23.10.18

အစာလည်းဆေး ဆေးလည်းအစာ မျက်စိကျန်းမာ ။၂၂/၁၀/၂၀၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါ ကိုယ်တိုင်ရေးဆောင်းပါး)ဆာင်းပါး


                                             



          “မျက်စိအားကောင်းအောင် ဘာတွေစားရမလဲ” ဟူသောမေးခွန်းသည် မျက်စိအထူးကုဆရာဝန်ကြီး များ၊မျက်စိပညာရှင်များအား လူနာများကမေးလေ့မေးထရှိသောမေးခွန်းတခုဖြစ်ပါသည်။စာရေးသူသည် မျက်စိ “ကျန်းမာတသက်တာ”ဆောင်းပါး၌ မျက်စိကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များနှင့်တကွ စားသင့် သောအစား အစာများကိုအကျဉ်းမျှရေးသားခဲ့ပြီးဖြစ်သော်လည်း၊ဤဆောင်းပါးတွင် အထက်ပါ “မျက်စိအား ကောင်းအောင် ဘာတွေစားရမလဲ”မေးခွန်းကို ဖြေကြားခြင်းဖြစ်သည့်အတွက် စားသင့်သည့်အစားအစာများကို လက်လှမ်းမီသမျှ ရေးသားပါသည်။စာရှုသူတို့အား အကြံပြုလိုသည်မှာ မျက်စိသည် ခန္ဓာကိုယ်၏ အင်္ဂါအစိတ် အပိုင်းတခုဖြစ်သည်ကို မမေ့ကြရန်ပင်ဖြစ်ပါသည်။သို့ဖြစ်သည့်အတွက် ခန္ဓာကိုယ်အတွက် ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာများသည် မျက်စိကျန်းမာရေးကိုလည်း အထောက်အကူပြုသည်သာ ဖြစ်ပါသည်။ အောက်တွင်ဖော်ပြသော အစားအစာများသည် အထွေထွေကျန်းမားရေအတွက်ကောင်းသည့်အပြင် မျက်စိကို လည်း အထူးအထောက်အပံ့ဖြစ်စေပါသည်။
(၁)ငရုပ်ပွသီး
          ငရုပ်ပွသီးတွင် ကယ်လိုရီများအပြင် ဗီတာမင်စီလည်းအချိုးကျပါဝင်နေသည်ဖြစ်ရာ မျက်စိ၏သွေး ကြောများကောင်းမွန်စေရေး အတွက်ပံ့ပိုးပေးပါသည် ။ ထို့ပြင် အတွင်းတိမ်ဖြစ်ပွားမှုကို လျော့ကျစေနိုင် ကြောင်း သိပ္ပံပညာရှင်တို့ကလည်း အကြံပြုထားကြပါသည်။ ထိုနည်းတူစွာ ပန်းဂေါ်ဖီ ၊ သင်္ဘောသီး သင်္ဘော ရွက် ၊ စတော်ဘယ်ရီသီး စသည်တို့တွင်လည်း ထိုကဲ့သို့မျက်စိကျမ်းမာရေးကို အထောက်အပံ့ပြုသည့် အာဟာ ရတန်ဘိုးများကို တွေ့ရကြောင်း ဆိုကြပါသည်။ အပူပေးခြင်းသည် ဗီတာမင်စီကို ပျက်စီးစေနိုင်သဖြင့် စားသုံး ရာတွင် သဘာဝအတိုင်း (ချက်ပြုတ်ခြင်းမပြုဘဲ) စားသုံးသင့်ကြောင်း နှင့် လတ်ဆတ်သော သဘာဝ အသွေး အရောင်နှင့်ပြည့်စုံသော ငရုပ်ပွသီးများသည် ဗီတာမင်အီး နှင့် ဗီတာ မင်အေတို့လည်း ပါဝင်သည့်အတွက် ၎င်းကိုစားသုံးခြင်းအားဖြင့် မျက်စိကိုထိမ်းသိမ်းကာကွယ် စောင့်ရှောက်ရာ ရောက်စေကြောင်းသိရပါသည်။

(၂)နေကြာစေ့ နှင့် အခွံမာသီးများ

       နေကြာစေ့ နှင့် အခွံမာသီးတို့၏အစေ့အဆံများ သို့မဟုတ် ပင်စိမ်းပင်မျိုးစိပ်ဝင်အပင်တို့၏ အစေ့အဆံ များတွင် ဗီတာမင်အီး (vitamin-E) ထက်ဝက်မျှ(၅၀%မျှ)ပါဝင်သည့်အတွက် အရွယ်ရောက်ပြီးသူတိုင်း နေ့စဉ် နေ့တိုင်းစားသုံးသင့်ကြောင်း USDA မှ အကြံပြုတိုက်တွန်းထားပါသည်။ပြည့်စုံမှန်ကန်၍ တိကျသေချာသော လေ့လာသုတေသနပြုမှုများ၏ တွေ့ရှိချက်များအရ သြဇာဓါတ်ပြည့်ဝသော အစာအာ ဟာရများနှင့် ဗီတာမင်အီး (vitamin-E)တို့သည် အသက်အရွယ် ကြီးရင့်မှုကြောင့်ဖြစ် လေ့ဖြစ်ထရှိသော မြင်လွှာရှိအာရုံခံ ဧရိယာတရွေ့ ရွေ့ချို့ယွင်းလာခြင်း (macular degeneration-AMD)ကို နှေးကွေးသွား စေရန် အကူအညီ အထောက်အပံ့ရ စေကြောင်း သိကြရပါသည်။ ထိုနည်းတူစွာပင် အတွင်းတိမ် မဖြစ် ပွားစေရန်လည်း ကာကွယ်မှုပြုကြောင်းဆိုပါ သည် ။ သစ်အယ်သီး ၊ မြေပဲ(ပဲတောင့်ရှည် မျိုးနွယ်ဝင် ပဲအမျိုးမျိုး) ၊ မြေပဲအနှစ်(မြေပဲလှော်ကို ကြိတ်၍ရသော အနှစ်-ပဲဖတ်) စသည်တို့တွင် ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ကြပါ သည်။

(၃)အစိမ်းရင့်ရင့် အရွက်ဖားဖား ဟင်းရွက်များ

       ဥပမာအားဖြင့် ကိုက်လန်ရွက်(Kale) ၊ ဟင်းနုနွယ်(Spinach) ၊ ဂေါ်ဖီ ထုပ် (Collard greens) တို့တွင် ဗီတာမင်စီ နှင့် ဗီတာမင်အီးတို့ ကြွယ်ဝစွာပါဝင်ပါသည်။ထို့ပြင်မျက်စိအတွက် အရေးပါသော အပင်များ၏ ရောင် ခြယ်ပစ္စည်း အမျိုးမျိုးမှရသော လူတင်း(lutein) နှင့်  ဇာစန်သင်း(Zeaxan thin) ဓါတ်များလည်း ပါဝင်ပါသည်။ ၎င်း ဟင်းရွက်များသည် ဗီတာမင်အေ အခြေခံအားဖြင့် ဖွဲ့စည်း ပါဝင်မှုကြောင့် မြင်လွှာ၏ အာရုံခံဧရိယာ တဖြည်းဖြည်းချို့ယွင်းလာခြင်း (AMD) နှင့် အတွင်းတိမ် (cataract) ကဲ့သို့သော ရေရှည်ဖြစ်တတ်သည့် မျက်စိ ရောဂါများဖြစ်ပွားမှုနှုန်းကို လျော့ကျစေပါသည်။ ဤနေရာ၌ အနောက်တိုင်းရိုးရာ အစားအစာကို နှစ်သက် စွဲ လမ်းစွာစားသုံးသူများဂရုပြုသင့်ပြီး ၎င်းအစားအစာများ၌ အထက်ဖော်ပြပါ ဟင်းရွက်များပါဝင်မှုနည်းပါး သော ကြောင့်ဖြစ်ပါသည်။

(၄)ဆော်လမွန်ငါး

          မျက်စိ၏အရေးပါသော အစိတ်အပိုင်းဖြစ်သည့် မြင်လွှာသည် မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်ရန် အတွက် အိုမီဂါ-၃ ဖက်တီးအက်စစ်ဟုခေါ်သည့် အော်ဂဲနစ်ဓါတ်ပေါင်း အမျိုးအစားပုံစံနှစ်မျိုး(DHA and EPA ) လိုအပ်ပါသည်။၎င်းအမျိုးအစားနှစ်မျိုးလုံးကို ဆော်လမွန်ငါး ၊တူနာငါး ၊ ထရောက်ဟုခေါ်သော ရေချိုငါး အမျိုး အစားနှင့်  ပင်လယ်စာများမှ ရရှိနိုင်ပါသည်။အိုမီဂါ-၃ သည် အခြားသော မျက်စိပြဿနာ များဖြစ်သည့် AMD နှင့် မျက်စိရေတိမ်(Glaucoma) တို့ကိုလည်း မဖြစ်ပွားစေရန် ကာကွယ်ပေးပါသည်။ ထို့ပြင်ဖက်တီး အက်ဆစ် ပမာဏ နိမ့်ကျသွားလျှင်လည်း မျက်စိခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါသည်။


(၅) ကန်စွန်းဥ

      ကန်စွန်းဥ ၊ မုန်လာဥဝါ(နီ) ၊ သခွားမွှေးသီး ၊ သရက်သီး ၊ တရုတ်ဇီးသီးကဲ့သို့သော သဘာဝလိမ္မော် ရောင် ရှိသော ဟင်းသီးဟင်းရွက်များသည် မျက်စိ၏အမြင်အာရုံနှင့် အလင်းအမှောင် ချိန်ဆနိုင်မှုစွမ်းရည် ကို ဖွံ့ဖြိုး တိုးတက်စေသည့် ဗီတာမင်အေကို ဖွဲ့စည်းပေါ်ပေါက်လာစေမည့် အကြိုဓါတ်ပစ္စည်းဖြစ်သော ဘီတာကာရို တင်း ဓါတ်များ ကြွယ်ဝစွာပါဝင်ကြပါသည်။ ပုံမှန်အရွယ်အစား ရှိသည့် ကန်စွန်းဥတလုံးတွင် အထက်ဖော်ပြပါ ဗီတာမင်အေသာမက အရွယ်ရောက်ပြီးသူတဦး တနေ့တာအတွက်လိုအပ်သည့် ဗီတာမင်စီထက်ဝက်ကျော် ပါဝင်သည့်အပြင် ဗီတာမင်အီး အနည်းငယ်လည်းပါဝင်ပါသည်။

(၆)ကြက်သားဘဲသားနှင့် အဆီပါဝင်မှုနဲသောအသားများ

           ဇင့်ဓါတ်များသည် ဗီတာမင်အေကို အသည်းမှတဆင့်မြင်လွှာသို့ သယ်ယူပို့ဆောင်ပေးသော အာဟာ ရဓါတ်များ ဖြစ်ပါသည်။မြင်လွှာသည် အခြားသောမျက်စိ၏ လုပ်ငန်းဆောင်တာများအပြင် မျက်စိ၏ အင်္ဂါ အစိတ်အပိုင်းများအတွက် အရေးပါသော အနက်ရောင်ဓါတ်နှင့် ရောင်ခြယ်ပစ္စည်းများကို ပြုလုပ်ပေးပါသည်။ ကမာကောင်၏အသားသည် ဇင့်ဓါတ်ကြွယ်ဝစွာပါဝင်သော်လည်း လုံလုံလောက်လောက် ရရှိရန် ခဲယဉ်းပါ သည်။ သို့ဖြစ်ရာ အမဲသား ၊ ဝက်သား နှင့် ကြက်သားကဲ့သို့သော အလွယ်တကူ ရရှိစေနိုင်သည့် အသားများ ကို စားသုံးခြင်းအားဖြင့် ဇင့်ဓါတ်ကို ကြွယ်ဝစွာ ရရှိစေနိုင်မည်ဖြစ်ပါသည်။

(၇)ပဲတောင့်ရှည်နှင့် ပဲသီး ပဲတောင့်အမျိုးမျိုး

           အသီးအရွက်များကိုသာ နှစ်သက်စွာစားသုံးသူများအတွက် အမျှင်ဓါတ်ပမာဏများခြင်း ၊ အဆီဓါတ် ပါဝင်မှုနည်းခြင်းစသည့် ကောင်းကျိုးများကို ရရှိစေသည့်အပြင် ညဖက်အမြင်အာရုံကို ပိုမို ကောင်းစေခြင်း ၊ (AMD)ကိုနှေး ကွေးစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။ပဲနီလေး ၊ ပဲဝါလေး စသည့်ဖြင့် သဘာဝအတိုင်း အရောင် အမျိုးမျိုးရှိနေသည့် ပဲစေ့ ပဲဆန် ပဲတောင့်အမျိုးမျိုးတို့သည် ဇင့်ဓါတ် ကြွယ်ဝစွာ ပါဝင်လျှက်ရှိသောကြောင့် မျက်စိကျမ်းမာရေးကို အထောက်အပံ့ပြုသည့် အစားအစာ များပင် ဖြစ်ပါသည်။

(၈) ဥ အမျိုးမျိုး

           ဥအမျိုးမျိုး၏ အခန်းကဏ္ဍသည် မျက်စိကျမ်းမာရေးအတွက် အလွန်အရေးကြီးသောအပိုင်းမှ ပါဝင်ပါ သည်။ ဥတလုံးတွင်ပါဝင်သော ဇင့်ဓါတ်သည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို အထောက်အပံ့ပြု သည့်အပြင် ဥများ၏ အနှစ်မှရရှိသော လူတင်း နှင့် ဇာစန်သင်း ဓါတ်များကလည်း  အရေးပါပါသည်။ သဘာဝလိမ္မော်ရောင်အတိုင်း လတ်လတ်ဆတ်ဆတ် ရှိနေသော ဥများ၏အနှစ်သည် မျက်စိ၏မြင်လွှာကို ပျက်စီးစေသော အပြာရောင် အလင်းတန်းများ (နေရောင်ခြည်တွင် ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် ဂဟေ ဆက်ခြင်းကဲ့သို့သော စက်မှု လုပ်ငန်းများမှ ပေါ်ထွက်လာသည့် အလင်းရောင်တန်းများ)၏ အန္တရာယ်များမှ အပြည့်အဝ ကာကွယ်ပေးပါ သည်။ ထို့ပြင် မျက်စိအမြင်အာရုံအတွက် အလွန်အရေးပါသော အာရုံခံဧရိယာ (macula)ရှိ ရောင်ခြယ်ပစ္စည်း များကိုလည်း အင်အားခြည့်တင်းခြင်းဖြင့် တွန်းအားပေးပါသည်။ မြင်လွှာတွင် ပါဝင်သော အာရုံခံဧရိယာ (macula)သည် အမြင်အာရုံကောင်းမွန်ရေးအတွက် အရေးပါသော ပင်မအင်္ဂါ အစိတ်အပိုင်းတခု ဖြစ်ပါသည်။

(၉) သခွားမွှေးသီး

          မျက်စိအတွက် အရေးပါသော လူတင်းဓါတ်နှင့် ဇာစန်သင်းဓါတ်များကို  ရာသီမရွေးတွေ့နိုင်သည့် သခွားမွှေးသီးကဲ့သို့သော အသီးအနှံများမှ အလွယ်တကူ ရရှိနိုင်ပါသည်။နွေရာသီတွင်သီးသော သခွားမွှေး သီးများတွင် ဇင့်ဓါတ်နှင့် ဗီတာမင်စီတို့ ပါဝင်ပါသည်။ ဆောင်းရာသီတွင်သီးသော အသီးများတွင်မူ ဗီတာမင် အေ ၊ ဗီတာမင်စီတို့အပြင် အိုမီ ဂါ-၃ ဖက် တီးအက်စစ်(omega-3 fatty acid) လည်းပါဝင်သည်ကို တွေ့ကြရ သည်ဖြစ်ရာ မျက်စိကျမ်းမာရေးအတွက် အထူးပင်စားသုံးသင့် သော အစားအစာပင်ဖြစ်ပါသည်။

(၁ဝ) ပန်းမုန်လာမျိုးနွယ်သီးနှံများ

          ဤသီးနှံမျိုးနွယ်များတွင် အာဟာရဓါတ်ပြည့်ဝသော ဓါတ်ပေါင်းများပါဝင်နေပါသည်။ ဗီတာမင်အေ (လူတင်း ၊ ဇာစန်သင်း နှင့် ဘီတာကာ ရိုတင်းကဲ့သို့ သောအာဟာရ ဓါတ်များ) ၊ ဗီတာမင်စီ နှင့် ဗီတာမင် အီး တို့ဖြစ်ကြ၏။                                                                                                                                                                                                                                                                                                    
          အထက်ဖော်ပြပါ အစားအစာများတွင်မျက်စိကျန်းမာရေးအတွက် အဓိကကျသည့် ဗီတာမင်အီး ၊အိုမီဂါ -၃ ဖက်တီးအက်စစ်၊ ဗီတာမင်အေ၊လူတင်း(lutein)၊ ဇာစန်သင်း(Zeaxanthin)၊ ဗီတာမင်စီ နှင့် ဇင့်ဓါတ်များ ပါဝင်သည်ကို တွေ့ကြရမည်ဖြစ်ပါသည်။
 ဗီတာမင်အီး(vitamin-E)နှင့်အိုမီဂါ-၃ ဖက်တီးအက်စစ်သည် အသက်ကြီး၍ဖြစ်သော မြင်လွှာရှိ အာရုံခံဧရိယာ ချို့ယွင်းလာခြင်း (macular degeneration-AMD)ကို နှေးကွေးစေကြောင်း သိရပါသည်။  အတွင်းတိမ်နှင့် ရေတိမ်မဖြစ်စေရန်လည်းကာကွယ်ကြောင်း ဆိုပါသည် ။
 ဗီတာမင်အေ (လူတင်း ၊ ဇာစန်သင်းနှင့် ဘီတာကာရိုတင်းကဲ့သို့ သောအာဟာရဓါတ်များ) ၊ ဗီတာမင် စီ နှင့် ဗီတာမင်အီးတို့သည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)များဖြစ်ကြပြီး ၊ မျက်စိ၏ ဆဲလ်များကို ဖရီး ရဒီကယ် (free radicals-ဖောက်ပြန်သော မော်လီကျူးမှ ကောင်းမွန်သောတစ်ရှူးများကို ပျက်စီးစေ၍ မြင်လွှာ တွင် အားနည်းမှု ဖြစ်စေခြင်း  ) မှ ကာကွယ်ပေးပါသည်။မျက်မှောက်ခေတ်တွင် တွေ့ရသော မျက်စိအားဆေး များတွင် အထက်ပါ အဟာဓါတ်များ အများဆုံးပါဝင်သည်ကို တွေ့ကြရပါမည်
သို့ဖြစ်ရာအထက်ပါ အစားအစားများကို ဆင်ခြင်စားသုံး ခြင်းဖြင့် ရရှိမည့်အဟာရတန်ဘိုးများ၏ အထောက်အပံ့ဖြင့် မျက်စိကို ရေရှည်အသုံးပြုနိုင်မည့်အပြင် ၊ အသက်အရွယ်ကြောင့်ဖြစ်သော မျက်စိဝေဒနာ များကို အရွယ်မတိုင်မီဖြစ်ပွားခြင်းမှ ဟန့်တားစေနိုင်မည်ဖြစ်ပါသည်။ထို့ပြင် အဟာဓါတ်ပြည့်ဝသော အစား အစာများကို စားသုံးခြင်းသည် အာဆေးများမှီဝဲခြင်းထက် ပို၍အန္တရယ်ကင်းပါသည်။ အဘယ့်ကြောင့်ဆိုသော အချို့သော အာဟာရဓါတ်များ (ဥပမာ ဗီတာမင် အေနှင့်အီး)သည်လိုသည်ထက်ပိုပါက ဘေးထွက်ဆိုးကျိုးများ ရှိတတ်သောကြောင့်ဖြစ်ပါသည်။ အစားအစာများကို ချက်ပြုတ်ပြုပြင်၍ မိမိစိတ်တိုင်းကျစားသုံးနိုင် သော် လည်း၊ မျက်စိအားဆေးများကိုမူ မျက်စိအထူးကုဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာမှီဝဲသင့်ပါကြောင်း  အကြံပြုရေးသားအပ်ပါ သည်။

  ပြည့်အောင်(COA)

No comments:

Post a Comment