21.8.18

မျက်စိနှင့် မျက်စဉ်း။(၂၁/၈/၁၈ ရက်နေ့ထုတ် စံတော်ချိန်သတင်းစာ ဆောင်းပါး) ဒေါက်တာဇော်ထွန်းလင်း(မျက်စိအထူးကုဆရာဝန်ကြီး)


                                        
        

  
လူသားတို့သည် ရောဂါအမျိုးမျိုးကို ကုသရန်အတွက် ဆေးဝါးများကို ခေတ်အဆက်ဆက် ရှာဖွေဖော်ထုတ် အသုံးပြုခဲ့ကြသည်။သောက်ဆေး၊ထိုးဆေး၊ရှုဆေး စသည်ဖြင့် ခန္ဓာကိုယ်တွင်း ဆေး ဝါးအာနိသင်ပြရန် တီထွင်ခဲ့ကြရာ မျက်စိထဲထည့်ရသောဆေး(မျက်စဉ်း)သည်လည်း တခုအပါအဝင် ဖြစ်သည်။
          မျက်စဉ်းကို ခရစ်တော်မပေါ်မီ ဘီစီ ၅၅၃-၅၅၀ အတွင်း အီဂျစ်တို့စတင် အသုံးပြုခဲ့ကြောင်း၊ အီဂျစ်သုတေသနပညာရှင်ဂျာမန်လူမျိုး(Georg Eber)၏ ၁၈၇၂ ခုနှစ် ရှာဖွေတွေ့ရှိချက်အရ သိရ သည်။ ထိုမျက်စဉ်းများတွင် အန်တီမိုနီ၊ကြေးနီနှင့် မဂ္ဂနီး တို့ပါဝင်ပြီး၊ပိုးသတ်ဆေး အနေနှင့်လည်း ကောင်း၊နေရောင်ကာအဖြစ်လည်းကောင်း၊ အလှအပအနေနှင့်လည်းကောင်း အသုံးပြုခဲ့ကြသည်။ ခေတ်မီမျက်စဉ်းများအနေနှင့် ရေတိမ်ရောဂါ အတွက် ပိုင်လိုကာပင်း မျက်စဉ်းကို ၁၈၇၀ ခုနှစ် များက တည်းက အသုံးပြုခဲ့ကြသည်။ ၁၉၈၀ ခုနှစ် တွင် ဘီတာဘလော့ကာ မျက်စဉ်းများ၊ ၁၉၉၉ ခုနှစ် တွင် ပရိုစတာဂလင်ဒင် အမျိုးအနွယ်မျက်စဉ်းများ စသည်ဖြင့် အဆင့်ဆင့် တိုးတက်တီထွင်ခဲ့ကြသည်။
မျက်စဉ်းအမျိုးအစားများ
        မျက်စဉ်းများကို အမျိုးအစားခွဲခြားရာတွင် ဆရာဝန်ဆေးညွှန်းလိုသော မျက်စဉ်းနှင့် ဆရာဝန် ဆေးညွှန်းမလိုသော မျက်စဉ်းများ(Over the counter – OTC)ဟူ၍ ခွဲခြားနိုင်သည်။ထို့ပြင် သက်ဆိုင် ရာအသုံးပြုသည့် အခြေအနေပေါ်မူတည်၍ အောက်ပါအတိုင်းလည်းခွဲခြားနိုင်ပါသည်။
(က) မျက်ရည်ခမ်းခြောက်ခြင်း။     ။မျက်ရည်ခမ်းခြောက်သောအခါ ၊ မျက်ခွံနှင့် မျက်စိမျက်နှာပြင် ထိတွေ့ရာတွင် ချောမွေ့မှုမရှိသဖြင့် ခိုးလိုးခုလုဖြစ်ခြင်းကို ခံစားရသည်။ထိုအခါ မျက်ရည်တုမျက်စဉ်း များက ခြောက်သွေ့ခြင်း၊ခိုးလိုးခုလုဖြစ်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။မျက်စိခြောက် ခြင်းသည် လေကြောင့်လည်း ကောင်း၊နေရောင်ခြည်ကြောင့် လည်းကောင်း၊စာဖတ်ခြင်း၊ကွန်ပျူတာ သုံးခြင်း၊ဖုန်းကြည့်ခြင်း၊ တီဗွီ ကြည့်ခြင်းတို့ကြောင့်လည်းကောင်း ယာယီဖြစ်နိုင်သည်။ထိုအခါ မျက် ရည်တု သို့မဟုတ် မျက်ရည်တုမျိုးနွယ်တူ မျက်စဉ်းများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ အသုံးပြုနိုင် သည်။
          ယာယီမဟုတ်ဘဲ ရေရှည် နာတာရှည်ဖြစ်လာပါက မျက်စိဆရာဝန်နှင့်တိုင်ပင်၍ ဆရာဝန်ညွှန်း သောဆေးကို သုံးစွဲရပါမည်။
(ခ) မျက်စိနီခြင်း။     ။မျက်စိနီခြင်းအတွက် မျက်စဉ်းများတွင် ဒီကွန်ဂျက်စတင့်(Decongestant) မျက်စဉ်းများ ပါဝင်သည်။ ဒီကွန်ဂျက်စတင့်များသည် သွေးကြောများကို ရှုံ့သွားစေသဖြင့်၊နီရဲခြင်းကို ပျောက်စေပါသည်။ ရေကူးကန်အတွင်း ရေကူးခြင်း၊ငိုကြွေးခြင်း၊နေပူထဲ အထွက်များခြင်းကြောင့် ရိုးရိုးသာမန် ယာယီနီရဲ သော မျက်စိများအတွက် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဒီကွန်ဂျက်စတင့် မျက်စဉ်းများကိုခပ်နိုင်ပါသည်။
          ထိုသို့မဟုတ်ဘဲ မျက်စိပိုးဝင်ခြင်း၊ရေတိမ်ဖြစ်ခြင်း၊သူငယ်အိမ်ရောင်ခြင်း စသည့်မျက်စိရောဂါ ကြောင့် နီလျှင်မူ မျက်စိဆရာဝန်နှင့် စမ်းသပ်စစ်ဆေးပြီးမှ ဆရာဝန်ညွှန်သည့် ဆေးများကိုသာသုံးသင့် ပါသည်။
(ဂ) မျက်စိယားခြင်းနှင့် ဓါတ်မတဲ့ခြင်းများ။     ။မျက်စိယားခြင်းနှင့်ဓါတ်မတဲ့ခြင်းများအတွက် ဟစ်တ မင်းဆန့်ကျင်ဆေးပါသော မျက်စဉ်းများကို သုံးလေ့ရှိသည်။မျက်စိယားယံခြင်းသည် ဓါတ်မတဲ့ခြင်း ကြောင့်ဖြစ်ပါက မျက်စဉ်းကိုမသုံးဘဲ သောက်ဆေးကိုသာသုံးသင့်ပါသည်။သောက်ဆေးသုံး၍ မသက် သာပါက ၊ ဟစ်တမင်းဆန့်ကျင်ဆေး ပါသောမျက်စဉ်းကို မိမိဘာသာခပ်ခြင်းထက် ၊ မျက်စိဆရာဝန် ပြပြီးမှ ညွှန်သည့်မျက်စဉ်းကိုသာ ခပ်သင့်ပါသည်။
(ဃ)မျက်ဝတ်ထွက်ခြင်းနှင့် မျက်စိမျက်ခွံရောင်ခြင်း။     ။ဤကိစ္စတွင် မျက်စဉ်းများကိုသုံးရသည်။ အဝေးမှုန် အနီးမှုန်ဖြစ်လျက် ၊ ကွန်ပျူတာ ၊ တီဗွီ ၊ ဖုံး ၊ အသုံးများ၍ သာမန်မျှ မျက်ဝတ် အနည်းငယ် ထွက်ခြင်း၊ မျက်ခွံအနည်းငယ်မို့ခြင်းများအတွက် မျက်ရည်တုအမျိုးအစား ၊မျက်စိချောဆီ အမျိုးအစား ကို ဆရာဝန်မညွှန်းဘဲ သုံးနိုင်ပါသည်။ မသက်သာပါက(မျက်ဝတ်များထွက်ခြင်း၊မျက်စိမျက်ခွံ အတော် အသင့် ရောင်ရမ်းခြင်းများရှိပါက)မျက်စိဆရာဝန်နှင့် ပြ၍ ဆရာဝန်ညွှန်သည့် ဆေးကိုခပ်သင့်ပါသည်။
(င) မျက်စိပိုးဝင်ခြင်း။     ။မျက်စိပိုးဝင်ခြင်းအတွက် သုံးသောမျက်စဉ်းများတွင် ပဋိဇီဝဆေးများ ပါဝင် သည်။ ဘက်တီးရီးယား၊ ဗိုင်းရပ်နှင့် မှိုပိုး စသည်ဖြင့် ပိုးအမျိုးအစားအလိုက် မျက်စဉ်းအမျိုးမျိုးရှိသည်။ ရောဂါလက္ခဏာနှင့် တွေ့ရှိချက်များအပေါ်မူတည်၍ မျက်စိဆရာဝန်က မျက်စဉ်းကိုညွှန်းသည်။ ဆရာ ဝန်ညွှန်းသောဆေးကို သတ်မှတ်ကာလအတိုင်း၊အကြိမ်အတိုင်း မျက်စဉ်းခပ်၍ ဆရာဝန်မှာသည့် အတိုင်း ပြန်ပြရသည်။မျက်စိမှထွက်သော မျက်ဝတ်ကို ပိုးမွေး၍ ထိုပိုးကိုနိုင်သော ပဋိဇီဝဆေးပေး လျှင် အကောင်းဆုံးဖြစ်သည်။
(စ) စတီးရွိုက်မျက်စဉ်းများ။    ။မျက်စိခွဲစိတ်ပြီးနောက် ရောင်ရမ်းခြင်းမဖြစ်စေရန် စတီးရွိုက်မျက်စဉ်း များကို ပဋိဇီဝဆေးနှင့်တွဲ ၍ပေးလေ့ရှိသည်။ရိုးရိုးမျက်စိယားခြင်း၊ အနည်းငယ်ရောင်ခြင်း၊ဓါတ်မတဲ့ သော မျက်စိရောဂါများ အတွက်သုံးလျှင် ချက်ချင်းယူပစ်သလို ပျောက်ကင်းသက်သာတတ် သော် လည်း၊ရေရှည်တွင် ဘေးထွက်ဆိုးကျိုးအနေနှင့် အတွင်းတိမ်ဖြစ်ခြင်း၊ ရေတိမ်ဖြစ်ခြင်း နှင့် ပိုးမွှားများ ပေါက်ပွားခြင်းကို အားပေးခြင်းတို့ကြောင့် ယခုလောလောဆယ် ရောဂါပျောက်လျှင်ပြီးရောယူဆ၍ အလွယ်တကူမသုံးသင့်ပေ။ အထူးသဖြင့် မျက်ကြည်လွှာ အနာဖြစ်ခြင်းတွင်၊စတီးရွိုက်ပါသော မျက်စဉ်းထည့်မိပါက၊မျက်ကြည်လွှာ ပျော့၍ မျက်ကြည်လွှာပေါက်သည်အထိ အခြေအနေ ဆိုးနိုင် သည်။ဗိုင်းရပ်ကြောင့်ဖြစ်သော မျက် ကြည်လွှာ ရောင်ရမ်းခြင်း၊မျက်ခွံရောင်ခြင်းများတွင် ထိုမျက်စဉ်း မျိုးခပ်မိပါက ရောဂါကိုပို၍ဆိုးဝါးစေသည်။
(ဆ) စတီးရွိုက်မဟုတ်သော အရောင်လျော့မျက်စဉ်းများ။      ။သာမန်မျက်စိမျက်ခွံရောင်ခြင်းများတွင် စတီးရွိုက်မျက်စဉ်းမသုံးလိုသောအခါ သုံးသည်။စတီးရွိုက်မျက်စဉ်းလောက် အရောင်ကျခြင်းတွင် အစွမ်းမထက်သော်လည်း ဘေးထွက်ဆိုးကျိုးနည်းခြင်း၊အတွင်းတိမ်၊ရေတိမ်မဖြစ်ခြင်းတို့ကြောင့်၊ ပို၍ အန္တရာယ်ကင်းသည်ဟုယူဆရသဖြင့် အသုံးများသော မျက်စဉ်းဖြစ်သည်။
(ဇ) ရေတိမ်မျက်စဉ်း။     ။ရေတိမ်မျက်စဉ်းဆေးကို ရေတိမ်ရောဂါတွင် အသုံးပြုပါသည်။ရေတိမ်မဖြစ် သေးသော်လည်း၊ မျက်စိရေချိန်ဆက်တိုက် တက်နေပါက ရေတိမ်မဖြစ်အောင် ကာကွယ်သည့်အနေ နှင့်လည်း သုံးပါသည်။ ရေချိန်တက်သောပမာဏ၊ ရေတိမ်အမျိုးအစား၊မျက်စိအာရုံကြောခွက်ခြင်း (Optic disc cupping)ပမာဏနှင့်၊မျက်စိမြင်ကွင်း(Visual field)အခြေအနေပေါ်မူတည်၍ မျက်စိ ဆရာဝန်က မျက်စဉ်းဆေး၊သောက်ဆေးများကို လိုအပ်သလို ညွှန်းလေ့ရှိပါသည်။ဆရာဝန်ညွှန်းသည့် အတိုင်း သေချာစွာလိုက်နာလျှင်၊ ရေတိမ်ကြောင့် မြင်ကွင်းပိုကျဉ်း၍ မျက်မမြင်ဘဝရောက်ရမည့် အခြေအနေမှ ကာကွယ်နိုင်မည်ဖြစ်ပေသည်။
(ဈ) မျက်ကပ်မှန် မျက်စဉ်း။     ။မျက်ကပ်မှန်တပ်သောသူများသည်လည်း မျက်စဉ်းခပ်ရပါသည်။ မျက် ရည်တုနှင့် အမျိုးတူသော မျက်စဉ်းကို မျက်ကပ်မှန်တပ်သောအခါ အလျဉ်းသင့်သလိုခပ်ပေးမှ မျက် ကပ်မှန်တပ်ရတာ သက်တောင့်သက်သာဖြစ်၍ ခိုးလိုးခုလုဖြစ်ခြင်းမှ ကင်းဝေးမည်ဖြစ်ပါသည်။ မျက် ကပ်မှန်ကို တနေ့(၁၂)နာရီ ထက်ပို၍တပ်ပါက မျက်စဉ်းခပ်သော်လည်း ၊ ခိုးလိုးခုလုဖြစ်၍ မျက်စိထိ ခိုက်တတ်ပါသည်။ထို့ကြောင့် တပတ်တစ်ခါ ၊ တလတစ်ခါ စသဖြင့် အချိန်အတော်ကြာမှလဲရသော တခါသုံး မျက်ကပ်မှန်များကို တီထွင်လာကြရခြင်းဖြစ်ပါသည်။
(ည)သူငယ်အိမ်ချဲ့သောမျက်စဉ်း။     ။သူငယ်အိမ်ချဲ့သောမျက်စဉ်းများကို မျက်စိအတွင်းပိုင်းစစ်ဆေး သော အခါတွင်လည်းကောင်း၊ မျက်ကြည်လွှာအနာပေါက်သည့်အခါတွင်လည်းကောင်း၊ကလေးများ မျက်မှန်ပါဝါမစမ်းခင် ကြို၍ခပ် ခြင်းတွင်လည်းကောင်း၊သူငယ်အိမ်ရောင်ရမ်းနာတွင် လည်းကောင်း၊ မြင်လွှာကွာသောရာဂါတွင် လည်းကောင်း သုံးလေ့ရှိပါသည်။မျက်စိဆရာဝန်သုံး ဆေးဖြစ်၍ မိမိ သဘောနှင့် လုံးဝ(လုံးဝ)မခတ်ရပါ။ မတော်တဆ ခတ်မိလျှင် ရေတိမ်ရောဂါဖြစ်ခြင်း၊ဆေးအာနိသင် မပျယ်မချင်း မျက်စိဝါးနေခြင်း(အထူးသဖြင့် ကလေးငယ်များဖြစ်ပါက အမြင်အာရုံရေရှည် ထိခိုက် ခြင်း) စသည့် အန္တရာယ်များပေးတတ် သောကြောင့်ဖြစ်ပါသည်။
(ဋ) ထုံဆေးမျက်စဉ်း။     ။ထုံဆေးမျက်စဉ်းများးကို မျက်စိအသေးစားခွဲစိတ်ခြင်း၊အကြီးစား ခွဲစိတ် ခြင်း၊အချို့သောမျက်စိ စစ်ဆေးခြင်းများ၊မျက်စိအပေါ်ယံ သံစ ၊ သစ်စ ၊ ဖုံ စသည်ဝင်သောအခါ ထုတ်ခြင်း၊မျက်စိရေချိန်တိုင်းခြင်း စသောကိစ္စများတွင် သုံးလေ့ရှိသည်။ဆရာဝန်သုံးဖြစ်၍ မိမိသ ဘောနှင့် နာကျင်မှုပျောက်သည်ဆိုကာ မသုံးသင့်သော မျက်စဉ်းဖြစ်ပါသည်။
          သို့ပါ၍ “မျက်စဉ်းတစ်စက်၊ မျက်စိပျက်” တတ်သဖြင့် ယခုတင်ပြသော မျက်စဉ်းဗဟုသုတများ ဖြင့် လူတိုင်းမိမိတို့၏ အဖိုးတန်လှသော မျက်စိအမြင်ကို တသက်လုံး ထိန်းသိမ်းစောင့်ရှောက်နိုင်ကြ ပါစေသတည်။

No comments:

Post a Comment