21.6.17

မျက်စိခြောက်သွေ့ခြင်းဝေဒနာ။ (မောင်ပြည့်အောင်(Ophthalmic Assistant)(ယနေ့ ၂၁/၆/၁၇ ရက်နေ့ထုတ် The Voice Daily နေ့စဉ်သတင်းစာပါ ဆောင်းပါး)



        မျက်စိခြောက်သွေ့ခြင်းကြောင့်ဖြစ်သော ဝေဒနာသည် ခေတ်သစ်လူနေမှုပုံစံကြောင့် ဖြစ်ပွားရ သော မျက်စိပြဿနာများအနက် အဖြစ်များသောစာရင်းတွင်ပါဝင်ပါသည်။ မျက်စိခြောက်သွေ့ခြင်း ကို အလေးမထားဘဲ လှစ်လျူရှုခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများသည်၊ အမြင်အာရုံကို ထိခိုက်ကျဆင်းစေနိုင်သဖြင့် ပျောက်ကင်းသည်အထိ ဂရုတစိုက်ကုသသင့်သော မျက် စိရောဂါလည်းဖြစ် ပါသည်။ဤဆောင်းပါးတွင် မျက်စိခြောက်သွေ့ခြင်းအကြောင်းနှင့် မျက်စိအထူးကု ဆရာဝန်များ၏ ကုသပေးပုံများကို အများပြည်သူရှုဒေါင့်မှ ဗဟုသုတအလျို့ငှာရေးသား ဖော်ပြထား ပါသည်။
မျက်ဝန်းအိမ် (မျက်လုံးနှင့်မျက်ခွံတို့အကြားဧရိယာ) ၏အတွင်း၌ လိုအပ်သော မျက်ရည် ပမာဏအတိုင်း အလုံအလောက်ရှိနေပါက ပြည့်ဝသော အမြင်အာရုံကို ရရှိနေမည်ဖြစ်ပြီး ကာယကံ ရှင်သည်လည်း သက်တောင့်သက်သာ ရှိနေမည်ဖြစ်ပါသည်။ မျက်ဝန်းအတွင်းရှိ မျက်ရည်များက မျက်လုံးနှင့် မျက်ခွံတို့အကြား နေရာအနှံ့အပြားသို့ ရည်ငွေ့နှင့်အစိုဓါတ်များ ပြန့်နှံ့စေသဖြင့် ချောမွေ့နေ သောကြောင့် မျက်လုံးအဖွင့်အပိတ် ပြုရာတွင်လည်းကောင်း၊ မျက်ကြည်လွှာသည် ၎င်း၏အာဟာရ ဖြစ်သော မျက်ရည်ကို အလုံအလောက် ရရှိနေသောကြောင့်လည်းကောင်း၊ သက်တောင့်သက်သာ ဖြင့် ကြည်ကြည်လင်လင် မြင်နေကြရခြင်း ဖြစ်ပါသည်။
မျက်ရည်တွင် ရည်ငွေ့နှင့်အစိုဓါတ်လုံလောက်စွာ ရရှိစေရန်အတွက် ရေဓါတ် (Water for moisture) ၊ မျက်ခွံနှင့်မျက်လုံးတို့၏ ပွတ်တိုက်လှုပ်ရှားမှုများ ချောမွေ့စေရန်အတွက် အဆီဓါတ်  ( Oil  for lubrication )  ၊ ရေဓါတ်နှင့် အဆီဓါတ်တို့ ပျံနှံ့ဖုံးလွှမ်းထားနိုင်စေရေးအတွက် ချွဲပြစ်ဓါတ်      (Mucus,for even spreading ) ၊မျက်ခွံနှင့်မျက်လုံးတို့တွေ့ဆုံရာ ဒေါင့်ချိုးနေရာ၌ ရောဂါပိုးများ ဝင်ရောက်ခြင်းနှင့် ရောဂါကူးစက်ခြင်းများမှ ကာကွယ်ရန်အတွက် ရောဂါကာကွယ်ရေးပဋိပစ္စည်းများ  ( Antibodies and special protection that keep infection at bay ) စသည်ဖြင့်ပါဝင်ပါသည်။

                      
          မျက်ရည်လမ်းကြောင်းအင်္ဂါစု၏ သရုပ်ပြပုံ
မျက်ရည်များသည် မျက်ရည်ထွက်ဂလင်းများမှ ပေါ်ထွက်စီးဆင်းလာပြီး မျက်ဝန်းအတွင်း ပျံနှံ့ စေလျက် ပိုလျံသောမျက်ရည်များသည် ၎င်း၏စနစ်အတိုင်း မျက်ရည်ထွက်ပေါက်မှတဆင့် နှာခေါင်း အတွင်းသို့ရောက်ရှိ၏။ မျက်စိခြောက်သွေ့ခြင်း၏ အခြေခံအကြောင်းတရားသည် ၎င်းမျက်ရည်လမ်း ကြောင်းအင်္ဂါစု၏ လုပ်ငန်းစဉ်များအနက် အနည်းဆုံးတခုမဟုတ်တခု ချို့ယွင်းခြင်းကြောင့်ပင် ဖြစ်ပါ သည်။ မျက်ဝန်းအိမ်အတွင်း လုံလောက်သော စိုစွတ်ချောမွေ့မှုမရှိလျှင် မျက်စိခြောက်သွေ့ခြင်း (Dry Eye)ပင်ဖြစ်ကြောင်း သတိမူကြ ရမည်ဖြစ်ပါသည်။
လက္ခဏာရပ်များအဖြစ် မျက်ဝန်းအိမ်အတွင်း သဲများဝင်နေသကဲ့သို့ စူးနင့်နင့် ခံစားရခြင်း၊ မျက်ဝန်းအတွင်း မည်သည့်အရာမှမဝင်ဘဲ တခုခုဝင်နေသကဲ့သို့ခံစားရခြင်း၊ မျက်စိယားယံခြင်း၊ မျက်စိနီခြင်း၊ အမြင်ဝေဝါးခြင်း၊ အလင်းဒဏ်ကို မခံနိုင်ခြင်း၊စသည်တို့ကိုခံစားရမည်ဖြစ်၏။
တခါတရံတွင် မျက်စိခြောက်သွေ့သော ဝေဒနာရှိနေသော်လည်း၊ မျက်ရည်များ ကျနေတတ် သည်ကိုလည်း တွေ့ကြရမည်ဖြစ်ပါသည်။ ဤကဲ့သို့ နားလည်ရခက်ခဲသော အခြေအနေကို တန်ပြန် မျက်ရည် (သို့) အတုအယောင်မျက်ရည်ကျခြင်း (reflex tearing)ဟု ခေါ်ပါသည်။ နာကျင်မှု ကျိန်းစပ် မှုများကြောင့်ကျသော မျက်ရည်ဖြစ်ပြီး၊ မျက်စိကိုစိုစွတ်စေလျက် သက်တောင့်သက်သာ ဖြစ်စေသော အရည်ဓါတ်မပါဝင်ချေ။ ခန္ဓာကိုယ်ရှိ အာရုံခံစနစ်များ၏သဘာဝအရ ခံစားနေရသောဝေဒနာကို သက်သာရာရစေရန် ရည်ရွယ်ချက်တခုတည်းအတွက်သာ မျက်ရည်အများအပြားကို ထုတ်လွှတ် ပေးခြင်းဖြစ်၏။ ၎င်းမျက်ရည်များသည် မျက်ဝန်းတွင်းရှိ ဖုန်အမှိုက်ကဲ့သို့ အစအနများကိုသာ ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်ပြီး ရိုးရိုးရေနှင့် အလားသဏ္ဍာန်တူပါသည်။ သဘာဝအတိုင်းရှိသော မျက်ရည်ကဲ့သို့ မျက်စိကိုစိုစွတ်စေခြင်း ၊ အရည်အလွှာပါးကဲ့သို့ မျက်စိကိုဖုံးလွှမ်းထားခြင်းများ ပြုစေမည်မဟုတ်ပေ။
ထို့ပြင် မျက်ရည်လမ်းကြောင်းအင်္ဂါစုအတွင်း မျက်ရည်စီးဆင်းမှုစနစ် ချို့ယွင်းမှုကြောင့်လည်း ကောင်း၊ မိမိတို့၏ပတ်ဝန်းကျင်ရှိ လေအေးပေးစက်များ အပူပေးစက်များကြောင့်လည်းကောင်း  မျက် လုံး၏ အပေါ်ယံတွင် ဖြန့်ကျက်လွှမ်းခြုံလျှက်ရှိသည့် မျက်ရည်အလွှာပါး ပျက်ယွင်းသွားသောကြောင့် မျက်စိခြောက်သွေ့ခြင်း ပေါ်ပေါက်လာရပါသည်။ထိုမျှသာမက အောက်ပါအကြောင်းများကြောင့်လည်း မျက်စိခြောက်ခြင်းများ ဖြစ်နိုင်ပါသေးသည်။
(၁)အသက်အရွယ်ကြီးမှုသဘာဝကြောင့်ဖြစ်ရခြင်း(အထူးသဖြင့် အမျိုးသမီးများ သွေးဆုံးချိန်တွင်ဖြစ် တတ်၏)။   
(၂)အသုံးပြုသောဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်ပွားခြင်း(အထူးသဖြင့် antihista- mine ကဲ့သို့သော ဓါတ်မတဲ့မှုကြောင့်ဖြစ်သော ရောဂါကုဆေးများ)။
(၃)မျက်ရည်ထွက်ဂလင်းနှင့် မျက်ရည်လမ်းကြောင်းအင်္ဂါစုတို့၏ လုပ်ငန်းစဉ်များကိုထိခိုက်စေသည့် ရောဂါများဖြစ်ပွားခြင်း(sjogren’s syndrome,အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့်ရောဂါ-rheuma- toid arthritis,သွေးကြောများနှင့်ဆိုင်သော ရောဂါများ - collagen vasculer diseases)။
(၄)မျက်ခွံပိတ်၍မရသော ပြဿနာတခုခုဖြစ်ခြင်း။  - စသည်တို့ဖြစ်၏။

မျက်စိခြောက်သွေ့ခြင်းကို ကုသသည့်နည်းလမ်းများ

          မျက်စိခြေက်သွေ့ခြင်းကို ကုသခြင်းသည် မျက်စိအထူးကုဆရာဝန်ကြီးများကသာ ဆောင်ရွက် ရမည့် ကိစ္စဖြစ်ပါသည်။အထက်ဖော်ပြပါ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းများကိုလေ့လာကြည့်လျှင် သာမန်ပြည်သူတို့အဖို့ ဖြစ်ပွားရခြင်း၏ဇစ်မြစ်အမှန်ကို သိရန်မလွယ်ကူကြောင်းထင်ရှားပါသည်။ ဤ နေရာ၌ ဗဟုသုတအလို့ငှာကုသနည်းအချို့ကိုရေးသားတင်ပြခြင်းဖြစ်ပါသည်။

မျက်ရည်တုမျက်စဉ်း(artifical tear drop)နှင့်ကော်မျက်စဉ်း(ointment)များကိုအသုံးပြုခြင်း
          မျက်ရည်တုမျက်စဉ်းနှင့် ကော်မျက်စဉ်းများခပ်ခြင်းသည် အသုံးများသောကုသနည်းတခုဖြစ် ပါသည်။ ဆေးဆိုင်များနှင့်စတိုးဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်သော ပစ္စည်းများလည်းဖြစ်ပါ သည်။ရေရှည်ဖြစ်နေသော မျက်စိခြောက်သွေ့သည့်ဝေဒနာရှင်အနေဖြင့် မျက်ရည်တုမျက်စဉ်းကို မျက် စိအထူးကုဆရာဝန်၏ ညွှန်ကြားချက်အတိုင်းခပ်ရန်လိုအပ်ပါသည်။ မျက်စိတွင်လုံလောက်သော စို စွတ်မှု ရှိလာသည့်အချိန်ထိ(သို့မဟုတ်) သက်သာပျောက်ကင်းသည်အထိ ခပ်ရန်လိုအပ်ပါသည်။ အိပ်နေသောအချိန်များ၌ မျက်စိကိုစိုစွတ်နေစေရန်အတွက်မူ ပိုမိုကြာရှည်စွာ စိုစွတ်မှုပေးသည့် ကော်မျက်စဉ်း(Ointment)ကိုခပ်၍ အိပ်သင့်ပါသည်။ အချို့သောမျက်စိ ဆရာဝန်ကြီးများကလည်း အိပ်နေစဉ်တွင်(ကော်မျက်စဉ်းခပ်ရန်လိုအပ်သည့်အပြင်) လေကာမျက်မှန်(၎င်းကိစ္စအတွက် အထူး ထုတ်လုပ်ထားသော) တပ်၍အိပ်သင့်ကြောင်းအကြံပြုသည် များလည်းရှိ ပါသည်။
အခြားသောကုသနည်းများ
          မျက်စိခြောက်သွေ့ရခြင်း၏ အကြောင်းရင်းဇစ်မြစ်သည် မျက်ရည်လမ်းကြောင်းအင်္ဂါစုအတွင်း ရှိ(မျက်ရည်ထွက်ဂလင်းမှလာသော) မျက်ရည်လမ်းကြောင်းပိတ်ခြင်း နှင့် မျက်ရည်ထွက်ပေါက်ပိတ် ခြင်းများကြောင့်ဖြစ်(မျက်စိဆရာဝန်၏ဆုံးဖြတ်ချက်အရသိရ)လျှင်၊ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး များသည် မျက်ရည်လမ်းကြောင်းနှင့် မျက်ရည်ထွက်ပေါက်များပွင့်စေရန်အတွက် အသေးစားခွဲစိတ် ကုသမှုပြုခြင်းဖြင့် သက်သာပျောက်ကင်းစေမည် ဖြစ်ပါသည်။ ခွဲစိတ်ကုသမှုဟုဆိုသော်လည်း ခွဲစိတ်မှု ပါဝင်မည်မဟုတ်ဘဲ ခေတ်မီကရိယာများဖြင့် ပြုပြင်ပေးခြင်းသာဖြစ်ပါသည်။မျက်ရည်လမ်းကြောင်း အတွင်း ရောက်ရှိနိုင်သည့် ကရိယာကိုအသုံးပြု၍ ဆေးကြောခြင်း၊ မျက်ရည်ထွက်ပေါက်ကို ချဲ့ထွင် သည့်ကရိယာဖြင့် ချဲ့ထွင်ပေးခြင်းများကိုပြုခြင်းသာဖြစ်၏။
          သို့ဖြစ်ရာ မျက်စိခြောက်သွေ့ခြင်းဝေဒနာ(ရောဂါအဖြစ်မရောက်မီ)ကိုခံစားရလျှင် သာမန် ဖြစ်ရိုးဖြစ်စဉ်သဘောမျိုးမယူဆဘဲ အလေးထားသင့်ပါသည်။မျက်စိခြောက်သွေ့ခြင်းကြောင့်ဖြစ် သော အထက်ဖော်ပြပါဝေဒနာများသည် သိသာထင်ရှားသည့်အတွက် သို့လောသို့လောဖြင့် သံသယဝင် ဖွယ်ရာမရှိပါ။မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသခြင်းသည်သာ မှန်ကန်သောဆုံးဖြတ်ချက်ဖြစ် ပါကြောင်း စေတနာထား၍ ရေးသားအပ်ပါသည်။
( Dan Roberts , Editor-in-Chief of  Living Well with Low Vision from  Prevent Blindness What Causes Dry Eyes? ကိုမှီငြမ်းပါသည် )

No comments:

Post a Comment