20.11.18

ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၁၀) ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)(၁၇/၁၁/၂၀၁၈ နေ့ထုတ်ကြေးမှုံ သတင်းစာပါဆောင်းပါး)




          ကျန်းမာသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်များစွာရှိသည့်အနက် ကမ္ဘာ့အသက်ရှည်ဆုံးလူသားများ၏ နည်းလမ်းများသည် လက်တွေ့ အောင်မြင်သောနည်းများဖြစ်သဖြင့်၊တန်ဘိုးထား၍ ဂရုတစိုက်သုတေသန ပြုခြင်း၊လိုက်နာဆောင်ရွက်ခြင်းများသည် အကျိုးများပါသည်။
(၁)ဂျင်းနီကဲလ်မင့်န်(Jeanne Calment)
 ဤပြင်သစ်အမျိုးသမီးကြီးသည် ကမ္ဘာ့မှတ်တမ်းများအရ (၁၂၂)နှစ်နှင့်(၁၆၄)ရက် အသက်ရှင် နေထိုင်ခဲ့သော ကမ္ဘာ့အသက် ရှည်ဆုံးလူသားဖြစ် ပါသည်။ ၁၈၇၅ ခုနှစ် ဖေ ဖော်ဝါရီလ(၂၁)ရက်နေ့တွင် မွေးဖွား၍၊၁၉၉၇ ခုနှစ် သြ ဂုတ်လ(၄) ရက် နေ့တွင်သေဆုံးခဲ့သည်။
          သူမ၏အမူအကျင့်များမှာ နံနက်(၈)နာရီထက်နောက်ကျ၍ အိပ် ယာမထပါ။နံနက်စာ ကော်ဖီဖြူနှင့် ချောကလက်ပူစားသည်။အားကစား လုပ်သည်။ငှက်ပျောသီးစား၍ လိမ္မော်ရည်သောက်သည်။အမဲသားနှပ်နှင့် ငါးပြုပ်ကြိုက်၍ နေ့စဉ်လိုစားဖြစ်သည်။နေ့လည်(၂)နာရီခန့်အိပ်ဖြစ်သည်။ ည(၁၀)ရီအိပ်ယာဝင်သည်။
(၂)အီမာ မိုရန်နို(Emma Morano)
        ၂၀၁၇ ဧပြီလ(၁၅)ရက်နေ့ထိ ကမ္ဘာ့အသက်ရှည်ဆုံး လူသားဖြစ်ခဲ့သည်။(၁၁၇)နှစ်နှင့်(၁၃၇)ရက် နေခဲ့ သည်။သူမ၏ ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်မှာ “ဥ” အမျိုးမျိုးကို ပုံစံအမျိုးမျိုး(အစိမ်း၊အပြုတ်၊ အကြော်စသည်)နှင့် နေ့စဉ်ပုံမှန်စားခြင်းဖြစ်သည်။နေစဉ်ပုံမှန်(၃)လုံးစားပြီး ထိုအထဲမှ(၂)လုံးမှာ အစိမ်းဖြစ် သည်။မျိုး ရိုးဗီဇသည်လည်း အရေးကြီးကြောင်း သူမကပြောပါသည်။ ‘ဥ’အစိမ်း(၂) လုံးကိုနံနက်တွင်စား၍ နေ့လည်တွင် ကြက်ဥကြော်တလုံးစားသည်။ညစာကို ကြက်သားဟင်းနှင့်စားသည်။  

(၃) မီဆာအို အိုကာဝါ(Misao Okawa) (၁၁၇ နှစ်)
သူမသည် ၂၀၁၅ ခုနှစ်ဧပြီလအထိ ကမ္ဘာ့အသက်အရှည်ဆုံး လူသားဖြစ်ခဲ့သည်။သူမသည် ဂျပန်အစား အစာ ဆူရှီ(Sushi)ကို အဓိ ကစားသည်။ဂျပန်တွင် အသက် (၁၀၀)ကျော်လူသား ငါးသောင်းရှစ် ထောင်( ၅၈၀၀၀ ) ကျော်ရှိခြင်းမှာ ဂျပန်အစားအစာဖြစ်သော အဆီနည်းသည့် ဆူရှီနှင့်ငါးပါဝင်သည့် အစား အစာ ကြောင့်ဖြစ်သည်ဟု ယူဆသည်။သူမသည် တနေ့(၈)နာရီအိပ်စက် သည်။ “အရသာရှိသော အစားအစာများကို စားခြင်းသည် အသက် ရှည်ခြင်း၏ သော့ချက်ဖြစ်သည်” ဟု သူမကပြောသည်။သူမသည် ဂျင်နီ ကဲလ်မင့် ကဲ့သို့ အမဲသားနှပ်ကြိုက်သည်။အမဲစင်းကော ကြိုက်သည်။ငါး ကွန်းရှပ်ဆန်ရော ဆူရှီကြိုက်သည်။
(၄) ဆူဆန် နာမူရှက်ဂျုံး(Susannah Mushatt Jones) ၁၁၆နှစ်။
၂၀၁၆ ခုနှစ် မေလအထိ ကမ္ဘာ့အသက်အရှည်ဆုံးဖြစ်ခဲ့သည်။ကောင်းစွာ အိပ်စက်အနားယူခြင်း၊ဥ နှင့် မြင်းစား ဂျုံကြမ်းကို နံနက်တိုင်း ပုံသေ အစားအစာအဖြစ်စားသည်။သူမ၏ မိသားစုပေါ်ချစ်စိတ်နှင့် အခြားသူများအပေါ် မေတ္တာထားခြင်းသည် သူမ၏အသက်ရှည်ခြင်းကိုဖြစ်စေသည်။
(၅) ဂါထရု ဝီဗာ(Gertrude Weaver) ၁၁၆ နှစ်။
၂၀၁၅ ခုနှစ် ဧပြီလအထိ အသက် ရှည်ဆုံးလူသားတွင် ပါဝင်သည်။ သူမ၏ အကြံပေး ချက်မှာ အသက် ရှည်လိုလျှင် မှန်တာကိုလုပ်ပါ၊ အခြားသူများအပေါ် ကောင်းမွန်စွာ ဆက်ဆံပါ၊ကြင်နာပါ၊ ထို့ပြင်သူမ သည် အရက်နှင့်ဆေးလိပ် မသောက်ပါ၊ အိပ်ရေးဝဝအိပ်ပါသည်။
(၆) အဒဲလီနာ ဒိုမင်ဂတ်(Adelina Domingues)၁၁၄နှစ်။
သူမ တသက်လုံး ဆေးတစုံတရာ မသောက်ဖူးပါ။ဆေးရုံဆေးခန်းမသွားဖူးပါ။ အရိုးတချောင်း မကျိုးဖူးပါ၊ မိတ်ကပ်လုံးဝ မလိမ်းပါ၊အလှ ပြင် ဆိုင် မသွားဖူး ပါ၊တခါမျှ မကြွားဝါ ဖူးပါ၊ဆေးလိပ်နှင့် အရက်မ သောက်ပါ၊သူမအတွက် ဘာသာ ရေးသည် အကောင်းဆုံး ဆေးဝါး ဖြစ်သည်။    
(၇) အလက်စန္ဒား အီမစ်ခ်ျ(Alexander Imich)၁၁၁ နှစ် နှင့် ၁၂၄ ရက်။
ကျန်းမားရေးနှင့်ညီညွတ်သော အစား အစာမှီဝဲခြင်း၊အရက်မသောက် ခြင်း၊ ကြက်သားနှင့်ငါးကို အဓိကစားခြင်း၊ ငယ်ရွယ်စဉ်ရေးကူးခြင်းနှင့် ကိုယ်ကာယ လေ့ကျင့်ခန်းများ လုပ်ခြင်းတို့ဖြင့် ၂၀၁၄ ခုနှစ်မေလအထိ ကမ္ဘာ့ အသက်ရှည် ဆုံးလူသားဖြစ်ခဲ့သည်။


(၈)ဒူရာနော့ဒ် ဘေးလာဒ်(Duranord Veillard)၁၁၀ နှစ်။
မြင်းစားဂျုံ၊သစ်သီး၊လက်ဖက်ရည်တစ်ခွက်၊ငါးနှင့် ဟင်းသီးဟင်း ရွက်များ ကို အဓိကထားစား သည်။ တနေ့(၅)ကြိမ်မှ (ရ)ကြိမ် ဒိုက်ထိုး သည်။
(၉)ဂျက်ဆီ ဂယ်လန်(Jessie Gallon) ၁၀၉ နှစ်။
        ဆန်ပြုပ်ကို အဓိကထားစားသည်။ယောက်ျားနှင့် အချိန်မဖြုန်းဘဲ တကိုယ်တည်း အပျိုကြီးဖြစ်သည်။ သူမအသက်ရှည်ခြင်းမှာ ယောက်ျားများကို ဝေးဝေးရှောင်ခြင်းကြောင့်ဖြစ်ကြောင်း၊ယောက်ျားများသည် အကျိုးပေး တာထက် ဒုက္ခပေးတာများကြောင်းပြောပါသည်။ကိုယ်လက်လှုပ်ရှား လေ့ ကျင့်ခန်းများလုပ်ခြင်း၊ ကောင်းမွန် သောသူများနှင့်ဝန်းရံ နေထိုင်ခြင်း၊အ လုပ် ပြင်းပြင်းထန်ထန်လုပ်ခြင်းတို့သည် သူ့အတွက်ကျန်း မာသက်ရှည် စေသော အကြောင်းတရားများဖြစ်သည်။       
(၁၀)ဂျော့ ဘော့ဂက်စ်(George Boggess) ၁၀၄ နှစ်။
သူ၏အကြံပေးချက်မှာ လမ်းများများလျှောက်ပါ ဟူ၍ဖြစ်သည်။
 (၁၁) ရုသ် ကိုဗင် (Ruth Coben) ၁၀၃ နှစ်။    
သူမ အသက်(၁၀၀) ကျော် သည်အထိ အလေးမသည်။ လှုပ်ရှား နိုင် သမျှ ကိုယ်လက်လှုပ်ရှား လေ့ကျင့် ခန်း တစ်မျိုးမျိုး မှန်မှန်လုပ်ခြင်းသည် အသက် ရှည်ခြင်း၏လျှို့ဝှက်ချက်ဖြစ်သည်။ထို့ပြင် ဘဝကို လှလှပပ ဖြတ်သန်းခြင်း၊ အရေ ပြားအလှအပကို ဂရုစိုက်ခြင်း၊ အဝတ်ကောင်းကောင်း ဝတ်ခြင်းကိုလည်း အားပေးသည်။
          ကမ္ဘာ့အသက်ရှည်ဆုံးလူသားများ၏ အစားအသောက်ကို လေ့လာကြည့်သောအခါ၊အဓိကအားဖြင့် မြင်းစားဂျုံ၊လုံးတီးဆန်၊စသည့် သဘာဝ အသီးအနှံကို ဦးစားပေးသည်ကိုတွေ့ရသည်။ပေါင်မုန့်ဖြူ၊ဆန်ဖြူ၊ ဂျုံဖြူ စသည့် စက်များဖြင့် အဆင့်ဆင့်ပြုပြင်ဖန်တီးထားသည့် အစားအစာ များ မဟုတ်ကြောင်းတွေ့ရသည်။
          အသားအနေနှင့်လည်း အသားဖြူ(White Meat)ဖြစ်သည့် ကြက် သားနှင့်ငါးကို အစားများကြောင်း တွေ့ရမည်ဖြစ်သည်။အသားဓါတ်ပြည့်ဝ သည့်ပြင် သန္ဓေသားလောင်းရှင်သန်ဘို့အတွက် လိုအပ်သောဓါတ် အစုံပါ ဝင်သော “ဥ” များသည်လည်း၊ကျန်းမာသက်ရှည်ခြင်းအတွက် အဓိက ထား မှီဝဲသင့်ကြောင်း တွေ့ရ ပါသည်။
          မိမိတတ်နိုင်သမျှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအမျိုးမျိုး ကို လည်း၊ကမ္ဘာ့ဖိုးသက်ရှည် ဖွားသက် ရှည်တို့လုပ်ကြောင်းတွေ့ရပါသည်။
          စိတ်ကောင်းထားခြင်း၊အခြားသူများအပေါ်မေတ္တာထားခြင်း၊အချင်းချင်း ယိုင်းပင်းကူညီ၍ လူကောင်း များနှင့် ဝန်းရံနေထိုင်ခြင်းသည်လည်း ကျန်းမာသက်ရှည်ခြင်းအတွက် အရေးကြီးကြောင်း တွေ့ရပါသည်။
          ထို့ပြင်အသက်ကြီးသော်လည်း အလုပ်ကို အဆက်မပြတ်ပြင်းပြင်း ထန်ထန်လုပ်ကြကြောင်းလည်း တွေ့ရပါသည်။                             
          လူတယောက် ကျန်းမာသက်ရှည်ရန်ကိစ္စသည် လွယ်ကူသော ရိုးရှင်းသောကိစ္စတခု မဟုတ်ပေ။ကမ္ဘာ လူသားအားလုံးက ရာစုနှစ်ပေါင်း များစွာ စိတ်ဝင်တစား သုတေသနလုပ်ခဲ့သော လုပ်နေဆဲဖြစ်သော၊ရှေ့ ဆက် လုပ်ဦးမည်ဖြစ်သော ကိစ္စကြီးဖြစ်ပေသည်။
          သေချာသည်မှာ သက်ရှည်ကျန်းမာစေရန် လိုအပ်သောအချက်များသည် တစ်ခုတည်းမဟုတ်ဘဲ၊ အချက်အလက်ပေါင်းများစွာ၊လုပ်ဆောင်ချက်များစွာ၊လိုက်နာရန် အချက်များစွာရှိနေခြင်းပင်ဖြစ်သည်။ ထို အချက် များကိုလည်း စိတ်ပါတုန်း ခဏတဖြုတ်ထလုပ်၍ ရေရှည်မှန်မှန်မလုပ်ပြန် လည်းထိရောက်မည် မဟုတ် ပေ။မှန်မှန်လုပ်နေရင်းကလည်း၊အကျိုးရှိမရှိ ထိရောက်မှုရှိမရှိ စသည်တို့ကို လက်တွေ့နှင့်ထင်ဟပ်၍ စဉ်ဆက် မပြတ် သုံးသပ်သွားရန်လည်း အရေးကြီးပေသည်။

ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၉) ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ) (ကြေးမှုံသတင်းစာပါဆောင်းပါး)



  
                                            
ခံတွင်းကျန်းမာရေး

        ခံတွင်းသည် ခန္ဓာကိုယ်ရှိဒွါရများတွင် အရေးအကြီးဆုံးဒွါရ ဖြစ်သည်။အဘယ့်ကြောင်းဆိုသော် ခံတွင်း သန့်ရှင်းမှု(Oral hygene)မရှိပါက သွား၊သွားဖုံးနှင့် ခံတွင်းတွင် ပိုးမွှားများကိုပေါက်ပွားစေခြင်းဖြင့်၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးဝင်ရောက်၍ ရောဂါများဖြစ်စေနိုင်သောကြောင့်ဖြစ်ပေသည်။

ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်ကျန်းမာရေး

(၁)သွားနာခြင်း သွားဖုံးနာခြင်းကြောင့် အစာကိုကောင်းစွာ မဝါးနိုင်လျှင်၊ အာဟာရချို့တဲ့သောရောဂါ ဖြစ်နိုင် သည်။
(၂)လျှာ၊ပါးစပ်နံရံ၊လည်ချောင်း ရောင်ရမ်းလျှင် နာကျင်မှုကြောင့် အစာကို သွားနှင့်ချေရာတွင် အနှောက် အယှက်ဖြစ်သည်။ 
(၃)ခံတွင်းဘက်တီးရီးယား များကထုတ်သော အက်စစ်ဓါတ်သည် သွား၏ ကြွေ လွှာကို စားသွားခြင်း ဖြင့်သွားပိုးစားခြင်း သွားကျိုးခြင်းကိုဖြစ်စေသည်။
(၄) ဘက်တီးရီးယားများသည် သွားဖုံး ရောင်ခြင်း၊သွားဖုံးပြည်တည် ခြင်း၊ သွားအခြေပြည်တည်ခြင်း၊ ခံတွင်းနံရံပြည်တည်ခြင်းနှင့် ပါးပေါက်နာများ ကိုဖြစ်စေသည်။
(၅)ခံတွင်းမှဘက်တီးရီးယားများသည် သွေးထဲမှတဆင့် နှလုံးရောင်ခြင်း ကိုဖြစ်စေသည်။                                                                   (၆)သွားအခြေရောင်ခြင်းသည်၊လမစေ့ဘဲမွေးခြင်း၊မွေးဖွားစဉ် ကိုယ်အလေးချိန်မပြည့် ခြင်းများနှင့် ဆက်စပ် နေသည်။
(၇)သွားနှင့်ခံတွင်း ကျန်းမာရေးမကောင်းလျှင် နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊များနှင့် ဆက်နွယ်နေ ကြောင်းတွေ့ရသည်။
သွားနှင့်ခံတွင်းကျန်းမာရေးအခြေအနေ
(က)ကျောင်းသားကလေးသူငယ်များ၏ ၆၀% မှ ၉၀%တွင်အနည်းဆုံး သွားပေါက်သွားပိုးစား တခုခုရှိသည်။                          (၂)အရွယ်ရောက်ပြီးသူများ၏ ၁၀၀%တွင် အနည်းဆုံးသွားပိုးပေါက်တခု ရှိသည်။                                                                                       (၃)အသက်၃၅နှစ်မှ ၄၄နှစ်အတွင်းရှိသူများ၏ ၁၅% မှ ၃၀% တွင် ပြင်းထန်သော သွားဖုံးရောဂါရှိသည်။                                           (၄)တကမ္ဘာလုံးရှိ အသက် ၆၅နှစ်မှ ၇၄ နှစ်အတွင်းသူများ၏ ၃၀% တွင် သဘာဝသွားတစ်ချောက်းမျှ မကျန်တော့ပါ။                                                                                                         (၅)လူတစ်သိန်းတွင် ခံတွင်း ကင်ဆာ တစ်ယောက်မှဆယ်ယောက်အထိ ဖြစ်နေသည်။

ခံတွင်းကျန်းမာရေးကောင်းအောင်

ခံတွင်းကျန်းမာရေးကောင်းအောင်ဖလူအိုရိုက် (Fluoride) ပါသောသွားတိုက်ဆေးဖြင့်၊ တနေ့နှစ်ကြိမ် အနည်းဆုံးသွားတိုက်ပါ။သွားညှပ်အစာထုတ်ကြိုးဖြင့် နေ့စဉ်သွားကြားမှညှပ်နေသော အစာအားလုံး ကို ထုတ်ပါ။ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာကို စားပါ။ကြားချိန် များ တွင် သွားရေစာစားခြင်း ကိုလျှော့ ပါ။ သွားပွတ်တံကို ၃-၄ လထက်ပိုမသုံးပါ နှင့်၊အမွှေးများဖွာနေပါက ချက်ချင်းအသစ်လဲပါ။                                             
သွားနှင့်ခံတွင်း ကို သွားဆရာဝန်နှင့် ပုံမှန်စစ်ဆေးပါ။ ဆေးရွက်ကြီး၊ဆေးလိပ်သုံးစွဲမှုကိုရှောင်ပါ။ သကြား သုံးစွဲမှု ကိုလျှော့ချပါ။သစ်သီးနှင့်ဟင်းသီးဟင်းရွက် များများစားပါ။    ဖရူအိုရိုက်ပါသော ရေကို သောက်ပါ။ ခံတွင်းကင်ဆာမဖြစ်အောင် အက်စ်“S” ၈ လုံးကို သတိပြုပါ။Sprit-အရက်။ Smoking-ဆေးလိပ် နှင့် ဆေးရွက် ကြီးသုံးစွဲခြင်း။ Sharp teeth-ချွန်နေသောသွားများ၊မညီညာသောသွားများ၊သွားတု။ Spicy food -အစပ်ကို အလွန်အကျွံ မစားပါနှင့်။ Syphilis- လိင်ကြောင့်ကူးစက်သော ရောဂါများကင်းဝေး အောင်နေပါ။ အထူးသဖြင့် HPV-Human piplpma virus သည်လျှာကင်ဆာကို ဖြစ်စေသည်။ So hot food- အလွန်ပူသော ဟင်းချို အစားအစာ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ။Sanitation-သွားနှင့် ခံတွင်းကျန်းမာရေး ဂရုမစိုက်သူများ။ Severe liver cirrhosis-အသည်းမာ ခြင်းသည် လျှာကင်ဆာဖြစ်နှုန်းမြင့်စေသည်။
ပိုးထောင်ပေါင်းများစွာ ခံတွင်းမှာ
          ခံတွင်းတွင် ပိုးအမျိုးပေါင်း(၁၀၀)မှ(၂၀၀)ထိနေထိုင်ကြသည်။ ခံတွင်းသန့်ရှင်းရေးမှန်မှန်လုပ်သော သူ၏ ခံတွင်းတွင် ပိုးအကောင်ရေ (၁၀၀၀)မှ တစ်သိန်းအထိ သွားမျက်နှာပြင်တခုစီတွင်ရှိသည်။ ခံတွင်း သန့်ရှင်းရေး မှန်မှန်မလုပ်သောသူ၏ ခံတွင်းတွင် သန်း(၁၀၀)မှ(၁)ဘီလီ ယံအထိ သွားမျက်နှာပြင်း တခုစီတွင် ပိုးများရှိနေ သည်။

သွာဖုံးရောင်ခြင်း(Periodontal disease)

          သွားဖုံးရောင်ခြင်သည် အောက်စီဂျင်မလိုဘဲရှင်သန်နိုင်သည့် ဘက်တီးရီးယား ပိုးများကြောင့်ဖြစ် သည်။အဓိကအားဖြင့် ထရက်ပိုးနီးမား ဒန်တီကိုလာ(Treponema denticola)နှင့် ပေါ်ဖိုင်ရိုမိုနာပ်စ်ဂျင် ဂျီဗဲလစ်   (Porphyromonas Gingivalis) ပိုးနှစ်မျိုးကြောင့်ဖြစ်ရသည်။ယင်းပိုးနှစ် မျိုးမှထွက်သော အဆိပ်(Red complex)များသည် ခံတွင်းရှိကောင်းမွန် သောပိုးများ၏ ပွားများခြင်းကိုပျက်စေသည်။ သွားအခြေပတ်ပတ် လည်ရှိ အရွတ်များ အရိုးများကို ပျက်စီးစေပြီး၊သွားဖုံးရောင်ခြင်း၊သွားယိုင်ခြင်း၊ သွားနဲ့ခြင်းများကိုဖြစ်စေသည်။

ခံတွင်းနံ့ဆိုးခြင်း(Bad breath)

          ခံတွင်းတွင် ဘက်တီးရီးယားပေါက်ပွားမှု များပြားခြင်း၊ယင်းတို့မှ ထွက်သော အဆိပ်များ ဓါတ်ငွေ့ များ ကြောင့် ခံတွင်းနံ့ဆိုးခြင်းဖြစ်သည်။ ထို့ပြင်သွားအခေါင်းနှင့် သွားကြားတွင် အစာစများဝင်၍ ပုပ်သိုးနေခြင်း ကြောင့်လည်းဖြစ်သည်။သွားဖုံးရောင်၍ ရောင်ရမ်းခြင်းမှထွက်လာသော သွားငံရည် များကြောင့်လည်း နံသော အနံ့ကိုဖြစ်စေသည်။ခံတွင်းအတွင်း နံရံတနေရာတွင် ရောင်ရမ်းခြင်း၊ပြည် တည်ခြင်းတို့ကြောင့်လည်း ခံတွင်းနံ့ ဆိုးနိုင်သည်။ချွန်သောသွားနှင့်ထိခိုက်မိ၍ နှုတ်ခမ်း၊ပါးစောင်၊ လျှာတို့တွင် အနာပေါက်ခြင်း၊ရောင်ရမ်းခြင်းရှိပါက ခံတွင်းအနံ့ထွက်သည်။နှာခေါင်းနှင့် ပတ်ဝန်းကျင် အရိုးအခေါင်းအတွင်း၊ပိုးစွဲကပ်ခြင်း၊ပြည်တည်ခြင်း၊ရောင်ရမ်း ခြင်း၊ထိပ်ခပ်နာဖြစ်ခြင်းများရှိပါကလည်း ခံတွင်းမှ အနံ့ဆိုးများထွက်နိုင် သည်။လည်းချောင်းနှင့်လေပြွန်တွင် အနာရောဂါရှိပါကလည်း ခံတွင်းနံ့ဆိုး နိုင်သည်။

သွားအခေါင်းဖြစ်ခြင်း

          ခံတွင်းထဲတွင်ရှိသော Streptococus mutans ပိုးသည် အစား အစာမှပါသော ဆူးခရို့စ်သကြားကို လက်တစ်အက်စစ်အဖြစ်သို့ပြောင်း ပေးသည်။ထိုအက်စစ်သည် သွား၏ကြွေသားကိုစားသည်။ကြွေ သားပေါက် သွားသောအခါ သွားအတွင်းပိုင်း သွားအခြေမှတဆင့် လှိုက်စားသွားခြင်း ဖြင့် သွား အခေါင်း(Dental Cavity) ဖြစ်လာသည်။အထူးသတိပြုရန်မှာ ပိုးကစားခြင်း မဟုတ်ဘဲ အက်စစ် ကစားခြင်းဖြစ်ပါသည်။ခံတွင်းရှိ Streptococcus lactobacillus ပိုးသည် လက်တစ်အက်စစ်ကို ထုတ်ပေးရုံ သာမက နို့တွင်ပါသော လက်တို့ (Lactose)ဓါတ်ကို လက်တစ်အက်စစ် အဖြစ် ပြောင်းနိုင်သည်။
ခံတွင်းကျန်းမာရေးအတွက် အဓိကအချက်(၄)ချက်
(၁)နံနက်တစ်ကြိမ်၊ညတစ်ကြိမ် ဖရူအိုရိုက်ပါသော သွားတိုက်ဆေးဖြင့် မှန်မှန်သွားတိုက်ပါ။ သွားကြားအနှံ့ အပြားသို့ ဖလူအိုရိုက်ဓါတ်ကောင်းစွာစိမ့်ဝင်နိုင်ရန်အတွက် သွားတိုက်ပြီးပြီချင်းရေနှင့်ချက်ချင်းပလုပ် မကျင်းဘဲ ပိုလျှံသောသွားတိုက်ဆေးများကို အရင်ထွေးထုတ်ပါ၊ မီးနစ်အနည်းငယ်စောင့်ပါ၊ပြီးမှ ရေဖြင့်ပလုပ်ကျင်းပါ။ 
(၂)သွားကြား တွင် ညပ်နေသော အစာများကို သွားကြား ညပ်အစာထုတ်ကြိုး (သွာဖက်ဆိုင်ရာပစ္စည်း)ဖြင့် နေ့တိုင်းထုတ်ပါ။ ထိုးကြိုးကိုမရပါက ပျော့ပျောင်းသေးငယ်၍ သွားနှင့်သွားဖုံးကို မထိခိုက်သောကြိုး တမျိုးမျိုး (ဥပမာ ဘီးပျံတံ ဆိပ် အပ်ချည်ကြိုး)ကိုအသုံးပြုနိုင်သည်။ သွား ကြားထိုးတံသုံးခြင်းသည် သွားနှင့်သွားဖုံးကို ဒဏ်ရာရစေခြင်း၊ သွားကျဲ စေခြင်း၊ညပ်နေသောအစာ မကုန်ခြင်းတို့ကြောင့် အသုံးမပြုသင့်ပါ။   
 (၃)သွားတိုက်ရုံသာမက သွားတိုက်ရင်း လျှာကိုပါ အသာအယာ ခြစ်ပါ။ အစာအကြွင်းအကျန်နှင့် အကျိအချွဲ အလွှာထဲတွင် ဘက်တီးရီးယားပိုး မွှား များရှိနေတတ်သည်။                           (၄)အစာစားပြီးတိုင်း(၃)ကြိမ်ခန့်အသံမြည် အောင် ပလုပ်ကျင်းပါ သွားနှင့် ခံတွင်းတွင် ပိုးမွှားများ မကပ်ညှိစေ ရန်ဖြစ်သည်။

သွားနှင့်ခံတွင်းကောင်းစေသောအစာအာဟာရများ

မာ၍ သက်တမ်းရင့်သော ဒိန်ခဲသည် ထုံးဓါတ်ပါဝင်ခြင်း၊ခံတွင်းအက်စစ် ပမာဏကိုလျော့စေခြင်း၊ တံထွေး ကိုပိုမိုထွက်စေ၍ သွားချိုးတက်ခြင်းကို ကာကွယ်ခြင်း တို့ဖြင့်ခံတွင်းနှင့်သွားကိုကောင်းစေ သည်။                                 
 နို့တွင်ထုံးဓါတ် များစွာပါဝင်ခြင်း၊အခြားဓါတ်သတ္တုများပါဝင်ခြင်း၊ သွား တွင်း အက်စစ်ပမာဏ ကိုလျော့စေ ခြင်း ဖြင့် သွားပိုးစားခြင်းကို ကာကွယ်သည်။ရေသည် သွားနှင့်ခံတွင်းကို  သန့်ရှင်းပေးခြင်း၊ တံထွေးများများ ထွက်စေ ခြင်းဖြင့် အကျိုးပြုသည်။
 ဟင်းသီးဟင်းရွက်များ တွင် ထုံးဓါတ်၊ဖောလစ် အက်စစ်နှင့် အရေးကြီး သော ဗီတာမင် နှင့် ဓါတ်သတ္တုများ ပါဝင်သော ကြောင့် သွားနှင့်သွားဖုံး ကိုကြံ့ခိုင်စေသည်။
          ငါး တွင် ဓါတ်သတ္တုများ၊အရေးကြီးသောဗီတာမင်(ဥပမာ ဗီတာမင်ဒီ)များ ပါဝင်၍ သွားနှင့် သွားဖုံး ကျန်းမာရေးအတွက်ကောင်းသည်။ 
 အသားများ သည် အာဟာရပြည့်ဝသဖြင့်သွားနှင့်သွားဖုံးကျန်းမာရေး အတွက်ကောင်းသည်။ လက်ဖက်တွင်ပါဝင်သော Polyphenole သည် ဘက် တီးရီးယား ပမာဏကိုလျော့ ချခြင်း၊ဘက်တီးရီးယား များမှ ထွက်သော အဆိပ်များကိုလျော့ချခြင်း၊ဖလူအိုရိုက်ပါဝင်ခြင်း တို့ဖြင့် သွားပိုးစား ခြင်းကို ကာကွယ်ပေး သည်။ 
အခွံမာသီးများတွင် အရေးကြီးသော ဓါတ်သတ္တု များ(ဥပမာ ထုံးဓါတ်နှင့် ဖော့စ ဖော့ရပ်)ပါဝင်၍ သွားပိုးစားခြင်းကိုကာကွယ်သည်။  
ပီကေဝါးခြင်း သည် တံထွေးအထွက် များစေခြင်း၊အစာ အကြွင်းအကျန် နှင့် ဗက်တီးရီး ယားပိုးမွှားများကိုဖယ်ရှားပေးသည်။
လိမ္မော်သီးတွင် ဗီတာ မင်စီ ကြွယ်ဝစွာပါဝင် ပါသောကြောင့် သွားဖုံးကိုခိုင်မာစေသည်။
 စတော် ဘယ် ရီသီးတွင် ဗီတာမင်စီ၊ဓါတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် မဲလစ် အက်စစ်ပါဝင်၍ သွားကျန်းမာရေးကို အထောက် အကူ ပြုသည်။ 
ဒိန်ချဉ် တွင် ထုံးဓါတ်နှင့် ပရိုဘိုင်အိုတစ်များ ပါဝင်သဖြင့် သွားနှင့်ခံတွင်း ကျန်းမာ ရေးသာမက ခံတွင်းနံ့ဆိုးခြင်းကိုကာကွယ်ပေးသည်။
 မုန်လာဥနီ တွင်အရေးကြီးသောဓါတ်သတ္တုများနှင့် ဗီတာ မင်များပါဝင် သဖြင့် သွားနှင့်ခံတွင်းကျန်းမာရေးအတွက်ကောင်းသည် (ယုန်များ သွား ကောင်း၊ သွားထက် သည်မှာ မုန်လာ ဥနီကြောင့်ပင်)။ပန်းသီးတွင် သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အရေးကြီးသောအဟာ ရနှင့် ဗီတာမင်များ ပါဝင်သည်။                                                           - 
 ကက်သွန်ဖြူတွင်ပါဝင်သော အယ်လီဆင်း (Allicin)သည် ပိုမွှားများကို သေစေသောကြောင့် သွား ပိုးစားခြင်းနှင့် သွားဖုံးရောဂါများကို ကာကွယ် နိုင် ပျောက်ကင်းစေနိုင်သည်။ 
 ချင်း သည် ခံတွင်း အနံ့ ဆိုးကို ပျောက်စေ၍ ပိုးမွှားများ ပွားများခြင်းကို လျော့ပေးသည်။  
လုံးတီးဆန်နှင့်ဂျုံ တွင် လိုအပ်သော အာဟာရဓါတ် များ ပါဝင်သဖြင့် သွား ဖုံးကျန်းမာရေးအတွက်ကောင်းသည်။ 
ပဲသီးများ သည်ခံတွင်း အက်စစ်ဓါတ်ကို လျော့စေ သည်၊အစိမ်းစားပါက အာနိသင်ပိုကောင်းသည်။
 ကီဝီသီး တွင်ဗီတာမင်စီ များစွာပါဝင်သဖြင့် ခံတွင်းကျန်းမာရေး အတွက် ကောင်းသည်။
 ကြက်သွန်နီအစိမ်း စားခြင်းသည် ခံတွင်းရှိ သွားပိုးစားခြင်း နှင့်သွားဖုံး ရောင်ခြင်းကိုဖြစ် စေသော ပိုးမွှားများကိုသုတ်သင်ပေးသည်။  
 ရှီတာကီမှို တွင် သွားချိုးများကိုကွာစေသော လင်တီနမ် (Lentinan) ပါဝင်သည်။ 
တရုပ်နံနံကြီးပင်(Celery) သည်ခံတွင်းကျန်းမာရေးကို ကောင်းစေသည်။ 
 ပဲငံပြာရည်သည်သွားဖုံးများကိုကောင်းစေသည်။                                                                         နှမ်းစေ့ တွင်ထုံးဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် ယင်းကိုဝါး စားသောအခါ သွားချိုးများကို ကွာစေသည်။                                                                     
 ကန်စွန်းဥ တွင် ဗီတာမင်အေ လုံလောက် စွာပါဝင်သဖြင့် သွားကြွေလွှာ နှင့် သွားဖုံးအတွက်ကောင်းသည်။                                                       
 စပျစ်သီးခြောက်(Raisins) တွင် ဖိုက်တိုဓါတုပစ္စည်းများ (Phytochemicals)ပါဝင်၍ အထူးသဖြင့် အိုလီယာနို လစ်(Oleanolic)သည် သွားပိုးပေါက်ဖြစ်စေသော ဘက်တီးရီးယားကို သတ်သည်။ ဘလက်ကော်ဖီ သည် သွားပိုး စားခြင်းကို ကာကွယ်ရုံမျှမက သွားချိုး တက်ခြင်းကို တားဆီးပေးသည် 
ဝိုင်နီ တွင် သွားပိုးစားခြင်းကို ဖြစ်စေသော ဘက်တီးရီးယားများကို သတ် နိုင်သည့် အာနိသင်ရှိကြောင်း သိရသည်။

23.10.18

ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့(Word Sight Day)။( ၁၁/၁၀/၁၈ ရက်နေ့ထုတ် ရတနာပုံသတင်းစာပါဆောင်းပါး)


     


 နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယမြောက် ကြာသာပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက် ရေးနေ့(World sight day)အဖြစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည်ဖြစ်ရာ ယခုနှစ် (၂၀၁၈)အတွက် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့သည် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ကျ ရောက်မည်ဖြစ်ပါသည်။ကာကွယ်ကုသနိုင်လျှက် အမြင်အာရုံဆုံးရှုံး(မျက်မမြင်ဖြစ်)စေသော ရောဂါ များ လုံးဝပပျောက်ရေးနှင့် အမြင်အာရုံချို့ယွင်းမှု(အထူးသဖြင့် မျက်မှန်ဖြင့်မြင်နိုင်ပါလျက် မျက်မှန် မတပ်၍ဖြစ်သော အမြင်အာရုံချို့ယွင်းမှု) ကို လုံးဝပပျောက်စေရန် ဆောင်ရွက်ကြရေးအတွက် လှုံ့ ဆော်သတိပေးရန်ရည်ရွယ်၍ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ကို ကျင်းပရခြင်းဖြစ်ပါသည်။
          ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)နှင့်အတူ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့လှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် နိုင်ငံတကာ မျက်မမြင်တားဆီးကာကာကွယ်ရေးဆိုင်ရာ အေဂျင်စီ(The International Agency For The Prevention of Blindness)၏ သုတေသနပြု စစ်တမ်းကောက်ယူချက်အရ၊ယခုနှစ် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတဝန်း အမြင်အာရုံလုံးဝဆုံးရှုံးနေသူ ၃၆ သန်းရှိပြီး၊ အလယ်အလတ်နှင့်အလွန်အမင်းအဝေးမှုန်သူများမှာ ၂၁၇သန်း ရှိရာ၊အမြင်အာရုံ ချို့တဲ့သူ စုစုပေါင်း ၂၅၃သန်း ရှိကြောင်းသိရပါသည်။ဤပမာဏသည် မျက်မမြင်ပပျောက်ရေး လှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်ရန်(အထူးသဖြင့် အဝေးမှုန်သူအရေအတွက် များပြားနေမှုကိုလျော့ချရန်) လိုအပ် ကြောင်းပြသည့် သင်္ကေတတခုပင်ဖြစ်ကြောင်း သုတေသီ တို့ကဆိုပါသည်။ ထိုလိုအပ်ချက်အရ ယခုနှစ် ကမ္ဘာမျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်အဖြစ် “EYE CARE EVERYWHERE” (မျက်မမြင် ပပျောက်ရေး ဒေသမရွေးစစ်ဆေးပေး)ဟူ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုနှစ်စစ်တမ်း ကောက် ယူချက်များအရ ကမ္ဘာတဝှမ်း အဝေးမှုန်သူ ၂၁၇ သန်းရှိနေသည်ဖြစ်ရာ ထိုပမာဏကိုလျော့ ချရန် ယခုနှစ်တွင် အဓိကရည်ရွယ်ဟန်တူပါသည်။
          ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့တွင် သတင်းများစာများ ၊ အထူးအစီအစဉ်များနှင့် အင်တာ နက်စာမျက်နှာများတွင် မျက်မမြင်ပပျောက်ရေးအတွက်ပညာပေးခြင်းနှင့်လှုံ့ဆော်ခြင်းများကို ပြုလုပ် မည်ဖြစ်ရာ၊ ၎င်းတို့ကိုလေ့လာခြင်းအားဖြင့်၊ ကာကွယ်ကုသနိုင်လျှက် မျက်မမြင်ဖြစ်စေသော ရောဂါ များနှင့်  ပတ်သက်သော ဗဟုသုတများ၊ အသေးစိတ် အချက်အလက်များ နှင့် လှုပ်ရှားမှုများကိုသိရှိ ခွင့်ရကြမည်ဖြစ်ပါသည်။ မိတ်ဆွေတဦးနှင့်တဦး ဗဟုသုတများ ဖလှယ်နိုင်သည့် လူမှုကွန်ယက် များဖြစ်သည့် တွစ်တာ နှင့် ဖေ့ဘွတ် စာမျက်နှာများတွင် မျက်စိရောဂါများနှင့် မျက်မမြင်ပပျောက် ရေးဆိုင်ရာ အကြောင်းအရာများကို လေ့လာဖတ်ရှုခြင်းဖြင့် မိမိတို့သိရှိသော အတိုင်းအတာကို ဆန်းစစ်အကဲဖြတ်နိုင်မည် ဖြစ်သည့်အပြင် မိတ်ဆွေများထံသို့လည်း မျှဝေပေးနိုင်မည်ဖြစ်ပါသည်။
          ထိုသို့သိရှိခြင်းဖြင့် မျက်မမြင်ဖြစ်ပွားမှုကို တားဆီးရန် နည်းလမ်းများ၊ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို သိကြရမည့်အပြင်၊မျက်စိဝေဒနာရှင်များအပေါ် ပို၍နားလည်လာပြီး စာနာထောက် ထားမှု အကူအညီများပေးလာကြမည်ဖြစ်၏။ မိမိကိုယ်ကို မျက်စိကျန်းမာရေးကောင်းအောင် နေထိုင် တတ် လာရုံမျှမက အခြားသူများအားလည်း ကူညီနိုင်မည်ဖြစ်ပါသည်။
ကာကွယ်ကုသနိုင်လျှက် မျက်မမြင်ဖြစ်စေနိုင်သော ရောဂါများ
(၁)အတွင်းတိမ်(Cataract)
အတွင်းတိမ်သည် ဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပြီး၊ပမာဏအားလုံး၏ ၄၆% ရှိပါသည်။  ကာကွယ်ကုသနိုင်သော မျက်စိရောဂါအမျိုးအစားဖြစ်ပြီး၊ ကုသမှုရလဒ် (အောင်မြင်မှု ၉၅%ကျော် မျှရှိ၍)ကောင်းသော အမျိုးအစားလည်းဖြစ်ပါသည်။အမြင်အာရုံချို့တဲ့စေသော  မျက်စိတွင်း ရှိနောက် ကျိနေသာ သဘာဝမှန်ဘီလူးကို ခေတ်မီခွဲစိတ်နည်းပညာဖြင့် ထုတ်ပယ်၍၊လူတို့ တီထွင်ဖန်တီး ထားသည့်မှန်ဘီးလူးတု(Artificial Len)ကိုထည့်သွင်းပေးခြင်း ဖြင့်၊ကြည်လင်သော အမြင်အာရုံကို ပြန်လည်ရရှိစေမည် ဖြစ်ပါသည်။ အတွင်းတိမ်သည် အသက်အရွယ်ကြီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးချို သွေးချို ရောဂါရှိခြင်း စသည်တို့ကြောင့်ဖြစ်တတ်သည့် သဘောသဘာဝ ရှိပါသည်။


(၂) ရေတိမ်ရောဂါ ၊ ဆီးချိုမျက်စိရောဂါ၊ မြင်လွှာရောဂါနှင့် ထိခိုက်ဒဏ်ရာရခြင်း
`        အထက်ဖော်ပြပါ မျက်စိရောဂါနှင့်အခြေအနေများကြောင့် အမြင်အာရုံ ချို့တဲ့မှုမှာ ၃၇.၅ %ရှိ၍ ဒုတိယဖြစ်ပွားမှုနှုန်းအများဆုံးဖြစ်ပါသည်။
ရေတိမ်ရောဂါကို မျက်စိရေချိန်တိုင်းခြင်း၊ မျက်စိအာရုံကြောခေါင်း စစ်ဆေးခြင်း၊မြင်ကွင်းစမ်း ခြင်းတို့ ပြုလုပ်ခြင်း၊လိုအပ်လျှင် မျက်စဉ်းဆေးဝါးများပေး၍ ကုသခြင်း၊ ခွဲစိတ်ကုသခြင်းတို့ဖြင့် အမြင် အာရုံဆုံးရှုံးသူဘဝ မရောက်အောင် ကာကွယ်ကုသနိုင်ပါသည်။
ဆီးချို မျက်စိရောဂါတွင် ဆီးချိုကြောင့် အတွင်းတိမ်ဖြစ်ခြင်း၊ မြင်လွှာရေဝပ်ခြင်း (Cystoid Macular Edema)၊ မြင်လွှာသွေးကြော ကျဉ်း/ပိတ် ခြင်းကြောင့်၊ မြင်လွှာပျက်စီးခြင်းနှင့် မျက်လုံး အတွင်းရှိ အရည်ပြစ် (ဂျယ်လီ)အတွင်း သွေးယိုခြင်း (Vitreous Haemorrhage)တို့ကြောင့် အမြင်ချို့ တဲ့ခြင်းဖြစ်ရသည်။ထိုသို့အမြင်ချို့တဲ့ခြင်း မဖြစ်စေရန်၊ ဆီးချိုသွေးချိုထိန်းခြင်း၊ ခွဲစိတ်ကုသခြင်း၊ လေဆာဖြင့် ကုသခြင်းတို့ဖြင့် ကာကွယ်ကုသနိုင်သည်။
မျက်စိအတွင်း အနောက်ဖက်နံရံတွင်တည်ရှိသော မြင်လွှာကွာကျသည့်ရောဂါ (Retinal Detachment) သည် ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊မြင်လွှာရှိ သွေးကြောများ ဖောက်ပြန် ခြင်းများကြောင့် ဖြစ်ပွား၍ အမြင်အာရုံချို့တဲ့စေသည်။ များသောအားဖြင့် အချိန်မီ ခွဲစိတ်ကုသလျှင် ပြန်မြင်နိုင်ပါသည်။
          မျက်လုံးတွင်း အစအန(ဖုံ၊အမှိုက်၊သံစ)များဝင်လျှင် ထိုအစအနကို ကျွမ်းကျင်သူနှင့် အမြန်ဆုံး ပြ၍ ထုတ်ပစ်မှသာ အန္တရာယ်ကင်းမည်ဖြစ်၏။မျက်လုံးပေါက်ပြဲဒဏ်ရာ(Perforation)ရလျှင် မျက်စိ ဆရာဝန် နှင့် အမြန်ဆုံးပြသရန်လိုပါသည်။ အရေးပေါ်ချုပ်၍ကုသပါမှ ပြန်မြင်နိုင်မည်ဖြစ်၏။စက်ရုံ အလုပ်ရုံလုပ်များတွင် မျက်စိ အကာအကွယ် မျက်မှန်များ၊ ရောင်ခြည်ကာ မျက်မှန်များ၊ထိခိုက်ဒဏ်ရာ ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်ထားမှသာ မျက်စိထိခိုက်ဒဏ်ရာရမှုကြောင့် အမြင်အာရုံ ဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
(၃)မျက်ခမ်းစပ်ရောဂါ(Tracoma)
မျက်ခမ်းစပ်ရောဂါသည် အမြင်အာရုံဆုံးရှုံးစေသော ရောဂါများတွင် တတိယမြောက် အဖြစ် များပြီး၊မျက်တောင်မွှေးစိုက်ရာမှ မျက်ကြည်လွှာကို ပျက်စီးစေ၍ အမြင်ချို့ယွင်းစေပါသည်။ ကာ ကွယ်ကုသနိုင်သောအမျိုးအစားဖြစ်ပါသည်။
(၄)ကလေးအမြင်ချို့ယွင်းခြင်း(Childhood Blindness)
ကလေးဘဝမှစတင်ကာ မျိုးရိုးဗီဇချို့တဲ့ခြင်း၊ မွေးရာပါအမြင်ချို့ယွင်းခြင်း၊ လမစေ့မီမွေးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ရောဂါပိုးကူးစက်ခြင်း၊ထိခိုက်ဒဏ်ရာရခြင်း နှင့် အခြားအကြောင်းများကြောင့် အမြင်အာရုံ ချို့တဲ့နိုင်ပါသည်။ အသက်၁၆နှစ်အောက် ကလေးတယောက်သည် အခြားသောကလေး များ ပေ(၆၀)အကွာအဝေးရှိ အရာဝတ္တုများကိုမြင်နိုင်သော်လည်း၊ ထိုကလေးမှာ(၃)ပေခန့်ကပ်၍ ကြည့်မှ ထိုအရာဝတ္တုကိုမြင်ရလျှင် “ကလေးအမြင်ချို့ယွင်းခြင်း”(Childhood Blindness)ဖြစ်ပါသည်။ မျက်စိ အထူးကုဆရာဝန်ဖြင့် ပြသ၍ လိုအပ်သော ကုသမှုခံယူရမည်ဖြစ်ပါသည်။
ပထမဦးဆုံးကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့
       ပထမဦးဆုံး ကမ္ဘာမျက်မမြင်ပပျောက်ရေးနေ့ကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပ ခဲ့ပါသည်။၁၉၉၉ ခုနှစ်မှစတင်၍ The Right To Sight (အမြင်ကြည်လင်စေဖို့အရေး လူသားတိုင်း၏ အခွင့်အရေး)အစီအစဉ်ကိုစတင် အကောင်အထည်ဖော်ခဲ့သည်။လူတိုင်းလူတိုင်း အမြင်အာရုံအပြည့် အဝရရှိရေး၊မရှောင်လွဲနိုင်သော အမြင်အာရုံချို့တဲ့သူများကို မြင်နိုင်သမျှမြင်အောင် ကုသပေးရေးများ အတွက်ရည်ရွယ်သော လှုပ်ရှားမှုဖြစ်ပါသည်။
          ကမ္ဘာ့ပထမဦးဆုံး မျက်မမြင်ပပျောက်ရေးနေ့မတိုင်မီ တနှစ်အလိုကပင် စတင်လုပ်ရှားခဲ့ သော မျက်မမြင်ပပျောက်ရေးနေ့ လှုပ်ရှားမှုများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) ၏ဦးဆောင် မှု၊ နိုင်ငံတကာ မျက်မမြင်တားဆီးကာကာကွယ်ရေးဆိုင်ရာ အေဂျင်စီ(The International Agency For The Prevention of Blindness)နှင့် အစိုးရများ၊ နိုင်ငံတကာ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင် များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် တနှစ်ထက်တနှစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက် ရှိပါသည်။
ထိုသို့ဆောင်ရွက်ကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးတည် ချက်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံအများစု၌ ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ ကြောင့် အမြင်အာရုံဆုံးရှုံးရခြင်းများကို လုံးဝ သို့မဟုတ် လုံးဝနီးပါး ပပျောက်စေရန်ပင်ဖြစ်ကြောင်း ရေးသား အပ်ပါသည်။
Ref;https://www.iapb.org/advocacy/world-sight-day.   https://www.visionaustralia.org/information/eye-conditions/cataracts. https://en.wikipedia.org/wiki/Vitreous_hemorrhage. http://www.who.int/blindness/causes/priority/en/index3.html

ပြည့်အောင်(COA)