8.7.18

နှလုံးကျမ်းမာ လူချမ်းသာ ။ ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာ မဟာသိပ္ပံ)


     


    
        ၂၀၁၇ ခုနှစ်စက်တင်ဘာလ(၂၉)ရက်နေ့သည် “ကမ္ဘာ့နှလုံးကျမ်းမာရေးနေ့(World Heart Day)” ဖြစ်သည်။နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံးပတ် စနေနေ့ကို ကမ္ဘာ့နှလုံးကျန်းမာရေး နေ့အဖြစ်သတ် မှတ်ကာ ၁၉၉၉ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။

နံပါတ်တစ် လူသတ်တရားခံ

       နှလုံးရောဂါသည် ကမ္ဘာ့လူသားများသေဆုံးရသည့် အကြောင်းရင်းများတွင် နံပါတ်တစ်ဖြစ် သည်။၂၀၀၅ ခုနှစ်တွင် လူပေါင်း ၁၇.၅ သန်းသည် နှလုံးရောဂါကြောင့် အရွယ်မတိုင်ခင် သေဆုံးခဲ့ရ သည်။သေဆုံးရသည့် အကြောင်းရင်းများတွင် ၃၀%ဖြစ်လေသည်။

ရည်ရွယ်ချက်

          ကမ္ဘာ့နှလုံးကျန်မာရေးနေ့ကို ကျင်းပရခြင်း၏ရည်ရွယ်ချက် များမှာ…
(က)လူသားတိုင်း နှလုံးကျန်းမာရေးဗဟုသုတများကို နားလည်သဘောပေါက် သိရှိလိုက်နာခြင်းဖြင့် နှလုံးရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်။                        (ခ)နှလုံးရောဂါဖြစ်ပွားနိုင်ခြေများသော အုပ်စု(Hight Risk Group)တွင် ပါဝင်သောသူများ အနေဖြင့် နှလုံးရောဂါဖြစ်မလာအောင် ထိရောက်သောကာကွယ်ကုသခြင်းများ ပြုလုပ်နိုင်စေရန်တို့ကို ရည်ရွယ် ပါသည်။

နှလုံးရောဂါလက္ခဏာများ

        နှလုံးရောဂါအမျိုးမျိုးသည် လက္ခဏာမပြဘဲ ရှိနေတတ်ပါသည်။သာမန်အချိန်တွင် မပြသော် လည်း၊ရုတ်တရက်ပြေးရ လွှားရသည့် အရေးပေါ် အခြေအနေမျိုးတွင် နှလုံးပြင်းပြင်းထန်ထန်အလုပ် လုပ်ရသောအခါ၊လက္ခဏာ ပေါ်လာတတ်သည်။   

(က)မောခြင်း ။နှလုံးရောဂါဖြစ်ခါစတွင် ခါတိုင်းထက်ပို၍မောသည်ဟု ခံစားရသည်။နောက်ပိုဆိုးလာ သောအခါ ဓါတ်တိုင်တစ်တိုင် လောက်လျှောက်လျှင်ပင်မောနေ၍ တခါနားရသည်။ ထို့ထက်ပို၍ဆိုး လာသော အခါ သုံးခါ လောက်နားမှ ဓါတ်တိုင် တစ်တိုင်လောက်ရောက်သည်။ နှလုံးရောဂါပြင်းထန် လာသောအခါ မိမိလက်က လေးအသာမြောက်လျှင်ပင် တအားမောနေပြီ။ ငြိမ်ငြိမ်နေလည်း မသက် သာ ဘယ်လိုနေနေ မောနေ သည် ဆိုလျှင်တော့ အဆိုးဆုံးပဲ။

(ခ)ရင်တုန်ခြင်း ။နှလုံးသည် လိုအပ်သည်ထက်ပို၍ အလုပ်လုပ်ရသောအခါတွင် လည်းကောင်း၊ နှလုံး လျှပ်စစ် မမှန်လျှင်သော်လည်းကောင်း၊ရင်တုန်ခြင်းကိုခံစားရသည်။

(ဂ)ရင်ပတ်အောင့်ခြင်း။နှလုံးသွေးကြောကျဉ်းလျှင် နှလုံးကြွက်သားသို့သွေးကောင်းကောင်း မရောက် သောကြောင့် အောက်စီဂျင်မလုံလောက်သဖြင့် နှလုံးကြွက်သားကျုံ့၍ နာကျင်ခြင်းကိုခံစားရသည်။

(ဃ)ကိုယ်ခန္ဓာဖောရောင်ခြင်း။ခန္ဓာကိုယ်အနှံအပြားမှသွေးများကို နှလုံးသို့ပို့၍ နှလုံးမှအဆုတ်သို့ ဆက်လက်ပို့ဆောင်ခါ သွေးသစ်ဖြစ်အောင် လေထဲမှအောက်စီဂျင်နှင့်ပြည့်ဝစေသည်။ အောက်စီဂျင် ပြည့်ဝသောသွေးသစ် များသည် နှလုံးသို့ပြန်လာ၍ နှလုံးမှတဆင့် ခန္ဓာကိုယ်တခုလုံးသို့ ပို့ဆောင် ပေးသည်။ထို့သို့လှည့်ပတ် မှုစနစ်သည် နှလုံးကောင်းကောင်းအလုပ် မလုပ်သောအခါ ၊ ချို့ယွင်းသွား သည်။ သွေးစုပုံခြင်း၊သငံရည် စုပုံခြင်းတို့ကြောင့်ခန္ဓာကိုယ် အနှံ့အပြားတွင်၊ဖောရောင်ခြင်း ကိုဖြစ်စေ သည်။

(င)အခြားလက္ခဏာများ။နှလုံးမှဦးနှောက်သို့ သွေးကောင်းကောင်းပို့ မတင်ပေးနိုင်သောအခါ ဦး နှောက်သွေးငတ်သဖြင့် မူးခြင်းမှစ၍ လေဖြတ်သည်အထိဖြစ်နိုင်သည်။နှလုံးကြွက်သားကောင်းစွာ မညှစ်နိုင်သော အခြေအနေ(Ventrial Fibrillation)တွင် သတိလစ်၍ ရုတ်တရက်သေဆုံးမှုသည် နှလုံးရောဂါကြောင့် သေဆုံးရသည့်လူနာများ၏ ၅၀%တွင်တွေ့ရသည်။

နှလုံးရောဂါစမ်းသပ်စစ်ဆေးခြင်းများ

          ခေတ်မီတိုးတက်နေသော သိပ္ပံခေတ်တွင် နှလုံးရောဂါရှိမရှိ စစ်ဆေးသော နည်းပညာများ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လျှက် ပို၍တိကျသောအဖြေကို ရရှိနိုင်ပေသည်။ ရိုးရိုး E.C.G ရိုက်ရုံသာ မက လေ့ကျင့်ခန်းလုပ်ပြီးမှ ရိုက်သော E.C.G  ကိုပါ လိုအပ်လျှင်လိုအပ်သလို ရိုက်ကြည့်သင့်သည်။ အထူးသဖြင့် နှလုံးသွေးကြောကျဉ်းမကျဉ်းတိကျစွာ သိနိုင်သည့် CORONARY ANGIOGRAM ကိုလုံ ခြုံစိတ်ချဘေးကင်းစွာ လုပ်ဆောင်နိုင်ခြင်းသည်လည်း တိုးတက်မှုတရပ်ဖြစ်ပေသည်။ သက်ဆိုင်ရာ နှလုံးပါရဂူက ထိုသို့လုပ်ရန်ညွှန်ကြားခဲ့လျှင် မကြောက်မရွံ့ပဲ လက်ခံသင့်ပေသည်။ဤနည်းစနစ် လုပ် ဆောင်ခြင်းဖြင့်၊ နှလုံးသွေးကြောကျဉ်းမကျဉ်း၊ကျဉ်းသည့် ရာခိုင်နှုန်းတို့ကို တိကျစွာသိရှိနိုင်ရုံသာမက (၇၀%)နှင့်အထက် နှလုံးသွေးကြောကျဉ်းလျှင် ဘောလုံးငယ်ဖြင့် တခါတည်း သွေးကြောကို ချဲ့နိုင် လေသည်။

နှလုံးရောဂါဖြစ်နိုင်ခြေများသောအုပ်စု

(က) ဝခြင်း(Obesity)သည်ရောဂါတခုပင်ဖြစ်သည်။ရှိသင့်သောကိုယ်အလေးချိန်၏ (၁၀%)ထက်မ နည်း ပိုနေခြင်းကိုခေါ်ပါသည်။၁၉၈၃ American Heart Association Framingham Heart Study တွင် လူပေါင်း ၅၂၀၉ ယောက်ကို ၂၆ နှစ်တိုင်တိုင်လေ့လာခဲ့ရာ အဝလွန်ခြင်းသည် နှလုံးရောဂါ ၊ နှလုံးတိုက်ခိုက်ခံရခြင်း၊နှလုံးကြောင့်သေဆုံးခြင်း၊တို့နှင့် တိုက်ရိုက်ပတ်သက်နေကြောင်းတွေ့ရှိရပါ သည်။

(ခ)သွေးတိုးရောဂါ ၊ သွေးကြောထဲမှများနေသောဖိအားသည် နှလုံးကိုဝန်ပိုပိစေသည်။ဝန်ပိုထမ်း ဆောင်ရသောနှလုံးသည် ပို၍ကြီးလာသည်။နောက်ဆုံးမတတ်နိုင်သောအခါ၊နှလုံးလုပ်ငန်းချို့ယွင်း သွား၍ နှလုံးရောဂါဖြစ်လာသည်။
          ထို့ပြင်သွေးတိုးရောဂါသည်၊သွေးကြောနံရံများကိုပျက်စီးစေသည်၊ ပျက်စီးသွားသောသွေး ကြောနံရံတွင် အဆီများ သွေးပန်းကန်ပြားများ စုပုံလာသဖြင့် သွေးကြောကျဉ်းလာသည်။  နှလုံးသွေး ကြောကျဉ်းလျှင် နှလုံးရောဂါဖြစ်၍ ဦးနှောက်သွေးကြောကျဉ်းလျှင် လေဖြန်းခြင်း လေဖြတ်ခြင်ဖြစ်စေသည်။

(ဂ) ဆီးချို သွေးချိုရောဂါ ၊သွေးထဲတွင်ပိုနေသော သကြားဓါတ်များ သွေးကြောနံရံတွင်စုပုံသဖြင့် သွေးကြောများပျက်စီး ခြင်း သွေးကြောကျဉ်းခြင်း ဖြစ်စေသည်။နှလုံးသွေးကြောကျဉ်းလျှင် နှလုံးရောဂါဖြစ်၍ ဦးနှောက်သွေး ကြောကျဉ်းလျှင်လေဖြတ်နိုင်သည်။

(ဃ)ကိုယ်လက်လှုပ်ရှားမှုနည်းသူများ။တနေကုန် တီဗီကြည့် ဂိမ်ကစား ဖုန်းပွတ်နေသူများသည် အဝလွန်ခြင်း သွေးထဲအဆီများခြင်း တို့ကြောင့် သွေးတိုးနှလုံး ဆီးချိုရောဂါများဖြင့် အသက် တိုကြသည်။

(င)ဆေးလိပ်သောက်သူ၊ ဆေးလိပ်ငွေ့ရှုနေရသူများ၊ ဆေးရွက်ကြီးနှင့်နီကိုတင်းကို နည်းအမျိုးမျိုးဖြင့် သုံးစွဲနေသူများ။ဆေးလိပ်နှင့်ဆေးရွက်ကြီးတွင် ပါဝင်သောအဆိပ်များသည်………….

(၁)သွေးကိုပိုပြစ်စေ၍ သွေးခဲသွေးကြောပိတ်ခြင်း။                                                         (၂)နှလုံးကိုပို၍ အလုပ်လုပ်စေ၍ နှလုံးဝန်ပိခြင်း။                                                     (၃)ဆေးလိပ်ငွေ့မှ ကာဗွန်မိုနောက်ဆိုဒ်ဓါတ်ငွေ့သည် သွေး၏အောက်စီဂျင်သယ်ဆောင်နှုန်းကို လျော့ကျစေခြင်း။                                                                                (၄)နှလုံးသွေးကြောကိုကျဉ်းစေခြင်း။                                                                         (၅)သွေးထဲတွင် အန္တရယ်ပေးသောအဆီများကို မြင့်မားစေခြင်း၊တို့ဖြင့် နှလုံးရောဂါ လေဖြတ်ရောဂါတို့ ကိုဖြစ်စေသည်။

(စ)စိတ်ဖိစီးမှုများခြင်း။စိတ်ဖိစီးမှုများခြင်းသည် ဆေးလိပ်သောက်ခြင်းနှင့် သွေးထဲ ကိုလက်စထရော များခြင်းကဲ့သို့ပင် နှလုံးအတွက်အန္တရယ်ရှိသည်ဟု ၂၀၀၆ ခုမတ်လ(၇)ရက် ဖလောရီဒါယူနီဗာစတီ၏ သုတေသနပြု ချက်အရသိရသည်။စိတ်ဖိစီးမှုသည် နှလုံးသို့သွားသောသွေးပမာဏကို လျော့ကျစေ၍ နှလုံးသွေးငတ် ခြင်း(Ischaemia)ကိုပို၍ဖြစ်စေသည်ဟုဆိုသည်။

          သို့ပါ၍ လူတိုင်းသင့်တင့်သော ကိုယ်အလေးချိန်၊ ပြုသင့်သောကိုယ်လက်လှုပ်ရှားမှု၊မျှတသော အစားအစာ၊ စိတ်ဖိစီးမှုနည်းသောလူနေမှု စနစ်များဖြင့် နှလုံးကျမ်းမာ လူချမ်းသာအောင် ဆောင်ရွက် နိုင်ကြပြီး အရွယ်မတိုင်သေးဆုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

No comments:

Post a Comment