ယနေ့ခေတ်
လူကြီးလူငယ်တို့၏ မျက်စိအသုံးချမှုသည် လွန်ကဲသည့်အဆင့်၌ ရှိနေပြီး မိမိ၏မျက်စိကျမ်းမာရေးကို
ကာယကံရှင်များကိုယ်တိုင် ထိမ်းသိမ်းစောင့်ရှောက်ကြရမည့် အခြေအနေသို့ ဦးတည်နေပြီဖြစ်ပါသည်။သို့ဖြစ်ရာလူတိုင်းကျင့်သုံးလိုက်နာနိုင်ကြစေရန်ရည်ရွယ်၍
ထင်ရှားသော မျက်စိ အထူးကုဆရာဝန်ပညာရှင်ကြီးများ (Ophthalmologists) ၏ အကြံပြုချက်များကိုစုစည်းလျက်
အနှစ်ချုပ် ရေးသားအပ် ပါသည်။
မျက်စိကျမ်းမာရေးအတွက် အခြေခံလိုက်နာရမည့်အချက်(၁၁)ချက်
(၁)ကွန်ပျုတာသုံးလျှင် မိနစ်(၂၀)ကြာတိုင်း တခါနားပါ။ မိနစ်(၂၀) အလုပ်လုပ်ပြီးတိုင်း၊ပေ(၂၀) အကွာအဝေးတွင်ရှိသော
အရာဝတ္တုစသည်တို့ကို စက္ကန့် (၂၀)ကြာ ရုံမျှ ကြည့်ပေးရမည်ဖြစ်သည်။ နံရံများတွင်
ဆေးရေးပန်းချီကားများ နှင့် ရုပ်ပုံကားချပ်များ ချိတ်ဆွဲ ထားခြင်း၊ ကွန်ပျူတာ
မျက်နှာပြင်အား မျက်စိနှင့်တတန်း တည်း(Eye level) ၌ထားခြင်း၊ အကွာအဝေးကို (၂၅)လက္မခန့်
ထားခြင်းများသည်လည်း လိုက်နာသင့်သည့် အချက်များဖြစ်ပါသည်။
(၂)နေရောင်ခြည်အောက်မှာ
နေကာမျက်မှန် အမြဲတပ်ဆင်ပါ။
မျက်ကြည်လွှာလောင်ကျွမ်းခြင်း၊ အတွင်းတိမ် နှင့် မျက်ခွံ၌ဖြစ်ပွားသော ကင်ဆာရောဂါ စသည်များမဖြစ်စေရန်
နေရောင်ခြည်အောက်၌ ခရမ်းလွန်ရောင်ခြည်ကို
၉၉% မှ ၁၀၀% ထိ ကာကွယ်ပေးသော၊ နေကာမျက်မှန်နှင့် မျက်ကပ်မှန်များကို တပ်ဆင်သင့်ပါသည်။ ဦးထုပ်၊ခမောက်၊ ထီး စသည်တို့ကို အသုံး ပြုခြင်းဖြင့်လည်း
ကာကွယ်နိုင် ပါသည်။
(၃) လိုအပ်သောအချိန်တွင် အကာအကွယ်မျက်မှန်တပ်ပါ ။ အကာအကွယ် မျက်မှန် (safety
glasses) များသည် လျှပ်တပြက်ပေါ်ထွက်လာတတ်သည့်
အစအနများနှင့် ဓါတုဆေးရည်များ၏ အန္တရာယ်မှကာကွယ်ပေးပါသည်။
အန္တရာယ်ကာကွယ်သော စံချိန်မီမျက်မှန် (standard safety eyeglasses)သည်
ပေါ်လီကာဗွန်နိတ်ပလပ်စတစ် (polycarbonate plastic) ဖြင့် ပြုလုပ်ထားပါသည်။
၎င်းပလပ်စတစ်အမျိုးအစားသည် (သံရိုက်တူ ကဲ့သို့သော) မာကြောသည့်သတ္တုများ၏ အထုအထောင်းကို
ဆယ်ကြိမ်မက ခံနိုင်ရည်ရှိ၏။
(၄)မျက်စိပြဿနာကို
အလေးထားပါ။ မျက်စိနီခြင်း၊မျက်စိကိုက်ခြင်း၊မျက်စိထဲတွင်
သဲများဝင်နေသကဲ့သို့ စူးစူးရှရှခံစားရခြင်း စသည်တို့ကို ကြုံတွေ့လာရလျှင် လိုအပ်သောကုသမှုများကို
ပြုလုပ်ပေးရန်လိုအပ် မည်ဖြစ်ပါသည်။ ရွေ့လျားနေသော
အနက်စက်ကလေးများကို မြင်ရခြင်း လင်းလက်သောအလင်းရောင် များ မြင်ရခြင်းနှင့် ပုံမှန်အတိုင်းကြည့်၍မကောင်းခြင်းများသည်လည်း
မျက်စိဆရာဝန်နှင့် ပြသသင့်သော အချက်များပင်ဖြစ်ပါသည်။
(၅)မျက်ကပ်မှန်(contact
lens)များကို သန့်သန့်ရှင်းရှင်း ထားပါ။ မျက်ကပ်မှန်ကိုမကိုင်တွယ်မီ
လက်ကိုအစဉ်အမြဲဆေးကြောသန့်စင်ပါ။ မျက်စိဆရာဝန်၏ အတည်ပြုချက်ဖြင့်သာ သန့်စင်ဆေးရည်များ
နှင့် မျက်စဉ်းများကိုသုံးစွဲပါ။ မျက်ကပ်မှန်ကိုယူပြီးသည့်အခါတိုင်း ထည့်သောဘူး(case)ကို ဆေးရည်ဖြင့် ဆေးကြောပြီး ခြောက်သွေ့စွာထားပါ။ ဘူးကို
နှစ်လ သို့မဟုတ် သုံးလတစ်ကြိမ် လဲလှယ်ပါ။ ရေကူးနေစဉ် နှင့် အသားဖြူခရမ်ကဲ့သို့သော သန့်စင်ပစ္စည်းများသုံးစွဲနေစဉ်
မျက်ကပ်မှန်ကိုတပ်မထားပါနှင့်။ မျက်စိ ဆရာဝန်မှ သတ်မှတ်ပေးသော အချိန်ထက်ပို၍ မျက်ကပ်မှန်ကို
မတပ်သင့်ပါ။
(၆)မိမိ၏
ကျမ်းမာရေးဖြစ်စဉ်ကို မိမိကိုယ်တိုင်သိနေပါစေ။ အချို့သောရောဂါများသည် မျက်စိနှင့် ဆက်စပ်မှုရှိနေတတ်ပါသည်။ သွေးတက်နေခြင်း နှင့် ဆီးချိုရောဂါများသည် မျက်စိတွင်းသွေးစီးဆင်းမှုကို
ပြောင်းလဲစေပါသည်။ အဆုပ်များ သိုင်းရွိုက်ဂလင်းများ၌ ရောဂါ မစွဲကပ်စေသည့်စနစ်များ ချို့ယွင်းပါက
မျက်စိကိုလည်း ထိခိုက်စေပါသည်။ ဦးနှောက်နှင့် အာရုံကြောရောဂါဖြစ်ခြင်း၊ သွေးကြောကျယ်သည့်ရောဂါ
နှင့် ကင်ဆာကဲ့သို့သောရောဂါများသည်လည်း မျက်စိကျမ်းမာရေးကို ခြိမ်းခြောက်နေပါသည်။ သို့ဖြစ်ရာ
မျက်စိအထူးကု ဆရာဝန်အား မိမိ၏မျက်စိကိုပြသရာတွင် ကျမ်းမာရေးဖြစ်စဉ်များကိုလည်း (လိုအပ်လျှင်)
ပြောပြသင့် ပါသည်။
(၇) ဆေးကုသနေစဉ် မျက်စိ၌ပြောင်းလဲမှုကို
ဆရာဝန်အားချက်ချင်းပြေပါ။ဆေးနှင့် ဆက်စပ် ပစ္စည်းများသည် အမြင်အာရုံအပေါ် သက်ရောက်မှု ရှိကြပါသည်။ ရောဂါပေါ်မူတည်၍
ဖြစ်နိုင်ခြေရှိသော ဆိုးကျိုးများကိုလည်း
စောင့်ကြည့်သင့်ပါသည်။ မိမိအားဆေးကုသပေးသော ဆရာဝန်အား (မျက်စိရောဂါ မဟုတ်သော ရောဂါတမျိုးမျိုးကို
ကုသပေးနေစဉ်) မျက်စိခြောက်သွေ့ခြင်း၊ မျက်ရည်ကျခြင်း၊ ပုံရိပ်နှစ် ထပ် မြင်ခြင်း
(မျက်စိဝေဝါးလာခြင်း)၊ အလင်းဒဏ်မခံနိုင်ခြင်း၊ မျက်ခွံရောင်(ဖောင်း) သို့မဟုတ်
မျက်ခွံကျခြင်း များ ခံစားရပါက ချက်ချင်း ပြောရန်လိုပါသည်။
(၈) မျက်စိအလှပြင်ပစ္စည်း
အဟောင်းများကို မသုံးပါနှင့်။မျက်စိအတွက်သုံးသော
အလှပြင်ပစ္စည်း များသည် ဗက်တီးရီးယားပိုးများကို ပေါက်ဖွားစေတတ်ပါသည်။ ထုတ်လုပ်သည့်နေ့မှ
သုံးလအတွင်း အသုံး ပြုသင့်ပြီး ကျော်လွန်ပါကစွန့်ပစ်ပါ။ သုံးနေစဉ်၌ ပူစပ်ခြင်း၊ ယားယံခြင်း၊စူး၍နာခြင်းများ
ခံစားရပါက၊ ချက်ခြင်းဖယ်ရှား၍ မျက်စိအထူးကုဆရာဝန်နှင့် အချိန်မဆိုင်းဘဲပြသပါ။ အခြားသူနှင့် တွဲ၍သုံးခြင်း၊ သိမ်း ထားသော နမူနာပစ္စည်းကိုသုံးခြင်းများရှောင်ပါ။
မသုံးစွဲမီနှင့် သုံးစွဲပြီးနောက်တွင် မျက်နှာကို သန့်ရှင်း အောင် ဆေးကြောပေးပါ။ အလှဆီကဲ့သို့သော
အဆီများကို မျက်စိတွင်းသို့ မဝင်အောင် ဂရုတစိုက်သုံးပါ။ ဆံပင်ဆေးဆိုးနေစဉ် မျက်စိကိုလုံအောင်
အုပ်ထားပါ။(နှာခေါင်းကိုလည်း အုပ်ထားသင့်ပါသည်)။
(၁၀)မျက်စိကို
ပုံမှန်စစ်ဆေးပါ။ မျက်စိစမ်းသပ်
စစ်ဆေးမှုကို ပုံမှန်ခံယူသင့်ပါသည် ။ယေဘုယျအားဖြင့် မျက်မှန်မတပ်ရသူ(၂)နှစ်တကြိမ်၊
မျက်မှန်တပ်သူများ(၁)နှစ်တကြိမ် နှင့် မျက်စိ အသုံးများသူများ (၆)လ တကြိမ် စမ်းသပ်သင့်
ပါသည်။သက်ကြီးရွယ်အိုများ၊မျက်မှန်နှင့် မျက်ကပ်မှန်တပ်သူများ ၊ဆီးချို သွေးချို ရောဂါရှိသူ၊သွေးတိုးရောဂါရှိသူများသည်
မျက်စိစစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါသည်။
(၁၁)ဆေးလိပ်၊အရက်ဖြတ်ပါ
။ ဆေးလိပ်၊အရက်သောက်သူဖြစ်လျှင်ဖြတ်သင့်ပါသည်
။ ၎င်းတို့၏ ဆိုးကျိုးသည် မြင်လွှာရှိအာရုံခံဧရိယာကို အားနည်းစေ၏။ အတွင်းတိမ်ဖြစ်မှုကိုမြန်စေခြင်း
နှင့် မျက်စိ ခြောက်သွေ့ခြင်းကိုလည်း ဖြစ်စေသည်။နှလုံးဖောက်ပြန်နိုင်ချေကို
မြင့်တက်စေသည်။ဆေးလိပ်၊ အရက် သောက်သုံးမှုကို ဖြတ်ခြင်းအားဖြင့် အထက်ဖော်ပြပါ ဆိုးကျိုးများမှ
ကင်းဝေးစေနိုင်မည် ဖြစ်ပါသည်။
စားသုံးသင့်သော
အစားအစာများ
(၁)ငရုပ်ပွသီးနှင့်အသီးအရွက်များ။(၂)နေကြာစေ့နှင့်
အခွံမာသီးများ ။(၃)အစိမ်းရင့်ရင့် အရွက်ဖားဖား ဟင်းရွက်များ။(၄)ဆော်လမွန်ငါး(ငါးအမျိုးမျိုး)
။ (၅)ကြက်သားဘဲသားနှင့် အဆီပါဝင်မှုနဲသောအသားများ။ (၆)ပဲတောင့်ရှည်နှင့် ပဲသီးပဲတောင့်အမျိုးမျိုး။(၇)
ဥ(ကြက်ဥ၊ငုံးဥ)အမျိုးမျိုး ။(၈) သခွားမွှေးသီး နှင့်ကန်စွန်း ဥ (၉) ပန်းမုန်လာမျိုး
နွယ်သီးနှံများ။
ငရုပ်ပွသီးနှင့်အသီးအရွက်များသည် ဗီတာမင်အီး
နှင့် ဗီတာမင်အေတို့ ပါဝင်သည့်အတွက် ၎င်းကိုစားခြင်းအားဖြင့်
မျက်စိကိုစောင့်ရှောက်ရာရောက်စေကြောင်းသိရပါသည်။ နေကြာစေ့နှင့် အခွံမာသီး တို့၏ အစေ့အဆံများတွင်ဗီတာမင်အီး
(vitamin-E)ထက်ဝက်မျှ(၅၀%မျှ)ပါဝင်သည့်အတွက် အရွယ် ရောက်ပြီးသူတိုင်း
နေ့စဉ်နေ့တိုင်းစားသုံးသင့်ကြောင်း USDA မှ အကြံပြု တိုက်တွန်းထားပါသည်။ ဆော်လမွန်ငါး(ငါးအမျိုးမျိုး)နှင့်ဥအမျိုးမျိုး၊ကြက်သားဘဲသားနှင့်
အဆီပါဝင်မှုနည်းသော အသားများတွင် မြင်လွှာအတွက်အရေးပါသည့်
အိုမီဂါ-၃ ဖက်တီးအက်စစ် အော်ဂဲနစ်ဓါတ်ပေါင်း ပုံစံနှစ်မျိုး(DHA and EPA )နှင့် ဇင့်ဓါတ်ပါဝင်ပါသည်။အစိမ်းရင့်ရင့်
အရွက်ဖားဖား ဟင်းရွက်များ နှင့်သခွားမွှေးသီး ကန်စွန်းဥ ပန်းမုန် လာမျိုးနွယ်သီးနှံများတွင်ဗီတာမင်အေအပြင်ဗီတာမင်စီ၊
လူတင်း(lutein) နှင့် ဇာစန်သင်း (Zeaxanthin) ဓါတ်များ ပါဝင်ပါ သည်။
ဗီတာမင်အီး(vitamin-E)နှင့်အိုမီဂါ-၃
ဖက်တီးအက်စစ်သည် အသက်ကြီး၍ဖြစ်သော မြင်လွှာရှိ အာရုံခံဧရိယာ ချို့ယွင်းလာခြင်း (macular
degeneration-AMD)ကို နှေးကွေးစေစေကြောင်း သိရပါသည်။ အတွင်းတိမ်နှင့် ရေတိမ်မဖြစ်စေရန်လည်းကာကွယ်ကြောင်း
ဆိုပါသည် ။ ဗီတာမင်အေ (လူတင်း ၊ ဇာစန်သင်းနှင့် ဘီတာကာရိုတင်းကဲ့သို့ သောအာဟာရဓါတ်များ)
၊ ဗီတာမင်စီ နှင့် ဗီတာမင်အီးတို့သည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း
(antioxidants)များဖြစ်ကြပြီး ၊ မျက်စိ၏ဆဲလ်များကို ဖရီးရဒီကယ် (free radicals-ဖောက်ပြန်သော
မော်လီကျူးမှ ကောင်းမွန်သောတစ်ရှူးများကို ပျက်စီးစေ၍ မြင်လွှာတွင် အားနည်းမှု ဖြစ်စေခြင်း ) မှ ကာကွယ်ပေးပါသည်။
ဇင့်ဓါတ်သည် ဗီတာမင်အေကို မြင်လွှာသို့ပို့ဆောင်ပေးသော
အာဟာရဓါတ်ဖြစ်ပါသည်။ မြင်လွှာသည် မျက်စိအတွက်အရေးပါသော
အနက်ရောင်ဓါတ်နှင့် ရောင်ခြယ်များကို ပြုလုပ်ပေးသည်ဖြစ် ရာ ဇင့်ဓါတ်လုံလောက်ရန်
အထက်ပါအစားအစာများအပြင် အမဲသား ၊ ဝက်သား
နှင့် ကြက်သား ကဲ့သို့ သော အလွယ်တကူရရှိစေနိုင်သည့် အသားများကို စားနိုင်ပါကြောင်းသုတေသီတို့က
အကြံပြုကြပါသည်။
သို့ဖြစ်ရာ အထက်ပါဆောင်ရန်ရှောင်ရန်များကိုလိုက်နာ၍
အစားအစားများကို ဆင်ခြင်စားသုံး ခြင်းအားဖြင့်(ရာနှုန်းပြည့်မဟုတ်သော်မှ ၆၀%မျှ
လိုက်နာရုံမျှဖြင့်) မျက်စိကို
ရေရှည်အသုံးပြုနိုင်မည့်အပြင် ၊ အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်သော
မျက်စိဝေဒနာများကို အရွယ်မတိုင်မီဖြစ်ပွားခြင်းမှ ဟန့်တား စေနိုင်မည်ဖြစ်ကြောင်း
စေတနာကောင်းဖြင့် ရေးသားအပ်ပါသည်။
(Ref:
WebMD.com/Home/Eye
Health Center,Top Tips Lifestyle for Healthier Eyes )

No comments:
Post a Comment