10.1.20

မျက်စိ၊အမြင်အာရုံနှင့်မျက်မှန်ပါဝါ(၄)၊၁၂/၈/၂၀၁၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာပါဆောင်းပါး။


                                          
  

     မျက်စိ၊အမြင်အာရုံနှင့် မျက်မှန်ပါဝါများအကြောင်း ကောင်းစွာနားလည်သဘောပေါက်ရန်မှာ အလင်းနှင့်အလင်းတန်းများအကြောင်းသိမှသာ ပြည့်စုံမည်ဖြစ်ပါသည်။သို့ဖြစ်သောကြောင့် ယခင် ဆောင်းပါးတွင်အမြင်အာရုံနှင့်အလင်းတန်းများကို အစပြုဖော်ပြခဲ့ပြီး ယခုအပိုင်းတွင်လည်း အလင်း တန်းများအကြောင်းကို ဆက်လက်ရေးသားလိုပါသည်။

အလင်းဖြတ်ကြားခံနယ်(Optical medium)

အလင်းတန်းများသည် ကြည်လင်သန့်ရှင်းသော အရာဝတ္တုစသည်တို့ကို ဖြတ်သန်းနိုင်ကြပါ သည်။ ထိုကဲ့သို့ အလင်းဖြတ်သန်းနိုင်သော အရာ ၀တ္တုများကို အလင်းဖြတ်ကြားခံနယ်(optical medium) ဟုခေါ် ပါသည်။ သာမန်အားဖြင့် ကြားခံနယ်(medium)ဟုလည်း ခေါ်ကြပါသည်။
အလင်းဖြတ်ကြားခံနယ် (optical medium) များတွင် ....
(၁) အငွေ့(gas)၊ဥပမာ-လေ(air)                                                                                        (၂)အရည်(liquid)၊ဥပမာ-ရေ(water)                                                                                                                (၃) အစိုင်အခဲ (solid)၊ဥပမာ-ဖန်သားမှန်သား(glass),ပလပ်စတစ်အကြည်(clear plastic) ......စသည်ဖြင့်အမျိုးမျိုးပါဝင်ကြပါသည်။

အလင်းယိုင်ညွှန်းကိန်း(Refractive index)

အလင်းဖြတ်ကြားခံနယ် အသီးသီးတွင် အလင်းယိုင်ညွှန်းကိန်း (Refractive index) စံနှုန်း သတ် မှတ်ချက် အသီးသီး ရှိကြပါသည်။ အလင်းယိုင်ညွှန်းကိန်းဆိုသည်မှာ လေထဲ၌ အလင်းဖြတ် သန်းမှုကြာမြင့်ချိန်နှင့် အလင်းဖြတ်ကြားခံနယ် တခုခု၌ ဖြတ်သန်းသော အလင်းဖြတ်သန်းမှု ကြာ မြင့်ချိန်တို့ကို ဖော်ပြသည့် အညွှန်းကိန်းတခု ဖြစ်ပါသည်။ လေထဲ၌ဖြတ်သန်းသော အလင်းအလျင် (Speed of light)နှင့် အလင်း ဖြတ်ကြားခံနယ်၌ ဖြတ်သန်းသော အလင်း၏အလျင်တို့ကို နှိုင်းယှဉ် ဖော်ပြချက်ဟုလည်း ဆိုနိုင်ပါသည်။တနည်းအားဖြင့် အလင်းဖြတ် ကြားခံနယ်အတွင်း ဖြတ်သန်း သော အလင်း၏အလျင်ပင်ဖြစ်ပါသည်။
အလင်းဖြတ်ကြားခံနယ်အတွင်း ဖြတ်သန်းသည့် အလင်း၏ အလျင်သည် ပိုမိုလျင်မြန်ပါက အလင်းယိုင်ညွှန်းကိန်း အနိမ့်(ပမာဏနည်းမည်)ဖြစ်ပြီး၊အလင်းတန်း၏ အလျင်သည် နှေးကွေးပါက အလင်းယိုင်ညွှန်း ကိန်းအမြင့်(ပမာဏများမည်) ဖြစ်ပါသည်။ ဥပမာအားဖြင့် လေ(air)၏ အလင်းယိုင် ညွှန်းကိန်းသည် (၁.၀)ဖြစ်ပြီး၊ဖန်သားမှန်သား၏ အလင်းယိုင် ညွှန်းကိန်းသည်(၁.၅) ဖြစ်သည်ဟုဆို လျှင်၊ လေထဲတွင် ဖြတ်သန်းသော အလင်း၏ အလျင်ထက် ဖန်သားမှန်သားအတွင်း ဖြတ်သန်းသော အလင်း ၏အလျင်က (၀.၅)ပို၍ ကြာမြင့်မည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ 

အလင်းပြန်ခြင်း(Reflection)

     အလင်းတန်းတခုသည် ကြည့်မှန်ကဲ့သို့ ချောမွေ့ပြောင်လက်သည့် အလင်းပြန်မျက်နှာပြင် (Refractive surface) တခုခုကို ထိမိ၍ ဆန့်ကျင်ဖက်သို့ ပြန်၍ ထွက်လာခြင်းကို အလင်းပြန်ခြင်း (Reflection of light)ဟု ခေါ်ပါသည်။အလင်းပြန် မျက်နှာပြင်ရှိရာသို့ ဦးတည်၍လာသော အလင်း တန်း (ရိုက်လင်းတန်း - incident light rays) သည် အလင်းပြန်မျက်နှာပြင်နှင့် ထိတွေ့လျင် အလင်း ပြန်သည့် သဘာဝရှိပါသည်။ထိတွေ့မျက်နှာပြင်မှ ပို၍ဝေးသော အကွာအဝေးသို့ အလင်းတန်း ဖြာ ထွက်သွားခြင်း သည် အလင်းပြန်ခြင်း၏ သင်္ကေတဖြစ်ပါသည်။
 အလင်းပြန်မျက်နှာပြင်ပေါ်သို့ အလင်းတန်း လာရောက်ထိတွေ့ သည့်နေရာတွင် ထောင့်မတ် မျဉ်း (၉၀ံ မျဉ်း)တကြောင်းကို အစက်ချမျဉ်းအဖြစ် အလင်းပြန်မျက်နှာပြင်၏ အပေါ်တည့်တည့်တွင် ရေးဆွဲကြည့်ပါ။ ၎င်း ဒေါင်လိုက်အစက်ချမျဉ်းကို (တည့်) မတ်မျဉ်း (Normal line)ဟုခေါ်ပါသည်။
          ၎င်းမတ်မျဉ်း(normal line)နှင့် ရိုက်လင်းတန်း(incident ray) အကြားရှိဒေါင့်ကို ရိုက် ဒေါင့်(angle of incidence) ဟုခေါ်ပြီး၊ မတ်မျဉ်း နှင့် ပြန်လင်းတန်း( reflected ray) အကြားရှိ ဒေါင့် ကို ပြန်ဒေါင့် (angle of reflection) ဟုခေါ်ပါသည်။သို့ဖြစ်ရာ အလင်းပြန်ခြင်း၏ ဥပဒေသအဖြစ်--

             ရိုက်ဒေါင့်(angle of incidence) = ပြန်ဒေါင့်(angle of reflection)

ဟူ၍ မှတ်သားကြရမည် ဖြစ်ပါသည်။

အလင်းယိုင်ခြင်း( Refraction )

တခါတရံ အလင်းတန်းသည် အရာဝတ္တုတခုခု၏ မျက်နှာပြင်နှင့် ထိတွေ့ပြီးနောက် အလင်း ပြန်ခြင်း (reflection) နှင့် အလင်းပိတ်ခြင်း(absorbed ray)တို့ ဖြစ်ပေါ်ခြင်းမရှိဘဲ အရာဝတ္တု (အလင်းဖြတ်ကြားခံနယ်သစ်-new medium) အတွင်းသို့ ယိုင်လင်းတန်း(refracted ray) အဖြစ် ဦးတည်ချက်ပြောင်းလဲလျက် ဖြတ်သန်းသွားခြင်းမျိုးလည်းရှိပါသည်။
အလင်းယိုင် မျက်နှာပြင်ပေါ်သို့ရိုက်လင်းတန်း(incident ray)လာ ရောက်ထိတွေ့သည့် နေရာ တွင် ထောင့်မတ်မျဉ်း(၉၀ံမျဉ်း) တကြောင်းကို အစက်ချမျဉ်းအဖြစ် (ယခင်ကကဲ့သို့အလင်းပြန် မျက် နှာပြင် အပေါ်၌သာမဟုတ်ဘဲ)အလင်းဖြတ်ကြားခံနယ်သစ်(new medium)ကိုဖြတ်သန်းလျက် ရေး ဆွဲကြည့်ပါ။၎င်းမတ်မျဉ်း(၉၀ံမျဉ်း-Normal line)နှင့် ရိုက်လင်းတန်း ကြားရှိ ဒေါင့်ကိုရိုက်ဒေါင့်(angle of incidence)ဖြစ်ရာ၊၎င်းမတ်မျဉ်း (normal line)နှင့် အလင်းဖြတ်ကြားခံနယ် အတွင်း ဖြတ်သန်း ၀င်ရောက်သွားသည့် ယိုင်လင်းတန်း (refractive ray) ကြားရှိဒေါင့်ကို ယိုင်ဒေါင့်(angle of refraction)ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။
          အလင်းတန်းတခုသည် အလင်းဖြတ်ကြားခံနယ်တခုမှ အလင်း ဖြတ်ကြားခံနယ် နောက်တခုသို့ ဖြတ်သန်းဝင်ရောက်ရာတွင်( ဥပမာ-လေ (air)မှ ဖန်သားမှန်သား(glass) အတွင်းသို့ ဖြတ်သန်းဝင်ရောက် ရာတွင်) ဦးတည်ချက်(လားရာ)ပြောင်းလဲသွားပါသည်။ အလင်းတန်း၏ အနေအ ထားသည်လည်း ပြောင်းလဲ(ယိုင်)သွားပါသည်။ထိုကဲ့သို့ အလင်းတန်း၏ ဦးတည်ချက်နှင့် အနေ အ ထား ပြောင်းလဲသွားခြင်းကို အလင်းယိုင်ခြင်း (refraction) ဟုခေါ်ပါသည်။
          ချွင်းချက်အားဖြင့် အလင်းတန်းသည် ထောင့်မှန်ကျ အစက်ချရေး ဆွဲထားသော မတ် မျဉ်း(normal line)နှင့် တထပ်တည်းကျလျက် အလင်း ဖြတ်ကြားခံနယ်(medium) တခုမှ တခုသို့ ဖြတ်သန်းဝင်ရောက် လျှင်မူ ဦး တည်ချက် ပြောင်းလဲမည် မဟုတ်သကဲ့သို့ အနေအထားလည်း ပြောင်း လဲ မည်မဟုတ်ပေ။ သို့ဖြစ်ရာ ယိုင်ဒေါင့်(angle of refraction)လည်း ရှိမည် မဟုတ်ပါ။
အလင်းတန်းတခု၏ အလင်းယိုင်ပမာဏ အနည်းအများ(တနည်း အားဖြင့် ယိုင်ဒေါင့် အကျဉ်း အကျယ်သည် ၎င်း အလင်းတန်း ဖြတ်သန်းဝင်ရောက်လာသော အလင်း ဖြတ် ကြားခံနယ်(optical medium)၏ အလင်းယိုင်ညွှန်းကိန်း(refractive index) ပေါ် တွင်မူတည် နေပါ သည်။
          မူလ အလင်းဖြတ်ကြားခံနယ်နှင့် အလင်းဖြတ်ကြားခံနယ်အသစ် တို့၏ အလင်းယိုင် ညွှန်းကိန်းပမာဏ ခြားနားချက်ကြီးမားလျှင် ယိုင်လင်းတန်း(refractive ray)၏ အလင်းယိုင်ပမာဏ များ (ယိုင်ဒေါင့်ကျယ်) မည်ဖြစ်ပြီး၊၎င်း အလင်းယိုင်ညွှန်းကိန်း ပမာဏခြားနားချက်နည်းလျင် ယိုင် လင်းတန်း၏ အလင်း ယိုင်ပမာဏနည်း(ယိုင်ဒေါင့်ကျဉ်း)မည် ဖြစ်ပါသည်။
          အလင်းယိုင်ညွှန်းကိန်း(refractive index) နည်းသော အလင်း ဖြတ်ကြားခံနယ်မှ၊ အလင်းယိုင်ညွှန်းကိန်းများသော အလင်းဖြတ်ကြားခံ နယ်(optical medium)အတွင်းသို့ အလင်း တန်းဖြတ်သန်းလျှင်၊ ယိုင်လင်း တန်း(refractive ray)သည် ထောင့်မတ်မျဉ်း(normal line)ဖက်သို့ ယိုင်မည်ဖြစ်၏။
          ထိုနည်းတူ အလင်းယိုင်ညွှန်းကိန်းများသော အလင်းဖြတ်ကြားခံနယ်မှ အလင်းယိုင် ညွှန်းကိန်း နည်းသော အလင်းဖြတ်ကြားခံနယ်သို့ အလင်းတန်း ၀င်ရောက်လျှင် အလင်းတန်းသည် ထောင့်မတ်မျဉ်း ၏ ဆန့်ကျင်ဖက်သို့ အလင်းယိုင်မည် ဖြစ်ပါသည်။
…..သို့ဖြစ်ရာ ……………….
- အလင်းယိုင်ညွှန်းကိန်း ပို၍များသော အလင်းဖြတ်ကြားခံနယ်သို့ အလင်းတန်း ၀င်ရောက် လျှင် ယိုင် ဒေါင့်(angle of refraction)သည် ရိုက်ဒေါင့်(angle of ancidence)ထက် ကျဉ်းမည်ဖြစ်ပြီး ……….
- အလင်းယိုင်ညွှန်းကိန်း ပို၍နည်းသော အလင်းဖြတ်ကြားခံနယ်သို့ အလင်းတန်း ၀င်ရောက်လျှင် ယိုင် ဒေါင့်(angle of refractive)သည် ရိုက် ဒေါင့်(angle of incidence)ထက်ကျယ်မည်ဖြစ်ပါသည်။

ပရစ်ဇမ်(Prisms)
 
ပရစ်ဇမ်(prism)သည် အလင်းတန်း၏ဦးတည်ချက်နှင့် အနေအထားကို သိသာထင်ရှားစွာ ပြောင်း လဲစေသော အလင်းဖြတ်ကြားခံနယ် အမျိုးအစားတခုဖြစ်၏။အမြင်ပြောင်းလဲမှု ဆိုင်ရာတွင် သုံးသော ပရစ်ဇမ် (prism) ကို အလင်းတန်း လွယ်ကူစွာ ဖြတ်သန်းဝင်ရောက်နိုင်သော ဖန်သားမှန် သား(glass)၊ ပလပ်စတစ် (plastic) စသည်တို့ဖြင့်ပြုလုပ်လေ့ရှိပြီး၊လေ (air)၏ အလင်းယိုင်ညွှန်း ကိန်းထက် အလင်း ယိုင်ညွှန်းကိန်း မြင့်မားသော အလင်းဖြတ်ကြားခံနယ် တခုဖြစ်ပါသည်။
          ပရစ်ဇမ်တခု၏ ပုံသဏ္ဍာန်သည် တြိဂံ(trangle)တခု၏ ပုံသဏ္ဍာန်နှင့် ဆင်တူပါသည်။တြိဂံ၏ တဖက်သည် ပရစ်ဇမ်၏ အောက်ခြေ(Base) ဖြစ်ပြီး၊၎င်းအောက်ခြေ၏ ဆန့်ကျင်ဖက်တွင် ရှိသောဒေါင့် (corner)သည် ပရစ်ဇမ်၏ ထိပ်ပိုင်းအထွတ်( apex )ဖြစ်ပါသည်။၎င်း အထွတ်(apex)၌ ရှိသော ဒေါင့် ကို အထွတ်ဒေါင့် (apical angle)ဟု ခေါ်ပြီး၊ အထွတ်ဒေါင့်၏ အကျဉ်းအကျယ်ပေါ်၌ မူတည်၍ ပရစ် ဇမ်၏ အလင်းတန်း စွေစောင်းပြောင်းလဲမှုပမာဏ အနည်းအများကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
အလင်းတန်း လာရောက်ထိတွေ့သည့် မျက်နှာပြင်နေရာ၌ ထောင့်မတ်မျဉ်း(၉၀ ဒီဂရီ ဒေါင် လိုက်မျဉ်း) တစ်ကြောင်းကို အစက်ချမျဉ်း အဖြစ် ရေးဆွဲကြည့်ပါ။ ၎င်းကိုမတ်မျဉ်း(normal line) အဖြစ် သတ်မှတ်ပါ က အလင်းတန်းသည် အလင်းဖြတ် ကြားခံနယ်ဖြစ်သော ပရစ်ဇမ် အတွင်းသို့ ဖြတ်သန်း ၀င်ရောက်သွားသောအခါ၌ ယိုင်လင်းတန်း (refractive ray)နှင့် မတ် မျဉ်း(nirmal line) တို့ အကြားရှိဒေါင့် (angle of refraction)သည် သိသာထင်ရှားစွာပြောင်းလဲသွားသည်ကို တွေ့ မြင် ကြရမည်ဖြစ်ပါသည်။

အလင်းယိုင်ညွှန်းကိန်းနှင့် ပရစ်ဇမ်

- အကယ်၍ အလင်းတန်းသည် အလင်းယိုင်ညွှန်းကိန်း(refractive index)မြင့်သော အလင်း ဖြတ်ကြားခံ နယ်ကို ဖြတ်သန်းလျင် ယိုင်ဒေါင့် (angle of refraction)သည်၊ ရိုက်ဒေါင့်(angle of incidence)ထက်ပို၍ ကျဉ်းမည်ဖြစ်သည်။
- အကယ်၍ အလင်းတန်းသည် အလင်းယိုင်ညွှန်းကိန်း နိမ့်သော အလင်းဖြတ်ကြားခံနယ် အတွင်းသို့ ဖြတ်သန်းလျှင် ယိုင်ဒေါင့်သည် ရိုက်ဒေါင့်ထက် ပို၍ ကျယ်မည်ဖြစ်ကြောင်း သတိမူကြ ရမည်ဖြစ်ပါသည်။
မှန်သားနှင့် ပလပ်စတစ်တို့ဖြင့် ပြုလုပ်ထားသော ပရစ်ဇမ်တို့သည် လေ(air)ထက်ပို၍ အလင်း ယိုင်ညွှန်းကိန်း မြင့်မားကြသည်ဖြစ်ရာ ပရစ်ဇမ်အတွင်း အလင်းတန်း ဖြတ်သန်းဝင်ရောက်သော အခါ တွင် အလင်းတန်းသည် မတ်မျဉ်း(normal line) ဖက်သို့ အလင်းယိုင်မည်ဖြစ်ပြီး၊ ပရစ်ဇမ်အတွင်း မှ အလင်းတန်း ပြန်ထွက်သွားသောအခါ တွင်၊ အလင်းတန်းသည် မတ်မျဉ်း(normal line)၏ဆန့် ကျင် ဖက်သို့ အလင်းယိုင်မည်  ဖြစ်ပါသည်။                
          ပရစ်ဇမ်တခုသည် အလင်းတန်းအားလုံးကို တူညီသောပမာဏဖြင့် အလင်းယိုင်စေ သော သဘာဝရှိပါသည်။ ပြိုင်လင်းတန်းများအဖြစ် ပရစ်ဇမ်အတွင်းသို့ အလင်းတန်းများဝင် ရောက် ခြင်းနှင့် ပရစ်ဇမ် အတွင်းမှ ထွက်ခွာခြင်းများတွင်လည်း ကွဲပြားခြားနားမှုမရှိဘဲ ပမာဏတူ ဦးတည် ချက်တူ ဖြစ်ကြသည်ကို တွေ့ကြရပါမည်။
ပရစ်ဇမ်အတွင်းသို့ အလင်းတန်း ဖြတ်သန်းရာတွင် အထွတ် (apex)၏ ဆန့်ကျင်ဖက်သို့သာ အလင်းယိုင်ပါသည်။ ပရစ်ဇမ်သည် အလင်းတန်းများကို ချိန်ဆမှု(focus) (အမြင်ပို၍ကြည်လင် အောင်)မပြုလုပ်ပါ၊ ပရစ်ဇမ် အတွင်း သို့ အလင်းတန်းဝင်စေခြင်း ထွက်စေခြင်းဖြင့် လိုအပ်သော အလင်းယိုင်ခြင်းကိုသာ ဖန်တီး ပေးပါသည်။
          ပရစ်ဇမ်ကို ဖြတ်သန်းလျက် အရာဝတ္တုတခုခုကို ကြည့်မည်ဆို လျှင်၊၎င်းအရာဝတ္တု၏ အမှန်တကယ်ရှိသော မူလနေရာမှ သွေဖည်လျက် ပရစ်ဇမ်၏ အထွတ်(apex)ဖက်သို့ ယိုင်နေသော ပုံရိပ်ကို ပြောင်းလဲတွေ့ မြင်ကြရမည် ဖြစ်ပါသည်။အမှန်တကယ်တည်ရှိသော နေရာ၌ တွေ့မြင်ရခြင်း မျိုး မဟုတ်ဘဲ မရှိသောနေရာ၌ တွေ့ရခြင်းမျိုးဖြစ်သဖြင့် ၎င်းပုံရိပ်ကို ပုံရိပ်ယောင်(apparent deviation of the object - အမှန် မဟုတ်သော နေရာ၌ အရာဝတ္တုကို တွေ့မြင်ရခြင်း)ဟုခေါ်ဆိုရမည် ဖြစ်ပါသည်။
   အရာဝတ္တုမှလာသော ပုံရိပ်အလင်းတန်းသည် ပရစ်ဇမ်၏ အောက်ခြေဖက်သို့ ယိုင်သွား သည် မှန်သော်လည်း၊ အရာဝတ္တုကို ဆန့် ကျင်ဖက်ဖြစ်သော ပရစ်ဇမ်၏ အထွတ်(apex)ဖက်၌ ပြောင်းလဲ၍ တွေ့မြင်ရခြင်းမျိုး ဖြစ်၏။

    ပြည့်အောင်(COA)

(ICEE – International Centre For Eyecare  Education(Brien Holden Vision Institute Foundation),Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်)   

No comments:

Post a Comment