Issue No.834 Sunday, August 23, 2015
မျက်ကပ်မှန်တပ်ထားသူအများစုသည် မျက်ကပ်မှန်များကို သေသေ ချာချာဂရုစိုက်လေ့ မရှိကြသဖြင့် မျက်စိအတွင်းသို့ ရောဂါပိုးဝင် ရောက်နိုင်သည့်အန္တရာယ်ရှိကြောင်းအမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC) ၏လေ့လာမှုအသစ်တစ်ရပ်အရ သိရ သည်။
အမေရိကန်နိုင်ငံတွင် မျက်ကပ်မှန်တပ်ဆင်ထားသူ ၄၀ ဒသမ ၉ သန်းအနက်အများစုသည် မျက်ကပ်မှန်များကို ဂရုစိုက်ရန် လမ်း ညွှန်ထားသောညွှန်ကြားချက်များ လိုက်နာလေ့မရှိကြကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။
ထို့ပြင် ၎င်းတို့သည် မျက်စိ များအား ကာကွယ်ရန် လမ်းညွှန်ချက်များကိုလျစ်လျူရှုတတ် ကြကြောင်း သိရသည်။ ယင်းလမ်းညွှန်ချက်များတွင် မျက်ကပ်မှန်များကိုဆေးရေနှင့်စင်ကြယ်အောင် ဆေးကြောခြင်း၊ မျက်စိမှ ထုတ်ယူရမည့်အချိန်နှင့် ပတ်သက်၍ အခြေခံညွှန်ကြားချက်များ ပါဝင်သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ပြည်နယ်များစွာတွင် ပြင်းထန်သော မျက်စိရောဂါကူး စက်မှုများဖြစ်ပွားပြီးနောက် CDC ကသုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မျက်ကပ်မှန်များတွင် ရေများမပေကျံစေရန် ထားခြင်း၊ မျက်ကပ်မှန်ထည့်ထားသောဘူးမှ အသုံးပြုပြီးသား ပိုးသတ်ဆေးရည်ကို ဖယ်ရှားခြင်း၊နေ့တိုင်းလတ်ဆတ်သော ဆေးရည်ဖြင့် ဆေးကြော သန့်စင်ခြင်းနှင့် သုံးလကြာတိုင်းမျက်ကပ်မှန်ဘူးများ လဲလှယ်ခြင်း စသည်ဖြင့် မျက်ကပ်မှန်တပ်ဆင်သူများအတွက်
ကာကွယ်ရေးဆိုင် ရာ အချက်အလက်များကို သုတေသီများက လေ့လာခဲ့ကြခြင်း ဖြစ်သည်။
ယခုလေ့လာမှုတွင် အသက်(၁၈)နှစ်မှ (၄၀)နှစ်အရွယ်အထိ သာပါဝင်သဖြင့် အသက်(၁၈)နှစ်အောက် အရွယ်များကိုပါ ထည့် သွင်းလေ့လာပါက ရလဒ်မှာပိုမိုဆိုးရွားနိုင်ကြောင်း သုတေသီများ က ပြောသည်။
လေ့လာမှုတွင် ပါဝင်သူများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ၎င်းတို့မျက်စိများအတွင်း ရော ဂါပိုး ဝင်ရောက်စေနိုင်သည့်(သို့မဟုတ်)ရောင်ရမ်းမှုဖြစ်စေနိုင်သည့်အန္တရာယ်ရှိသော အပြုအမူ အချို့ကို ပြုလုပ်လေ့ရှိကြသည်။
မျက်ကပ်မှန်တပ်ထားသူအများစုသည် မျက်ကပ်မှန်များတပ် ဆင်လျက်ပင်အိပ်တတ်ကြပြီး သန့်ရှင်းရေးလုပ်သည့်အခါ လဲလှယ်ရမည့်အစားဆေးကြောသန့်စင်ရည်ဖြင့်သာ သန့်စင် ပစ်တတ်ကြ ကြောင်း သိရသည်။ ထို့ပြင်မျက်ကပ်မှန်ထည့်သော ဘူးများကို သက်တမ်းကျော်လွန်၍ အသုံးပြုတတ်ကြပြီးမျက်ကပ်မှန်လဲလှယ်ရမည့် အချိန် နောက်ကျလေ့ရှိကြကြောင်း သိရသည်။
source...http://www.7daydaily.com

No comments:
Post a Comment