5.3.17

အဝေးမှုန်ခြင်းမဖြစ်အောင်ကာကွယ်နည်း( ယနေ့ ၅/၃/၁၇ နေ့ ထုတ် မြဝတီသတင်းစာပါဆောင်းပါး )



အဝေးမှုန်ခြင်းမဖြစ်အောင်ကာကွယ်နည်း

         မျက်မှောက်ခေတ်တွင် အရှေ့အာရှရှိ ကလေးများ၌ အဝေးမှုန်ဖြစ်လာကြသည့်နှုန်းထားသည် ၈၀% မှ ၉၀% အတွင်းရှိလာပြီး၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတွင် ၄၀%  မှ ၅၀% အတွင်းရှိ လာပြီဖြစ်ကြောင်း အမြင်စွမ်းရည်ဆိုင်ရာစောင့်ကြည့်လေ့လာသူ ပညာရှင်များက(The journal JAMA Ophthalmology) တွင်ဖော်ပြထားပါသည်။၎င်းနှုန်းထားသည် စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိပြီး၊အဝေးမှုန် တားဆီးရေးအတွက် နည်းလမ်းရှာဖွေ၍ ကြိုးပန်းကြရန်လည်းတိုက်တွန်းထားပါသည်။
အဝေးမှုန်ခြင်းတွင် အမြင်အလျားတို(nearsightedness)သောကြောင့် အဝေးမှုန်ခြင်း(Myopia-မိုင်ယိုးပီးယား) နှင့် အမြင်အလျားရှည်(Farsightedness)သောကြောင့် အဝေးမှုန်ခြင်း(Hyperopia-ဟိုက်ပါရိုးပီးယား) ဟူ၍ရှိ ရာ၊အဖြစ်များသော အမြင်အလျားတို(nearsightedness)ခြင်းကြောင့် ဖြစ်ပွားသည့် အဝေးမှုန်ခြင်း (Myopia-မိုင်ယိုးပီးယား)ကို အဓိကထား သုတေသနပြုကြပါသည်။
မျက်စိကုသမှုနယ်ပယ်၌ လေဆာရောင်ခြည်အမျိုးအစား(Excimer Laser) တမျိုးကိုအသုံးပြု၍၊ LASIK(Laser in Situ Intrastomal Keratomilesis) နည်းပညာဖြင့်၊ အထက်ဖော်ပြ အဝေးမှုန်ခြင်းများကို ကုသမှုပေးနိုင်သော်လည်း၊ မဖြစ်ပွားအောင် ဟန့်တားသည့်နည်းစနစ်များကိုမူ ပြည့်ပြည့်စုံစုံ မတွေ့ရှိကြ သေးသောကြောင့် ပညာရပ်ဆိုင်ရာသုတေသီများက ကြိုးစားရှာဖွေနေကြပါသည်။
လန်ဒန်ကင်းကောလိပ်(King’s College London)ရှိ အပူပိုင်းဒေသဆေးဝါးကုသမှုနှင့် တကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာဌာန( Department of Hygiene & Tropical Medicine) နှင့် အခြားသော အင်စတီကျူး ရှင်းများပူးပေါင်း၍၊ အဝေးမှုန်ခြင်းနှင့် ဆက်စပ်သော လေ့လာမှုအသစ်တခုပြု လုပ်ခဲ့ကြပါသည်။ ထိုလေ့လာ မှုမှာ- အသက်(၆၅)နှစ်အထက်ရှိ သောသူများကို ရွေးချယ်သုတေသနပြုခြင်းဖြစ်ပြီး ၊ ဥရောပတိုက်ရှိ အဝေး မှုန်သူ (၃၇၁)ဦးနှင့် အဝေးမှုန် မဟုတ်သော (၂,၇၉၇)ဦးတို့အား လေ့လာခဲ့ကြပါသည်။ သုတေသီများက ၎င်းတို့၏အသက်(၁၄)နှစ်မှ (၂၉) နှစ်အတွင်း၊ နေ့စဉ်နေထိုင်မှုပုံစံ၊စရိုက်လက္ခဏာများ၊ လေ့ကျင့်သင်ကြား မှု၊လူမှုပတ်ဝန်းကျင်အခြေအနေများကို အဓိကထား လေ့လာခဲ့ကြပါသည်။ ထိုတွေ့ရှိချက်များအရ ခေတ် ပညာပိုတတ်သောသူများတွင် အဝေးမှုန်သူပိုများကြောင်းတွေ့ရှိရပြီး ၊ ထိုသူများသည် နေရောင်ခြည်နှင့်ထိ တွေ့မှုနည်းသူများဖြစ်ကြောင်း သုတေသီတို့က ယုံကြည်လက္ခံလာကြပါသည်။                           
နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်အမျိုးအစားဘီ(Ultraviolet B) သည် မျက်စိ ၌ဖြစ်ပေါ်တတ်သည့် ဆိုးကျိုးများကို လျော့ချစေခြင်းနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ထိုလေ့လာမှုက ဖော်ပြ လိုက်ပါသည်။ ၎င်းသုတေသီများက အဆောက်အဦးများ၏ ပြင်ပတွင် အနေများသူများသည် အချို့ သော မျက်စိမှုန်ခြင်းကို ဟန့်တားစေနိုင်ကြောင်း ကောက်ချက်ချကြပါသည်။ခရမ်းလွန်ရောင်ခြည်သည် အန္တရယ် ရောင်ခြည်ဖြစ်သဖြင့် ထိုပညာရှင်တို့၏ ရေးသားချက်သည် အထူးအာရုံစိုက်ခြင်းခံရသော စာတမ်းတစောင် ဖြစ်ခဲ့ပါသည်။
ဤသို့ဖြင့် ဥရောပရှိသုတေသီစာတမ်းရှင်များက နေရောင်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည် အမျိုးအစားဘီကို အန္တရယ်ရှိသော ရောင်ခြည်အဖြစ်သာမက မျက်စိကိုအထောက်အပံ့ဖြစ်စေနိုင်သည့် အကျိုးပြုရောင်ခြည်အဖြစ်ပါ သတ်မှတ်နိုင်သည့်အခြေအနေများကို သတိပြုကြစေလိုကြောင်း၊ ခရမ်း လွန်ရောင်ခြည်ဘီသည် အဝေးရှိအရာဝတ္တုတို့ကို ကြည်ကြည်လင်လင်မမြင်ရသည့် အဝေးမှုန်သူ (Myopic-မိုင်ယိုးပစ်)များ မဖြစ်စေရန် အထောက်အပံ့ပြုသည်ကို တွေ့ရသည်ဟု ဆိုပါသည်။
တနှစ်တာအတွင်းနေထိုင်မှုပုံစံကို အခြေခံလျက် လူတဦးချင်းစီ၏ အဆောက်အဦးများပြင်ပတွင် နေထိုင်ချိန် ၊နေရောင်ခြည်နှင့်ထိတွေ့မှု အနည်းအများနှင့် ခရမ်းလွန်ရောင်ခြည်အမျိုးအစားဘီကို အန္တရယ် ကင်းစွာဖြင့် မှန်မှန်ကန်ကန်ရရှိနိုင်မှု စသည့်အခြေအနေများအား လေ့လာသည့် သုတေသနပြုချက်များအရ ခရမ်းလွန်ရောင် ခြည်အမျိုးအစားဘီသည် အဝေးမှုန်ဖြစ်ပွားခြင်းကို ထူးထူးခြားခြားလျော့ကျစေခြင်းနှင့် ဆက်စပ်မှုရှိ ကြောင်း၊ စာတမ်းရှင်သုတေသီများက ရေးသားကြပါသည်။
အသက် ၁၄ နှစ်မှ ၂၉ နှစ်အတွင်းရှိသော အရွယ်ရောက်ပြီးသူ အဝေးမှုန်မျက်စိဝေဒနာရှင်များ တွင်၊အထက်ဖော် ပြပါဖြစ်စဉ်၏ အကျိုးသက်ရောက်မှုသည် အမြင့်ဆုံးအခြေအနေတွင်ရှိကြောင်းလည်း၊ ၎င်းတို့က ထပ်လောင်းပြောဆိုပါသည်။
ဥရောပရှိသုတေသီတို့၏ ရေးသားတွေ့ရှိချက်နှင့် စပ်လျင်း၍ အထက်ပါ သုတေသနအဖွဲ့တွင် မပါဝင်သူတဦးဖြစ်သည့် သြစတေးလျ နေရှင်နယ်ယူနီဗာစတီ(Australian National University) မှ ဧည့်ပါမောက္ခ နှင့် အမြင်စွမ်းအင်ဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာ အိုင်ရင်မော်ဂန်(Ian Morgan) ကမူ “ သုတေသန တွေ့ရှိချက်များကိုသာ အပိုအလိုမရှိ ဖော်ပြရေးသားကြရန်နှင့် အပိုဖြည့်စွက်ခြင်းများ ကိုရှောင်ရှားကြရန် “ သတိပေးထားပါသည်။ အမှန်တကယ်တွင်လည်း ၎င်းသုတေသနပြုချက်များသည် အဝေးမှုန် မျက်စိအမြင်စွမ်းရည်ချို့တဲ့မှုနှင့် ခရမ်းလွန်ရောင်ခြည်ဘီတို့ ဆက်စပ်မှုရှိကြောင်းကိုသာ ဖော်ပြ နိုင်ပြီး၊ အကြောင်းရင်း နှင့် အကျိုးသက်ရောက်မှုများကိုမှု တိကျသော အကိုးအကား အထောက်အထား များ နှင့် တင်ပြနိုင်ခြင်းမရှိသေးကြောင်း ဒေါက်တာမော်ဂန်က ထောက်ပြပါသည်။
အဝေးမှုန်ခြင်းသည် မျိုးရိုးဗီဇနှင့် ဆက်နွယ်မှုရှိသည်ဟု လူတော်တော်များများကသိထားကြသော် လည်း၊ ၎င်းသည်တွေးထင်ယူဆထားသည့် အကြောင်းအရာများထဲမှသေးငယ်သော အစိတ်အပိုင်းတခု မျှသာဖြစ်ကြောင်း၊ ပတ်ဝန်းကျင်အခြေအနေနှင့် လူနေမှုစရိုက်လက္ခဏာများသည် အဝေးမှုန်ခြင်းကို မြင့်တက်စေသည် ဟု အချို့ကဆိုသော်လည်း ယ္ခုအချိန်ထိ ထင်ရှားသောအထောက်အထား မဖော်ပြနိုင် ကြသေးကြောင်း၊ ၎င်းအမြင်စွမ်းရည်ဆိုင်ရာ သုတေသနပညာရှင်ကထောက်ပြ၏။
အဝေးမှုန်ခြင်းသည် ခေတ်ပညာတတ်လူတန်းစားများတွင် အဖြစ်များပြီး၊ထိုသူများအနက် အဆောက်အဦးတို့၏ ပြင်ပ(outdoors) တွင် အနေများသူများ၌ ပို၍အဖြစ်နည်းကြောင်း သုတေသနပြုချက် များတွင်တွေ့ရပြီးနောက် လွန်ခဲ့သော(၅)နှစ်ခန့်မှစတင်ကာ ထိုင်ဝမ်ရှိကျောင်းများတွင် စာသင်ခန်းအပြင် ဖက်၌ စာသင်ချိန်များကို တိုးမြှင့်လိုက်ကြပါသည်။ ထိုရလဒ်မှာ ကျောင်းသူကျောင်းသားများ၏ အဝေးမှုန် ဖြစ်ပွားမှုနှုန်းထား သိသိသာသာလျော့ကျသွားခဲခြင်းဖြစ်ပြီး၊ဤအခြေအနေသည် နှစ်ပေါင်း (၄၀)အတွင်း ပထမဦး ဆုံးရရှိခဲ့သည့် တိုးတက်မှုဖြစ်ကြောင်း ဒေါက်တာမော်ဂန်ကပြောပါသည်။
ထိုသို့ဆိုလျှင်” နေရောင်ခြည်နှင့်ထိတွေ့ခြင်းသည် မျက်စိကျမ်းမာရေးအတွက်ကောင်း၏” ဟုယူဆ နိုင်ပါသလား ? ဟုမေးမည်ဆိုလျှင်မူ တိကျသေချာမှုမရှိသေးကြာင်း ဖြေကြားမည်ဟုဆိုကြပါသည်။ အ ဘယ့်ကြောင့်ဆိုသော် ခရမ်းလွန်ရောင်ခြည်ဘီအမျိုးအစား(UVB)သည် လူ၏ခန္ဓာကိုယ်အတွင်း ဗီတာမင် D ထုတ်လုပ်မှုကို တွန်းအားပေးသောသဘာဝ ရှိသည်ဖြစ်ရာ အဝေးမှုန်ခြင်းနှင့် ဗီတာမင် D တို့၏ ဆက် နွယ်မှုကို သုတေသနပညာရှင်များက ရှာဖွေ၍မတွေ့သေးသောကြောင့်ဖြစ်ကြောင်း စာတမ်းရှင်ကဆို၏။
အမြင်စွမ်းရည်ဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာမော်ဂန်ကမူ ခရမ်းလွန်ရောင်ခြည်ဘီဟု ဆိုရာတွင် ဖြစ်နိုင်ခြေကိုစဉ်းစားသင့်ကြောင်းနှင့် နေရောင်ခြည်၏ တိုက်ရိုက်အလင်းရောင်မဟုတ်သည့် တဆင့်ခံအလင်းရောင်ဖြစ်သော သာမန်ပြင်ပအလင်းရောင်ကိုသာ မျက်စိကလက်ခံနိုင်မည်ဖြစ်ကြောင်း ဆိုပါသည်။ အိုဟိုင်းယိုး စတိတ်ယူနီဗာစတီကောလိပ်(Ohio State University College of Optometry) မှ ပါမောက္ခ ဒေါက်တာ ဒေါ်နယ်မော့တ်တီ(Dr;Donal Mutti)က ဒေါက်တာမော်ဂန်၏ အယူအဆကို သဘောတူထောက်ခံပြီး၊” ဤနေရာတွင် ခရမ်းလွန်ရောင်ခြည်ဘီအမျိုးအစားရရှိနိုင်သည့် နေရောင်ခြည်ကို သတ်မှတ်ရာ၌  လူအများနေလေ့နေထရှိသော နေရောင်ခြည်၏အန္တရယ်မှကင်းလွတ်သည့် သာမန်ပြင်ပ အလင်းရောင်ကိုသာ မှတ်ယူသင့်ကြောင်း၊ ပညာရပ်ဆိုင်ရာရှုဒေါင့်မှ လက်တွေ့စဉ်းစား ကြည့်လျှင်လည်း ၊ ပြတ်သားကြည်လင်သည့် ပြင်ပအလင်းရောင်သည်သာ မျက်စိ၏မြင်လွှာတွင်ရှိသည့် အဝေးမှုန်ခြင်းကို ဖြစ်ပေါ်စေသည့် ဒိုပါမိုင်း(dopamine)ကို လျော့ကျစေရန် လှုံ့ဆော်ပေးသောကြောင့် အဝေးမှုန်ခြင်းကို ဟန့်တားစေခြင်းဖြစ်နိုင်ကြောင်း ရှင်းပြပါသည်။
ဆက်လက်၍ သတိထားကြရမည့်အချက်မှာ ခရမ်းလွန်ရောင်ခြည်ဘီသည် မျက်စိကို ထိခိုက်ပျက် စီးစေနိုင်သည်ကို မမေ့ကြရန်နှင့် တိုက်ရိုက်ထိတွေ့သည့်နေရောင်ထဲတွင် နေကာမျက်မှန်နှင့် နေရောင်ကာ စခရင်များကို အသုံးပြုသင့်သည့်အချက်ပင်ဖြစ်ပါသည်။ကလေးသူငယ်များကို အဝေးမှုန်ခြင်းမှ ကာကွယ်ရန် အတွက် အဆောက်အဦးများ၏ပြင်ပ(Outdoor)တွင်၊ ပိုမိုနေစေရန်လိုအပ်သကဲ့သို့ နေရောင်ခြည်၏ အန္တရယ်မှ ကင်းဝေးစေရန်လည်း၊ အရေးတကြီးလိုအပ်သည်ဟုဆိုပါသည်။
အထက်ဖော်ပြပါ သုတေသနအဖွဲ့များ၏ တွေ့ရှိချက်များ၊ပညာရှင်တို့၏ အကြံပြုချက်များကို ခြုံငုံသုံး သပ်လျှင်၊အဆောက်အဦးများ၏ ပြင်ပတွင် ကလေးငယ်များအား ပိုမိုနေထိုင်စေခြင်းအားဖြင့်၊အမြင်အလျား တိုခြင်း(nearsightedness) ကြောင့်ဖြစ်ပွားသည့် အဝေးမှုန်ခြင်း(Myopia)ကို မဖြစ်ပွားစေရန် ဟန့်တားနိုင် မည်ဖြစ်ကြောင်း ထင်ရှားပါသည်။ သဘာဝပတ်ဝန်းကျင်တွင်နေထိုင်လျက် သဘာဝအလင်းရောင်ကို အသုံး ပြုခြင်းသည်သာ အဝေးမှုန်ခြင်းကို ဟန့်တားစေနိုင်မည်ဖြစ်သဖြင့်၊အဲယားကွန်းတပ် အလုံပိတ်အခန်းများ တွင်နေထိုင်ခြင်းနှင့် လျှပ်စစ်မီးအလင်းရောင်အသုံးပြုခြင်းများကို လျော့ချခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါသည်။

သို့ဖြစ်ရာ မျက်မှောက်ခေတ်တွင် ဖြစ်ပွားမှုနှုန်းမြင့်တက်လာနေသည့် အဝေးမှုန်ခြင်း (Myopia)ကို ဟန့်တားကြရန် အလေးထားဂရုပြုသင့်ပါကြောင်းနှင့် အထက်ဖော်ပြပါ ပညာရှင်တို့၏ အကြံပြုချက်များကို လည်း၊ ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ရေးသားအပ်ပါသည်။  (The journal JAMA Ophthalmology  မှ Randy Dotinga Can Time Outdoors Reduce Nearsightedness?ဆောင်းပါးကိုမှီငြမ်းပါသည်)


စာရေးသူ -- မောင်ပြည့်အောင်

No comments:

Post a Comment