် ပါဝါအပေါ်မူတည်၍ သပ်ရပ်ခန့် ညားသော မျက်မှန်ကိုင်း များကို ရွေးချယ်သင့်ပါသည်။
         အမျိုးသားများအနေဖြင့် အညိုရောင် ၊ အနက်ရောင် ၊ ငွေရောင် မျက်မှန်ကိုင်းများနှင့် ဘရောင်နင် အရောင် (သေနတ်ပြောင်း အရောင်) ကိုင်းများကို စဉ်းစားသင့်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ၎င်းအရောင် များသည် ပြေပြစ်သော အရောင်များဖြစ်သည့်အပြင် ပွဲတက်ဝတ်စုံ(ဥရောပ ဝတ်စုံ၊အမျိုးသားဝတ်စုံ)များနှင့် လည်းလိုက်ဖက်မှုရှိပါသည်။အမျိုးအသမီးများ အတွက်လည်း ထိုနည်း တူစွာပင် အနက်ရောင် ၊ အညိုရောင် ၊ ငွေရောင် ၊ ဘာဂန်ဒီဝိုင်အရောင်(အနီနှင့် အညိုကြားအရောင်)၊ အရည်မီ ရွှေရောင်စသည့် မျက်မှန်ကိုင်းများကို ရွေးချယ်တပ် ဆင်သင့်ပါသည်။ထို့ပြင် လိပ်ခွံအရောင် သည်လည်း သိမ်မွေ့သော အရောင်ဖြစ်၍ ရွေးချယ်သင့်သောအရောင် ပင်ဖြစ်ပါသည်။
ကွန်ပျူတာ(စခရင်များ)သုံး သီးသန့်မှန်
     အိုင်တီဒီဗိုက်များ(ကွန်ပျူတာ၊ ဖုံး စသည်)ကိုအသုံးပြုနေစဉ်တွင် မျက်စိအကာအကွယ်ရစေရန် အတွက်  ယနေ့ခေတ်တွင် သီးသန့်မျက်မှန်များကို တပ်လာကြပြီ ဖြစ်ပါ သည်။ နေ့စဉ် ကွန်ပျူတာ သုံးစွဲသူများ၏ ၇၀% ခန့်သည် မျက်စိအားစိုက်ရမှုကြောင့် ထိုကဲ့သို့ အသုံးပြုလာကြ ခြင်းဖြစ်ပါသည်။ ထုတ်လုပ်သူများ၏ အဆိုအရ ၎င်းမှန်များသည် စခရင်များရှိစာများနှင့် ရုပ်ပုံများကို ကြည့်ရှုရန်အတွက် အထူးသင့်လျော်ပြီး၊ စာအုပ်ကိုဖတ်ရှုသည်ထက် ပို၍ ကောင်းသော မြင်ကွင်းကို တွေ့ရမည်ဟု ဆိုပါသည်။အလင်းပြန်စေသော အလွှာပါးဖြင့် မှန်ကိုဖုံးအုပ်ထား သောကြောင့် အလင်းရောင်ကို လျော့ချပေးလျှက် ၊ အရောင်အသွေးများကို မျှတစေပြီး၊ အလင်းပြန်မှုများကိုလည်း သက်သာ စေမည် ဖြစ်ကြောင်းလည်း ဖော်ပြကြ ပါသည်။
ပုလင်းဖင်မှန်နဲ့ နည်းပညာသစ်

     မျက်မှန်ပါဝါအသစ်နဲ့ မှန်အသစ်ကို သုံးရန်လိုလာချိန်တွင် မျက်မှန်ပါဝါများသောကြောင့် ပုလင်း ဖင်လိုထူသောမှန်အထူအစား ပါဝါများများမှန်အပါး(Hight Index မှန်)ကို မျက်မှန်ဆိုင်တွင် မေး မြန်းစုံစမ်း ကြည့်ရမည်ဖြစ်ပါသည်။ ၎င်းမှန်အမျိုးအစားသည် ရိုးရိုးမှန်များထက် ပို၍ပါးသည့်အပြင် ကြည်လင်မှုတွင်လည်း သာလွန်၍ သက်တောင့်သက်သာ ရှိစေပါသည်။ထိုနည်းတူ အက်စ်ဖီးရစ်မှန် များ(aspheric lenes-နှစ်ဖက်ပါးမှန် အမျိုးအစား) ကိုလည်း သိထားရန်လိုအပ်ပါသည်။ ထိုမှန် အမျိုးအစားနှစ်မျိုးကို သုံးစွဲခြင်းအားဖြင့် မှန်ထူထူလေးလေးကို တပ်ဆင်ရသောဒုက္ခ နှင့် ပြတ်သား သော ပုံရိပ်များကို မမြင်ရသည့်ဒုက္ခတို့မှ ကင်းဝေးစေနိုင်မည် ဖြစ်ပါသည်။


ဘိုင်ဖိုကယ်မှန် နှင့် ပို၍ကောင်းသောမှန်များ

     စာကြည့်ခြင်း(အနီးကြည့်) နှင့် တီဗွီကြည့်ခြင်း(အဝေးကြည့်)ကဲ့ သို့ မတူညီသော အကွာအဝေး များအတွက် အသုံးပြုရန် မှန်ရွေးချယ်ရမည်ဆိုပါက မာတီဖိုကယ်မှန်(multifocal lens - အကွာ အဝေးအမျိုးမျိုးအတွက် ပါဝါအမျိုးမျိုးပါသောမှန်)ကိုရွေးချယ်သင့်ပါသည်။ ယခုအသုံးများသော ဘိုင်ဖို ကယ်မှန်သည် ပါဝါနှစ်မျိုးသာပါဝင်ပြီး ၊ မှန်၏အောက်ခြေ၌ စာကြည့်(အနီးကြည့်)ပါဝါ ပါဝင်ပါသည် ။ ၎င်းမှလွတ်သော အထက်ဖက်သည်  အဝေးကြည့်ပါဝါ ဖြစ်ပါသည်။ အဝေးကြည့်(ပေ-၂၀)နှင့် အနီးကြည့်(၁၂”-၁၄”လက္မ)အတွင်းသာ အဆင်ပြေပြီး၊ ၎င်းနှစ်ခု၏ကြား အကွာအဝေးများ တွင် အမြင်ဝေဝါးနေတတ်ပါသည်။ သို့ဖြစ်ရာ ကွန်ပျူတာ အပါအဝင်အခြားသော ကြားအကွာအဝေး များ (၁၈” နှင့် ၂၄” အတွင်း)ကို ကြည့်ရန်အတွက် ထရိုင်ဖိုကယ်မှန်(Trifocal -အဝေးအနီး နှင့် အလယ် အလတ် ပါဝါသုံးမျိုးပါမှန်)ကို ယခင်ကထုတ်လုပ်သုံးစွဲလာကြပါသည်။ ယခုအခါတွင် ၎င်းထရွိင် ဖိုကယ်မှန်မှ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပြီး မာတီဖိုကယ်မှန် (multifocal lens) အဖြစ် ထုတ်လုပ် လာကြခြင်း ဖြစ်ပါသည်။ Multifocal lens သည် အဝေးကြည့်နှင့် အနီးကြည့်ကြား အကွာဝေးများ အတွက် ကြည်ကြည်လင်လင်မြင်နိုင်စေရန် သုတေသနပြု ထုတ်လုပ်ထားသော မှန်အမျိုးအစား ဖြစ်ပါသည်။

အန္တရယ်ရှိသောကစားနည်းများအတွက် ပိုလီကာဗွန်နိတ်မှန်

      လက်ရိုက်တံ(racquet)ဖြင့် ရိုက်၍ ကစားရသော ကစားနည်း များတွင်၊ ရိုက်တံဖြင့် ရိုက်လိုက် သော ဘောလုံး(racquetball)သည် တနာရီလျှင် မိုင်၁၀၀ မှ မိုင်၁၅၀ အတွင်းအမြန်နှုန်းရှိပါသည်။ အရှိန်ပြင်းပြင်းနှင့်လာသော ဘောလုံးသည် ကစားသမား၏မျက်လုံးကို အချိန်မရွေး ထိခိုက်ဒဏ်ရာ ရစေနိုင်ပါသည်။ထိုကဲ့သို့သော အာကစားနည်းများအတွက် အကောင်းဆုံးသော မျက်စိအကာ အကွယ်မှာ အကောင်းစားပလပ်စတစ်ဖြင့် ပြု လုပ်ထားသည့် ပေါ်လီကာဗွန်နိတ်မှန်(polycarbonate lenses) တပ်ဆင်ထားသော မျက်မှန်ပင်ဖြစ်ပါသည်။ ပေါ်လီကာဗွန်နိတ်မှန်သည် အခြားသော သတ္တုပစ္စည်းများထက် ၁၀ ဆမျှ ပို၍မာကြောပြီး ခရမ်းလွန်ရောင် ခြည်ကိုလည်း ကာကွယ်ပေးပါ သည်။ ထို ပေါ်လီကာဗွန်နိတ်မျက်မှန်ကို တပ်ဆင်စေခြင်းအားဖြင့် အားကစားကြောင့်ဖြစ်ပွားသည့် မျက်စိထိခိုက် ဒဏ်ရာရခြင်းများကို ၉၀% အကာအကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။

 အဝါရောင်မှန်များ ၏ အားသာချက်

         အဝါရောင်မှန်များသည် သဘာဝအလင်းရောင် အားနည်းသောအချိန်များတွင်  ကြည်လင် ပြတ်သားစွာ မြင်စေနိုင်သော ဂုဏ်သတ္တိရှိပါသည်။ အသေးစိတ်ကြည့်ရှု့၍ အမြင်အာရုံကောင်း ကောင်းဖြင့် ယှဉ်ပြိုင်ကြရသော အားကစားသမားများနှင့် လုပ်ငန်းလိုအပ်ချက် ရှိသူများသည် အဝါ ရောင်မှန်ပါသည့် မျက်မှန်များကိုတပ်ကြပါသည်။

အစိမ်းရောင်မှန်၏အသုံးဝင်ပုံ

           အစိမ်းရောင်မှန်များသည် အရောင်အသွေးတမျိုးနှင့်တမျိုး ပို၍ ကွဲပြားစေရန် ခွဲခြားပေး နိုင်သော ဂုဏ်သတ္တိရှိပါသည်။ ဂေါက်သီး အားကစားသမားများနှင့် ဘေ့စ်ဘောအားကစား သမားများ လောကတွင် အစိမ်းရောင်မှန်တပ်ဆင်ထားသည့် မျက်မှန်များ ရေပန်းစားရခြင်း၏ အကြောင်းရင်း လည်းဖြစ်၏။ဂေါက်ကွင်း၌အစိမ်းရောင်မှန် ဖြင့်ကြည့်လျှင် မြက်ခင်းပေါ်ရှိဂေါက်သီးကို ပို၍ ထင်ထင် ရှားရှားတွေ့ကြရမည် ဖြစ်သည်။ ထိုသို့ဖြစ် ရခြင်းမှာ အစိမ်းရောင်မှန်သည် ကြည်ကြည်လင် လင် မြင်ရစေရုံမျှသာမကဘဲ အစိမ်းရောင် (မြက်ခင်း)နှင့် အဖြူရောင်(ဂေါက်သီး)တို့ကို ကွဲကွဲပြားပြား ခွဲခြားပေးနိုင်သောကြောင့် ဖြစ်ပါသည်။


မျက်စိစမ်းသပ်စစ်ဆေးမှု ပုံမှန်ခံယူသင့်သောကာလ

           မျက်မှောက်ခေတ်သည်  မျက်မှန်သုံးမှန်များ ထုတ်လုပ်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာ သကဲ့ သို့ မျက်စိစမ်းသပ်စစ်ဆေးမှုဆိုင်ရာ နည်းပညာများလည်း တိုးတက်လျက်ရှိပါသည်။ မျက်စိကျန်းမာ ရေး ကောင်းနေသူပင်ဖြစ်စေကာမူ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးမှုကို (၂) နှစ်တခါ ခံယူသင့်ကြောင်း သုတေသီတို့က အကြံ ပြုကြပါသည်။မျက်မှန်တပ်နေရသူ ဖြစ်ပါကလည်း မိမိ၏ မျက်မှန်ပါဝါကိုက်ညီမှု ရှိမရှိ သိရှိရန်လိုအပ်ပါသည်။ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးခြင်းအားဖြင့် မိမိတွင် အတွင်းတိမ် (cataracts) ၊ ရေတိမ်(Glaucoma) စသည်တို့ရှိ မရှိ သိနိုင်သည့်အပြင် ၊ ဆီးချို သွေးချိုရောဂါ ၊သွေးတိုးရောဂါ၊ နှလုံးရောဂါ များအပြင် အခြားသောရောဂါများ ရှိမရှိကိုလည်း သိကြရမည်ဖြစ် ပါ သည်။အဘယ့်ကြောင့်ဆိုသော် အထက်ဖော်ပြပါရောဂါများ၏ ရှေ့ပြေးနှင့် ဖြစ်ဆဲ သင်္ကေတလက္ခ ဏာများကို မျက်စိ၏အရေးပါသော အင်္ဂါအစိတ်အပိုင်းများတွင် မျက်စိအထူးကုဆရာဝန်များက ရှာဖွေ တွေ့မြင်နိုင်သောကြောင့်ဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

11.12.18

မျက်စိကျန်းမာရေးနှင့် မျက်မှန်ဆိုင်များ၏ကဏ္ဍ (၆.၁၂.၂၀၁၈ ရက်နေ့ထုတ်ရတနာပုံ နေ့စဉ်သတင်းစာပါဆောင်းပါး)


      

                                       
       မျက်မှောက်ခေတ် လူမှုဆက်ဆံရေးနှင့် လုပ်ငန်းဆိုင်ရာနယ်ပယ်အသီးသီးတွင် ခေတ်မီအိုင်တီ ဒီဗိုက်(ပီစီကွန်ပျူတာ၊တက်ပလက်နှင့် ဖုံး)များ အသုံးတွင်ကျယ်လာသည့်နှင့်အမျှ၊မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများလည်း(လိုအပ်ချက်ရှိသည်နှင့်အညီ)လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပါသည်။ ထိုနည်းတူ မျက်မှန်လုပ်ငန်းရှင် (စီးပွားရေးလုပ်ငန်းရှင်) များကလည်း မျက်မှန်ဆိုင်များကိုတိုး၍ တိုး ၍  ဖြန့်ကျက်ဖွင့်လှစ်လာကြသည်ကို တွေ့ကြရပါမည်။

          မျက်မှန်ဆိုင်များ တွင်ကျယ်လာရခြင်း၏ အကြောင်းရင်းကိုလေ့လာလျှင်စာရေးသူတို့၏ လူမှု အသိုင်းအဝိုင်းအတွင်း မျက်စိကျန်းမာရေးဗဟုသုတတိုးပွားလာခြင်း နှင့် အလှအပရေးရာ(ဖက်ရှင်)ကို စိတ်ဝင်စားလာကြခြင်းများကို အခြေခံ အကြောင်းတရာများအဖြစ်တွေ့ ကြရပါမည်။မျက်စိကျန်းမာရေး ဗဟုသုတတိုးပွားလာသည်ဟုဆိုရာ၌ ပုံမှန်မျက်စိစစ်ဆေးရန် လိုအပ်ကြောင်းသိလာကြခြင်း၊မျက်စိ ဝေဒနာများ(နောက်ကြောတက်ခြင်း၊မျက်ရိုးကိုက်ခြင်း၊ခေါင်းနောက်ခြင်း၊မအီမသာဖြစ်ခြင်းများ)ဖြစ်လာလျှင် အစစ်ဆေးခံရန်လိုအပ်သည်ဟုသိလာခြင်း နှင့် နေရောင်ခြည်တွင်ပါဝင်သော အန္တရာယ်ရောင် ခြည်များကိုကာကွယ်ရန် အဆင့်မြင့်နေကာ မျက်မှန်များကိုအသုံးပြုရန်လိုအပ်ကြောင်း သိလာကြခြင်း များကိုဆိုလိုပါသည်။ကမ္ဘာ့အဆင့်မီ မျက်မှန်ကိုင်းများကို အလွယ်တကူ တင်သွင်း၍ ရခြင်းသည် လည်း အကြောင်းတခုဖြစ်မည်ထင်ပါသည်။

မျက်စိဝေဒနာများကိုခံစားကြရသူအများစုသည် မျက်စိဆေးရုံ၊ဆေးခန်းများသို့ သွားရောက် ပြသကြသော်လည်း၊အချို့သောသူများမှာ မျက်မှန်လိုအပ်သောကြောင့် မျက်စိမှုန်ခြင်း ဟုတ်မဟုတ် သေချာဂဏ မသိကြသော်လည်း မျက်မှန်ဆိုင်များသို့တိုက်ရိုက်သွားပြကြပါသည်။မျက်မှန်ဆိုင်များ အပိုင်းတွင် နေကာမျက်မှန်၊ ပါဝါမျက်မှန် နှင့် မျက်ကပ်မှန် စသည်ဖြင့်ရှိရာ ဤဆောင်းပါး၌ ရေးသား လိုသည်မှာ မျက်စိကျန်းမာရေးကဏ္ဍ အတွက် အရေးပါသော ပါဝါမျက်မှန်များနှင့်ပတ်သက်သော အပိုင်းဖြစ်ပါသည်။

          ပါဝါမျက်မှန်အပိုင်းတွင်မျက်မှန်ကိုင်းရွေးချယ်ဝယ်ယူခြင်းနှင့် မျက်မှန်ပါဝါ စစ်ဆေးစမ်သပ် ခြင်းဟူ၍ နှစ်ပိုင်းရှိရာ၊မျက်မှန်ကိုင်း ရွေးချယ်ဝယ်ယူသောအပိုင်းတွင်း အထူးဆိုဖွယ်ရာ မရှိပေ။ ဝယ်ယူသူက အခြားသောအသုံးအဆောင်ပစ္စည်းများဝယ်ယူသကဲ့သို့ မိမိနှစ်သက်သော၊ စတိုင်ကျ သော၊ခေတ် မီသော၊မိမိနှင့်လိုက်ဖက်မည်ဟုယူဆသော မျက်မှန်ကိုင်းကို စိတ်တိုင်းကျရွေး ချယ်ဝယ် ယူမည်ဖြစ်သကဲ့သို့ ရောင်းသူကလည်း မိမိတွက်ချေကိုက်မည့်ဈေးဖြင့်ရောင်းမည်သာဖြစ် ပါသည်။ 

အခြားကုန်ပစ္စည်းများဝယ်ယူခြင်းနှင့် မတူသောအပိုင်းမှာ မျက်မှန်ပါဝါရှာဖွေခြင်းနှင့်စပ်ဆိုင်သော အပိုင်းဖြစ်ပါသည်။ဤသည်မှာ မျက်မှန်ဆိုင်များနှင့် အခြားလူသုံးကုန်ပစ္စည်းများရောင်းချသော ဆိုင်တို့ ၏ အဓိကခြားနားသော အချက်ပင်ဖြစ်ပါသည်။

`        မျက်မှန်ဆိုင်များသည် မျက်မှန်(ကုန်ပစ္စည်း)ရောင်းချရုံမျှသာမဟုတ်ပေ။မျက်မှန်ပါဝါရှာ ဖွေ ခြင်း(မျက်စိကျန်းမာရေးစောင့်ရှောက်မှု)အတွက်ပါတာဝန်ရှိသူများဖြစ်နေပါသည်။ကာယကံရှင်အ တွက် မျက်မှန်ပါဝါကို ရှာဖွေပေးရန်လိုသကဲ့သို့ ၊ မျက်မှန်တပ်ရန် အမှန်တကယ်လိုအပ် မှုရှိမရှိ၊ သိရန် လည်းအရေးကြီးပါသည်။ မျက်မှန်ဆိုင်များ နိစ္စဓူဝရင်ဆိုင်နေရသောပြဿနာမှာ မိမိစီးပွားရေးအတွက် မျက်မှန်များများ ရောင်းလိုခြင်းနှင့် မျက်မှန်ဝယ်ယူမည့်ဈေးဝယ်အတွက် အမှန်တကယ်မျက်မှန်တပ် ရန်လို အပ်ချက် ရှိမရှိ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချရခြင်းများပင်ဖြစ်ပါသည်။ ပိုမိုအရေးကြီးသော ကိစ္စမှာ ကာယကံရှင်၏ မျက်စိမှုန်ခြင်းသည် မျက်စိရောဂါတမျိုးမျိုးကြောင့် ဟုတ်မဟုတ် သိရှိရန်ပင် ဖြစ်ပါသည်။

          စီးပွားရေှးဗဟုသုတ သက်သက်မျှသာမဟုတ်ဘဲ မျက်စိကျန်းမာရေးဗဟုသုတနှင့်ပြည့်စုံသူ မျက်မှန်ဆိုင်တည်ထောင်သူ(ဆိုင်ပိုင်ရှင်)များကမှု ထိုပြဿနာကို ဖြေရှင်းရန်အတွက် ခေတ်မီ မျက်စိ စမ်းသပ်စစ်ဆေးသော ကိရိယာများ ဝယ်ယူတပ်ဆင်၍ မျက်စိအထူးကုဆရာဝန်ကြီးများ၊မျက်မှန် ကျွမ်းကျင်ပညာရှင်များ၊အမြင်စမ်းပညာရှင်များအား မိမိ၏ဆိုင်သို့ဖိတ်ခေါ်၍ ထိုက်သင့်သည့်ဥာဏ် ပူဇော်ခ ချီးမြှင့်လျှက် စမ်းသပ်စစ်ဆေးဆုံးဖြတ်စေပါသည်။ထိုပညာရှင်တို့၏ အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် အထက်ပါပြဿနာများကို ဖြေရှင်းပြီဖြစ်စေပါသည်။

          ထိုကဲ့သို့ပညာရှင်များ ဖိတ်ခေါ်၍ ရသောမျက်မှန်ဆိုင်များရှိသကဲ့သို့ ဖိတ်ခေါ်လိုသော်လည်း မရသောဆိုင်များလည်းရှိနေပါသည်။အကန့်အသတ်ရှိနေသော ပညာရှင်အရေအတွက်သည် အရှိန် အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာ သောမျက်မှန်ဆိုင်အရေအတွက်ကို ဖြည့်ဆည်းရန်ခက်ခဲလျှက်ရှိ၏။ များသောအားဖြင့် နိုင်ငံဝန်ထမ်းများဖြစ်နေကြသော ထိုပညာရှင်များသည် မျက်မှန်ဆိုင်များ၏အခက် အခဲကို သူတို့၏ အားလပ်ချိန်များတွင်သာ ဖြေရှင်းပေးနိုင်ကြပါသည်။ထို့ပြင်မျက်မှန်ဆိုင်သို့ လာကြ သူများအနက် အချို့မှာ ပညာရှင်များ၏ ဥာဏ်ပူဇော်ခကိုပေးရန် ဝန်လေးကြခြင်းသည်လည်းအခက် အခဲတခုဖြစ်ပါသည်။ မျက်မှန်ဆိုင်ကို အခြားကုန်ပစ္စည်းရောင်းချသော ဈေးဆိုင်များကဲ့သို့ ရှုမြင်သုံး သပ်၍ ပညာရှင်များအတွက် ဥာဏ်ပူဇော်ခကို ဆိုင်ပိုင်ရှင်များကသာ(ဆိုင်ဝန်ထမ်းတဦးကဲ့သို့) ပေး သင့်သည့်ဟု ထင်မြင်ယူဆကြ သောကြောင့်ဖြစ်ပါသည်။

          ထိုအခက်အခဲများပြေလည်ရန်အတွက် အချို့သောမျက်မှန်ဆိုင်များတွင် ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်(ပညာရပ်ဆိုင်ရာ တက္ကသိုလ်များ သင်တန်းကျောင်းများမှ အသိအမှတ်ပြု လက်မှတ်ရပညာ ရှင် မဟုတ်စေကာမူ)က မျက်မှန်ပါဝါရှာဖွေခြင်းကို ပြုလုပ်လာကြပါသည်။ ထိုကဲ့ သို့သော သူများကို အမျိုးအစားအားဖြင့် အောက်ပါအတိုင်းတွေ့ကြရမည်ဖြစ်ပါသည်။

(၁) မိဘ၊ဘိုးဘွား အစဉ်အဆက် မျက်မှန်ဆိုင်ဖွင့်လှစ်ရောင်းချလာခဲ့၍ မျက်မှန်ပါဝါရှာဖွေခြင်းကို မိရိုးဖလာပညာတရပ်အနေခြင့် လက်ဆင့်ကမ်း သင်ယူတတ်မြောက်ခဲ့သူများ။

(၂) အသင့်သုံးပါဝါမှန်များမရှိစဉ်က မှန်ရိုင်းများကို ပါဝါမှန်အဖြစ်ပြုပြင်သွေးယူရာမှ၊မျက်မှန်ပါဝါများ အကြောင်း၊သိနားလည်လာပြီး၊အစဉ်အဆက် လက်ဆင့်ကမ်းသင်ကြားတတ်မြောက်လာသူများ။

(၃) မျက်မှန်ပါဝါရှာဖွေပေးသော ခေတ်မီကရိယာများ(Auto refractometer) ကိုအားကိုး၍လုပ်ဆာင် သူများ……………ဟူ၍တွေ့ကြရမည်ဖြစ်ပါသည်။

          မည်သို့ပင်ဖြစ်စေကာမှု ထိုသူများသည်လည်း မိမိတို့၏လေ့လာသင်ယူနိုင်မှုအတိုင်းအတာအရ လက်တွေ့အကောင်အထည်ဖော်ရသည့် နယ်ပယ်တွင် ပညာရှင်တယောက်၏နေရာတွင် ရောက်ရှိနေ သည်ကို သတိမူကြရမည်ဖြစ်ပါသည်။မျက်စိကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင် တတတ်တအား ပါဝင်နေသူများဖြစ်သည်ကို သိထားသင့်ပါသည်။ ပညာရှင်တို့၏စံနှုန်းအရ မိမိမကျွမ်းကျင်သော၊ မပိုင် နိုင်သော၊ မသေချာ မရေရာဖြစ်နေသော အခြေအနေနှင့်အချက်များကိုတွေ့ရှိလာပါက၊ မိမိထက်ပို၍ ကျွမ်းကျင်သူ ပညာရှင်များထံသို့ စေလွှတ်ရမည်ဖြစ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မျက် မှန်ဆိုင်များသည် ကုန်ပစ္စည်းရောင်းချရာ နေရာမျှသာမဟုတ်ဘဲ၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍတွင် အရေးပါသော အပိုင်းမှပါဝင်နေသည်ဖြစ်ရာ မျက်စိကျန်း မာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များ၊ မျက်မှန် ပေး၍မရသူများ၊ မျက်မှန်ဖြင့် မြင်ရသော်လည်း ကြည်ကြည် လင်လင် (သတ်မှတ်စံနှုန်း အတိုင်း) မမြင်ရသူများအား မျက်စိအထူးကုဆရာဝန်ကြီးများရှိရာ မျက်စိဆေးရုံ ဆေးခန်းများသို့ သွား ရောက်ပြသပါရန် နှစ်သိမ့်ဆွေးနွေး စေလွှတ်ပေးသင့်ပါသည်။

          သို့မှသာ နိုင်ငံတဝန်းအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျှက်ရှိသော မျက်စိကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းစဉ်ကြီးတွင် မျက်မှန်ဆိုင်များ၏အရေးပါ သောအခန်းကဏ္ဍသည် ပိုမိုထင်ရှားလျှက် ထိရောက်မှုရှိလာမည်ဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

  ပြည့်အောင်(COA)

20.11.18

ထင်သာမြင်သာ မျက်ခွံဝေဒနာ မပေါ့ဆမိကြစေရာ။ (၁၈/၁၁/၂၀၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ် သတင်းစာပါဆောင်းပါး)




          မျက်ခွံ၌ဖြစ်ပွားသော မျက်စိဝေဒနာများသည် အစဦးကာလများ၌ အမြင်အာရုံကို ရုတ်တရက် ထိခိုက်စေနိုင် လောက်သည့် အခြေအနေမျိုး မဖြစ်နိုင်သော်လည်း၊ လူအများ၏အမြင်တွင်သိသာထင် ရှားပြီး ကာယကံရှင်အားလည်း အထူးပင်စိတ်ကသိကအောင့်ဖြစ်စေ၏။ကာလကြာလာသောအခါ နာကျင်မှုဝေဒနာ ပိုမိုထင်ရှားလာပြီး အမြင်အာရုံဆုံးမှုမရှိသော်လည်း တဖြည်းဖြည်းနှင့် အမြင်ကျဆင်း လာမှုကို ဖြစ်စေသော ဝေဒနာများရှိကြောင်း သတိမှုမိကြစေရန် ရည်ရွယ်၍ ဤဆောင်းပါးကိုပြုစုပါ သည်။
အဖြစ်များသော မျက်ခွံဝေဒနာများကို လေ့လာလျှင်…..
(က)မျက်ခွံရောင်ခြင်း(Blepharitis)                                                                          (ခ)မျက်ခွံ၌အဖုဖြစ်ခြင်း(Chalazion)                                                                                (ဂ)မျက်ခမ်းစပ်ရောဂါ(Trachoma) နှင့်                                                                         (ဃ)မျက်ခွံကျခြင်း(Ptosis) တို့ကို တွေ့ကြရပါမည်။

(က)မျက်ခွံရောင်ခြင်း(Blepharitis)

      မျက်ခွံရောင်ခြင်းသည် သိသာမြင်သာသော အဖြစ်များသည့် မျက်စိပြဿနာတခုဖြစ် သည်။ ဗက်တီးရီးယားပိုးကြောင့် မျက်ခွံသည် နီရဲလျှက် ဖောင်းလျှက် မို့အစ်လျှက် ရောင်နေမည်ဖြစ် ၏။ ကာယကံရှင်မှာ ကျိန်းစပ်သော ဝေဒနာကိုခံစားရလျှက် မျက်ရည်ပူများ တခါတရံကျနေတတ်ပါ သည်။ အမြင်အာရုံကို ထိခိုက်စေခြင်းမရှိသော်လည်း ခံစားရသည့်ဝေဒနာမှာ သက်တောင့်သက်သာ ရှိမည်မဟုတ်ပေ။
မျက်ခွံရောင်ခြင်းကိုသုံးမျိုးသုံးစားတွေ့ကြရပါမည်။အပြင်မျက်ခွံရောင်ခြင်း၊အတွင်းမျက်ခွံရောင် ခြင်း နှင့် အပြင်မျက်ခွံရောအတွင်းမျက်ခွံပါရောင်ခြင်းတို့ဖြစ်၏။အပြင်ဖက်မျက်ခွံရောင်လျှင် မျက်ခွံ အပြင်ဖက် အပေါ်ယံ အရေပြား၊ အရေပြားအောက်ခြေအလွှာနှင့် မျက်တောင်မွှေးအောက်ခြေ မွှေး ညှင်းပေါက်နေရာများမှ ဗက်တီးရီးယားပိုးဝင်ခြင်းကြောင့် စတင်ဖြစ်ပွား သည်ကိုတွေ့ရပါသည်။ အပြင် ဖက်မျက်ခွံအရေပြားသည် ရောင်ရမ်းလျှက် နာကျင်သော ဝေဒနာကို ခံစားရပါမည်။တခါတရံပြည် တည်တတ်သော ဗက်တီးရီးယားပိုးတမျိုး (Staphylococcal infections) ကြောင့် အပြင်ဖက်မျက်ခွံ ရောင်ရခြင်း ဖြစ်ပါသည်။
အတွင်းဖက်မျက်ခွံရောင်ခြင်းသည် မျက်ခွံအတွင်းဖက်ကိုဖုံးအုပ် ထားသော မျက်မြှေးလွှာနှင့် မျက်လုံး၏မျက်ဖြူလွှာကိုဖုံးအုပ်ထားသော မျက်မြှေးလွှာတို့ဆုံတွေ့ရာ ဒေါင့်ချိုး(Inner Edge) မှ စတင် ဖြစ်ပွားပြီး မျက်ခွံ၏အတွင်းပိုင်းတွင် ရောင်ရမ်းနေသည်ကို တွေ့ကြရပါမည်။ အပေါ်အောက် မျက်ခွံ များတွင်ရှိသော မျက်ရည်အဆီဂလင်း(meibomian glands) အားနည်း သို့မဟုတ် ချို့ယွင်းခြင်း ကြောင့် သော်လည်းကောင်း၊ကိုယ်တွင်းခုခံအားစနစ် အားနည်းခြင်းကြောင့်သော်လည်းကောင်း မျက် ရည်၏ အရည်အသွေးကျဆင်းသွားခြင်းကြောင့် စတင်ဖြစ်ပွားရပါသည်။ဆက်လက်၍ ဗက်တီးရီးယား ပိုးဝင်ခြင်း ဖြစ်လာနိုင်သဖြင့် ပေါ့ဆ၍မရပေ။
အပြင်ဖက်မျက်ခွံရောင်ခြင်းနှင့် အတွင်းဖက်မျက်ခွံရောင်ခြင်းတို့သည် သီးခြားဆီဖြစ်တတ် သကဲ့သို့ အပြိုင်နက်တည်းဖြစ်ပွားခြင်းလည်းရှိပါသည်။ထိုအခါ အထက်ဖော်ပြပါ သင်္ကေတနှစ်မျိုးစလုံး ကိုတွေ့ကြရ မည်ဖြစ်ပါသည်။မျက်ခွံရောင်ခြင်းသည် အမြင်အာရုံကိုရုတ်တရက်မထိခိုက်နိုင်သော် လည်း ရေရှည်ဖြစ်ပွားပါက မျက်ခွံ၏လုပ်ငန်းစဉ်များကိုထိခိုက်စေနိုင်သဖြင့် ဂရုတစိုက်ကုသမှုခံယူ သင့်ပါသည်။

(ခ)မျက်ခွံ၌ အဖုဖြစ်ခြင်း(Chalazion)

        မျက်ခွံတွင်းရှိ အဆီဂလင်း(sebaceous gland)မှ အဆီစိမ့်ထွက်ရာ လမ်းကြောင်း(duct) ပိတ်ဆို့သွားသောကြောင့် မျက်ခွံတွင်းရှိ ၄င်းအဆီဂလင်းရှိရာနေရာ၌ အဆီများစုဝေးလျှက် တဖြည်း ဖြည်းရောင်လာဖြင်း ဖြစ်ပါသည်။ရောင်ရမ်းခြင်း မရှိဘဲအဆီကြိတ်အဖြစ် ရှိနေခြင်းမျိုးလည်း တွေ့ရ တတ်ပါသည်။အဆီကြိတ်ရှိရာ နေရာ၌သာရောင်နေရာမှ မျက်ခွံတခုလုံးနီး ပါး ရောင်ရမ်းလာခြင်းမျိုး (secondary infection)လည်း ဖြစ်တတ်ပါသည်။ ထို့ပြင် မျက်ခွံပိုးဝင်၍ဖြစ်သောအဖု(Infected Chalazion)သို့မဟုတ် မျက်စိစွံခြင်း(Stye) ၊ ကင်ဆာမဟုတ်သော အဖုအကြိတ်(Benign Tumours) နှင့် ကင်ဆာအဖုအကြိတ်(Malignant Tumours) စသည်ဖြင့်လည်း ရှိပါသေးသည်။
         နာကျင်သောဝေဒနာ ခံစားလာရသည်မှ သူ့အလိုလျှောက် အဆီကြိတ်ပေါက်ထွက်သွားခြင်း လည်း ရှိပါသည်။ကုသမှုအပိုင်းတွင် …ကော်မျက်စဉ်း (Antibiotic eye ointment)ခပ်ရန် ညွှန်ကြား ခြင်းနှင့် မျက်ခွံအဖုကို ခွဲစိတ်ခြစ်ထုတ်ဖယ်ရှားပေးခြင်း စသည်ဖြင့် သက်သာပျောက်ကင်း စေမည် ဖြစ်ပါသည်။ အသေးစား ခွဲစိတ်ကုသမှုဖြစ်၍ လျှင်မြန်စွာသက်သာ ပျောက်ကင်းမည်ဖြစ်၏။ မျက်စိ အထူးကုဆရာ ၀န်နှင့်ပြသ၍ ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်ပါသည်။ 

(ဂ)မျက်ခမ်းစပ်ရောဂါ(Trachoma)

မျက်ခမ်းစပ်ရောဂါသည် ကလေးဘ၀မှ စတင်ကူးစက်ခြင်းခံရတတ်ပြီး ရောဂါကူးစက်သည်မှ နောက်ပိုင်း နှစ်ပေါင်းနှစ်ဆယ် သို့မဟုတ် နှစ်ဆယ်ကျော်ခန့်တွင် အမြင်အာရုံဆုံးရှုံးသွားရတတ်ပါ သည်။ သက်သာလိုက် ပြန်ဖြစ်လိုက်နှင့် မျက်စိ၌ ရေရှည်ဖြစ်ပွားတတ်သော ရောဂါအမျိုး အစားဖြစ် ပြီး အချို့သောအပူပိုင်းနိုင်ငံများတွင် အဖြစ်များ၏။
           ကူးစက်တတ်သော ရောဂါဖြစ်ပြီး အထူးသဖြင့် ယင်ကောင်ကဲ့သို့သော ပျံသန်းသည့် အင်း ဆက်များက ရောဂါပိုးများကို သယ်ဆောင် ပြန့်ပွားစေသည်။ကမ္ဘာတ၀န်း ၄င်းရောဂါပိုး ကူးစက်ခံရသူ သန်း ၅၀၀ ခန့်ရှိသည်ဟု ပညာရှင်များက ခန့်မှန်းကြပြီး မျက်စိအမြင်အာရုံဆုံးရှုံးသူ ပေါင်း ၆ သန်းခန့် ရှိသည်ဟု ဖော်ပြကြသည်။
         တကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု လွန်စွာနိမ့်ကျ ခြင်း၊မိလ္လာစနစ်နှင့် ရေဆိုး စနစ်များ အဆင့်နိမ့်ကျလွန်းခြင်းများသည် အထက်ဖော်ပြပါ မျက်ခမ်းစပ်ရောဂါ ပြန့်ပွားနှုန်းကို အထူး မြင့်တက် စေသော အချက်များဖြစ်ပါသည်။ ကလေးဘဝမှစတင်ကာ နေ့စဉ် စနစ်တကျ မျက်နှာသစ် ခြင်းသည် တကိုယ်ရေသန့်ရှင်းမှုကို အခြေခံအားဖြင့် အထောက်အပံ့ပြု၍ မျက်ခမ်းစပ်ရောဂါကို ကာ ကွယ်ပေးသည်ဖြစ်ရာ နေ့စဉ်စနစ်တကျ မျက်နှာသစ်ကြစေရန်လည်း တိုက်တွန်းကြ ရမည်ဖြစ်ပါ သည်။
        မျက်ခမ်းစပ်ရောဂါပိုးကြောင့် အထက်မျက်ခွံရှိ မျက်တောင်မွှေး များသည် အတွင်းသို့ စိုက် ၀င်လျှက်ရှိပြီး မျက်ကြည်လွှာကို အစဉ်တစိုက် ပွတ်တိုက်မိစေသည်။အထက်မျက်ခွံ၏ အနားသတ်များ သည် အတွင်းဖက် သို့ကုတ်လျှက် စိုက်ဝင်နေ သောကြောင့်၊ ထိုသို့စိုက်ဝင်နေသော အခြေအနေကို Entropion ဟုခေါ်ပါသည်။ အတွင်းသို့ မျက်ခွံကုတ်ဝင်သော ရောဂါ ဟုခေါ်ဆိုဟန်ရှိ၏။ အချိန်ကာလ ကြာသောအခါ မျက်ကြည်လွှာအနာ (Corneal Ulcer)မှတဆင့် အနာရွတ် ဖြစ်လာပြီး မျက်ကြည်လွှာ ပိတ်ဖုံးခြင်း(Opaque) ဖြစ်သွားမည် ဖြစ်ပါသည်။ အမြင်အာရုံလည်း ကျဆင်းသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ထိုအခြေအနေများ ဆက်လက်မဖြစ်ပွားစေရန် အတွက် မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသပြီး မှန်ကန်သော ခွဲစိတ်ကုသမှုကို ခံယူရန်လိုအပ်ပါသည်။ ခွဲစိတ်ကုသမှု ခံယူပြီးမှာသာ အတွင်းသို့ ကုတ်ဝင်နေသောမျက်ခွံသည် အပြင်သို့ပြန်လန်ထွက်လာပြီး မျက်လုံးကို မျက်တောင်မွှေး များဖြင့် ပွတ်တိုက်နေမှုမှ လွတ်သွားမည် ဖြစ်ပါသည်။

(ဃ)မျက်ခွံကျခြင်း(Ptosis)

               မျက်ခွံကျခြင်းဆိုသည်မှာ  အပေါ်မျက်ခွံသည် မျက်စိကိုပိတ်ဖုံးလုနီးပါး သို့မဟုတ် တစိတ်တပိုင်း အောက်သို့တွဲကျလျှက်ရှိသော မျက်စိပြဿနာတမျိုးဖြစ် ပါသည်။ မျက်စိတဖက်ချင်းစီ သာ အဖြစ်များ ၏။ဖြစ်ပွားရသောအကြောင်းရင်းများမှာ- မွေးရာပါမျက်ခွံကျခြင်း (congenital)၊ ဦးနှောက်၏ တတိယမြောက်အာရုံကြော အားနည်းခြင်း (Third craneal nerve polsy)၊  ထိခိုက် ဒဏ်ရာရခြင်း (Trauma)၊ မျက်စိ ကြွက်သားများ အင်အား ဆုတ်ယုတ်လာခြင်း(Mysthenia) စသည်တို့ ကြောင့်ဖြစ်လေ သည်။
              ဦးနှောက်နှင့် ဆက်သွယ်လျှက်ရှိသည့် အာရုံကြော(၁၂)စုံအနက် တတိယမြောက်အာရုံ ကြော(third craneal nerve) အလုပ်မလုပ်တော့ လျှင်လည်း မျက်ခွံကျတတ်ပါသည်။၎င်းတတိယ မြောက် ဦးနှောက်အာရုံကြောသည်၊မျက်လုံးနှင့် ၄င်းပတ်လည်ရှိ ကြွက်သားများကို ထောက်ပံ့သော ကြောင့် မျက်စိကိုလှည့်ပတ်လှုပ်ရှားနိုင်ခြင်း၊မျက်လုံးအဖွင့်အပိတ် နှင့် သူငယ်အိမ်၏အကျဉ်းအကျယ် ပြောင်းလဲခြင်း တို့ကို ဆောင်ရွက်နိုင် ခြင်းတို့ကြောင့် ထိုအာရုံကြောကို မျက်စိလှုပ်ရှားမှုဆိုင်ရာ အာရုံ ကြော (oculomotor nerve)ဟုလည်းခေါ်ပါသည်။
တခါတရံတွင် မျက်ခွံကျသည်ဆိုရုံမျှ ဖြစ်သော်လည်း၊ အခြားအရေးကြီးသော ရောဂါများ နှင့်ဆက် စပ်လျက် ဖြစ်ပွားတတ်သည် ဖြစ်ရာ အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေကုသရခြင်းမျိုး ရှိသဖြင့် မပေါ့ဆ သင့်ပေ။(ဥပမာအားဖြင့်-ဦးနှောက်၌ ဖြစ်နေသည့် အဖုအကြိတ် တခုခုက တတိယမြောက် အာရုံကြောကို ဖိထားသောကြောင့် (သူငယ်အိမ်ကျယ်၍) မျက်ခွံကျခြင်းနှင့်၊ တတိယမြောက် အာရုံ ကြောအတွင်း စီးဆင်း သည့် သွေးကြောများ ဖောက်ပြန်သော (ဆီးချိုရောဂါ) ကြောင့် (သူငယ်အိမ် ကျဉ်း၍)မျက်ခွံကျခြင်း တို့ဖြစ်ပါသည်။
             ထို့ပြင် မျက်စိကြွက်သားနှင့် ပတ်သက်သော ရောဂါတမျိုးမျိုး ကြောင့် မျက်စိလှုပ်ရှားမှု နှေး ကွေးခြင်းနှင့် လုံးဝမလှုပ်ရှားတော့သည့် မွေးရာပါ မျက်စိပြဿနာမျိုးလည်း ရှိသေးရာ မျက်ခွံကျခြင်း သည် ထိုမျက်စိ ပြဿနာ၏ ထူးခြားသော သွင်ပြင်လက္ခဏာတရပ်အဖြစ်လည်း တွေ့ရတတ်ပါသည်။ မျက်ခွံကျသူသည် တခါတရံ၌ ပြင်းထန်စွာနာကျင်ခြင်း အပြင် အခြားလက္ခဏာတရပ်အဖြစ် ခေါင်း ကိုက်ခြင်းကိုလည်း ခံစားရလေ့ရှိ၏။
           အသေးစားခွဲစိတ်ကုသခြင်းအပါအ၀င် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း ဇစ်မြစ်များကို ရှာဖွေကုသမှုများ ပြုလုပ်ခြင်းဖြင့် မျက်ခွံတွဲကျခြင်း(ptosis or blepharoptosis)ကို သက်သာပျောက် ကင်းအောင် ကုသရမည်ဖြစ်ရာ မျက်ခွံတွဲကျသောသူများသည် မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင် လျှက် ကုသမှုခံယူခြင်း သည်သာ အကောင်းဆုံးဖြစ်ပါကြောင်း အကြံပြုရေးသားအပ်ပါသည်။

ပြည့်အောင်(COA)