30.8.17

လူမမယ်ကလေးငယ်၏ အမြင်စွမ်းရည်ကိုစစ်ဆေးခြင်း။မောင်ပြည့်အောင်၊၃၀/၈/၁၇ နေ့ကြေးမှုံသတင်းစာပါဆောင်းပါး။



ကလေးငယ်၏အမြင်အာရုံကို အကဲဖြတ်စစ်ဆေးခြင်းသည် အရေးကြီး၍လိုအပ်သော မျက်စိ ကျမ်းမာရေးစောင့်ရှောက်မှုဖြစ်၏။ မခဲယဉ်းလှသော်လည်း လိမ္မာပါးနပ်စွာဖြင့် စဉ်ဆက်မပြတ်အချိန် ယူ၍ စူးစမ်းလေ့လာ ရန်လိုပါသည်။ ရှေးဦးစွာ ကလေးငယ်သည် လန်းလန်းဆန်းဆန်းရှိမရှိနှင့် ဘေးပတ်ဝန်း ကျင်ကို အလေးထားခြင်းရှိမရှိ သေချာစွာသိရန် ကြိုးစားရပါမည်။ အနီးကပ်စောင့်ကြည့် ၍ အချိန်ပြည့်ရှိ တတ်သည့် ၎င်း၏မိဘများအား ကလေးငယ်၏တုန့်ပြန်မှုများကို မေးမြန်းခြင်းဖြင့် မိမိသိလိုသည်များ ကိုသိနိုင်သည့်အပြင် မျက်စိကျမ်းမာရေးပညာရှင်ကိုယ်တိုင်လည်း စောင့်ကြည့်ရန် လိုမည်ဖြစ်ပါ သည်။

အောက်ပါအချက်များသည် ကလေးငယ်၏မျက်စိကျမ်းမာရေးအတွက် အဓိကကျသည့်အချက် များဖြစ်ပါသည်။

(၁)ကလေး၏အမြင်အာရုံနှင့်ပတ်သက်သောထင်မြင်ယူဆချက်ကိုမိဘများအားမေးမြန်းရန်။
(၂)ကလေးငယ်သည် အခန်းတွင်းရှိ မည်သည့်အရာများကိုကြည့်ရှု့လေ့ရှိသည်ကို စောင့်ကြည့်လေ့ လာရပါမည်။(ဥပမာ ပြူတင်းပေါက်မှဝင်လာသောအလင်းရောင်၊မှိတ်တုတ်မှိတ်တုတ်အလင်းတန်းများ၊ လူများ၏လှုပ်ရှားမှုအရိပ်များ စသည်)
(၃)ကလေးငယ်ကမိဘများကိုကြည့်သောကြည့်ပုံရှုပုံအနေအထား။(ဥပမာ တည့်တည့်ကြည့်သည် လား၊မျက်စိကတည့်တည့်မကြည့်ဘဲ နားစွန့်၍ ရှာဖွေခြင်းမျိုးလား စသည်)
(၄)တစုံတယောက် အခန်းတွင်းသို့ဝင်လာလျှင် ထိုသူကို ကလေးငယ်ကြည့်သလား။
(၅)ပြုံးပြရင် ပြန်ပြုံးပြတာမျိုး၊မျက်ခုံးတွန့်ပြတာမျိုးလုပ်ပါသလား။
(၆) မျက်လုံးချင်းဆုံပြီး ပြန်ကြည့်တတ်သလား။ စသည့်တို့ကိုသေချာစွာ စောင့်ကြည့်၍ မှတ်တမ်းတင် ထားရပါမည်။

ထို့ပြင်ကလေး၏အသက်အလိုက် ကြည့်ရှုနိုင်စွမ်းကို လက်တွေ့ကျကျသိရန် ကြိုးစားကြရပါ မည်။အသက်အလွန်ငယ်သော ကလေးများ၏အမြင်ဆိုင်ရာ တုန့်ပြန်မှုများသည် ကလေးငယ်၏တိုး တက်မှုကိုသိနိုင်သည်ဖြစ်ရာ အသက်အပိုင်းအခြားအလိုက်ရှိသင့်သည့် တုန့်ပြန်မှုမပြုသူများကို ဂရု တစိုက်စောင့်ကြည့်ကြရပါမည်။မိမိကိုယ်တိုင်လေ့လာသကဲ့သို့ ကလေး၏မိခင်အားလည်း စောင့်ကြည့် ရန်တိုက်တွန်းသင့်ပါသည်။
ဥပမာအားဖြင့် ရက်သတ္တသုံးပတ်အရွယ် ကလေးများသည် ပြတင်းပေါက်မှဝင်လာသော အလင်းရောင်ကဲ့သို့သော ပြန့်နှံ့အလင်းတန်းများကို မမြင်နိုင်သေးသည့်သဘာဝရှိပါသည်။ထိုအသက် အရွယ်၌ ဖော်ပြပါအလင်းရောင်များအပေါ် တုန့်ပြန့်မှုမရှိခြင်းသည် မိဘများအနေနှင့် စိုးရိမ်ရမည့် အခြေအနေ မဟုတ်ပေ။သို့သော်လည်း ရက်သတ္တရှစ်ပတ်အရွယ် ကလေးအတွက်မူ ၎င်းပြန့်နှံ့အလင်း တန်းများကို မြင်ရမည့်အရွယ်ဖြစ်သည့်အတွက် ထိုအလင်းတန်းများအပေါ် တုန့်ပြန်မှုမရှိခြင်းသည် စိုးရိမ်ရမည့်အခြေအနေဖြစ်ပါသည်။ အကြောင်းရင်းကိုလည်း စူးစမ်းရှာဖွေကြရမည်ဖြစ်၏။
ကလေးများ၏ ဥာဏ်ရည်ဥာဏ်သွေးသည် အသက်အရွယ်နှင့်အတူ တိုးတက်ဖွံဖြိုးလာရမည် ဖြစ်ရာ အမြင်အာရုံသည်လည်း ထပ်တူထပ်မျှ ပို၍ကောင်းလာရမည်ဖြစ်ပါသည်။ကလေး၏ အသက် အရွယ် အလိုက် အမြင်တိုးတက်မှုသည် အောက်ပါအတိုင်း ဖွံ့ဖြိုးတိုးတက်လာရမည်ဖြစ်ရာ ထိုကဲ့သို့ ရှိမရှိ စမ်းသပ်စစ်ဆေး၍ ကလေးငယ်၏မျက်စိကျမ်းမာရေးကိုသိရှိနိုင်ပါသည်။

(၁) မွေးကင်းစမှ ရက်သတ္တခြောက်ပတ်အတွင်း
အပြောင်းအလဲများသော (ပေါ်လိုက်ပျောက်လိုက်၊ ဖွင့်ချည်ပိတ်ချည်၊ မှိတ်တုတ် မှိတ်တုတ်) အလင်း ရောင်များရှိလျှင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ပြုခြင်း။

(၂) ရက်သတ္တပတ်(၆)ပတ်မှ (၃)လအထက်
ပြတင်းပေါက်မှဝင်လာသော အလင်းတန်းများကဲ့သို့သော ပြန့်နှံ့အလင်းတန်းကို လိုက်လံ ကြည့် ရှုခြင်း။

(၃) အသက်(၃)လမှ(၄)လအထက်
တပေခန့်(၁ဝ-၂ဝ စင်တီမီတာ) အကွာအဝေးမှ မျက်နှာသွင်ပြင်များ၊ ပြုံးပြရယ်ပြခြင်းများနှင့် မျက်ခုံးတွန့်ပြခြင်းကဲ့သို့ မျက်နှာအမူအရာများကို အသေးစိတ်ကြည့်ရှုလာခြင်း။ လိမ့်နေသော ဘော လုံး၊လှုပ်ရှားနေသောအရုပ်များကို သေသေချာချာကြည့်တတ်လာခြင်း။  
(၄) အသက်(၄)လမှ (၅)လအတွင်း
ငါးပေ( ၅’)ခန့်အကွာအဝေး(မလှမ်မကမ်း)တွင်ရှိသော လှုပ်ရှားမှုများကိုစောင့်ကြည့်တတ်လာ ၏။ ဝေးသွားလိုက် နီးလာလိုက်နှင့်ပြောင်းလဲနေသော ဘောလုံးများနှင့် အရုပ်ကလေးများ၊ လှုပ်ရှား သွားလာနေသောလူများနှင့် ခွေးလေးကြောင်လေးများကို တိတိကျကျသေသေချာချာနှင့် သက် တောင့်သက်သာ စူးစမ်းကြည့်ရှုလာ၏။
(၅) အသက်(၅)လအထက်
          ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေများအပေါ် ခံစားတုန့်ပြန်မှု ချက်ခြင်းပြ၏။(ကြောက် စရာတွေ့လျှင် ကြောက်ရွံ့မှုအမူအရာ၊ ဝမ်းမြောက်ဖွယ်ရာတွေ့လျှင် ဝမ်းသာသည့်အမူအရာ၊ဝမ်းနည်း ဖွယ်ဆိုလျှင် ဝမ်းနည်းသည့်အမူအရာ စသည့်တုန့်ပြန်မှုများချက်ခြင်းပြခြင်း) စသည်ဖြင့် ကလေး၏ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်သည့် အမြင်အာရုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု စံနှုန်းများကိုလည်း မလွဲမသွေသိရှိထားရပါမည်။
ကလေးငယ်၏အမြင်အာရုံကို စမ်းသပ်စစ်ဆေးရာတွင် ခန္ဓာကိုယ်အားတို့ထိခြင်းမပြုဘဲ မျက်စိဖြင့်ကြည့်လာရန် ကြိုးစားရပါမည်။ထို့နောက် အရောင်မတူသည့် အရုပ်ကလေးများကို အသုံး ပြု၍ အထက်ဖော်ပြပါကဲ့သို့ အသက်အရွယ်အလိုက် အမြင်အာရုံဖွံ့ဖြိုးတိုးတက်လာမှု ရှိမရှိ အကဲ ဖြတ်ရပါမည်။ အရုပ်များ၏အရောင်သည် တောက်တောက်ပပ အရောင်များဖြစ်လျှင် ပိုကောင်းပါ သည်။
 အရုပ်ကလေးတရုပ်ကိုပြပြီး ထိုအရုပ်ကိုကြည့်နေချိန်၌ အခြားအရုပ်တရုပ်ကို ပြောင်း၍ပြခြင်း ဖြင့် ကလေး၏အမြင်အာရုံ အပြောင်းအလဲကိုအကဲဖြတ်နိုင်ပါသည်။အရုပ်တရုပ်ကို တခါသာပြသင့် ၏။ ကလေးစိတ်ဝင်စားမည့် အသံများပြု၍လည်း အရုပ်ကိုကြည့်လာအောင် ဆွဲဆောင်ရပါမည်။
ကလေးတယောက်အား မျက်စိစမ်းသပ်စစ်ဆေးခြင်းသည် လိမ္မာပါးနပ်မှုရှိရန်အထူးလိုအပ်ပါ သည်။ ကျင့်သုံးရမည့်နည်းလမ်းကို တသမတ်တည်း သတ်မှတ်ထား၍မရပေ။ရုန်းကန်တတ်သောက လေးများအား နို့စို့အရွယ်ဖြစ်လျှင် နို့တိုက်နေချိန်၌၎င်း၊နို့ဗူးသုံးသောကလေးဖြစ်လျှင် နို့ဗူးစို့ချိန်၌၎င်း စမ်းသပ်စစ်ဆေး ရခြင်းမျိုးလည်းရှိပါသည်။ မိခင်၏ရင်ခွင်၌ထားလျက် စမ်းသပ်ရသည်လည်းရှိပါ သည်။ ကလေးငယ်အား အနှီးဖြင့်ထုပ်၍ မိခင်အားထွေးပွေ့စေလျက် စမ်းသပ်သည်က ပို၍ကောင်းပါ သည်။မျက်စိတဖက်ခြင်းစီအား စစ်ဆေးပါက ကလေးအမေ (သို့မဟုတ်) သူနာပြုတဦးဦးအား ကလေး ၏မျက်ခွံကို ညှင်ညှင်သာသာ ပိတ်စေလျက် စစ်ဆေးမှုပြုသင့်ပါသည်။မျက်စိကိုဖိမိခြင်းမရှိစေရန်သတိ ပြုပါ။ အရေးကြီးသောအချက်မှာ စမ်းသပ်စစ်ဆေးစဉ်ကာလ၌ မိခင်ရောကလေးပါ စိတ်ပူပန်မှု၊ စိတ်ဖိ စီးမှုများကင်းဝေးလျက် သက်တောင့်သက်သာ ရှိနေကြစေရန်ပင်ဖြစ်ပေသည်။

Ref: Assessing vision in a baby by Richard Bowman,Senior Lecturer: Public Health Ophthalmology, London School of Hygiene and Tropical Medicine, London, UK.


No comments:

Post a Comment