23.9.18

သိမှတ်ဖွယ်ရာ ဆလင်ဒါပါဝါ။(၁၆/၉/၂၀၁၈ နေ့ထုတ် ရတနာပုံသတင်းစာပါဆောင်းပါး)





                သဘာဝအတိုင်း ညီညာစွာ ခုံးနေရမည့် မျက်ကြည်လွှာ၏မျက်နှာပြင် မညီညာသောကြောင့်၊ မျက်စိတွင်းသို့ ဝင်ရောက်လာသည့် ပုံရိပ်အလင်းတန်းများသည် ကွဲပြားလျှက်ရှိရာ မြင်လွှာပေါ်တွင် ဆုံမှတ်အများအပြားကိုဖြစ်ပေါ်စေ၍ အမြင်အာရုံကို ဝေဝါးစေပါသည်။ထိုသို့ဖြစ်ခြင်းကို အက်စ်တစ် မက် တစ်စင်(Astigmatism)ဟုခေါ်၏။ Astigmatism ဖြစ်သောကြောင့် မျက်စိမှုန်လျှင် မျက်မှန်၌ ဆလင်ဒါမှန် ကိုသုံး၍ အမြင်ကြည်လင်အောင် ကုစားရသောကြောင့်၊မှန်ကို အစွဲပြု၍ “ဆလင်ဒါပါဝါ” ဟု အများ ကခေါ်ဝေါ်ကြ ခြင်းလည်း ဖြစ်ပါသည်။သူငယ်အိမ်စောင်းပါဝါဟူသော အခေါ်အဝေါ်ရှိသော် လည်း ယင်းမှာ အရပ်စကားမျှသာဖြစ်ပါသည်။
                ဆလင်ဒါပါဝါရှိခြင်းသည် မွေးရာပါဖြစ်တတ်သကဲ့သို့ ခလေးဘဝမှ ဆယ်ကျော်သက် အရွယ် ကြားကာလ အတွင်းတွင်လည်းပေါ်ပေါက်လာတတ်ပါသည်။မျက်စိ ထိခိုက်မိခြင်းနှင့်မျက်စိရောဂါများ ကြောင့်လည်းဖြစ်တတ်သည့်ပြင် လူကြီးလူငယ်မရွေး  ရှိတတ်ပါသည်။


ဆလင်ဒါပါဝါ ရှိ/မရှိ စမ်းကြည့်မှသိ

        ကျွမ်းကျင်သောပညာရှင်မှ စနစ်တကျ စမ်းသပ်စစ်ဆေးကြည့်မှသာလျှင် ဆလင်ဒါပါဝါရှိ/မရှိ သိနိုင်ပြီး၊အောက်ပါနည်းများကို ကျင့်သုံးလျှက် စစ်ဆေးကြည့်လေ့ရှိကြပါသည်။

(က) အမြင်စွမ်းရည်စစ်ဆေးခြင်း

          အမြင်စွမ်းရည်ကို နည်းသုံးနည်းဖြင့် စစ်ဆေးလေ့ရှိရာ အဝေးကြည့် အမြင်စွမ်းရည်၊အနီးကြည့် အမြင်စွမ်းရည်နှင့် အမ်စလာစနစ်ပုံ(လေးဒေါင့်ကွက်သံဇကာပုံ) စစ်ဆေးခြင်း(Amsler grid tests) များပါဝင်ပါသည်။အမ်စလာစနစ်ပုံ စမ်းသပ်စစ်ဆေးရာတွင် ၎င်းစနစ်ပုံအတွင်းပါဝင်သော (လေးဒေါင့် သံဇာကွက်ပုံစံ) မျဉ်းဖြောင့်များ အားလုံးကို၊ မျဉ်းတချောင်းစီ၏ အစမှအဆုံးထိ အပြတ်အတောက်မရှိ၊ တွန့်လိမ်ခြင်းမရှိဘဲ ထင်ထင် ရှားရှားမြင်ရမှသာလျှင် ၎င်းအဆင့်ကို အောင်မြင်သည်ဟု ယူဆပါသည်။ အဝေးကြည့် အမြင်စွမ်းရည် စစ်ဆေးရာတွင် သတ်မှတ် အကွာအဝေး(ပေ၂၀) တွင်ရှိသော၊ အမြင် စမ်းကဒ်ပြား၏ သတ်မှတ်အဆင့် စာတန်း ၂၀/၂၀ ကို ဖတ်နိုင်ရပါမည်။ အမ်စလာစနစ်ပုံ စမ်းသပ်မှု တွင်လည်းကောင်း၊အဝေးကြည့် စစ်ဆေးရာတွင်လည်းကောင်း၊ သတ်မှတ် အဆင့်ကို မမြင်ရပါက၊ မျက်စိမှုန်ရခြင်း၏ အကြောင်းရင်း တရပ်အဖြစ် ဆလင်ဒါပါဝါ (Astigmatism) ရှိနိုင်ကြောင်း သိရပါ မည်။

(ခ)မျက်မှန်ပါဝါရှာဖွေခြင်းဖြင့် စစ်ဆေးခြင်း

          မူလအမြင်စွမ်းရည်ကို စစ်ဆေးခြင်းဖြင့် မျက်စိမှုန်ကြောင်းသိရပြီးသည့်နောက် မျက်မှန်တပ်ပါ က ပို၍မြင်နိုင်မမြင်နိုင်စစ်ဆေးရန်လိုပါသည်။အမြင်စမ်းပညာရှင်(Optometrists)က၊မျက်မှန် ပါဝါလို အပ်ချက်အဆင့် ကိုရှာဖွေစစ်ဆေးသော ကရိယာများကိုအသုံးပြုစစ်ဆေးခြင်းဖြင့် အဝေးမှုန်ခြင်း၊ အနီး မှုန်ခြင်းနှင့် ဆလင်ဒါပါဝါ(Astigmatism)ရှိမရှိ သိနိုင်ပါသည်။

(ဂ) မျက်ကြည်လွှာအခုံးညီမညီတိုင်းတာ၍ စစ်ဆေးခြင်း

          မျက်ကြည်လွှာအခုံးတိုင်းကိရိယာ(Keratometer) နှင် မျက်ကြည်လွှာ မျက်နှာပြင်တိုင်းကိရိ ယာ(Topography)တို့ဖြင့်၊တိုင်းတာခြင်းအားဖြင့် လည်း၊ဆလင်ဒါ ပါဝါရှိမရှိ သိနိုင်ပါသည်။၎င်းကိရိ ယာများသည် မျက်ကြည်လွှာကို တိုင်းတာရာ၌ အလွန်အသုံးဝင်ပြီး၊ပုံမှန် မဟုတ်သော(အခုံးအခွက် မညီညာသော)မျက်ကြည်လွှာ၏ အခြေအနေကို တွေ့ရလျှင် ဆလင်ဒါပါဝါရှိ ကြောင်းသိနိုင်ပါသည်။ ထို့ပြင် အတွင်းတိမ်ခွဲစိတ်ကုသရာ၌ မျက်စိတွင်းသို့ ထည့်သွင်းတပ်ဆင်မည့် မှန်ဘီးလူး(Intra Ocular Len – IOL)၏ပါဝါကို ရှာဖွေခြင်း နှင့် မျက်ကပ်မှန်၏ အခုံးအခွက်နှင့် တပ်ဆင်မည့်သူ၏ မျက်ကြည် လွှာအခုံးအခွက် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်းများတွင် လည်း၊မျက်ကြည်လွှာ အခုံးတိုင်းကိရိယာ (Keratometer) ကို အသုံးပြုပါသည်။

(င) ယပ်တောင်ပုံကားချပ်ဖြင့်စစ်ဆေးခြင်း

          ပုံစံကားချပ်သည် ယပ်တောင်ပုံစံ(fan diagram- စက်ဝိုင်းခြမ်းပုံ)ရှိသကဲ့သို့ စက်ဝိုင်း ပုံလည်းရှိပါသည်။မျဉ်းဖြောင့်များကို အလယ်တွင်စုဆုံစေလျှက် ယပ်တောင်ပုံ သို့မဟုတ် စက်ဝိုင်း ပုံဖန်တီးထားသော ပုံစံကားချပ်ဖြစ်ပါသည်။အလယ်တွင်စုဆုံလျှက်ရှိသော မျဉ်းဖြောင့် အားလုံး ကြည်လင်ပြတ်သားမှုမရှိဘဲ မျဉ်းဖြောင့်အချို့ မှုန်ဝါးနေလျှင် ဆလင်ဒါပါဝါ (Astigmatism)ရှိကြောင်း သိနိုင်ပါသည်။

(စ) ဂျက်ဆန်ခရော့ဆလင်ဒါဖြင့်စစ်ဆေးခြင်း

          လက်ကိုင်ပါသော ဆလင်ဒါမှန်လေးဖြင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်ပါသည်။၎င်းမှန်လေးကို တဖက်စီ ဘက်ပြောင်းကြည့်ရှုစေခြင်းဖြင့် ဆလင်ဒါပါဝါရှိမရှိကို သိနိုင်ပါသည်။အဓိကအားဖြင့် ဆလင် ဒါ၏ ဝင်ရိုးကို အတည်ပြုနိုင်ရန်စစ်ဆေးခြင်းဖြစ်ပါသည်။

အက်စတစ်မက်တစ်စင်(ဆလင်ဒါပါဝါ)ကို ကုသခြင်း

မျက်မှန်ဖြင့်ကုသခြင်း
          ပါဝါမများသည့် ပြောင်းလဲမှုမရှိသော ဆလင်ဒါပါဝါများကို အထူးကုသမှုပြုရန် မလိုအပ်ဘဲ ပုံမှန်မျက်စိစစ်ဆေး၍ မျက်မှန် သို့မဟုတ် မျက်ကပ်မှန်တပ်ရန်သာလိုပါသည်။၎င်းကို မျက်မှန်ဖြင့် ကုသခြင်း(Optical Therapy)ဟုခေါ်ပါသည်။မျက်မှန်တပ်စေခြင်းသည် မျက်စိမှုန်ခြင်းနှင့် မျက်စိ မှုန်ခြင်းကြောင့်ဖြစ်သော(မကြာခဏ ထိခိုက်ဒဏ်ရာရခြင်း၊ခေါင်းမူး ခေါင်းနောက်ခြင်း၊ မျက်စိကိုက် ခဲခြင်း၊ ဇက်ကြောတက်ခြင်း၊နောက်ကြောတက်ခြင်း၊မအီမသာဖြစ်ခြင်း စသည့်) နောက်ဆက်တွဲ ဝေဒနာများကို လျှင်မြန်စွာ သက်သာပျောက်ကင်းစေသော ရိုးရှင်းသည့် ကုသမှုဖြစ်ပါသည်။မျက်စိ နှင့်ပတ်သက်သော နောက်ဆက်တွဲဝေဒနာများသည် အထူးသဖြင့် နေ့ခင်းပိုင်းနှင့် ညနေပိုင်းအချိန် များတွင် အဖြစ်များပါသည်။ ဆလင်ဒါပါဝါများသည့်အပြင် ပို၍ ပို၍ ပါဝါတိုးလာသော Astigmatism များကိုမူ ခွဲစိတ်ကုသမှုအပါအဝင် အခြားသော  ကုသမှုများကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

ခွဲစိတ်ကုသခြင်း
အက်စတစ်မက်တစ်စင် ခေါ် ဆလင်ဒါပါဝါကို ခွဲစိတ်၍ ပြုပြင်ခြင်းသည် မျက်မှောက်ခေတ်တွင် ထိရောက်သည့်ကုသမှုဖြစ်ပါသည်။ခွဲစိတ်ကုသနည်းများကို အကျဉ်းအားဖြင့် အောက်ပါအတိုင်းတွေ့ ရပါမည်။
(က)Radial Keratotomy
          မျက်ကြည်လွှာကို ခွဲစိတ်ပညာဖြင့် လိုသလိုပြုပြင်၍ ဆလင်ဒါပါဝါကိုဖျောက်ခြင်းဖြစ်သည်။
(ခ) Laser Treatment
          လေဆာရောင်ခြည်အသုံးပြု၍ မျက်ကြည်လွှာကို လိုသလိုပြုပြင်ခြင်းဖြင့် ဆလင်ဒါပါဝါ ကို ဖျောက်ခြင်းဖြစ်သည်။(ဥပမာ LASIK)
ဤဆောင်းပါး၍ ဆလင်ဒါပါဝါအကြောင်း ဗဟုသုတအလို့ငှာ ရေးသားခြင်းဖြစ်ရာ နည်းပညာ ပိုင်းဆိုင်ရာများကို အထူးသဖြင့်ချန်လှပ်ထားပါသည်။ဆလင်ဒါပါဝါ၏ရင်းမြစ်နှင့် သဘောသဘာဝ ၊သိ နိုင်သည့်နည်းလမ်းများ၊ ကုထုံးများသည် စာရေးသူမှ စာဖတ်သူသို့ အဓိကသိစေလိုသော အကြောင်း အရာများပင်ဖြစ်ပါသည်။

ကလောင်အမည် …… ပြည့်အောင်(COA)

No comments:

Post a Comment