23.9.20

မျက်စိနဲ့ COVID 19 (၁၂/၅/၂၀၂၀ ရက်နေ့ထုတ်ရတနာပုံနေ့စဉ်သတင်းစာပါဆောင်းပါး)

 

                       

                                          မျက်ရည်လမ်းကြောင်းအင်္ဂါစုနှင့်မျက်ရည်ထွက်လမ်းကြောင်း

                                       

                                                          အသက်ရှူလမ်းကြောင်းပုံ

          COVUID-19 ရောဂါဆိုးကြီး၊ကူးစက်ပြန့်ပွားမှု စတင်ချိန်မှသည် ယနေ့အချိန်ထိ ထိုရောဂါ နှင့် ပတ်သက်သမျှသောကိစ္စအဝဝတို့အား၊ကမ္ဘာ့နိုင်ငံများမှပညာရှင်များ၊ဂလိုဘယ်အဆင့် ကျန်း မာရေးအဖွဲ့အစည်းများ၊နိုင်ငံအာဏာပိုင်းအစိုးရတို့က ရောဂါထိမ်းချုပ်ရေး၊ကာကွယ်ရေးတို့အတွက် ဆောင်ရန် ရှောင်ရန်တို့ကို ရှုဒေါင့်အသီးသီးမှ ပြောဆိုရေးသား ကြေငြာကြလျှက် ကမ္ဘာသို့အသိ ပေးခဲ့ကြလေသည်။ရောဂါကူးစက်ခြင်း အန္တရာယ်မှကင်းဝေးလျှက် လူသားအားလုံးချမ်းသာကြစေ ရန်အတွက်ဖြစ်ပါသည်။ရောဂါ၏ဇစ်မြစ်၊လက္ခဏာ၊ကူးစက်ပြန့်ပွားပုံ၊ ရောဂါ မကူးစက်အောင်နေ ထိုင်နည်း၊ရောဂါမပြန့်ပွားအောင်ထိန်းချုပ်နည်းများကို ကမ္ဘာ့အဆင့်၊နိုင်ငံတော်အဆင့်မှသည် လူတိုင်းလူတိုင်းလိုက်နာကြရန်အောက်ခြေအဆင့်အထိ ပညာပေးခြင်း၊ ကန့်သတ်ခြင်း၊ စောင့် ကြည့်ခြင်း၊ကုသခြင်း၊လိုအပ်ပါကအာဏာစက်ဖြင့်အရေးယူခြင်း စသည်ဖြင့် အရှိန်အဟုန်ကြီးမား စွာ ဆောင်ရွက်နေကြသည်ကို သိရှိကြပြီးဖြစ်ပါသည်။

          ဤနေရာ၌ရေးသားလိုသည်မှာ ရောဂါကူးစက်ပုံနှင့်ပတ်သက်ပါသည်။လူတိုင်းသိပြီးဖြစ်ကြ သည့်အတိုင်း ရောဂါပိုးရှိသူထိတွေ့ခဲ့သောနေရာများမှတဆင့်သော်လည်းကောင်း၊ရောဂါပိုးရှိသူ  နှာချေခြောင်းဆိုးရာမှထိုသူပတ်ဝန်းကျင်ရှိလူများသို့ တဆင့်လည်းကောင်းလူမှလူသို့ ကူးစက်၍၊ အသက်ရှု လမ်းကြောင်းနှင့်အသက်ရှုအင်္ဂါအဖွဲ့ကိုပြင်းထန်စွာထိခိုက်စေလျှက် လူကိုဒုက္ခရောက် စေပါသည်။ အဓိကအားဖြင့် ရောဂါကာကွယ်ရေးအတွက် သိကြသည်မှာ အသက်ရှုလမ်းကြောင်း သို့တိုက်ရိုက်ရောက်ရှိသည့် နှာခေါင်းနှင့်ပါးစပ်မှ တဆင့် ကူးစက်တတ်၍ နှာခေါင်းစည်းတတ်ရန်၊ ရောဂါပိုးရှိသူ ထိခဲ့ကိုင်ခဲ့ ခဲ့သည့်နေရာများကို အကယ်၍ ထိမိကိုင်မိခဲ့ပါက ရောဂါပိုးသေ၍ သန့် ရှင်းစေရန် လက်ကိုဆပ်ပြာဖြင့်စင်ကြယ်အောင် မကြာခဏဆေးကြောကြရမည်ဟူ၍ ဖြစ်လေ သည်။ (မိမိကိုယ်တိုင် မသိပဲ ရောဂါပိုးကူးစက်ခံထားရသူဖြစ်နေပါက အခြားသူများသို့မကူးစေရန် အတွက် လည်းဖြစ်ပါသည်)

          COVID- 19 ရောဂါဖြစ်ပွားမှုအချိန်ကြာလာသည့်နှင့်အမျှ  တွေ့ရှိမှုအသစ်များကိုလည်း သုတေသီတို့ကရှာဖွေတွေ့ရှိလာကြရာ ယခုအခါတွင်၊နှာခေါင်း၊ပါးစပ်တို့မှ ကူးစက်မှုနှုန်းလောက် မများသော်လည်း မျက်စိမှတဆင့်လည်း ကူးစက်နိုင်ကြောင်း သုတေသီအချို့(ဟောင်ကောင်)က ပြောကြားလာပြီဖြစ်လေသည်။အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် မျက်စိမှတဆင့် ကူးစက်တတ်သည်ဟု ဆိုလာကြသည်ဖြစ်ရာ မျက်စိနှင့်အသက်ရှူလမ်းကြောင်း မည့်သို့ဆက်စပ် နေသည်ကို သိသင့်ကြပေသည်။လူ့သား၏ အရေပြားကိုထိုးဖောက်နိုင်စွမ်းမရှိသော ထိုရောဂါပိုး သည် ၎င်းစီးမျှောဝင်ရောက်ရာ လမ်းကြောင်းရှိမှသာလျှင် လိုရာခရီးသို့ရောက်ပေမည်။

          ဤနေရာ၌ မျက်စိ၏ အင်္ဂါအစိတ်အပိုင်းများကိုပြန်၍လေ့လာရန်လိုအပ်ပါသည်။သို့မှသာ အသက်ရှူလမ်းကြောင်းနှင့်ဆက်စပ်သောအစိတ်အပိုင်းကိုတွေ့ကြရပါမည်။ထိုဆက်စပ်မှုကိုသိမှ သာလျှင်မျက်စိမှတဆင့် အသက်ရှူလမ်းကြောင်းသို့ရောဂါပိုးရောက်ရှိပုံနှင့်တကွ ကာကွယ်ရန် နည်းလမ်းကို သိနိုင်ပေမည်။မျက်စိနှင့်အသက်ရှူလမ်းကြောင်းတို့ တိုက်ရိုက်ဆက်စပ်နေသော အင်္ဂါ အစိတ်အပိုင်းသည် မျက်ရည်လမ်းကြောင်း အင်္ဂါစုဖြစ်သည်ကို ဖော်ပြပါပုံများကိုလေ့လာ ခြင်းဖြင့်အလွယ်တကူသိနိုင်ပါသည်။

          ပြည့်ဝသော အမြင်အာရုံရရန်၊သက်တောင့်သက်သာရှိစေရန် နှင့်မျက်ကြည်လွှာအတွက် လိုအပ်သောအာဟာရ အပြည့်အဝရရှိရန်အတွက် မျက်ဝန်းအိမ်(မျက်လုံးနှင့်မျက်ခွံတို့ကြား ဧရိ ယာ) အတွင်း၌ လုံလောက်သောမျက်ရည်ပမာဏကို မျက်ရည်လမ်းကြောင်းအင်္ဂါစုက ဖန်တီးပေး ထားရလေသည်။မျက်ရည်လမ်းကြောင်း အင်္ဂါစုတွင် အထက်မျက်ခွံ၌ မျက်ရည်ထွက်ဂလင်း (Lacrimal gland)၊မျက်လုံး၏နှာခေါင်းဖက်ဒေါင့် အပေါ်အောက်တို့၌ အထက်မျက်ရည်ထွက် ပေါက်နှင့် အောက်မျက်ရည်ထွက်ပေါက်(Superior lacrimal punctum and Inferior lacrimal punctum)များ၊မျက်ရည်အိတ်(Lacrimal sac)၊မျက်ရည်လမ်းကြောင်း(Lacrimal canaliculus) နှာ ခေါင်းတွင်းမျက်ရည်စီးဆင်းရာပြွန်(Nasolacrimal duct)စသည်တို့ အခြေခံအားဖြင့်ပါရှိလေသည်။

          မျက်ရည်တွင် ငွေ့ရည်နှင့်အစိုဓါတ်ရရှိရန်အတွက် ရေဓါတ်(Water for moisture)၊မျက်ခွံ နှင့်မျက်လုံးတို့၏ပွတ်တိုက်လှုပ်ရှားမှုများချောမွေ့စေရန်အတွက် အဆီဓါတ်(Oil for lubrication)၊ ရေဓါတ်နှင့်အဆီဓါတ်တို့ ပျံနှံ့ဖုံးလွှမ်းထားနိုင်စေရေးအတွက် ချွဲပြစ်ဓါတ်(Mucus)၊မျက်ခွံနှင့် မျက် လုံးတို့တွေ့ဆုံရာဒေါင့်ချိုး၌ ရောဂါပိုးများဝင်ရောက်ခြင်းနှင့်ရောဂါကူး စက်ခြင်းများမှကာကွယ်ရန် အတွက် ရောဂါကာကွယ်ရေးပဋိပစ္စည်းများ(Antibodies special protection that keep infection at bay) စသည်ဖြင့်ပါဝင်လေသည်။ကိုယ်ခံအားစနစ်ကောင်းနေစဉ်၌ ထိုပဋိပစ္စည်း များသည်ထက်မြက်နေပြီး ရောဂါပိုးများကိုချေဖျက်နိုင်၏၊တိုက်ထုတ်နိုင်၏။ ကိုယ်ခံစနစ်အား နည်းစဉ်၌မူ မျက်စိနာခြင်းကဲ့သို့သော ရောဂါပိုးဝင်ရောက်သည့် လက္ခဏာများကို တွေ့ရတတ် သည်။

          ပူးတွဲပါပုံများကိုလေလာကြည့်လျှင် အထက်မျက်ခွံများရှိ မျက်ရည်ထွက်ဂလင်းများမှထွက် လာသော မျက်ရည်များသည် မျက်ဝန်းအိမ်အတွင်းပျံနှံ့စေလျှက် ပိုလျှံသောမျက်ရည်များသည် မျက်ရည်ထွက်ပေါက်များမှတဆင့် မျက်ရည်ထွက်လမ်းကြောင်းများအတိုင်းထွက်လာကြပြီး၊နှာ ခေါင်းတွင်းမျက်ရည်စီးဆင်းရာပြွန်သို့ ရောက်ရှိကာ ထိုမှတဆင့် အစာပြွန်နှင့်လေပြွန်တို့ဆုံတွေ့ရာ အာခေါင်တွင်းသို့စီးဆင်းစေခြင်းဖြင့် မျက်ရည်လမ်းကြောင်းအင်္ဂါစု၏ လုပ်ငန်းဆောင်တာများကို ပြီး ပြည့်စုံစေလေသည်။ဤသည်ပင်လျှင် ပုံမှန်လည်ပတ်နေသော မျက်ရည်လမ်းကြောင်း အင်္ဂါစု၏ လုပ်စဉ်များကိုမီ၍ မျက်စိမှတဆင့် ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်နိုင်ကြောင်း ပညာရှင်တို့ သုံး သပ်ရခြင်း၏ အကြောင်းရင်းဖြစ်ပေမည်။မျက်စိတွင်းသို့ရောက်ရှိလာသော ရောဂါ ပိုးသည်မျက် ရည်ဖြင့်ရောနှောကာ မျက်ရည်ထွက်ရာလမ်းကြောင်းများမှတဆင့် အသက်ရှူ လမ်း ကြောင်းသို့ ရောက်ရှိနိုင်သည်ဟု ဆိုလိုရင်းဖြစ်နိုင်ပါသည်။ 

အကယ်၍မျက်ရည်လမ်းကြောင်းအင်္ဂါစု၏ လုပ်ငန်းဆောင်တာများ ပျက်ယွင်းပါက ဖြစ်ပွား နိုင်သောမျက်စိပြဿနာများကိုလည်း သိထားသင့်သည်ဟုယူဆပါသည်။သို့မှသာ ဆက်စပ်စဉ်း စားရန် လိုအပ်ချက်ရှိလာပါက အသုံးချ၍ ရနိုင်မည်ဖြစ်၏။အကြောင်း ကြောင်း ကြောင့် မျက်ရည် ထွက်ဂလင်း မှ မျက်ရည်အထွက်နည်းလျှင် မျက်ဝန်းအိမ်အတွင်း၌ လိုအပ် သောမျက်ရည်ပမာဏ မရှိသော ကြောင့် မျက်ခွံနှင့် မျက်လုံးအကြားချောမွေ့မှုအား နည်းသွား၍ ပွတ်တိုက်မှု များလာ သောအခါ မကြာခဏမျက်စိနီခြင်း၊မျက်မြှေးလွှာ (Conjunctiva)ပွန်းပဲ့မှု ဖြစ်၍ မျက်စိပိုး ဝင်ခြင်း၊ မျက်ကြည်လွှာတွင်လိုအပ်သောအာဟာရ အပြည့်အဝမရှိသောကြောင့် အမြင်အာရုံချို့တဲ့ သည် အထိ အန္တရာယ် ကြီး မားသော မျက်ကြည် လွှာခြောက်သွေ့ခြင်း(Corneal dry problem) များ ဖြစ်ပွားနိုင်ပါသည်။တခါတရံ မျက် ရည်ထွက် ဂလင်းမှမျက်ရည်အလုံအလောက်ထွက်ရှိသော် လည်း မျက်ရည်ထွက်လမ်းကြောင်းများ ပိတ်နေ လျှင် ငိုကြွေးနေသကဲ့သို့ အစဉ်သဖြင့်မျက်ရည် တွေတွေ ကျနေတတ်သည်ကို လည်းကြုံရ တတ် ပါသည်။မည်သို့ပင်ဖြစ်စေ ကိုဗစ်နိုင်တင်းရောဂါ ကူးစက် နိုင်သည့် လမ်းကြောင်းတစ်ခုဖြစ် သည့် မျက်ရည်လမ်းကြောင်းအင်္ဂါစုနှင့်ပတ်သက်သော ကိစ္စရပ် များကို စွမ်းနိုင်သမျှများများ သိထားသင့် သည်သာဖြစ်ပေသည်။

          သို့ဖြစ်ရာ မျက်စိမှတဆင့် ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်နိုင်သည်ဟူသော ပညာရှင်တို့၏ သတိပေးချက်အပေါ် ဖြစ်နိုင်ခြေကိုတွက်ဆလျှက် လက်ခံကြရမည်ဖြစ်ပါသည်။ကိုဗစ်နိုင်တင်းရော ဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဌာနများ၏ အကြံပြုချက်များဖြစ်သည့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် အစားအသောက်ဆင်ခြင်ခြင်း၊ကောင်းစွာအိပ်စက်အနားယူခြင်း စသည်ဖြင့် ဂရုပြုနေထိုင်ခြင်း၊လူထူထပ်ရာနေရာများကို ရှောင်လျှက်မိမိ၏အိမ်၌သာနေခြင်း၊မလွှဲမရှောင် သာအပြင်ထွက်ရပါက မတ်စ်(Mask)တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး သုံးပေခွာ၍ ပြော ဆိုဆက်ဆံခြင်း၊ဆပ်ပြာနှင့်ရေကိုအသုံးပြုလျှက် လက်မကြာခဏဆေးခြင်း၊ လက်မဆေးပဲမျက် နှာကို မကိုင်မိစေရန် အထူးဂရုပြုခြင်း၊ အများသုံးတံခါးများကို အဖွင့်အပိတ် ပြုလုပ်လျှင် တံ တောင်ဖြင့်သုံး၍ဖွင့်ခြင်း၊ကိုယ်စောင်းတိုက်၍ဖွင့်ခြင်း စသည် စသည်များအပြင်၊မျက်စိမှတဆင့် ကိုဗစ်နိုင်တင်းရောဂါ မကူးစက်စေရေးအတွက် အောက်ပါ အချက်များကိုလည်း လိုက်နာသင့် ပါကြောင်း အကြံပြုလိုပါသည်။

(၁) မျက်နှာအကာ(Face shield) ကိုအသုံးပြုရန်။(အသုံးပြုပြီးတိုင်းစနစ်တကျ ပိုးမွှားသန့်စင်ခြင်း၊ ရေပေါပေါဆပ်ပြာများမျာဖြင့်ဆေးကြောခြင်း)      သို့မဟုတ်

အကာအကွယ်မျက်မှန်(Safety glasses)ကိုအသုံးပြုရန်။(အသုံးပြုပြီတိုင်း သန့်စင်ခြင်း)

(၂) မျက်မှန်အမြဲတပ်ဆင်ရသူဖြစ်ပါက ပြင်ပမှပြန်ရောက်တိုင်း၊လက်ဆေးရသည့်နည်းတူ မျက်မှန် ကိုလည်းရေနှင့်ဆပ်ပြာကိုသုံး၍ ဆေးကြောသန့်စင်ရန်။

(၃) လက်မဆေးပဲ မျက်စိကိုထိခြင်း၊ပွတ်ခြင်းများမှ အထူးဂရုစိုက်၍ ရှောင်ကြဉ်ရန် စသည်ဖြင့်ဖြစ် လေသည်။

 

ပြည့်အောင်(COA)

 

 

No comments:

Post a Comment