ရွှေတိုးတို့ခြံသည် အာကာသတင်းစာပို့သော အိမ်များ၏နောက်ဆုံးအိမ်ဖြစ်သည်။ထိုခြံသို့ပို့ပြီး
သည်နှင့်ကျောင်းချိန်မီရန်အတွက် ခြေကုန်သုတ်ရ၏။ သွက်သွက်လျောက် ပြေးတန်ပြေး သုတ်ခြေ
တင်ရသည် ။ ကျောင်းချိန်နီးလွန်လျှင်တော့ မာရသွန်နီးပါးပြေးရလေသည်။ရွှေတိုးခြံဆို၍ ခြံပိုင်ရှင်
အမည် ဟုထင်နိုင်သော်လည်း ခွေးလိမ္မာလေးတကောင်၏
အမည်သာဖြစ်၏၊ကိုယ့်သဘောနှင့်ကိုယ် ပေးသည့် အမည်။ ၎င်းခြံရှေ့သို့ရောက်လျှင် “ ရွှေတိုး ရွှေတိုး”ဟု
ခေါ်လိုက်ရန်၊ ထိုသို့ခေါ်လျှင် ခွေးက လေးတကောင် ထွက်လာမည်၊ မြန်မာ့အလင်းသတင်းစာလိပ်ကလေးကို
ပစ်ပေးလိုက်ပါက ကိုက်ချီ၍ ခြံတွင်းသို့ ယူသွား လိမ့်မည်ဖြစ်ကြောင်း အာကာအားအလုပ်လွှဲပေးခဲ့သည့်
စီနီယာကသင်ပေးခဲ့သည်။ ရွှေတိုးသည် နေ့စဉ်နေ့ တိုင်း သူ့သခင်ဖတ်ဖို့သတင်းစာကိုခြံဝသို့လာ၍
ယူပေးလေ့ရှိသည်။ အချိန်ရ သည့် ရှားရှာပါးပါးနေ့များတွင် သတင်းစာလိပ်ကလေးကို ကိုက်ချီလျက်
ခြံတွင်းသို့ဝင်သွားသော ရွှေတိုးလေးကို မျက်စိတဆုံးကြည့်ပြီးမှ အာကာကျောင်းသို့ ခရီးဆက်၏။
ထိုအချိန်ကတည်းက ရွှေတိုး ခြံဟု ကိုယ့်သဘောနှင့် ကင်ပွန်းတပ် ခဲ့ခြင်းဖြစ်လေသည်။
ယနေ့လည်း သတင်းစာကား အဝင်နောက်ကျသောကြောင့် သတင်းစာလည်း အပို့နောက်ကျ
ခဲ့ရာ ရွှေတိုးတို့ခြံရှေ့ရောက်ချိန်၌ ကျောင်းတက်ရန် ဆယ်မိနစ်မျှသာလိုတော့ကြောင်း ခြံနဘေးဈေး
ဆိုင်ရှိ နာရီတွင်တွေ့ရ၏။အာကာတို့ကျောင်းနှင့် ရွှေတိုးတို့ခြံသည် နှစ်မိုင်နီးပါး(တမိုင်ခွဲကျော်ကျော်
မျှ)ဝေးရာ အပြေးသွားလျှင်ပင် ကျောင်းတက်ချိန်မီရန်မဖြစ်နိုင်ပေ။ သတင်းစာထည့် သောအိတ်ကို
လိပ် ကျောင်း လွယ်အိတ် တွင်းသို့ထည့်ပြီး ဖိနပ်ခါးကြားထိုးလျက် ကျောင်းကိုဦးတည့်၍ အာကာပြေး
သည်။ကျောင်း အရောက် အကာ၏စံချိန်သည်(၁၅)မိနစ်နှင့် အလွန်ဆုံး မိနစ်(၂၀)မျှ ဖြစ်ရာ ကျောင်း
တက်ပြီး နောက် ငါးမိနစ်နှင့် ဆယ်မိနစ်အတွင်းတွင် ကျောင်းအရောက်ဖြစ်၏။ ကျောင်းတက်ချိန်
အမီ ရောက်ရန် မလွယ်သော်လည်း၊ကျောင်းသို့မြန်နိုင်သမျှ မြန်မြန်ရောက်ရန် အာကာကျိုးစား၍ပြေးသည်။ မမီလိုက်သော စာများကိုမုန့်စားဆင်းချိန်တွင်ပြန်ကူးနေကျ
ဖြစ်၍ အခက်အခဲမရှိသော်လည်း၊ကျောင်း သို့စောနိုင်သမျှ စောစောရောက်ချင်သည်။ မိမိ မရောက်မချင်း
စိတ်ပူနေတတ်သော အတန်းပိုင်ဆရာ မအား စိတ်သက် သာရာရစေလို၍ ဖြစ်ပါသည်။
ကျောင်းနှင့်မနီးမဝေး လယ်ကွင်းစပ်သို့ရောက်သောအခါ သတင်းစာပတ်သော
ပုဆိုးဟောင်း တထည်ဖြင့်၊ချွေးများကိုသုတ်လိုက်၏။ သတင်းစာပို့စဉ်ကတည်းကဝတ်ထားသော စွပ်ကျယ်လက်ပြတ်
(T Shirt ပုံစံ)ပေါ်တွင် ကျောင်းဝတ်စုံအဖြူကိုဝတ်လိုက်သည်၊ ကျောင်းစိမ်းလုံချည်ကို ဘောင်းဘီတို
ပေါ်၌ ထပ်၍ဝတ်ပြီးသောအခါ ကျောင်းတက်ရန် အာကာအသင့်ဖြစ်ပြီ။ကျောင်းဝင်းတံခါးကြီး ရှိရာသို့
ခပ်သွက် သွက်လျှောက်သွားလိုက်သည်။မိမိရောက်သည့် အချိန်တိုင်း ဖွင့်ထားမြဲဖြစ်သော ကျောင်းဝင်း
တံခါးကြီး သည် ယနေ့ပိတ်လျက်သားတွေ့ရလေသည်။ကျောင်းတက်ခေါင်းလောင်း ထိုးပြီးသည်မှ (၁၅)
မိနစ် အထိဖွင့်ပေးထားတတ်သောကျောင်းတံခါးကြီးပိတ်နေသည်မှာ မိမိနာရီအကြည့်မှားသော ကြောင့်ဟုသာ အာကာတွေး၏။မကြာခဏဖြစ်တတ်၍လည်း သူ့အတွက်မထူးဆန်း၊ကျောင်းလုံချည် ကို ခါး တောင်း ကျိုက် ၍
ဝင်းတံခါးကြီးကိုကျော်တက်ခါ ကျောင်းဝင်းတွင်းသို့ ခုန်ချလိုက်သည်။
ခြေချမိသည်နှင့် သန်မာသောလက်တဖက်ဖြင့်ကိုင်လျက် ထိုသူနှင့်မျက်နှာချင်းဆိုင်သို့
ဆွဲ လှည့်ခြင်း ခံလိုက်ရသည်။ဆံပင်တိုတို မေးရိုးကားကား သပ်ရပ်သောကျောင်းဝတ်စုံနှင့်
ထိုလူကြီးအား အာကာမမြင် ဘူး။ကျောင်းဝတ်စုံအပေါ်၌ တိုက်ပုံဖြူကိုဝတ်ထားသောကြောင့် ဆရာတယောက်တော့
ဖြစ်ရမည်။ ထိုသူကစူးရှသောမျက်လုံးများဖြင့် ကြည့်၍ အာကာ၏လက်ကိုခပ်ကြမ်းကြမ်းဆွဲခေါ်သွားပါ
သည်။ “ထိုင်” သံပြတ်ဖြင့်ပြော၍ ထိုင်ခိုင်းသောနေရာသည် ကျောင်းအုပ်ဆရာကြီးရုံးခန်း၌
ဖြစ်၍နေ သည်။ ဤဆရာ မည်သူနည်း၊ကျောင်းအုပ်ဆရာကြီး ဦးဘမင်းကိုတော့ အာကာကောင်းကောင်းသိပါ
သည်။ “မင်းဘယ် အတန်းကလဲ” “ ရှစ်တန်းအေကပါဆရာ ၊ ဆရာမဒေါ်ခင်အုန်းမြင့်အတန်းကပါ”… … “ဟေ့
ဒေါ်ခင် အုန်းမြင်ကိုသွာခေါ်စမ်း”………။ “မင်းငါ့ကို သိလား”…….. “မသိပါဘူးဆရာ”……….၊ “ငါ…… .ကျောင်းရောက်တာ
တပတ်ကျော်ပြီ…မင်းမသိဘူးလား.. ငါဟာဒီကျောင်းရဲ့ကျောင်းအုပ် ကြီးပဲ”။
ပြီးခဲ့သောရက်သတ္တပတ်က ကျောင်းဆင်းချိန်တွင်ကျင်းပသော ကျောင်းအုပ်ကြီးကြိုဆိုပွဲကို
ခုမှ သတိရမိသည်။ သွားပြီ……ကျောင်းချိန်နောက်ကျခြင်း၊ ကျောင်းဝင်းတံခါးကို ကျော်ဝင်သည့်
ပြစ် ဒဏ် များအပြင် ကိုယ့်ကျောင်းအုပ်ကြီးကိုမှ ကိုယ်မသိသည့်အဖြစ်။ထိုနေ့ကလည်း အမေ့ကိုဈေးကူ
ရောင်းဖို့ စိတ်စောနေ၍ ဈေးသို့အလောတကြီးသွားခဲ့မိသည်၊ဆရာကြီးကိုမသိခဲ့ရ။ သည်အတိုင်းဆို
လျှင် အာကာ့ အတွက် အခွင့်အလမ်းကနည်းလှသည်။ကျောင်းတက်ချိန်အမီ ရောက်ရန်မှာနေ့စဉ်နှင့်
အမျှ လွယ်ကူသည့် ကိစ္စမဟုတ်။သတင်းစာကားကလည်း နောက်ကျပြီး အချိန်မမှန်သည်ကများလေ သည်။သတင်းစာ ကားရောက်မှ
အာကာတို့သတင်းစာပို့သမားများ အလုပ်စကြရသည်။
သတင်းစာများ
ကို စာဖတ်သူတို့ အသင့်ဖတ်နိုင်သည့် သတင်းစာတစောင်ဖြစ်လာအောင် စာမျက်နှာစဉ်အတိုင်း စီကြရ
ထပ်ကြရ၏။ပြီးတော့ တစောင်တည်းမဟုတ်၊အာကာတို့
သတင်းစာ ပို့သည့် ခေတ်က မြန်မာအလင်း၊ကြေးမှုံ၊ဗိုလ်တထောင် စသည်နှင့် အင်္ဂလိပ်သတင်းစာများတွင်၊
ဝေါ့ ကင်းပီးပဲ နှင့် ဂါးဒီးယန်းတို့ရှိရာ သတင်းစာအားလုံးစီပြီး ထပ်ပြီးချိန်တွင် နံနက်(၈)နာရီခွဲ၊ကိုးနာရီနီးပါး
ဖြစ်နေလေပြီ။ တဆက်တည်းရှိနေသော ရပ်ကွက်ကြီး(၃)ခု၊သတင်းစာစောင်ရေ(၂၅၀)ကျော်အား စက်ဘီးမပါ
ခြေလျင် ပို့ရသော သူ့အတွက် ကျောင်းချိန်(နံနက် ၁၁း၄၅)အမီပို့ရန်မှာ မလွယ်သောကိစ္စ တခုဖြစ်နေပါသည်။
ကျောင်းသို့ ဆယ်မိနစ် ဆယ်ငါးမီးနစ်ခန့် နောက်ကျရောက်ရန်အတွက်ပင် အတော်လုံးပန်းရ၏။ တအိမ်နှင့် တအိမ်ဝေးသောနေရာများ၌
ဒုံးစိုင်း၍ပြေးရသည်။
ပြေးရင်းနှင့်
ပစ်ပေးရ မည့်သတင်းစာကို လိပ်ရသည်၊ပစ်သည့်အခါ
ဦးတည်ချက်မှန်ရန် အ တွက် ထိပ်တဖက်တွင် ထီးလက် ကိုင်ကောက်ပုံစံမျိုး ကောက်ထားရသေးသည်။အိမ်ရှင်
သတ်မှတ် သောနေရာ၌ သတင်းစာကို ထားတန်ထား၊ပစ်တန်ပစ် ရလေသည်။ ယ္ခုအတိုင်းဆိုလျှင်တော့ နေ့
တိုင်းနီးပါး ကျောင်းနောက်ကျနိုင်သော သတင်းစာပို့သည့် အလုပ်ကို နားရတော့မည်လား။ ကျောင်း
အုပ်ဆရာကြီး အသစ်သည် အလွန်စည်းကမ်းကြီးပုံရ၏၊ မျက်နှာထားကလည်း တည်ကြည် လှသည်။ ဆံပင်တိုတို
ဝတ်စားပုံက လည်းသေသပ်လှသည်။သူ့ အုပ်ချုပ်မှုအောက်တွင် ချွင်းချက်ဆို သောအရာ မရှိစေရဟု
ပြောနေသယောင်ပင် ထင်ရလေသည်။
သတင်းစာပို့သောအလုပ်ကို
အာကာကိုယ်တိုင်စဉ်းစားရွေးခဲ့ခြင်းဖြစ်၏ ကျောင်းတဖက်နှင့် လုပ်၍ ရသည့်အပြင် တချက်ခုတ်
နှစ်ချက်ပြတ်သောကြောင့်ဖြစ်ပါသည်။ကျောင်းလည်းမပျက် ကျောင်း စရိတ် လည်းရသောကြောင့်ဖြစ်သည်။ယ္ခုလက်ရှိအချိန်၌
မိမိကျောင်းစရိတ်သာမက ညီမလေးနှစ် ယောက်၏ ကျောင်းစရိတ်ကိုပင် ကာမိနေပြီ။သတင်းစာကိုယ်စားလှယ်
ဦးဆွေဦးက သတင်းစာပို့ဖို့ သဘောတူသည်နှင့် အမေကိုလည်း ခွင့်တောင်းခဲ့ရ၏ “ဖြစ်ပါ့မလားသားရယ်
ပင်ပန်းလွန်းလှတယ်” ဟုပြောပြီး၊ မျက်ရည်စို့ လျက်အမေ ခွင့်ပြုပေးခဲ့သည်။နွေရာသီကျောင်းပိတ်ရက်
ကျောင်းမဖွင့်သေး သော်လည်း၊ ပြီးခဲ့သည့် ခုနှစ်တန်းအတန်းပိုင်းဆရာမအိမ်သို့သွား၍ အကျိုးအကြောင်းရှင်းပြရသည်။
ကျောင်းဖွင့်ချိန်တွင် နောက်နှစ်တက်မည့် ရှစ်တန်းအတန်းပိုင်ဆရာမကို ဝိုင်းပြောပေးဖို့ကိုလည်း
နားပူနားဆာ လုပ်ခဲ့ရသေး သည်။ အလုပ်လုပ်ရင်းကျောင်းတက်နိုင်ရေးအတွက် ကြိုးစားခဲ့ရသော
အစီအစဉ်များ အစစအဆင်ပြေနေ ပါလျက် ယခုကျောင်းအုပ်ကြီးအပြောင်းအလဲတွင် ရပ်ရတောမည့် အခြေအနေကို
ရင်ဆိုင်နေရပြီ။အာကာ၏ ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် ရွှေတံခါးကြီးနှင့် တူသော ကျောင်းဝင်းတံခါးကြီးသည်
အရင်ကလို ဖွင့်ထားပေးပါဦးမည်လား……..။
တကယ်တော့ အာကာတို့မိသားစုသည် လက်လုပ်လက်စား ဘဝမျိုးတော့မဟုတ်ပေ၊ပြန်တမ်း
ဝင်ရဲအရာရှိတဦးဖြစ်သောဖခင်၏ လစာသည် ထိုခေတ်ထိုအခါက(၄၅၀ိ/-)မျှသာဖြစ်ရာ၊ သားသမီးကိုး
ယောက်၊အလယ်တန်း အထက်တန်းကျောင်းသား ခုနှစ်ယောက်တို့၏ စားစရိတ် ကျောင်းစရိတ်များ အတွက်
မလုံလောက်သောကြောင့်၊မအေဖြစ်သူက နှစ်ရပ်ကွက်ဈေးတွင် နေ့ဈေးနှင့်ညနေဈေး ရောင်း ၍ အပိုဝင်ငွေ ရှာရခြင်းဖြစ်ပါသည်။ဤစာသင်နှစ်တွင်
အာကာသတင်းစာပို့ခ(၂၅ိ/-)ကို အမေအား လ စဉ် အပ်ခဲ့ရာ အမေ့အတွက်အသက်ရှုချောင်ရသည် ၊ အာကာကလည်း
မိမိကိုယ်ကို ဂုဏ်ယူ၍မဆုံး။ ကျောင်းချိန် အတိအကျလာရန် ဆရာကြီးကအမိန့်ချပါက ထိုအလုပ်ကို
မိမိစွန့်လွှတ်ရတော့မည်……. …..တွေးရင်း တွေးရင်း အကာမျက်ရည်ဝဲလာမိသည်။
သတိရ၍ ကျောင်းအုပ်ကြီးအား မဝံ့မရဲမော်၍ကြည့်လိုက်သောအခါ မိမိအားကြည့်နေ
သော ဆရာကြီး၏မျက်လုံးများနှင့်ရင်ဆိုင်ရသည်။စတွေ့စဉ်ကကဲ့သို စူးစူးရဲရဲသဘောမျိုးမပါသည့်
သိမ်မွေ့ သော အကြည့်ဖြစ်၏ဆရာကြီးနှင့်မျက်စောင်းထိုး စားပွဲဒေါင့်ကုလားထိုင်တွင် မိမိအတန်းပိုင်ဆရာမ
အား တွေ့ရ သည် ၊ ဆရာမရောက်လာသည်ကိုပင် သတိမထားမိလိုက်။အတန်းပိုင်ဆရာမနှင့် စကား ပြောပြီးစ
အချိန်ဖြစ်မည်ထင်သည်။………… “ အာကာ”……..
“ဗျာ….ဆရာကြီး” ………… “ မင်း..ကျောင်းကိုရောက်တဲ့အချိန် ကျောင်းဝင်းတံခါးကြီး
ပိတ်ထားရင် ဘယ်တော့မှကျော်မတက်နဲ့”
………………………………………………………………………………………………………………………
ဘုရားရေ ….သွားပါပြီ…………..ရွှေတံခါးကြီးပိတ်သွားပြီ….….ဝင်ငွေလဲရ
ကျောင်းလဲတက်ရသည့် အစီအစဉ်ကိုရပ်လိုက်ရတော့မည်……..အာကာ့ရင်ထဲတွင် တင်းကြပ်၍လာ၏…………………………။
“ မင်းရောက်တဲ့အချိန် တံခါးဖွင့်ပေးဖို့…ငါ..ကျောင်းစောင့်ကြီးကိုပြောထားမယ်………..”
အာကာ၏ပါးပြင်ထက်သို့
မျက်ရည်များစီးကျ၍လာလေသည်…… မျက်ရည်များကြားမှ အတန်း ပိုင်ဆရာမ၏ ကြည်နူးသောအပြုံးငွေ့ငွေ့ကိုမြင်လိုက်ရပြီးနောက်
၊ ကျောင်းအုပ်ဆရာကြီး၏ခြေရင်းသို့ ဝပ်ဆင်းလျက် အခါခါဦးတိုက်နေမိပါတော့သည်……..။
မောင်ပြည့်အောင်

No comments:
Post a Comment