ကျူးကျော်အခြေချနေထိုင်သူများကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အများပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် သို့မဟုတ် နိင်ငံပိုင် မြေနေရာ သို့မဟုတ် အဆောက်အဦးများ အတွင်းသို့ ဥပဒေအရခွင့်ပြုချက် မရဘဲ၊ ပိုင်ဆိုင်ခွင့်ရရန် သို့မဟုတ် ငှားရမ်းခွင့်ရရန် သို့မဟုတ် အခြားရည် ရွယ်ချက်များဖြင့် ဝင်ရောက်နေထိုင်သူများဟု ဖွင့်ဆိုကြ၏။ထို ကဲ့သို့သော သူများသည် ပြည်တွင်း၌ရှိသကဲ့သို့ နိုင်ငံတနိုင်ငံမှ အခြားနိုင်ငံတခုအတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေထိုင်သူများလည်း ရှိပါသည်။တနိုင်ငံမှတနိုင်ငံသို့ ကျူးကျော်အခြေချ ဝင်ရောက်နေထိုင်သူများ သည် ၂၀၀၄ ခုနှစ်ဝန်းကျင်ကပင်လျှင် ကမ္ဘာတဝန်း တစ်ဘီလီယံမျှရှိကြောင်း၊သုတေသီ စာရေးဆရာတဦး (Robert Neuwirth)က ဖော်ပြခဲ့ပြီး၊ ဤနှုန်းအတိုင်းသာ ဆက်၍တိုးပွားလာပါက ၂၀၃၀ ခုနှစ်တွင် နှစ်ဘီလီယံ၊ ၂၀၅၀ ခုနှစ်တွင် သုံးဘီလီယံ ထိဖြစ်လာနိုင်ကြောင်း ၎င်းကိုယ်တိုင်ရေးသားသော သုတေသနစာတမ်းတွင် ဖော်ပြခဲ့ပါသည်။ ဤသို့ဆိုလျှင် ကျူးကျော်နေထိုင်ခြင်းများမှ အစပြုသော လက္ခဏာရပ်များသည် လူမှုရေး အရှုပ်အရှင်းများ တိုးပွားလာခြင်းနှင့် ပြည်တွင်း၌ ကျူးကျော်နေထိုင်သူများအဆင့်မှ တနိုင်ငံနှင့်တနိုင်ငံ ရွှေ့ပြောင်းအခြေချနေထိုင် သူများအဆင့်သို့ ရောက်ရှိလာခြင်းများအပြင် နိုင်ငံတကာနယ်ပယ်တွင် လက်ရှိ အခြေအနေများထက် ပိုမိုရှုပ်ထွေးကြီးမားသော ပြဿနာများဖြစ်လာနိုင်သည်ကို ညွှန်ပြနေသည်ဟု ဆိုပါသည်။
ကမ္ဘာ့ပြဿနာများ
ကမ္ဘာတဝန်းတွင်ရှိနေသော
ဆင်းရဲသည့်နိုင်ငံများတွင်သာမက ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင်ပါ၊ ကျူး ကျော်ရပ်ကွက်များ
ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ထိုရပ်ကွက်များသည် မြို့ကြီး များ၏
အစွန်အဖျားတွင် ရှိနေကြပြီး၊ အမိုးအကာ မပီပြင်သော ဖြစ်သလိုဆောက်လုပ်ထားသည့်
အိမ်ငယ် တဲ ငယ်များဖြင့် ပြည့်နက်လျှက်ရှိ၏။ တဲငယ်တလုံးစ နှစ်လုံးစမှစ၍ တဖြည်းဖြည်းကြီးထွားလာသော
ထိုကျူးကျော် ရပ်ကွက်များသည် မူလပိုင်ရှင်ဖြစ်သူ( အစိုးရ သို့မဟုတ် ပုဂ္ဂလိက) များ၏
ခွင့်ပြုချက်မရပဲ နေထိုင်လာခဲ့ကြရာမှ ကာလကြာလာသောအခါ ၊ တရားဝင်သည် မဝင်သည်ကိုပင်
ခွဲခြားမသိနိုင်သော အခြေအနေသို့ ရောက်လာခဲ့ လေသည်။ ၎င်းကျူးကျော်ရပ်ကွက်များတွင်
လူနေရပ်ကွက်များ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် စနစ်ကျ သော ရေပေးဝေရေးစနစ်နှင့် မိလ္လာသိမ်းစနစ်များလဲမရှိပေ။ခိုးယူသွယ်တန်းသော
လျှပ်စစ်မီးများ၊ဖယောင်းတိုင် မီးများ၊ လောင်စာဆီသုံး မီးတိုင်များကို အသုံးပြုနေကြသည်မှာလည်း
မီးဘေးအန္တရာယ် အလွန်များလှသည်။ အခြေခံစားသောက်ကုန်များကို အလျင်းသင့်သလို
ဝယ်ယူရောင်းချကြသည့် စားသောက်ကုန်အာမခံချက်မရှိ သည့် ပျံကျဈေးသည်များထံမှ
ဝယ်ယူစားသုံးနေကြခြင်း၊ အစာနပ်မှန်အောင် မစားရခြင်းများကြောင့် အာဟာရ ချို့တဲ့ခြင်းများလည်း
ရှိနေလေသည်။
အချို့သောကျူးကျော်နေထိုင်သူများသည်
လူနေတိုက်ခန်းများအကြားနှင့် ပိုင်ရှင်မနေသောတိုက်ခန်း
များ၊အိမ်များ၏နံဘေးတွင်လည်းကောင်း၊ပိတ်ထားသည့်ဈေးဆိုင်ခန်းများ၊ဘူတာရုံများ၊အသံလွင့်ရုံကဲ့သို့
ကြီး မားသည့် အဆောက်အဦးများ၏နံဘေးများတွင်လည်းကောင်း နေထိုင်ကြလေသည်။ထိုကဲ့သို့နေထိုင်မှုများကို
စပိန်၊ချီလီ၊အာဂျင်တီးနား၊မက္ကဆီကို စသည့်နိုင်ငံများတွင် အထူးသဖြင့်တွေ့ရလေသည်။
နိုင်ငံရေးအပေါ်သက်ရောက်မှု
၂၀၀၀
ပြည့်နှစ်အလွန်၌ ကြုံတွေ့ခဲ့ကြရသည့် ကမ္ဘာ့စီးပွားရေးအကြပ်အတည်းနှင့်အတူ ကမ္ဘာ့
နိုင်ငံအများအပြားတွင် အဆောက်အအုံများဆောက်လုပ်မှု လျော့ချခြင်း၊ မြို့ပြစီမံကိန်းရပ်ဆိုင်းခြင်းများ
ဖြစ် ပေါ်လာခဲ့သည်။ ထိုကာလတွင် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော အနောက်ဥရောပနိုင်ငံများသို့၊ကျူးကျော်
အခြေချနေထိုင်သူများ ပိုမို ဝင်ရောက်လာခဲ့၏။ ထို့ပြင် ထိုနိုင်ငံများ၌ အချို့သောကိစ္စရပ်များတွင်
ကျူးကျော် နေထိုင်သူများအရေးကို ရှေ့တန်းတင်ဗန်းပြပြီး နိုင်ငံရေးဖိအားပေးမှု နှင့်
နိုင်ငံရေးအမြတ်ထုတ်မှုများလည်း ကြုံတွေ့လာကြရလေသည်။ ပြန်လည်နေရာချထားမှုနှင့်
အခြေချနေထိုင်မှုများဆိုင်ရာ သုတေသနပညာရှင် တဦး(Dr. Kesia Reeve) က၊
ကျူးကျော်အခြေချနေထိုင်မှုများသည် နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးလိုအပ်ချက် များကြောင့်
ပေါ်ထွက်လာသည့် ပြဿနာတရပ်ဖြစ်ရာ ထိုပြဿနာရပ်သည် နိုင်ငံရေးအပေါ်သက်ရောက်မှုရှိ နေသည်ကို
ရှောင်လွှဲ၍ မရကြောင်း ဆိုပါသည်။
ကျူးကျော်နေထိုင်မှုများသည်
အစိုးရ၏ကန့်သတ်ထားသော မြို့သစ်စီမံကိန်းများ အိမ်ယာစီမံကိန်းများ ကြောင့်
နေထိုင်မှုအခွင့်အရေးများနှင့် အိမ်ယာပိုင်ဆိုင်ခွင့်များဆုံးရှုံးလျှက်
မျှော်လင့်ချက်ကင်းမဲ့သူများ ပေါ် ပေါက်လာခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး(ယေဘုယျအကြောင်း)ပင်ဖြစ်ပါသည်။ထိုသူများသည်
ဥပဒေစံချိန် စံညွှန်းများအတွင်း အိမ်ယာပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်များ
မရနိုင်တော့သဖြင့်၊ မိမိတို့သဘောအလျှောက် အလျင်း သင့်သလို နေထိုင်ကြ ရာမှ
ကျူးကျော်နေထိုင်သူ လူတန်းစားတရပ်အဖြစ်ပေါ်ပေါက်လာခြင်းဖြစ်သည်ကို တွေ့ ရ၏။
ကျူးကျော်နေထိုင်မှုအမျိုးမျိုး
ဒတ်ခ်ျလူမျိုး
လူမှုရေးသိပ္ပံပညာရှင်တဦး( Hans Pruijt )က၊ကျူးကျော်နေထိုင်သူ အမျိုးအစားများကို
အောက် ပါအတိုင်း(၅)မျိုးခွဲခြားပြပါသည်။
(၁)ဘိုးဘွား အစဉ်အဆက် အိမ်ယာလိုအပ်ချက်
အစဉ်အမြဲရှိနေခဲ့ကြသည့် အိမ်ခြေမဲ့များ။
(၂)
မြူနီစီပါယ်နှင့်အိုးအိမ်ဦးစီးဌာန တို့ကဲ့သို့သော အစိုးရဌာနဆိုင်ရာများမှ
တိုက်ရိုက်ချထားပေးသော မြို့သစ် စီမံကိန်းများနှင့် အိမ်ယာစီမံကိန်းများတွင်
စာရင်းပါဝင်ပြီးစောင့်ဆိုင်းနေသူများ။
(၃)အိုးအိမ်ဆောက်လုပ်ခွင့်နှင့် မြိုပြနေထိုင်ခွင့် အကြောင်းကြောင်းကြောင့်
ရပ်ဆိုင်းခြင်းခံထားရသူများ။
(၄)နေထိုင်ခွင့်ကုန်ဆုံး၍
သို့မဟုတ် စည်းကမ်းချက်များကိုဖောက်ဖျက်သောကြောင့် နေအိမ် သို့မဟုတ် အိမ်ခန်းကို
ပြန်သိမ်းခြင်းခံရသူများ။ (၅)နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားဆဲကာလ၌
နေထိုင်ရန်အခက်အခဲရှိ၍ ကျူးကျော်အခြေချနေထိုင်သူများ တွင် ပူးပေါင်းနေထိုင်သူများ
ဟူ၍ဖြစ်လေသည်။
တရားဥပဒေရှုဒေါင့်
နိုင်ငံများစွာတွင်ဖြစ်ပေါ်နေသော
ကျူးကျော်နေထိုင်ခြင်းများ၏သဘောသဘာဝသည်ပင်လျှင် ပြစ်မှု မြောက်လျှက်ရှိ၏။ထို့ပြင်
ပိုင်ရှင်နှင့်ကျူးကျော်သူတို့အကြားထင်ဟပ်နေသည့် ဆန့်ကျင်ဖက် သဘောတရား များသည်
မြို့ပြဆိုင်ရာဥပဒေ၊စည်ပင်သာယာဥပဒေ၊ပုဂ္ဂလိကပိုင်နှင့် အများပိုင်ပစ္စည်းဆိုင်ရာ
ဥပဒေများနှင့် လည်းငြိစွန်းလျှက်ရှိပါသည်။ထိုကဲ့သို့
ဥပဒေရေးရာပြဿနာများရှိနေသော်လည်း နိုင်ငံများစွာတွင် ကျူးကျော် နေထိုင်သူများတိုးပွားလျှက်ရှိ၏။
မျက်မှောက်ခေတ်တွင် မရိုးသားမှုများနှင့် နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်
မှုအမှောင့်ပယောဂများမကင်းသော ပြည်တွင်းပြည်ပ ကျူးကျော်နေထိုင်မှုများကို
သက်ဆိုင်ရာနိုင်ငံ အစိုးရများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးနိုင်ပါမည်လော၊
လက်ရှိအချိန်တွင်နိုင်ငံတကာ၌ ထိုအခြေအနေ များကို ထိန်းထိန်းသိမ်းသိမ်းပြုနိုင်သည်ဆိုရုံမျှသာ
ဆောင်ရွက်နိုင်ကြသည်ကိုတွေ့ရပြီး၊ ပပျောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိကြချေ။ ထိုသူများသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် လူတန်းစားတရပ်အနေဖြင့်
ရှိနေ သည်ကို လက်ခံကြရမည့်အခြေအနေသို့ တဖြည်းဖြည်းဦးတည်လာနေပြီး၊ ထိုကျူးကျော်သူများအား
ထိန်းချုပ် ရန် သို့မဟုတ် ကန့်သတ်ရန် သို့မဟုတ် တားဆီးရန်တို့ အတွက်
နိုင်ငံအသီးသီးတွင် နည်းလမ်းများ အပူတပြင်း ရှာဖွေနေကြရပြီဖြစ်ပါသည်။ကမ္ဘာနိုင်ငံအနှံ့အပြားတွင်
ရင်ဆိုင်နေကြရသောထိုအခြေအနေကို နိုင်ငံတကာ အသိုင်းအဝိုင်း၌
ဖြေရှင်းကြရမည့်ပြဿနာရပ်အဖြစ်သတ်မှတ်လာကြရပြီလည်းဖြစ်ပါသည်။
မတူကွဲပြားအမြင်များ
သုတေသီတဦး(Anarchist
Colin Ward)က ကျူးကျော်အခြေချနေထိုင်ခြင်းသည် ပိုင်ဆိုင်ခွင့်(နေထိုင်
ခွင့်)ရရေးအတွက် ကျင်သုံးကြသည့် ကမ္ဘာ့ရှေးအကျဆုံး
နည်းဗျူဟာတခုပင်ဖြစ်ကြောင်း၊မိမိတို့ အများစုသည် လည်း သမိုင်းကြောင်းကို
ပြန်ပြောင်းကြည့်လျှင် ကျူးကျော်နေထိုင်သူများအဖြစ်မှ ဆင်းသက်လာသူများသာ
ဖြစ်သည်ကိုတွေ့ကြရမည်ဖြစ်ကြောင်း မှတ်ချက်ပြုပါသည်။ယူနိုက်တက်ကင်းဒန်းရှိ
ရဲအရာရှိတဦး(Sue Williams)ကမူ ကျူးကျော်သူများသည် လူမှုရေးအမူအကျင့်ကောင်းများကို
ဆန့်ကျင်နေပြီး၊ရာဇဝတ်မှုခင်းများ ၏ မြစ်ဖျားခံရာလည်းဖြစ်ရာ
ငြိမ်းချမ်းစွာနေထိုင်ရေးကို အလွန်အမင်းအနှောက်အယှက်ဖြစ်စေသည်ဟု ဆိုပါ သည်။
ကျူးကျော်နေထိုင်ခြင်းများမှ
အစပြုသော ဖြစ်စဉ်များသည် မင်းမဲ့ဝါဒ၊အုပ်စုဖွဲ့စိုးမိုးခြင်းဝါဒ၊ ပိုင်ရှင်မဲ့ ဝါဒ များ
ထွန်းကားလာနိုင်ပြီး၊အခွင့်အခါကောင်းကိုစောင့်လျှက် လူမှုအဆောင်အအုံသစ်များ ဖော်ဆောင်ရန်
ကြို တင် ပြင်ဆင်ထားခြင်းများကိုကြုံတွေ့နေကြရသောကြောင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရား
နှင့် နိုင်ငံရေးမူဝါဒများ ကိုပါ ထိခိုက်လာနိုင်သည်ဟု သုံးသပ်သူများလည်းရှိပါသည်။
ဖြေရှင်းနိုင်ရန် ကြိုးပမ်း
ကျူးကျော်သူအများစုသည်
တရားဝင်နေရာများတွင်နေထိုင်သူများဘဝမှ
အခြေအနေပြောင်းလဲလာ သူ များဖြစ်ပါသည်။အထူးသဖြင့် စီးပွားရေး၊ လူမှုရေးဆုတ်ယုတ်ကျဆင်းမှုများကြောင့်
အိမ်ယာဆုံးရှုံးခဲ့ကြ ရ၍ ကျူးကျော်နေထိုင်သူများဖြစ်လာကြ၏။ထိုသူများသည်
ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ကြရသူများဖြစ်ရာ မူလဗီဇ သဘောအရ
အနှုတ်လက္ခဏာဆောင်လျှက်ရှိပြီး ကျူးကျော်နေထိုင်ရာပတ်ဝန်းကျင်နှင့် သက်ဆိုင်ရာ အာဏာ ပိုင်များအပေါ်တွင်
ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေပါသည်။ ထိုပြဿနာများကို
နိုင်ငံများရှိ အစိုးရအသီးသီး တို့က ဖြေရှင်းကြရာတွင်
ဖြစ်ပေါ်လာသည့်အခြေအနေပေါ်မူတည်၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ညွှန်ကြားလွှာများ
ထုတ်ပြန်၍ ဖြေရှင်းနည်း နှင့် သက်ဆိုင်ရာနိုင်ငံ များ ၏ တည်ဆဲဥဒေများ(အထူးသဖြင့်
လူဝင်မှုကြီး ကြပ်ရေးဥပဒေ နှင့် မြူနီစီပါယ်ဥပဒေများ)ကို အသုံးပြု၍
ဖြေရှင်းနည်းများကို ကျင့်သုံးနေကြပါ သည်။ ယူနိုက်တက်ကင်းဒန်းနှင့် ယူနိုက်တက်စတိတ်တို့တွင်
တည်းဆဲဥပဒေများကို အားထားဖြေရှင်းနေပြီး၊ လူဝီစီယားနားပြည်နယ်ကမူ ပြင်သစ်နိုင်ငံ၏ ဥပဒေလုပ် ထုံးလုပ်နည်းမျာကိုမှီး၍
ဥပဒေကဲ့သို့အာဏာတည် သော အမိန့်များကို အခါအားလျှော်စွာထုတ်ပြန် ဖြေရှင်းနည်းကို ကျင့်သုံးနေပါသည်။
ထိုသို့ဖြေရှင်းနေကြ သော်လည်း အခက်မခဲနှင့်အားနည်းချက်များကို ရင်ဆိုင်နေကြရဆဲဖြစ်၍
ကြုံတွေ့ရသောပြဿနာများကို ပြီးပြည့်စုံအောင် ဖြေရှင်းနိုင်ခြင်းမရှိသေးသည်ကို တွေ့ကြရမည်ဖြစ်၏။
ဖွံ့ဖြိုးပြီးနိုင်ငံအများစုတွင်
ဖြစ်ပေါ်လျှက်ရှိသော ထိုအခြေအနေများမှ လွတ်မြောက်ရန်အတွက် ကျူး ကျော်
အခြေချနေထိုင်သူများနှင့်ပတ်သက်သော အခြေခံအကြောင်းရင်းများကို
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယခု ထက်ပိုမို၍ ခြေခြေမြစ်မြစ်လေ့လာလျှက်ရှိပါသည်။အချို့သောနိုင်ငံများတွင်
ကျူးကျော်အခြေချနေ ထိုင်သူများ ကိုယ်တိုင်ပါဝင်စေလျှက် မိမိတို့၏ လူနေမှုဘဝအဆင့်
မြှင့်တင်ရေး၊ လူကျင့်ဝတ်များကို ပိုမိုစောင့်ထိန်းလာစေ ရေးနှင့် ရာဇဝတ်မှုများ ပပျောက်စေရေးတို့အတွက်
၊ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊လူမှုရေး အသင်းအဖွဲ့များနှင့်
လူတန်းစားအလွှာပေါင်းစုံက နည်းလမ်းများ ရှာဖွေနေ ကြပြီဖြစ်ပါသည်။ အစိုးရများနှင့်
သက်ဆိုင်ရာနိုင်ငံ အသီးသီးရှိ ဥပဒေပြုအာဏာပိုင် အဖွဲ့များကလည်း
ကျူးကျော်အခြေချနေထိုင်သူများ ဆိုင်ရာအထူးဥပဒေများ ရေးဆွဲ ပြဌာန်းရန် သင့်မသင့် ဖြေရှင်းရန် နည်းလမ်းတရပ်အဖြစ်စဉ်းစားလျှက်ရှိပြီး၊
အခြေခံမူဝါဒများကို ဆန်းစစ်လေ့ လာနေကြပါသည်။ ထိုသူများအား အလျင်းသင့်သလို ထိန်းချုပ်ခြင်းမျိုး
မဟုတ်ဘဲ စနစ်တကျထိမ်းချုပ်နိုင်ရန် ဖြစ်ပေသည်။
မိမိတို့သည်လည်း
အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ ပြည်တွင်းပြည်ပ ကျူးကျော်အခြေချနေထိုင် သူများ၏
ပြဿနာများကိုထဲထဲဝင်ဝင် ရင်ဆိုင်နေကြရသည်ဖြစ်ရာ၊လက်ရှိ ပြဿနာကို
ရင်ဆိုင်ဖြေရှင်းနေရုံ မျှသာမက
ကြိုတင်ခန့်မှန်း၍မရနိုင်သော အသစ်အသစ်သောပြဿနာများကို
ရင်ဆိုင်နိုင်ရန်အတွက် အခြား သောကမ္ဘာ့နိုင်ငံများနည်းတူ နည်းလမ်းများရှာဖွေသင့်ပြီဖြစ်ပါကြောင်း
အကြံပြု ရေးသားအပ်ပါသည်။ (Ref;https://en.wikipedia.org/wiki/Squatting

No comments:
Post a Comment