အိပ်စက်ခြင်းနှင့်ကျန်းမာရေး
အိပ်စက်ခြင်းသည်
လူသားတိုင်း၏ စိတ်နှင့် ကိုယ်ခန္ဓာကိုအနားပေး သောသဘာဝဖြစ်စဉ်တခု ဖြစ် သည်။ အိပ်ချိန်ရောက်လာသောအခါ
ငိုက်မျဉ်းခြင်း၊သန်းခြင်း၊စိတ်အာရုံမသိတသိဖြစ်ခြင်း၊ခံစားမှုအာရုံများ လျော့ကျလာခြင်း၊အသိစိတ်ဖြင့်
လှုပ်ရှားနိုင်သော ကြွက်သားများလှုပ်ရှားမှုမရှိတော့ခြင်း၊ပတ်ဝန်းကျင်းနှင့် တုန့်ပြန်
ဆက်သွယ်မှု မရှိခြင်းတို့မှသည် အိပ်ပျော်ခြင်းသို့ရောက်သည်။
အိပ်ပျော်နေစဉ်
ခန္ဓာကိုယ်သည် အရာရာကို ပြန်လည်တည် ဆောက်သည်။ကိုယ်ခံအားအဖွဲ့၊ အာရုံ ကြောအဖွဲ့၊အရိုးအဖွဲ့၊ကြွက်သားအဖွဲ့၊
ဟော်မုန်းအဖွဲ့ စသည်တို့ကို အိပ်စက်ခြင်းကအားဖြည့်ပေးသည်။အခြားလို အပ်သည်များကိုလည်းဖြည်ဆည်းပေးသည်။
တနေ့ဘယ်နှစ်နာရီ
အိပ်သင့်သလဲ
ပင်းပြည်နယ်တက္ကသိုလ်(Penn
state University)ဇီဝအပြုအမူဆိုင်ရာ ကျန်းမာရေးပါရဂူ ပါမောက္ခ ဒင်နီရယ်ဂါတင်ဘာ့(Daniel
Gartenburg)၏ သုတေသနပြုချက်အရ လူတယောက်သည် တစ်ညလျှင် (၈) နာရီ(၃၀)မိနစ်အိပ်မှ ကျန်းမာရေးအတွက်
ကောင်းသည်ဟု သိရ၏။ အိပ်ယာဝင်ပြီး ချက်ခြင်းအိပ်ပျော်သည် မဟုတ်သောကြောင့် အိပ်ပျော်ဘို့
အရှိန်ယူရသည့် အချိန်ကိုပါထည့်တွက်ထားသည့် သဘောဖြစ်သည်။
အိပ်ရေးမဝခြင်းသည်
ကိုယ်ခန္ဓာကိုထိခိုက်စေသည်။ထိုထိခိုက် ဒါဏ်ရာရခြင်းကို မည်သည့်နည်းနှင့်မျှ ပြန်လည်အစားထိုး၍
မရတော့ချေ။ ထို့ကြောင့်အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးမထိခိုက်စေရန် အောက် ပါ အချက်များကို
သတိပြုသင့်သည်။
(၁)နေ့စဉ်အိပ်ချိန်ကို သတ်မှတ်ထားပါ။ ။လူတယောက်နှင့်တယောက် အိပ်နိုင်သည့်အချိန်နှင့်အိပ်သင့်
သည့်အချိန်မတူကြပါ။အိပ်သင့်သည့်အချိန်(အနည်းဆုံး(၈)နာရီ၊အိပ်ရေး ဝနိုင်သည့်အချိန်)တွင်းအိပ်နိုင်ရန်
အချိန်ဇယားဆွဲထားပါ။ယခုခေတ်တွင် အိပ်ရေးဝ၍ ကျန်းမာသက်ရှည်ခြင်းကို ဦးစားပေးရမည့်အစား၊
အိပ်ရေး မဝ လျှင်နေပါစေ၊အလုပ်ပြီးဘို့ အရေးကြီးသည် ဆိုသူများကများသည်။ဂိမ်း ကစားခြင်း၊လူမှုမီဒီယာ(ဖုန်း)ကြည့်
ခြင်း၊ရုပ်ရှင်ဇတ်လမ်းကြည့်၍ အိပ်ရေး ပျက်ခံသူများကို ထည့်မပြောလိုတော့ပြီ။
(၂) အိပ်ခါနီးဦးနှောက်ကို အိပ်ဖို့အဆင်သင့်ပြင်ပါ။
။အလုပ်ကိစ္စ အခြားကိစ္စ၊တီဗွီ
ရေဒီယို စသည်များ ကိုမအိပ်ခင် တနာရီခွဲခန့်တွင်ရပ်တန့်လိုက်ပါ။တကိုယ်လုံးအကြောလျှော့၍
သက် တောင့် သက်သာနေလိုက်ပါ။ အပြာရောင် တီဗွီအလင်းရောင်သည် သင့် မျက်စိနှင့်စိတ်ကို
နေ့ဘက်အလား ထင်ယောင်ထင်မှား ဖြစ်စေသည်။ အိပ် ချင်စိတ်ကိုပျောက်စေသည်။မျက်စိကို “ကြောင်”စေသည်။
(၃)တရားထိုင်ပါ။ ။တရားထိုင်ခြင်းကို မအိပ်မီမှန်မှန်ပြုလုပ်ပါက အိပ်စက်ခြင်းကို
အထောက်အကူပြု သည်။
(၄)အိပ်ခန်းကို အိပ်စက်ခြင်းနှင့် လင်မယားချစ်တင်းနှီးနှောခြင်းအတွက်သာသုံးပါ။ ။အိပ်ခန်းထဲတွင် တီဗွီ၊ အင်တာနက်မထားပါနှင့် အလင်းရောင်ဖျော့ဖျော့တွင်
စာဖတ်ခြင်းက အဆင်ပြေပါသည်။လင်မယား ချစ်တင်း နှီးနှောခြင်းသည် အိပ်စက်ခြင်းကို အထောက်အကူပြုသည်။
(၅)အိပ်ခါနီး အရက်မသောက်ပါနှင့်။ ။အရက်သည်မူးဝေစေပြီး၊အိပ်ငိုက်ခြင်း၊အိပ်ခြင်းကိုဖြစ်စေသော်
လည်း ရေရှည်တွင် အိပ်စက်ခြင်းအဆင့်ဆင့်(Sleep pattern)ကို ပျက်စီးစေ၍ အိပ်ရေးမဝခင် ညတွင်းချင်း
ပြန်လည် နိုးလာတတ်သည်။
(၆)ကဖင်းနှင့်
ဆေးလိပ်ရှောင်ပါ။ ။ကဖင်း၊ဆေးလိပ်နှင့် အခြားစိတ်ကိုလှုံ့ဆော်
တက်ကြွစေသော၊ မျက်စိ ကျယ်စေသော၊မျက်စိကြောင်စေသော အရာများကို မအိပ်ခင်(၄) နာရီခန့်ကတည်းက
ရှောင်ပါ။ဥပမာ ကဖင်း သည် သောက်သည့်အချိန်မှ (၈)နာရီအထိ သွေးထဲတွင်ရှိနေနိုင်သည်။
(၇)နေ့ဖက်တွင်
လှုပ်ရှားတက်ကြွစွာ အလုပ်လုပ်ပါ။ ။နေဖက်တွင်
ကိုယ်လက်လှုပ်ရှားမှု နည်းလျှင် ည ရောက်သောအခါ အိပ်စက်ချင်စိတ် လျော့၍၊နေ့ဖက် ကိုယ်လက်လှုပ်ရှားမှု
မှန်မှန်လုပ်သူများ သည် လွယ်ကူ စွာအိပ်ပျော်၍ အိပ်ရေးလည်းဝသည်။
(၈)အိပ်ခန်း
အိပ်စက်မည့်နေရာကို အိပ်ဖို့အတွက်ပြည့်ဝကောင်းမွန်သော နေရာဖြစ်အောင် ဖန်တီးထားပါ။
အပူချိန် ၁၉ မှ၂၁ စင်တီဂရိတ်အတွင်း တိတ်ဆိတ်၍မှောင်သော
အိပ်ခန်းသည် အိပ်စက်ခြင်းကို အထောက်အကူပြုသည်။
(၉)အိပ်မည့်
အဖော်ကို ဂရုတစိုက်ရွေးချယ်ပါ။ ။ကလေးများအဖို့
အဖွားနှင့်အိပ်မှ အိပ်ပျော်သည်၊ အရုပ်နှင့် အိပ်မှ အိပ်ပျော်သည် စသည်ဖြင့် ရွေးချယ်ခြင်းမျိုးရှိရမည်။ဟောက်တတ်သူနှင့်
အိပ်လျှင် ဟောက်သံကြားနေရ ၍ အိပ်မပျော်ခြင်းများလည်းရှိ၏
(၁၀)အိပ်မပျော်လျှင်
အတင်းဖြစ်ညှစ်၍ အိပ်ယာထဲ ကွေးမနေပါနှင့်။ ။အိပ်မပျော်လျှင် အိပ်ယာ မှထ၍ နို့နွေး နွေးတခွက်သောက်ပါ။နို့
ထဲတွင်ပါဝင်သော တြစ်တိုဖင် (Tryptophan)သည် အိပ်ချင် စိတ်ကိုဖြစ်စေ သည်။ ကမ်မိုမိုင်းလ်
လက်ဖက်ရည်(Camomile Tea) သောက်ခြင်း၊ကိုယ်လက်လှုပ်ရှားမှု တခုခုလုပ်ခြင်း(မျက်စိ ကျယ်၊
မျက်စိကြောင်၍ အိပ်ချင် စိတ် ပျောက်အောင်အထိ တော့ မလုပ်သင့်)သည် အိပ်ချင်စိတ်ကို ဖြစ်စေ
သည်။လက်နှစ်ဖက် ခြေနှစ်ဖက်ကို လေးဖက်လေးတန် ဆန့်တန်း၍(ပက် လက် အနေအထားတွင်) အကြော လျော့ပေးခြင်းသည်လည်း၊
အိပ်ချင် စိတ်ကိုဖြစ်စေသည်။ အိပ် ချင်စိတ်ဖြစ် လာသောအခါ အိပ်ယာဝင်ရုံသာ။
အိပ်မပျော်ခြင်း(Insomnia)
မည်သို့ကြိုးစားအိပ်အိပ်
အိပ်မပျော်ခြင်းကို လူတိုင်းကြုံတွေ့ဘူး ကြပေမည်။တခါတရံ အိပ်မပျော်ခြင်း သည် ကျန်းမာရေးကိုမထိခိုက်သော်လည်း၊
နေ့စဉ်ရက်ဆက်သော်လည်းကောင်း၊ြ ပတ်တောင်းပြတ်တောင်း ရက် အတော်ကြာကြာသော်လည်းကောင်း၊အိပ်မပျော်သည့်ရက်များလာပါ
က ကျန်းမာရေးကို ထိခိုက်လာနိုင် ပါသည်။ဦးနှောက်တွင် နိုးထခြင်းစက်နာရီ(Wake
cycle)နှင့် အိပ်စက်ခြင်း စက်နာရီ(Sleep cycle)ဟူ၍ရှိရာ၊ နိုးထခြင်းစက်နာရီများ၌ နိုးထခြင်း
မောင်းနှင်အား(Wake drive)ကို မရပ်တန့်နိုင်သောအခါ၊အိပ်မပျော်ခြင်းကို ဖြစ်စေသည်။
အိပ်မပျော်ခြင်းကိုဖြစ်စေသော
အကြောင်းတရားများ
ဆေးဖက်ဆိုင်ရာ
အကြောင်းတရားများ
(၁)နှာခေါင်းနှင့်နှာခေါင်းလှိုင်(Sinus)ဓါတ်မတည့်ခြင်းများ။ (၂)အစာအိမ်အူလမ်းကြောင်းပြဿနာများ(ဥပမာ
လေချဉ်ဆန်တက်ခြင်း)။ (၃)ဟော်မုန်းဆိုင်ရာပြဿနာများ(ဥပမာ သိုင်းရွိုက်ဟော်မုန်းများခြင်း)။
(၄)အဆစ်အမြစ် ရောင်ခြင်း။ (၅)ပန်းနာရင်ကျပ်။ (၆)အာရုံကြောဆိုင်ရာပြဿနာများ(ဥပမာ ပါကင်ဆင်ရောဂါ)။ (၇)နာတာရှည် နာကျင်ကိုက်ခဲမှုများ။ (၈)ခါးနာခြင်း။
(၉)သွေးတိုးရောဂါ။ (၁၀)နှလုံးရောဂါ။ (၁၁)ခြေထောက် ကိုက်ခြင်းလက္ခဏာစု(Restless leg
syndrone)။ (၁၂)အိပ်ရာဝင် အသက်ရှူမဝခြင်း(Sleep Apnea)
စိတ်ပိုင်းဆိုင်ရာ
ကြောင်းတရားများ
ပြင်းထန်သောအိပ်မပျော်ခြင်းသည်
စိတ်ကျရောဂါ၏ အဓိက လက္ခဏာများတွင် ပါဝင်လေ့ရှိသည်။
အိပ်မပျော်လေလေ စိတ်ကျခြင်း ပိုလာလေလေဖြစ်တတ်သည်။
စိုးရိမ်ပူပန်မှုများခြင်းသည် အိပ်မပျော်ခြင်းကိုဖြစ်စေသည်။စိတ်တင်းကြပ်ခြင်း၊အတိတ်
အကြောင်း များ ကို ပြန်လည်တွေးတောနေမိခြင်း၊ အနာဂတ်အတွက်ပူပန်မှုများခြင်း၊တာဝန်ယူမှုအတွက်
စိုးရိမ်စိတ်ဖြစ်ခြင်း၊ ဖြစ် နိုင်ခြေထက် ပိုမိုတွက်ချက်တွေးတော၍ ထိတ်လန့်ခြင်းများပါဝင်
သည်။ရက်ပေါင်းများစွာ လပေါင်းများစွာ အိပ် မပျော်သောအခါ၊စိုးရိမ်ပူ ပန်မှုလွန်ကဲခြင်း၊သေဆုံးတော့မည်ကဲ့သို့
ခံစားထိတ်လန့်ခြင်း၊ရူးကြောင် ကြောင်ဖြစ် ခြင်းများဖြစ်လာနိုင်သည်။
ထို့ကြောင့်အိပ်မပျော်ခြင်းကို
ရက်အတော်ကြာအောင်ခံစားရပါက စောစီးစွာကုသသင့်သည်။ ဆေး ဘက်ဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ
စသည့် အိပ်မပျော်ခြင်း၏ အကြောင်းရင်းကို ရှာဖွေ၍ အချိန်မီကုသရသည်။
အိပ်မပျော်ခြင်းနှင့်
သင့်ဘဝပုံစံ
သင့်ဘဝ နေထိုင်မှုပုံစံသည် သင်၏အိပ်မပျော်ခြင်းနှင့်ပတ်သက် နေတတ်သည်။
(၁)အလုပ်ကို အိမ်သို့ယူလာ၍ ညဦးပိုင်းတွင်လုပ်ခြင်းသည် အိပ်မပျော် ခြင်းကို
အားပေးသည်။
(၂)နေ့အချိန်တွင် တရေးတမော၊တမှေးအိပ်ခြင်း သည်၊ ည အိပ်မပျော် ခြင်းကိုဖြစ်စေသည်။ခဏတဖြုတ်ပင်
ဖြစ်လင့်ကစား ည အိပ်မပျော်ခြင်း ကိုအားပေးသည်။
(၃)ညက အိပ်မပျော်၍ နေ့ဖက်ပြန်အိပ်ခြင်းသည် ပုံမှန် အိပ်စက်မှုနာရီ (body
clock of sleep pattern)ကို ပျက်စေ၍ ညဖက်အိပ်မပျော်ခြင်းကို ထပ်ဖြစ်စေသည်။
(၄)အချိန်ပိုင်းအလုပ်လုပ်သူများ အနေနှင့် အလုပ်ချိန် အပြောင်းအလဲ အလိုက် အိပ်စက်ခြင်းလည်း
အပြောင်းအလဲလိုက်၍ ဖြစ်ရသည်။အိပ် မပျော်ခြင်း ပြဿနာရှိပါက အလုပ်ကိုသော်လည်းကောင်း၊
အလုပ်ချိန်ကို သော်လည်းကောင်း ညှိနှိုင်း၍ပြောင်းမှသာလျှင် အိပ်ပျော်နိုင်မည်ဖြစ်ပါ
သည်။ (၅)အရက်သည်အိပ်ပျော်စေသော်လည်း၊ညလည်တွင်
ပြန်နိုးတတ်သဖြင့် အရက်မသောက်သင့်ပါ။
(၆)ကဖင်းဓါတ်သည် လူကိုနိုးကြားစေသဖြင့် ကဖင်းဓါတ်ပါသော လ္ဘက် ရည်၊ကော်ဖီ၊ဖျော်ရည်၊အချိုရည်နှင့်
အစားအစာ များကိုနေ့ဖက်တွင်သာ စားသုံးသင့်သည်။တနေ့လျှင် ကော်ဖီ(၄)ခွက် အ ချိုရည်(၄)ဗူးထက်ပို၍
မသောက်သင့်၊သောက်သုံးပါက အိပ်မပျော်ခြင်း ကိုဖြစ်စေကြောင်း၊ ၂၀၀၅ ခုနှစ် အမျိုးသားအိပ်စက်ခြင်း
ဖောင်ဒေးရှင်း၏ လေ့လာချက်အရ သိရ၏။ ကဖင်းသည် သင့်ခန္ဓာကိုယ်ထဲတွင်(၈)နာရီကြာ အာနိသင်ပြနိုင်
သဖြင့်၊ အိပ်ချိန် မတိုင်မီ(၈)နာရီအတွင်း ရှောင်သင့်သည်။ (၇)နီကိုတင်းသည် လူကိုနိုးကြားစေသောဓါတ်ဖြစ်
သဖြင့်၊အိပ်မပျော်ခြင်း ကိုဖြစ်စေသည်။ အိပ်မပျော်ခြင်းကို ဖြစ်စေသော ကျန်းမာရေးကိုထိခိုက်စေ
သော နီကို တင်း ပါသော ဆေးလိပ်၊စီးကရက်၊ဆေးတံနှင့် ဆေးရွက်ကြီးသုံး စွဲမှုကို လုံးဝ ရှောင်သင့်သည်။ (၈)အိပ်ယာဝင်ခါနီး
ဗိုက်ပြည့်အောင် အစားများများစားခြင်းသည် အိပ်မ ပျော်မှုကိုဖြစ်စေသည်။အိပ်ပျော်နေစဉ်
အနားယူရမည့် အစာအိမ်နှင့်အူ လမ်းကြောင်းသည်အနားမရဘဲ ဆက်၍အလုပ်လုပ်ရခြင်း၊ရင်ပြည့်ရင်
ကယ်ဖြစ်ခြင်းကြောင့် အိပ်မပျော်ခြင်းကိုဖြစ်စေသည်။
(၉)အိပ်ယာဝင်ခါနီး ရေသောက်ခြင်းသည် အိပ်ပျော်နေစဉ် ဆီးစွန့် ချင်၍ အိပ်ယာထရသည့်
ဒုက္ခကိုဖြစ်စေ သည်။ဆီးစွန့်ပြီးဆက်အိပ်မရဘဲ မျက် လုံး ကြောင်သွားလျှင် ပိုဆိုးသည်။ဆီးခဏခဏသွားတတ်သူများတွင်
ပို၍ သတိထားသင့်သည်။အိပ်ခါနီးသေချာစွာ ဆီးကုန်အောင်စွန့်ပြီးမှ အိပ်လျှင် ဆီးသွားချင်၍
အိပ်ယာထရခြင်းမှ ကင်းဝေးစေသည်။
(၁၀)အိပ်ယာဝင်ခါနီး ဖုန်းကြည့်ခြင်း၊သီချင်းနားထောင်ခြင်း၊ဂိမ်းကစားခြင်း၊ကွန်ပျူတာကြည့်ခြင်း
တို့သည် အိပ်ချင်စိတ်ကိုပျောက်စေသည်။တရေးနိုးခဏ တဖြုတ်ကြည့် ခြင်းသည်လည်း မျက်စိကိုကြောင်စေသည်။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

No comments:
Post a Comment