5.6.18

သက်ကြီးမှုန်သူများသုံးသင့်သော မာတီဖိုကယ်မှန်။(၅/၆/၁၈ ရက်နေ့ထုတ်ကြေးမှုံသတင်းစာပါဆောင်းပါး)


       

                 
         မျက်စိမှုန်ခြင်း အမျိုးမျိုးရှိသည့်အနက် အသက်အရွယ်ကြောင့်မျက်စိမှုန်ခြင်း သည်လည်း တမျိုးတဘာသာ ပါဝင်ပါသည်။တဖန် အသက်အရွယ်ကြောင့် မျက်စိ မှုန်ခြင်းများတွင်လည်း မျက်မှန်တပ်လျှင်မြင်နိုင်သော သက်ကြီးမျက်စိမှုန်ခြင်း (Presbyopia) သည်လည်း တခုအပါအဝင်ဖြစ်ရာ ဤဆောင်းပါး၌ အဓိကရေးသား တင်ပြလိုသော အကြောင်းအရာလည်း ဖြစ်ပါ၏
        အသက်(၄၀)နှစ်ဝန်းကျင် ရောက်လာသူ(သာမန်အားဖြင့် အဝေးကြည့် ကောင်းသူ၊ မျက်စိကျန်းမာရေး ကောင်းသူ)မည်သူမဆို(မျက်စိအသုံးများသည်ဖြစ်စေ၊ နည်းသည် ဖြစ်စေ)အနီးကြည့်(၁၂ လက္မ မှ ၁၄ လက္မ ခန့်အတွင်း)အမြင်မှုန်ဝါးစပြု လာပါသည်။ထို သို့ဖြစ်ခြင်းသည် သဘာဝဖြစ်ပြီး၊ ထွေထွေထူးထူး ပူပင်ဖွယ်ရာ အကြောင်းမဟုတ်ဘဲ၊ မျက်စိဆရာဝန်/မျက်မှန်ပါဝါရှာဖွေပေးသူပညာရှင်ဖြင့် ပြသ တိုင်ပင်လျှက် မှန်ကန်သော ပါဝါမျက်မှန်ကိုတပ်ရန်လိုကြောင်း၊ ကျန်းမာရေး ဗဟု သုတရှိသူ တော်တော်များများ သိကြပြီးဖြစ်ပါသည်။
        စာကြည့်/အနီးကြည့်မျက်မှန် စတပ်ခါစ အသက်(၄ဝ)နှစ်မှ (၄၅)နှစ်ဝန်းကျင်တွင် စာတကြောင်းနှစ်ကြောင်းရေးရုံမျှ၊လက်မှတ်ထိုးရုံမျှ ကိစ္စလေးများတွင် မျက်မှန်မတပ်ပဲ ရေးနိုင် မြင်နိုင်သေးသည်ဖြစ်ရာ၊အကွာအဝေး အမျိုးမျိုးပြောင်းလဲမှုကြောင့် ပါဝါမျက် မှန် နှင့်ကြည့်၍မကောင်းသည့် ပြဿနာအား ရင်ဆိုင်ကြရခြင်းမရှိသေးပေ။
        သို့ရာတွင် အသက်(၄၅)နှစ်ကျော်စပြုလာသောအခါ မျက်မှန်တပ်ပါမှ စာရေးနိုင် လက်မှတ်ထိုးနိုင်သော အခြေအနေသို့ရောက်ရှိလာပြီး၊အဝေးကြည့်တွင်လည်း မှုန်စပြု လာပြီဖြစ်ပါသည်။ထိုအခါ အဝေးကြည့်အနီးကြည့် ပါဝါနှစ်မျိုးပါသော မျက်မှန်ကိုမဖြစ် မနေ မလွှဲမကင်းသာ အသုံးပြုကြရတော့၏။
        လုပ်ငန်းနယ်ပယ်အသီးသီး၌ ကျင်လည်နေကြရသော စာကြည့်(အနီးကြည့်) သီးသန့်မျက်မှန်ကို သုံးနေကြသူများကလည်း၊စာကြည့်မျက်မှန်ကို ထုတ်ကြည့်လိုက် သိမ်းဆည်းလိုက် လုပ်ကြရသည့်ဒုက္ခနှင့် မျက်မှန်မကြာခဏပျောက်သည့် ဒုက္ခများမှ ကင်းဝေးစေရေးအတွက် အမြဲတပ်ထားရသော အနီးအဝေးကြည့်နိုင်သည့်မျက်မှန်ကို လိုးလားတောင့်တလာသော အချိန်အခါလည်း ဖြစ်ပါသည်။
        ထိုအခါတွင် လွန်ခဲ့သောဆယ်စုများစွာကပင် အသုံးတွင်ကျယ်ခဲ့သော၊လက်ရှိ အချိန်အထိ တွင်တွင်ကျယ်ကျယ်သုံးစွဲလျက်ရှိသော၊ကုန်ကျစရိတ် သက်သာသော ၊နည်းပညာပိုင်းဆိုင်ရာတွင်လည်း ကျွမ်းကျင်ပြီးဖြစ်သော ဘိုင်ဖိုကယ်(Bifocal-အနီး အဝေး နှစ်မျိုးကိုသာ ချိန်ဆပေးနိုင်သော)မှန်ကိုသာ ရွေးချယ် တပ်ဆင်ကြသည်က များလေသည်။
မျက်မှန်ဝယ်သူအများစုကလည်း၊ပညာရှင်/ဆရာဝန်ညွှန်ကြားသောမျက်မှန်ပါဝါတိကျမှု၊မိမိနှင့်ကိုက်ညီသော(မိမိလုပ်ငန်းသဘာဝနှင့်အံဝင်ခွင်ကျဖြစ်သော)မှန်အမျိုးအစားများကို သေချာကျနစွာ စူးစမ်းမေးမြန်း လေ့လာဝယ်ယူရန် ထက်၊မျက်မှန်ကိုင်းကို သာ ဦးစားပေး ရွေးချယ်ကြလေသည်။မှန်အတွက်ကုန်ကျစရိတ်ထက် မျက်မှန်ကိုင်း အတွက်ကုန်ကျစရိတ်ကို ပို၍သုံးစွဲလိုကြ၏။မျက်မှန်ဆိုင်အများစုသည်လည်း မှန်အမျိုး အစားများကို ရှင်းပြရန်အချိန်ထက်၊မျက်မှန်ကိုင်းအမျိုးအစား များအကြောင်း ရှင်းပြရန် အတွက်သာ အချိန်ပို၍ပေးကြလေသည်။
          အကယ်စင်စစ် အထက်ဖော်ပြပါ အသက်အရွယ်ကြောင့် အနီးရောအဝေးပါ (မျက်မှန်လို၍)မျက်စိမှုန်ကြသူအဖို့ မျက်မှောက်ခေတ်၏ မျက်စိသုံးစွဲမှုဆိုင်ရာ စိမ်ခေါ် မှုများကို အခြားသူများ ထက်ပို၍ ရင်ဆိုင်နေကြရကြောင်း၊စာရေးသူတို့ မျက်စိပညာရှင် များက ကာယကံရှင်များထက်ပင် ပို၍သိကြပါသည်။ ကာယကံရှင်များကိုယ်တိုင် သတိမမူမိကြသော ထိုပြဿနာများ၏ အခြေခံအကြောင်းသည်၊အကွာအဝေးအမျိုးမျိုး (အနီး- အဝေး၊မနီးတနီး-မဝေးတဝေး၊မနီးမဝေး)ကို သုံးစွဲနေကြရသော ခေတ်သစ်လူ နေမှုပုံစံ၌ အခြေခံပါသည်။
        နှစ်ဆယ်ရာစု နှောင်းပိုင်းမှစတင်ကာ ပြည်တွင်း၊ဒေသတွင်းနှင့်နိုင်ငံတကာနယ် ပယ်၌ သင်ကြားရေးနှင့်ဌာနဆိုင်ရာများ၊ဆွေးနွေးပွဲများနှင့် ညီလာခံများ စသည်တို့တွင် အိုင်တီဒီဗိုက်များကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြရမှ စတင်သော ထိုစိမ်ခေါ်မှု များကို ရင်ဆိုင်ရန်အတွက် မိမိမျက်မှန်တွင်တပ်ရန် ဘိုင်ဖိုကယ်မှန်(Bifocal lens) ကို ရွေးချယ်ခြင်းသည် ပြီးပြည့်စုံသောရွေးချယ်မှုဟု ဆိုနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် ဘိုင်ဖိုကယ်(Bifocal)ဟူသော အမည်နှင့်လျှော်ညီစွာ ၄င်းမှန်သည် အနီးနှင့် အဝေး(၁၂”/၁၄” လက္မ နှင့် ပေ ၂၀’)နှစ်မျိုးတွင်သာ ကြည်ကြည်လင်လင်မြင်ရမည်ဖြစ် ပြီး၊ကျန်သော ကြားအကွာအဝေးများတွင် ထိုကဲ့သို့မြင်ရမည် မဟုတ်သောကြောင့်ဖြစ်ပါ သည်။
        မျက်မှောက်ခေတ် သက်ကြီးမျက်စိမှုန်သူများသည်(နှစ်ဆယ်ရာစုဆန်းစကကဲ့ သို့)ထိုအကွာအဝေးနှစ်မျိုးကိုသာ သုံးစွဲနေကြရသူများ မဟုတ်ကြတော့သည်ကို မိမိ ကိုယ်ကိုမိမိ ဆန်းစစ်ကြစေလိုပါသည်။စားပွဲပေါ်တွင် စာရေးစာဖတ်ပြုနေကြရသူများ အဖြစ်မျှသာမဟုတ်တော့ပဲ၊ တကိုယ်ရေသုံးကွန်ပျူတာများ၊ စားပွဲတင်ကွန်ပျူတာများ၊ အစည်းဝေးစားပွဲပေါ်ရှိ ကွန်ပျူတာမျက်နှာပြင်များ၊မိုဘိုင်းဖုန်းများ၊ပရိုဂျက်တာများ စသည့် အမျိုးမျိုးသော အကွာအဝေးတွင်ရှိသော ခေတ်မီဒီဗိုက်များဖြင့် မလွှဲမသွေ ရင်ဆိုင်သုံးစွဲနေကြရလေသည်။ 
        ၁၈ ရာစုနှောင်းပိုင်းက အမေရိကန်နိုင်ငံသား ဖရန့်ကလင်(Benjamin Franklin) စတင်တီထွင်ခဲ့သော ဘိုင်ဖိုကယ်မှန်သည်၊ ၁၉ ရာစုနှောင်းပိုင်း လူးဝစ်ဒီ ဝိကား (louis de Wecker)ဆန်းသစ်တီထွင်မူနှင့်အတူ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊သက်ကြီးမျက်စိမှုန်သူ များအား များစွာအထောက်အကူပြုခဲ့ပါသည်။သို့ရာတွင် ကြားအကွာအဝေးများကို ကြည့်ရာတွင် အဆင်မပြေမှုများကြုံတွေ့ကြရသည့်အတွက်၊ပီတာဝီလျံ(PeterWilliams) ဆိုသူက အနီး၊အဝေးနှင့် ကြားအကွာအဝေးတမျိုးကိုသာ မြင်နိုင်သည့် ထရိုင်ဖိုကယ်မှန် (Trifocal lens)တီထွင်အဆင့်မြင့်တင်ခဲ့ပြီး၊ယခုအခါတွင် အနီးအဝေးနှင့်တကွ ကြား အကွာအဝေးအားလုံးကို ကြည်လင်ပြတ်သားစွာမြင်နိုင်သည့် အကွာဝေးမျိုးစုံသုံးမှန်ဖြစ် သော မာတီဖိုကယ်မှန်(Multifocal lens) ကိုလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်သည့် အဆင့် သို့ ရောက်ရှိနေပြီဖြစ်ပါသည်။
 Progressive lens ဟုလည်းခေါ်သော ထိုမာတီဖိုကယ်မှန်များသည် ခေတ်သစ် လူနေမှုပုံစံနှင့် ကိုက်ညီစေရန် အဆင့်ဆင့်ပြောင်းလဲလာသောမှန်ဖြစ်ရာ မျက်မှောက် ခေတ် သက်ကြီးမျက်စိမှုန်သူများအတွက် သင့်တော်သည်ဟုဆိုရပေမည်။ စားပွဲတင် အကွာ အဝေးအပါအဝင်၊တကိုယ်ရေသုံးကွန်ပျူတာ၊စားပွဲတင်ကွန်ပျူတာ အကွာအဝေး များ အပြင် Work Bench အကွာအဝေးများအတွက်ပါ မှန်တခုထဲတွင် ပါဝါများ ပါဝင် လေသည်။
အားနည်းချက်များအနေနှင့် ကုန်ကျစရိတ် အနည်းငယ်မြင့်ခြင်း၊မျက်မှန်ကိုင်းရွေး ချယ်ရာတွင် မိမိနှင့်လိုက်ဖက်မည့်ကိုင်းဖြစ်ရန်လိုအပ်ရုံမျှမက မာတီဖိုကယ်မှန်ဖြင့်သုံး ၍ကိုက်ညီသည့် ကိုင်းဖြစ်ရန်လိုအပ်ခြင်း၊ မှန်ကို မျက်မှန်ကိုင်းအတွင်းသို့သင့်တော် သော စက်များကိုသုံး၍ထည့်သွင်းတပ်ဆင်ပေးရသော ပညာရှင်အနေဖြင့် နည်း ပညာဆိုင်ရာ ကျွမ်းကျင်မှု အထူးလိုအပ်ခြင်းနှင့် မိမိရွေးချယ်ဝယ်ယူသော မျက်မှန် ဆိုင်သည် တာဝန်ယူမှု တာဝန်ခံမှုရှိသော မျက်မှန်ဆိုင်ဖြစ်ရန်လိုအပ်ခြင်းတို့ပင်ဖြစ် ပါသည်။
သို့ဖြစ်ရာ အထက်ဖော်ပြပါ အကွာအဝေးအမျိုးမျိုးကို အသုံးပြုနေကြသူ သက် ကြီးမျက်စိမှုန်သူများ(Presbyopia)သည်၊ မျက်မှန်အတွက် မှန်ရွေးလျှင်၊ဘိုင်ဖိုကယ် မှန်ထက် မာတီလ်ဖိုကယ်မှန်ကိုရွေးချယ်သင့်ကြောင်းနှင့် မာတီဖိုကယ်မှန်တွင်လည်း အားသာချက်များ ရှိသလို အားနည်းချက်များလည်းရှိပါကြောင်း အကြံပြုရေးသားအပ်ပါ သည်။


  ပြည့်အောင်(COA)

No comments:

Post a Comment