8.7.18

ကျန်းမာသက်ရှည်ခြင်း၏ လျှိုဝှက်ချက်များ(၁) ။ ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)



                                                          
ကျန်းမာခြင်း၏အခြေခံသဘောတရားများ

        လူတယောက်၏ ကျန်းမာရေးကောင်းလျှင်၊နေ၍ကောင်းသည်။ စားဝင်အိပ်ပျော်သည်၊အလုပ် လုပ်ရ တာပျော်သည်၊အလုပ်လုပ်ရတာ မမော၊သက်လုံကောင်းသည်၊ကိုယ်ခံအားကောင်းသည်၊ကိုယ်ခံအားကောင်း သဖြင့် ရောဂါပိုးဝင်ရောက်သော်လည်း၊ရောဂါပိုးကို တိုက်ထုတ်နိုင်သည်။
          လူ၏ခန္ဓာကိုယ်ကို ကလပ်စည်း(Cell)များဖြင့် တည်ဆောက်ထား သည်။အရေပြားကြွက်သား၊ အရိုး၊ နှလုံး၊ကျောက်ကပ်၊ဦးနှောက် စသည်ဖြင့် ဆဲလ်အမျိုးမျိုးရှိသော်လည်း၊အခြေခံဆဲလ်တည်ဆောက်ပုံမှာ တူညီ သည်။ ဆဲလ်အတွင်းနှင့်အပြင် ရေဓါတ်၊ဆားဓါတ်၊အာဟာရဓါတ် စသည်တို့ဝင် ထွက်၍ ဆဲလ်၏လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်ကြခြင်ဖြင့် ဆဲလ် အသက်ရှင်ခြင်းကို ဖြစ်စေသည်။
          ဆဲလ်အသက်ရှင်ဘို့အတွက် အဓိကမှာ ဂလူးကို့စ်နှင့် အောက်စီ ဂျင်တို့ဖြစ်သည်။ဂလူးကို့စ်နှင့် အောက်စီဂျင်ပေါင်း၍ အေတီပီ(ATP= Adenosine Triphosphate)ခေါ်စွမ်းအင်ကို ရရှိသည်။ထိုသို့ခန္ဓာကိုယ် ဆဲလ်အသီးသီး ရှင်သန်လှုပ်ရှားနိုင်ဘို့အတွက် စွမ်းအင်မပြတ်လိုသည်။
          စွမ်းအင်မပြတ်ရရှိရန်အတွက် ဂလူးကို့စ်နှင့်အောက်စီဂျင် မပြတ် လိုသည်။ဂလူးကို့စ်နှင့်အောက်စီဂျင်မှ စွမ်းအင်ထုတ်လုပ်ဖို့အတွက် ရေဓါတ်၊ဓါတ်ဆားဓါတ်၊PH မျှခြေနှင့် သင့်တင့်ကောင်းမွန်သော အပူချိန် (Optimal Temperature)စသည့် အချက်အလက် အခြေအနေ၊များစွာ လိုအပ်သည်။
          အောက်စီဂျင်ကို လေထုထဲမှ အသက်ရှုခြင်းဖြင့် ရရှိသည်။နှာ ခေါင်းမှ ရူသွင်းလိုက်သောလေသည် အသက်ရှုလေပြွန်မှတဆင့်၊အဆုတ် လေအိတ်ငယ်(Alveoli)ထဲသို့ရောက်သည်။အဆုတ်လေအိတ်ငယ်နံရံရှိ သွေးကြောများထဲသို့အောက်စီဂျင်သည် စိမ့်ဝင်သည်။
          ခန္ဓာကိုယ်အတွက် အောက်စီဂျင်လုံလောက်စွာရရန်၊ရှုရှိက်သော လေသည် လေကောင်းလေသန့် ဖြစ်ဖို့လိုသည်။လေထုညစ်ညမ်းမှု(Air Pollution)ရှိသောနေရာတွင် နေထိုင်လျှင်၊အောက်စီဂျင်လုံလောက်စွာ မရ သည့်ပြင်၊အဆိပ်ဓါတ်ငွေ့များ(ဥပမာ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ကာဗွန်မို နောက်ဆိုဒ်ဓါတ်ငွေ့များ)သည် ခန္ဓာကိုယ်ဆဲလ်များကို ဒုက္ခပေးသည်။လေ ကောင်းလေသန့်ရသော်လည်း၊အသက်ရှုလမ်းကြောင်းနှင့် အဆုတ် များ ကောင်းမွန်ပါမှ အောက်စီဂျင်လုံလောက်စွာရရှိမည်ဖြစ်ပါသည်။
          ဆဲလ်များအသက်ရှင်ရပ်တည်ရန် လိုအပ်သော ဂလူးကို့စ်ကို လူ တို့စားသုံးသော အစားအစာမှ ရသည်။စားလိုက်သော အစားအစာကို တံတွေးမှစ၍ အစာအိမ် အူလမ်းကြောင်းရှိ အစာချေရည်များက ချေဖျက်၍ ရရှိလာသော ဂလူးကို့ကို အူသိမ်နံရံမှစုပ်ယူကာ သွေးထဲသို့ရောက်သည်။ သွေးထဲမှ ခန္ဓာကိုယ် အနှံ့အပြားရှိ ဆဲလ်အသီးသီးသို့ရောက်သည်။စား လိုက်သော အစားအစာတွင် အဓိကအားဖြင့် ကစီဓါတ်၊ အသားဓါတ်နှင့် အဆီဓါတ်ဟူ၍ပါဝင်သည်။
          ကစီဓါတ်မှ ဂလူးကို့စ်၊အသားဓါတ်မှ အမိုင်နိုအက်စစ် နှင့် အဆီ ဓါတ်မှ အဆီအက်စစ်နှင့် ကိုလက် စထရောတို့ကို ရရှိသည်။အမိုင်နိုအက် စစ်သည် ကြွက်သားများနှင့်တစ်သျှူးများတည်ဆောက်ရာတွင် သုံး သည်။ အဆီဓါတ်များကိုအောက်စီဂျင် ပို့ဆောင်ရာတွင် လည်းကောင်း၊ဂလူးကို့ မရှိသောအခါ စွမ်းအင်အဖြစ် လည်းကောင်း၊ကိုလက်စထရောကို ဆဲလ် များ၏နံရံမြှေး(Cell Menbrane)အဖြစ်လည်းကောင်း အသုံးပြုသည်။
          လူတယောက်၏ အထွေထွေကျန်းမာရေးကို နားလည်ရန် ယခု ကဲ့သို့ ဆဲလ်၏ ဇီဝကမ္မသဘော တရား (Cell Physiology)ကိုတင်ပြပြီး နောက် အထွေထွေကျန်းမာရေးအတွက် အခြေခံမူများကို ဆက်လက် တင်ပြ လိုပေသည်။

(က)ပတ်ဝန်းကျင်သန့်ရှင်းရေး(Enviromental Sanitation)

          ရေကောင်းရေသန့်ရရှိရေး၊လေကောင်းလေသန့်ရရှိရေးနှင့်အညစ် အကြေးနှင့်အမှိုက်များကို စနစ်တကျ စွန့်ပစ်ရေးတို့ပါဝင်သည်။ရေကောင်း ရေသန့်နှင့်အောက်စီဂျင် အပြည့်အဝရမှ ခန္ဓာကိုယ်ဆဲလ်များ၏ ဇီဝကမ္မ ဖြစ်စဉ်/လုပ်ငန်းများချောမွေ့၍၊ကျန်းမာရေးကောင်းမည်ဖြစ်ပါသည်။ပတ် ဝန်း ကျင်သန့်ရှင်းမှုမရှိက ရောဂါပိုးများ ပေါက်ပွား၍ ၊ထိုရောဂါပိုးများကူး စက်လျှင် ရောဂါဖြစ်ပွားမည်၊ရောဂါများကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ သေ ဆုံးခြင်းများ ဖြစ်နိုင်ပါသည်။

(ခ)တကိုယ်ရေ သန့်ရှင်းခြင်း

          ရေမှန်မှန်ချိုးခြင်းဖြင့် အရေပြားတွင်ကပ်ညိနေသော အညစ်အ ကြေးများ၊ရောဂါပိုးများကို လျော့ပါး စေ သဖြင့်၊ကျန်းမာရေးအတွက် အ ထောက်အကူပြုသည်။မျက်နှာသစ်ခြင်း၊သွားတိုက်ခြင်း၊ခေါင်း လျှော်ခြင်း၊လက် ဆေးခြင်းတို့ သည်လည်း တကိုယ်ရေကျန်းမာရေးအတွက်ပင်။ အရေးအကြီးဆုံးမှာ မိမိ ၏လက်များကိုသန့်ရှင်း စွာ ထားခြင်းပင်ဖြစ်သည်။ လက်မသန့်ရှင်းပါက မစင်ပါးစပ်လမ်းကြောင်း(Faecal Oral Route)ဖြင့် ရောဂါကူး စက်ခြင်း၊ လက်မှ အရေပြားကူးစက်ခြင်းဖြင့် ရောဂါများရနိုင်သည်။

(ဂ) အစာအာဟာရကဏ္ဍ

          ကိုယ်ခန္ဓာဆဲလ်များသည် အစာအာဟာရ လုံလောက်စွာရမှ အသက်ရှင်နိုင်သည်။သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ လုပ်ဆောင် နိုင်မည်။ကစီဓါတ်၊အသားဓါတ်၊အဆီဓါတ်၊ဗီတာမင်နှင့် သတ္တုဓါတ်များ လို အပ်သည်။ဓါတ်တခုခုချို့တဲ့လျှင် ဆဲလ်လုပ်ငန်း ချို့ယွင်းမည်။အထွေထွေ ကျန်းမာရေး မကောင်းတော့။

(ဃ) ကိုယ်လက်လှုပ်ရှားမှု

          ခန္ဓာကိုယ် အဆီပိုများကိုလျော့စေသည်။ကိုယ်လက်လှုပ်ရှားမှု မရှိလျှင် အဆီပိုများကြောင့် အဝလွန် ခြင်းကိုဖြစ်စေသည်။ ဝ ခြင်းသည်ရောဂါ တမျိုး(Obesity is a disease)ဟုဆိုကြသည်။ ဝ ခြင်းသည် သွေးတိုး၊ နှလုံး ဆီးချိုအပြင်၊ဒူးနာခါးနာ စသည်တို့ကိုဖြစ်စေသည်။

(င) အိပ်စက်အနားယူခြင်း

အထွေထွေကျန်းမာရေးအတွက် အရေးကြီးသော  ဆေးတခွက် ဖြစ်သည်။တနေ့(၈)နာရီခွဲအိပ်စက် အနားယူမှ ကျန်းမာရေးကောင်းမည်။အိပ်စက်ခြင်းဖြင့် ခန္ဓကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ အနား ရခြင်းသာ မက၊ ကိုယ်ခံစွမ်းအားကိုမြင့်စေသည်။ အိပ်ရေးပျက်ခြင်းကို မည် သည့်အရာနှင့်မျှ အစားထိုး၍ မရ၊ အရေး တကြီး ကိစ္စမရှိပဲ အိပ်ရေး အပျက်မခံသင့်ပါ။

(စ) စိတ်ဖိစီးမှု

          အလုပ်ကိစ္စ၊ ကျောင်းကိစ္စ၊ ဘဝတွင်ကြီးမားသော အပြောင်း အလဲဖြစ်ခြင်း၊ထိုခိုက်ဒဏ်ရာရခြင်း၊ ကျန်း မာရေးချို့တဲ့ခြင်း၊ရောဂါဖြစ်ခြင်း စသည်များသည် စိတ်ဖိစီးမှုကိုဖြစ်စေနိုင်သည်။စိတ်ဖိစီးမှုဖြစ်သောအခါ၊ သွေး ထဲတွင်အယ်ဒီနယ်လင်ဟော်မုန်း(Adrenaline)ထွက်သည်။ထိုအခါ ခန္ဓာကိုယ်သည် ကြုံတွေ့ရသည့် ကိစ္စကို ရင်ဆိုင်မည်လား ရှောင်မည် လား(Fight or Flight)ဟုဆုံးဖြတ်၍ ခန္ဓာကိုယ်ကို အသင့်ဖြစ်စေ သည်။ရုတ် တရက်ဖြစ်သောကိစ္စအတွက် အယ်ဒီနယ်လင်ထွက်ခြင်းသည် အကျိုးရှိသော်လည်း နာတာရှည်စိတ်ဖိစီးမှု (Chronic Mental Stress) ဖြစ်လာသောအခါ၊စိတ်တိုခြင်း၊သွေးတိုးခြင်း၊နှလုံးထိခိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်း ကိုက် ခြင်း၊အမြင်ဝေဝါးခြင်း၊အိပ်မပျော်ခြင်း၊စိုးရိမ်ကြောက်ရွံ့ခြင်း၊ အစာမကျေခြင်း စသည်ဖြင့်ခန္ဓာ ကိုယ် တွင် လက္ခဏာအမျိုးမျိုး ပေါ်နိုင် သည်။ ကဖင်း နှင့် သကြားသည် အယ်ဒီနယ်လင်း(Adrenaline) ဟော်မုန်းထွက် ခြင်းကို များစေသည်။စိတ်ဖိစီးမှုကို တိုးစေသည်။


(ဆ)သွေးအားနည်းခြင်း

          သွေးထဲမှဟေမိုကလိုဗင်(Haemoglobin)သည် အောက်စီဂျင်ကို သယ်ဆောင်ပေးသည်။ ဟေမိုကလို ဗင်နည်းသောအခါ ဆဲလ်များက အောက်စီဂျင်လုံလောက်စွာ မရရှိသဖြင့် အထွေထွေကျန်းမာရေးကို ထိခိုက် သည်။ဟေမိုကလိုဗင်တွင် သံဓါတ်အဓိကပါသည်။ သို့ဖြစ်ရာ သွေး အားကောင်း ရန်အတွက် သံဓါတ်ပါသော အစားအစာ (ဥပမာ ဟင်းနု နွယ်ရွက်၊အသည်း၊ကန်စွန်းရွက် စသည်)များ စားပေးရန်လိုသည်။ သွေး ထဲတွင် ဟေမိုကလိုဗင် ပမာဏကိုစစ်ဆေး၍ လိုအပ်ပါက သံဓါတ် ပါသော အားဆေးမှီဝဲရန်လိုသည်။အခြားသွေးအား နည်း စေသော အကြောင်း အရာများ(ဥပမာ လိပ်ခေါင်းမှ သွေးယိုခြင်း၊ နာတာ ရှည် သွေးဝမ်းသွားခြင်း၊အစာ အိမ်သွေးယိုခြင်း၊အမျိုးသမီးများ ရာသီသွေး များခြင်း) သည် သံဓါတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေသဖြင့် ၊ ယင်းရောဂါ များရှိပါက အချိန်မီ ကုသဖို့လိုသည်။အချိန်မီ မကုသပါက သွေးအားနည်းနှလုံးရောဂါ(Anaemic Heart Disease)ဖြစ်၍ အမောဖောက်ခြင်း၊သေဆုံးခြင်း၊ဖြစ်နိုင်သည်။
(ဇ) သွေးထုထည်ပမာဏ
          ရေလုံလောက်စွာ မသောက်ခြင်း၊ဝမ်းလျောခြင်း၊အန်ခြင်း၊အစာ အိမ်နှင့်အူလမ်းကြောင်းအတွင်းသွေး ယိုခြင်း၊လိပ်ခေါင်းနှင့်စအိုကွဲနာမှ သွေးယိုခြင်း၊အမျိုးသမီးများ သားအိမ်မှသွေးသွန်ခြင်း၊စသည်များရှိလျှင် သွေး ထုထည်ကျခြင်း(Hypovolumia)ကြောင့်သွေးပေါင်ချိန်ကျ၍ မူးဝေ ခြင်း၊သွေးပျက်ထိတ်လန့်ခြင်း (Shock) အထိဖြစ်၍ ကျမ်းမာရေးထိခိုက် နိုင်ပါသည်။
(ဈ)ဝမ်းချုပ်ခြင်း
          “ဝမ်းတလုံးကောင်းရင် ခေါင်းမခဲ”ဆိုသောစကားအတိုင်း၊ဝမ်းချုပ် လျှင် ခေါင်းကိုက်ခြင်း၊မအီမသာဖြစ် ခြင်းမှသည် ကြာရှည်ပါက၊အူမကြီးနှင့် စအိုကင်ဆာ၊လိပ်ခေါင်း၊စအိုကွဲနာများ ဖြစ်နိုင်သည်။
(ည) ဆီးမှန်ခြင်း
          ဆီးနည်းခြင်း၊ဆီးချုပ်ခြင်း တို့သည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ရေသောက်နည်းခြင်း၊ ကျောက်ကပ် မကောင်းခြင်း၊ဆီးလမ်း ကြောင်းမဖြောင့်ဖြူးခြင်း၊ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ကျောက် တည်ခြင်း တို့ ကြောင့် အဖြစ်များသည်။ဆီးထဲတွင် ယူရီးယား(Urea)စသည့် ခန္ဓာကိုယ် အတွက် အဆိပ်အတောက်ဖြစ်စေ သော ဓါတ်များ၊ခန္ဓာကိုယ်အတွက် မလိုသောဓါတ်များ စွန့်ထုတ်ရုံသာမက ကျောက်ကပ်သည် ခန္ဓာကိုယ်၏ အချဉ်အခါးမျှခြေ(Acid Base Balance)ကိုထိန်းညှိပေးခြင်းဖြင့်၊ခန္ဓာကိုယ် ၏ လုပ်ငန်းဆောင်တာများကို မှန်မှန် ကန်ကန်လုပ်ဆောင်နိုင်စေသည်။ဆီး မထုတ်နိုင်တော့လျှင်၊ အဆိပ်အတောက်များ(အထူးသဖြင့် ယူရီးယား- Urea)သွေးထဲတွင် မြင့်တက်လာပါက သတိမေ့မြောခြင်း(Uremic Coma) ဖြစ်၍ အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။အချဉ်အခါးမျှခြေ(Acid Base Balance)ပျက်သွားပါကလည်း ခန္ဓာကိုယ်ပီအိပ်ခ်ျ(PH)ပုံမှန် မဖြစ် တော့ပဲ ဆဲလ်လုပ်ငန်းများ ချို့ယွင်း၍ အသက်အန္တရာယ် ရှိလာနိုင်သည်။

ကျန်းမားသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၂)ကိုစောင့်မျှော်ဖတ်ရှုပါရန်.....

ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

No comments:

Post a Comment