8.7.18

ဂျပန်ဦးနှောက်ရောင်ရောဂါ(Japanese Viral Encephalitis – JVE) ။ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)




          လူနှင့်နို့တိုက်သတ္တဝါများကို ကူးစက်နိုင်သော ဗိုင်းရပ်အမျိုးပေါင်း(၂၃၀၀၀၀)ခန့်ရှိမည်ဟု ခန့် မှန်းထားပါသည်။ထိုအထဲကမှ ဦးနှောက်ရောင်ရောဂါကိုဖြစ်စေတာက ဗိုင်ရပ်ရောဂါပိုးအမျိုးပေါင်း (၁၀၀)ကျော်ရှိပါသည်။ဂျပန်ဦးနှောက်ရောင်ရောဂါမှာ ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ် (Japanese Encephalitis Virus-JEV ) ကူးစက်၍ဖြစ်သောရောဂါဖြစ်သည်။ထိုဗိုင်းရပ်စ်မှာ သွေးလွန်တုတ်ကွေး နှင့်အတူ Flavivirus အုပ်စုတွင်ပါဝင်သည်။

ရောဂါအစ ဂျပန်က

        ၁၈၇၁ ခုနှစ်မှာ ပထမဦးဆုံးလူနာကို ဂျပန်နိုင်ငံမှာတွေ့ရှိကြောင်း ဆေးမှတ်တမ်းများမှာတွေ့ရ ပါသည်။ နှစ်စဉ်လူတစ်သိန်းတွင် တစ်ယောက်မှ(၁၀)ယောက်အထိ(သို့မဟုတ်)အစုလိုက်အပြုံလိုက် ကူးစက်မှုပြင်းထန်ချိန်(Outbreaks)မှာ ဖြစ်နိုင်ချေ ထို့ထက်ပိုများပါသည်။ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ (WHO)၏မှတ်တမ်းများအရ၊နှစ်စဉ်လူနာ(၆၈၀၀၀)ခန့်ဖြစ်လေ့ရှိပြီး၊သေဆုံးမှုအနေဖြင့်(၁၃၆၀၀)မှ (၂၀၄၀၀)အထိသေဆုံးနိုင်ကြောင်းသိရပါသည်။အဓိကအားဖြင့် ကလေးများတွင်အဖြစ်များပါသည်။သို့ သော် အရွယ်သုံးပါးလုံးမှာဖြစ်နိုင်၍ သတိထားရန်လိုပါသည်။WHO ၏ထုတ်ပြန်ချက်အရ အရှေ့ တောင်အာရှနှင့် ပစိဖိတ်အနောက် ပိုင်း(၂၄)နိုင်ငံမှာလူပေါင်း(၃)ဘီလီယံ ကူးစက်နိုင်ချေရှိနေပါသည်။ 

ရောဂါကူးစက်ပုံ

        ခြင်ကိုက်ခြင်းကြောင့် ရောဂါကူးစက်သည်။ကမ္ဘာတွင်ခြင်အမိျိုးပေါင်း(၃၀၀၀)ကျော်ရှိ၍ နှစ်စဉ် လူနှစ်သန်းခန့် ခြင်မှတဆင့်ကူးစက်သောရောဂါများခံစားနေရသည်။ထိုရောဂါများကြောင့်ပင်၊နှစ်စဉ်လူ တစ်သန်းကျော်သေဆုံးနေရသည်။ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်စေသောခြင်မှာ ကျူးလက်စ် (Culextritaeniorhynchus)ခြင်ဖြစ်သည်။သွေးလွန်တုတ်ကွေးဖြစ်စေသောခြင်မှာ အေးဒီးစ်ခြင်ဖြစ်ပြီး ငှက်ဖျားဖြစ်စေသောခြင်မှာ အနော်ဖလိခြင်ဖြစ်သည်။
          ဂျပန်ဦးနှောက်ရောင်ရောဂါသည် လူမှလူသို့တိုက်ရိုက်မကူးစက်နိုင်ပါ၊ ရောဂါရှိလူကိုကိုက်ခြင်း ဖြင့်ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်သော ဗိုင်းရပ်ပမာဏကို တိုက်ရိုက်မရနိုင်၍ဖြစ်သည်။ဂျပန်ဦး နှောက်ရောင်ဗိုင်းရပ်သည် ဝက်၊ငှက်၊ဘဲ၊ခို၊လင်းနို့စသည်တို့၏ ခန္ဓာကိုယ်တွင် ဗိုင်းရပ်ပိုးများပွားပြီး၊ ယင်းတို့မှပိုးသည် ခြင်မှတဆင့်လူသို့ကူးစက်သည်။ထို့ကြောင့် ဝက်၊ငှက်၊ဘဲ၊ခို၊လင်းနို့တို့နှင့်နီးစပ်သူ များတွင် အဖြစ်များသည်။ကျူးလက်စ် ခြင်သည်လယ်ကွင်းများထဲတွင် အဓိကပေါက်ပွားသည်။အသုံး မပြုသော အိုးခွက်၊မြေကျင်း၊မြေတွင်း၊မြေချိုင့်နှင့် ရေတွင်းဟောင်း၊ရေကန်ဟောင်းများတွင်လည်း ကောင်း၊မြောင်းပုပ်၊အိမ်သာရေဆိုးကန် တို့တွင်လည်းကောင်း ပေါက်ပွားသည်။တိရစ္ဆာန်သွေးကို ပို ကြိုက်သည်။နံနက်(၃)နာရီမှ(၄)နာရီ၊ည(၉)နာရီမှ(၁၁)နာရီ(နေဝင်ချိန်နှင့်နေထွက်ချိန်)များတွင်၊ ကျူး လက်ခြင်ကိုက်၍ အများဆုံးကူးစက်သည်။ရာသီမရွေး ၊အသက်အရွယ်မရွေး၊ကျားမမရွေးဖြစ်နိုင်သော် လည်း(၁၅)နှစ်အောက်ကလေးများတွင်အဖြစ်များပြီး၊ခြင်ပေါက်ပွားမှုများသည့်မိုးရာသီတွင်၊ အဖြစ်များ သည်။

ရောဂါလက္ခဏာများ

(၁)ရှေးဦးလက္ခဏာများ(သာမန်တုပ်ကွေးလက္ခဏာများ)။ကူးစက်ခံရပြီး(၅)ရက်မှ(၁၅)ရက်အတွင်း၊ ရောဂါလက္ခဏာများပေါ်တတ်သည်။(ရောဂါပျိုးရက်) ပုံမှန်အားဖြင့် တစ်ရက်မှ(၆)ရက်အတွင်း ဖျားခြင်း၊ တုန် ခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊တို့ဖြစ်လေ့ရှိ သည်။တခါတရံ(၂၄)နာရီထက်တို တောင်းပြီး၊ တခါတရံ (၁၄)ရက်ခန့်ကြာတတ်သည်။

(၂)လတ်တလောဦးနှောက်ရောင်အဆင့်(ဦးနှောက်လုပ်ငန်းထိခိုက်သည့်လက္ခဏာများ)။ကူးစက်လူနာ (၂၅၀)တွင်တစ်ဦး၊ဦးနှောက်ရောင်တတ်သည်။ရောဂါဖြစ်စ(၃)ရက်မှ(၅)ရက်မြောက်နေ့တွင် အစာ၊ရေ မဝင်၍ မောပန်းခြင်း၊နုန်းချိခြင်း၊ဖြစ်ပြီးပိန်လာသည်။စိတ်ဂဏာမငြိမ်ဖြစ်ခြင်း၊ ဂယောင်ဂတမ်းဖြစ်ခြင်း၊ အိပ်ငိုက်ခြင်း၊ကြွက်သားများတောင့်တင်းလာခြင်း၊လျှာလေးခြင်း၊ဇက်ခိုင်ခြင်း၊ အချိန်နေရာဝေခွဲမရဖြစ် ခြင်း၊မူးဝေ ခြင်း၊တက်ခြင်း၊သတိလစ်ခြင်းနှင့် သေဆုံးသည်အထိဖြစ်နိုင် သည်။ လူနာ(၃)ဦးတွင်တဦး သေဆုံးတတ်သည်။

(၃)နောက်ဆက်တွဲလက္ခဏာများ။၃၀% မှ ၅၀%အထိ မသေပဲရောဂါမှ လွတ်မြောက်လာသော်လည်း၊ မှတ် ဥာဏ်ချို့ယွင်းခြင်း၊ အပြုအမူ ပြောင်းလဲချို့ယွင်းခြင်း၊စကားမပီခြင်း၊စကားမပြောနိုင်ခြင်း၊ ခြေ လက်သေခြင်း၊ လေဖြတ်ခြင်း၊ အတက်ရောဂါ စသည့် ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင် ရာ၊ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ချို့ ယွင်းချက်များ၊ကျန်ခဲ့တတ်သည်။ထိုချို့ယွင်းချက်များသည် အမြဲတမ်းဖြစ် သွားနိုင်သည်။

မြန်မာနိုင်ငံနှင့်ဂျပန်ဦးနှောက်ရောင်ရောဂါ       
        မြန်မာနိုင်ငံတွင် ပထမဦးဆုံးဂျပန်ဦးနှောက်ရောင်ရောဂါ လူနာများကို ၁၉၇၄ ခုနှစ်တွင် တာချီ လိတ်နှင့် ၁၉၇၅ ခုနှစ်တွင် ကျိုင်းတုံ၊လားရှိုး၊လွိုင်ကော်တို့၌တွေ့ရှိခဲ့သည်။၁၉၇၄ မှ ၂၀၁၄ အတွင်း ပြည်သူ့ဆေးရုံများသို့ဂျပန်ဦးနှောက်ရောင်ရောဂါဖြင့် (၂၇၇)ဦးတက်၍၊(၁၀၉)ဦးသေဆုံးခဲ့သည်။ ၂၀၁၀ မှ ၂၀၁၅ အတွင်း၊ဂျပန်ဦးနှောက်ရောင်ရောဂါ အတည်ပြုလူနာ(၂၈၀)ဦးရှိခဲ့ပြီး၊ပြည်နယ်တိုင်း အားလုံးတွင်ဖြစ်ပွားခဲ့သည်။ ၂၀၁၇ ခုနှစ် ပထမခြောက်လအတွင်း၊ဂျပန်ဦးနှောက်ရောင်ရောဂါလူနာ (၈၃၀)ဦးရှိပြီး၊(၁၄၆)ဦး ဓါတ်ခွဲခန်း အတည်ပြုနိုင်ခဲ့ပါသည်။

ရောဂါဆုံးဖြတ်ခြင်း
        ဂျပန်ဦးနှောက်ရောင်ရောဂါ ဟုတ်မဟုတ်ကို၊အောက်ပါအချက်များကြည့်၍ ဆုံးဖြတ်လေ့ရှိ သည်။ရောဂါဖြစ်ပွားနေသောအရပ်မှလာခြင်း၊ကျေးလက်ဒေသနှင့် နယ်စပ်ဒေသများတွင်နေထိုင်ခြင်း၊ ဝက်၊ငှက်၊ဘဲ၊ခို၊လင်းနို့၊စသည်များနှင့်ဆက်စပ်မှုရှိခြင်း၊ရောဂါပျိုးချိန်နှင့် ရောဂါလက္ခဏာများကို စစ် ဆေးခြင်း၊ဓါတ်ခွဲခန်းတွင် သွေးရည်ကြည်(Serum)ကိုစစ်ဆေးခြင်း၊လိုအပ်ပါက ပို၍တိကျစွာသိနိုင် သော ခါးရိုးတွင်းမှဦးနှောက်ကြောရိုးမ အရည်ကြည်(Cerebrospinal fluid-C.S.F)ကိုယူ၍ စစ်ဆေး ခြင်းတို့ဖြင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါသည်။

ရောဂါကုသခြင်း
        ဂျပန်ဦးနှောက်ရောင်ဗိုင်းရပ်စ်ကိုသတ်သောဆေး မပေါ်သေးသဖြင့်ကုသရန်ဆေးမရှိသေးပါ။ ကုသမှုမှာ ပြင်းထန်းသောလက္ခဏာများကို ခံစားမှုမှသက်သာအောင်လုပ်ခြင်း(ဥပမာ အတက်ရောဂါ ကို အတက်ကျဆေး(Anticonvulsant)များပေးခြင်း၊ဦးနှောက်တွင်းဖိအားနည်းအောင် ဆီးဆေးများ ပေးခြင်း၊စသည်)ရောဂါကိုကျော်လွှားနိုင်အောင် ကျားကန်ကုသခြင်းများသာဖြစ်ပါသည်။

ရောဂါကာကွယ်ထိန်းချုပ်ခြင်း

(၁)စောင့်ကြည့်ခြင်း(Surveillance)။ဂျပန်ဦးနှောက်ရောင်ရောဂါသည်၊(၂)နှစ်တခါ သို့မဟုတ် အကြာ ဆုံး(၁၅)နှစ်တခါ အစုလိုက် အပြုံလိုက်(Outbreaks)ဖြစ်တတ်သဖြင့်၊ WHO မှ ရောဂါ စောင့်ကြည့် ခြင်းလုပ်ငန်းကိုလုပ်ဆောင်စေသည်။
- ရောဂါကာကွယ်ပြီးသားနိုင်ငံများတွင် လူနာအခြေပြုစောင့်ကြည့်ခြင်း(Case-based Surveillance) ကိုလည်းကောင်း၊
- ရောဂါမကာကွယ်ရသေးသော နိုင်ငံများတွင် ဓါတ်ခွဲခန်းအခြေပြုစောင့်ကြည့်ခြင်း(Laboratory – based Surveillance)ကိုလည်းကောင်း၊ ဆောင်ရွက်လျက်ရှိသည်။

(၂)ကာကွယ်ဆေး(Vaccine)။ဂျပန်ဦးနှောက်ရောင်ရောဂါကို ဘေးအန္တရာယ်ကင်းပြီး၊ထိရောက်သော ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည်။ WHO မှ အာရှနှင့် အနောက်ပစိဖိတ်(၂၄)နိုင်ငံ တွင်၊ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးရန်းအကြံပြုထားချက်အရ မြန်မာနိုင်ငံတွင်၊ယခုနှစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ(၁၅)ရက်မှ(၂၃) ရက်အတွင်း၊ကျောင်းအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့်၊ ကျောင်းအားလုံးရှိ(၅)နှစ်မှ(၁၅) နှစ်အထိ၊ကလေး( ၁၄.၂ )သန်းကို၊အမေရိကန်ဒေါ်လာ(၉.၁)သန်း အကုန်အကျခံသုံးစွဲ၍ ကာကွယ် ဆေးထိုးပေးမည်ဖြစ်ပါသည်။ ၂၀၁၇ ဒီဇင်ဘာ(၁၁)ရက်မှ(၂၀)ရက် အထိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့်၊အသက်(၉)လမှ(၅)နှစ်အတွင်း၊ ကလေးများနှင့် ကျောင်းအခြေပြုကာ ကွယ်ဆေးထိုးရာတွင် မထိုးလိုက်ရသော ကလေးများကိုပါကာ ကွယ်ဆေးထိုးပေးမည် ဖြစ်ပါသည်။လာမည့် ၂၀၁၈ ခုနှစ်တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထည့်သွင်းမည်ဖြစ်ပါသည်။

(၃)ခြင်အန္တရာယ်ကာကွယ်ရေး။ကျူးလက်စ်ခြင်များအကိုက်ဆုံးဖြစ်သော နေဝင်ချိန်နှင့် နေထွက်ချိန် များတွင် တတ်နိုင်သမျှ အပြင်သို့မထွက်ပါနှင့်၊အိမ်အတွင်းနေလျှင်လည်း၊ ခြင်ကိုက်မခံရအောင်၊ ခြင် လုံဇကာတတ်ခြင်း၊ ဆေးစိမ်ခြင်ထောင်များ အသုံးပြုခြင်း၊ ပန်ကာဖွင့်ခြင်း၊အကျီင်္လက်ရှည်၊ခြေစွပ် ခေါင်းစွပ် ဝတ်ဆင်ခြင်း၊ အဝတ်အစားလွတ်သော နေရာများတွင် ခြင်ပြေးလိမ်းဆေးများလိမ်းခြင်း၊ တို့ဖြင့် ကာကွယ်နိုင်သည်။ခြင်ပေါ်က်ပွားနိုင်သော ရေအိုင်နေသည့် အိုးခွက်ဟောင်း တာယာဟောင်း များကို ရှင်းလင်းခြင်း၊ချိုင့်များမြောင်းများကိုမြေဖို့ခြင်း များပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ရေကန် ဟောင်း၊ရေတွင်း ဟောင်းများကို၊မြေဖို့ခြင်းဖြင့်လည်းကောင်း၊ လုံအောင်ဖုံးပိတ်ထား ခြင်းဖြင့်လည်း ကောင်း၊အိမ်သာရေဆိုးကန်များကို ခြင်မဝင်နိုင်အောင်   အလုံပိတ်ထားသင့်ပါသည်။
          ဂျပန်ဦးနှောက်ရောင်ရောဂါသည် အသက်(၅)နှစ်မှ(၁၅)နှစ်ကျောင်းသားအရွယ်များတွင် အဖြစ်များသဖြင့် တိုင်းပြည်အတွက် အရေးကြီးပါသည်။အများစုမှာ သာမန် တုတ်ကွေးမျှသာဖြစ်သော် လည်း၊သေဆုံးမှုနှုန်းများခြင်းကြောင့်လည်းကောင်း၊မသေသော်လည်း ရာသက်ပန်လူစဉ်မမီ ဥာဏ် ရည်မပြည့် ဖြစ်တတ်ခြင်းကြောင့်လည်းကောင်း၊ကာကွယ်ရန် အရေးကြီးပါသည်။ထို့ကြောင့် ကာကွယ် ခြင်းတွင်အသေချာဆုံးဖြစ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းတွင် တမျိုး သားလုံး တက်ကြွစွာပါဝင်ကြပါစို့ ဟုတိုက်တွန်းရေးသားလိုက်ရပါသည်။

ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

No comments:

Post a Comment