10.1.20

မျက်စိ၊အမြင်အာရုံနှင့်မျက်မှန်ပါဝါ(၅)။၂/၉/၂၀၁၉ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါဆောင်းပါး။


    
  

                                 
          မျက်မှန်လိုသောမျက်စိမှုန်ခြင်း သို့မဟုတ် စံလွဲအလင်းယိုင်မှုကြောင့်မျက်စိမှုန်ခြင်း (Refractive Error)ကြောင့် အမြင်အာရုံအားနည်းသူများအတွက် ကြည်လင်သောအမြင်ကို ရရှိစေရန် မှန်ကန်သော ပါဝါဖြင့် မျက်မှန်တပ်ရန်လိုအပ်ပါသည်။ မျက်မှန်တွင်တပ်ဆင်အသုံးပြုရသော မှန်များ သည်လည်း အရေး ပါသောကဏ္ဍမှပါဝင်သည်ဖြစ်ရာ ၎င်းမှန်များအကြောင်းကို အောက်ပါအတိုင်း ရေး သားလိုပါသည်။

မှန်ဘီလူးများ(The lenses)

အမျိုးမျိုးသော မှန်ဘီလူးများ(မျက်မှန်တွင်တပ်ဆင်အသုံးပြုရသော မှန်များအပါအဝင်)ကို ထွင်းဖောက်မြင်နိုင်သော ကြည်လင်သည် အလင်းပေါက် ပစ္စည်းများ(မှန်သားနှင့် ပလပ်စတစ်အမာ ကဲ့သို့သောပစ္စည်းများ) ဖြင့် ပြုလုပ်လေ့ရှိကြပါသည်။ အရာ ၀တ္တုပုံရိပ်များကို ကြည့်ရှု့ရာ၌  ကြည်လင် သော အရည်အသွေးရှိသည့် မြင်ကွင်းကို ရရှိရန် အတွက် မှန်ဘီလူးများကို အသုံးပြုကြရာတွင်၊ အခုံး အခွက် ထုချွန် စသည်ဖြင့် ပုံသဏ္ဍာန်အမျိုးမျိုး ဖန်တီးပြု လုပ်ကြရပါသည်။
          အဝေးအနီးရှိ အရာဝတ္တုများကို ပို၍ ကြည်လင်ပြတ်သားမှုရှိစေရန် ချိန်ဆပေးသော မှန်ဘီလူး များ ရှိသကဲ့သို့ ၊ အမြင်အာရုံ ပို၍ကြည်လင်အောင် ချိန်ဆမှုပြုခြင်းမရှိဘဲ  အမြင်လမ်း ကြောင်းကို ပြောင်းလဲစေရန်သာ ဖန်တီးပေးသည့်(Prism-ကဲ့သို့သော) မှန်ဘီလူးများလည်း ရှိပါသည်။ မှန်ဘီလူး များ ကို မျက်မှန်များ(Spectacles) ၊ပုံကြီးချဲ့ မှန်ဘီလူးများ (Magnifying glasses)၊ အနုကြည့်မှန်ဘီ လူးများ (Micro scopes)၊ အဝေးကြည့်မှန်ပြောင်းများ(Telescopes)၊အမြင်လမ်းကြောင်း အမျိုးမျိုး ပြောင်း၍ ကြည့် ရှုရသောမှန်ပြောင်းများ(Periscopes)၊ ဆလိုက်မီးထိုးပုံဖော်ကရိယာ ပရိုဂျက်တာ များ(Slide projectors)၊ စသည်တို့တွင် အထူးသဖြင့် အသုံးပြုကြပါသည်။ 

 မှန်ဘီလူးအမျိုးမျိုးကို အသုံးပြုပုံများ

ပရိုဂျက်တာများတွင် သင့်လျော်သော မှန်ဘီလူးကိုအသုံးပြုခြင်းဖြင့် ပုံရိပ်လက္ခံသည့် မျက်နှာ ပြင်စခရင်(Screen)တွင် ထင်ရှားပြတ်သားသည့် ပုံရိပ်တို့ကို ရှိစေသကဲ့သို့ ၊ မျက်မှန်များတွင် တပ် ဆင်အသုံးပြုသည့် မှန်ဘီလူးများ(Lens)ကလည်း အမြင်အာရုံ ချိန်ဆမှုပြုလုပ်ပေးပြီး၊မျက်စိအမြင်ကို ပို၍ကြည်လင်စေရန် ပံပိုးမှုပေးပါသည်။ 
          မျက်မှန်လိုအပ်၍ မျက်စိမှုန်သူများ(စံလွဲအလင်းယိုင်ခြင်းကြောင့်မျက်စိမှုန်သူများ)အား မျက်မှန်တပ်ဆင်စေခြင်းဖြင့် ၊မျက်စိတွင်းသို့ ၀င်ရောက်လာသော ပုံရိပ်အလင်းတန်းများအား မှန် ကန်သောချိန်ဆ(အလင်းယိုင်)မှု ရရှိစေရန် မှန်ဘီလူးများကပြုပြင်ပေးသောကြောင့် ကြည်လင်သော မျက်စိအမြင် အာရုံကို ရရှိစေခြင်းဖြစ်ပါသည်။
          မျက်မှန်လိုအပ်သောကြောင့် မျက်စိမှုန်သူများဟု ဆိုရာတွင် အသက်ကြီး၍ အနီးကြည့်မှုန်သူ (presbyopia) ၊ ပုံရိပ်အလင်းတန်း၏ အကွာအဝေး(ဆုံတာ)တို၍ မျက်စိမှုန်သူ(myopia) ၊ ဆုံတာ ရှည်၍ မျက်စိမှုန်သူ(hyperopia) နှင့် ဆုံချက်မညီ၍ မျက်စိမှုန်သူ(astigmatism) စသည်ဖြင့်ပါဝင်ပါ သည်။
မှန်ဘီလူးများတွင် မျက်နှာပြင်နှစ်ဖက်ရှိရာ၊ အနည်းဆုံး တဖက်ဖက်၌ အခုံး သို့မဟုတ် အခွက် စသည်ဖြင့် ပြင်ညီမဟုတ်သော ပုံသဏ္ဍာန် ရှိပါသည်။မျက်နှာပြင်နှစ်ဖက်စလုံး၌ နှစ်ဖက်ခုံးနှစ်ဖက်ခွက် တဖက်ခုံး တဖက်ခွက် များလည်းရှိတတ်ပါသည်။ 
                                                      
အသုံးများသော မှန်ဘီလူးများမှာ………………………
(၁) ၀န်းဝိုင်းသောသဏ္ဍာန်ရှိ(ထုဝန်းညီ) စဖီးရစ် မှန်ဘီလူးများ  (spherical lens)= မှန်ဘီလူး ခုံး (plus lens) နှင့် မှန်ဘီလူး ခွက်(minus lens)…..

(၂)ထုလုံးရှည် (ဆလင်ဒါ) မှန်ဘီလူးများ (cylindrical lens) =ဆလင်ဒါ မှန်ဘီလူးခုံး(plus cylinder lens) ၊ဆလင်ဒါ မှန်ဘီလူးခွက်(minus cylinder lens)…………..နှင့်……

(၃)၀န်းဝိုင်းသောသဏ္ဍာန်ရှိစဖီးရစ်မှန်ဘီလူး(spherical lens)နှင့် ထုလုံးရှည် ဆလင်ဒါမှန်ဘီလူး (cylindrical lens) နှစ်မျိုးစလုံး ဖွဲ့စည်းပါဝင်သည့် စဖီရို ဆလင်ဒါမှန်ဘီလူး(sphero-cylindrical lens)…တို့ဖြစ်ကြ၏။ 
          
          မှန်ဘီလူးတခုသည် ၎င်းမှန်ဘီလူးကို ပြုလုပ်ထားသည့် ၀တ္တုပစ္စည်းပေါ် မူတည်၍ အလင်းယိုင် ညွှန်းကိန်း(refractive index) ရှိမည် ဖြစ်ပါသည်။မှန်ဘီလူး၏ မျက်နှာပြင်ကို ရိုက်ခတ်လာသည့် ရိုက် လင်းတန်း (incident light ray)သည်လည်း၊ မှန်ဘီလူး၏ အလင်းယိုင်ညွှန်းကိန်းပေါ်မူတည်၍ အလင်းတန်း များကို စုဆုံခြင်းနှင့် ခွဲဖြာခြင်းပမာဏ အနည်းအများကို ဖြစ်ပေါ်လာစေမည် ဖြစ်ပါ သည်။
          မှန်ဘီးလူးခုံး(plus lens)သည် အလင်းတန်းများကို စုဆုံစေမည်ဖြစ်ပြီး အလင်းတန်းအားလုံး သည် ဆုံမှတ်(focal point)တွင် ပေါင်းဆုံကြမည် ဖြစ်သည် ။ ထိုနည်းတူ မှန်ဘီလူးခွက်(minus lens) သည် လည်း အလင်းတန်းများကို ခွဲဖြာစေမည်ဖြစ်ပြီး ၊ အလင်းတန်းအားလုံးသည် ဆုံမှတ် (focal point)မှ စတင် ၍ ခွဲဖြာလာကြမည် ဖြစ်ပါသည်။
          ပရစ်ဇမ်(prism)မှန်တို့သည် အမြင်ကြည်လင်အောင် ချိန်ဆပေး နိုင်မှုမရှိဘဲ၊ အလင်းတန်းများ ကို သက်ဆိုင်ရာ(ရည်ညွှန်း) လမ်းကြောင်းများသို့ အလင်းယိုင်စေခြင်းကိုသာ ပြုလုပ်ပေးသည်ဟုဆို သော်လည်း၊ ပရစ်ဇမ်များကို ပေါင်းစပ်ခြင်းဖြင့် မှန်ဘီလူးများကို ဖြစ်ပေါ်လာစေသည့် သဘောသဘာ ၀ရှိသည်ကို တော့ သိထားရန် အရေးကြီးပါသည်။
          ပရစ်ဇမ်မှန်(prism lens)တို့သည် တြိဂံပုံသဏ္ဍာန် ရှိသည်ဖြစ်ရာ ပရစ်ဇမ် နှစ်ခုတို့၏ အောက် ခြေ တို့ကို(bace to bace)ပေါင်းစပ်ခြင်းဖြင့် မှန်ဘီလူးခုံး(plus lens)ကို ဖြစ်ပေါ်လာစေ ပါသည်။ (ပုံဆွဲ၍ လေ့လာကြည့်ပါ) ထို နည်းတူစွာပင် ပရစ်ဇမ်နှစ်ခု၏ ထိပ်ချွန်း(apex)နှစ်ခုကို(apex to apex) ပေါင်းစပ်ခြင်းဖြင့် လည်း မှန်ဘီလူးခွက် (minus lens)ကို ဖြစ်ပေါ်လာစေမည်ဖြစ်ပါသည်။
ပရစ်ဇမ်နှင့် မှန်ဘီလူးခုံး မှန်ဘီလူးခွက်တို့၏ ဆက်စပ်မှု သဘောတရားသည် အခြေခံမျှသာ ဖြစ်ပြီး ပြီးပြည့်စုံသော မှန်ဘီလူးတခု၏ အလင်းယိုင်ခြင်းများကို တွေ့မြင်ကြရဦးမည် မဟုတ်ပေ။ ပရစ် ဇမ်နှစ်ခု၏ ဆက်စပ်ခြင်းမျှသာဖြစ်၍ အလင်းယိုင်ခြင်း၏ အခြေခံမျှသာ တွေ့ကြရမည်ဖြစ်ပါ သည်။ မှန် ဘီလူးတခု၏ အလင်းတန်းများကို ချိန်ဆပေးနိုင်မှု အခြေအနေကိုလည်း ပရစ်ဇမ်နှစ်ခု ဆက်စပ်ရုံမျှနှင့် ရရှိမည်မဟုတ်ပေ။
မှန်ဘီလူးတခု ဖြစ်လာရန်အတွက် နှစ်ခုထက်ပိုသော (အရွယ်အစားမတူညီသည့်) ပရစ်ဇမ် အများအပြားလိုအပ်ပြီး ၎င်း ပရစ်ဇမ်များကို  အစွန်းနှစ်ဖက်၌ ဆက်၍ဆက်၍ ပေါင်းထည့်ပေးရမည် ဖြစ်ပါသည်။ထိုသို့ ပရစ်ဇမ်များကိုဆက်၍ ပေါင်းထည့်ပေးခြင်းအားဖြင့် အလင်းတန်းများ ကို ပို၍ ပို၍ တိုးလာ စေပြီး၊ ၎င်းအလင်းတန်းများ စုဆုံခြင်း သို့မဟုတ် ခွဲဖြာစေခြင်းအားဖြင့်၊အမြင်အာရုံ ချိန်ဆမှုကို ပြုလုပ်နိုင်သည့် အခြေအနေကို ရရှိ စေမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ မှန်ဘီလူးဆိုသည်မှာ ပရစ်ဇမ်အများအပြားကို အလယ်ဗဟို၌ ဆက်စပ်ထားသော ပရစ်ဇမ်နှစ်ခု၏ အစွန်းနှစ်ဖက်၌ ဆက်၍ဆက် ၍ ပေါင်းစပ်ထားသော အသွင်သဏ္ဍာန်နှင့် တူညီ ကြောင်း ဆက်စပ်တွေးတောမိကြမည်ဖြစ်ပါသည်။
တနည်းအားဖြင့် ဆုံမှတ်တခု၌ အလင်းတန်းများကို စုဆုံခြင်း သို့ မဟုတ် ခွဲဖြာခြင်းများ ဖြစ်ပေါ် လာ စေရန်အတွက်၊ အနည်းဆုံးမှန်ဘီလူး၏ မျက်နှာပြင်တဖက်ဖက်သည်၊ ခုံးခြင်း သို့မဟုတ် ခွက်ခြင်း ဖြစ်နေရန် လိုပါသည်။ထိုသို့ ရရှိစေရန်အတွက် ဆောင်ရွက်ခြင်းသည်၊မှန်ဘီလူး၏ အစွန်း (edge)နှစ် ဖက်၌ ပရစ်ဇမ်များကို တဖြည်းဖြည်းခြင်း တိုး၍တိုး၍ပေါင်းပြီး ပရစ်ဇမ်အရေအတွက် ပို၍ ရရှိအောင် ဆောင်ရွက်ခြင်း နှင့် အလားသဏ္ဍာန် တူညီပါသည်။
အထူးသဖြင့် မျက်မှန်တွင် အသုံးပြုသောမှန်များ(spectacle lens)၌ မျက်နှာပြင်နှစ်ဖက်စလုံး အခုံး သို့မဟုတ် အခွက်ရှိသည်က များပါသည်။ထူးထူးခြားခြား တဖက်ခုံးတဖက်ခွက်လည်း ရှိတတ် ပါသည်။ပြင်ညီမျက်နှာပြင်နှင့် အခုံး သို့မဟုတ် အခွက်လည်း ရှိတတ်ပါသည်။ မျက်မှန်သုံးမှန်များ (spectacle lens) သည် အလင်းတန်းများကို ကောင်းမွန်စွာ ချိန်ဆပေးပြီး အမြင်အာရုံကြည်လင် စေရန် ဖန်တီးပေးပါသည်။ 

မှန်ဘီးလူး၏အလယ်ဗဟို(Optical centre)    
   
သတိပြုရန်အချက်မှာ ပရစ်ဇမ်နှစ်ခု ပေါင်းစပ်၍ ဆက်ထားသော မှန်ဘီလူး၏ အလယ်မှဖြတ် သွားသော အလင်းတန်းသည် အစဉ်သဖြင့် အလင်းယိုင်ခြင်းမရှိသည့် အချက်ပင်ဖြစ်ပါသည်။ ၎င်း နေရာကို မှန်ဘီလူး၏ အလယ်ဗဟို( Optical center of the lens)ဟု ခေါ်ပါသည်။
          မှန်ဘီလူး၏ဗဟိုသည် အလင်းယိုင်ခြင်းမရှိဘဲ အလင်းတန်းဖြတ်သန်းသည့် တခုတည်းသော အစိတ်အပိုင်းဖြစ်ပါသည်။မျက်မှန်တွင် တပ်ဆင်ရန်အတွက် လိုအပ်သော မှန်ဘီလူးများကို မျက်မှန် ကိုင်း၌ ပြုပြင်တပ်ဆင်ရာတွင် ၎င်း အော့ပ်တစ်ကယ်စင်တာ(optical centre)နေရာနှင့် မျက်မှန်တပ် ဆင်မည့်သူ၏ မျက်လုံးတို့ကို တတန်းတည်း(မျဉ်းတပြေးတည်း) ကျနေစေရန် ချိန်ဆတပ်ဆင်ပေးရ မည် ဖြစ်ပါသည်။သို့မှသာ ကြည်လင်သောအမြင်အာရုံရရှိရေးအတွက် မှန်ကန်သော အထောက်အပံ့ကို ရမည်ဖြစ်ပေသည်။

ပါဝါမဲ့မှန်များ(Plano lens)

မှနှ်ဘီလူးခုံး(plus lens) လည်းမဟုတ်၊ မှန်ဘီလူးခွက်(minus lens)လည်းမဟုတ်သောမှန် သည်၊ ပါဝါမဲ့မှန်(plano lens)ပင် ဖြစ်ပါသည်။ ပါဝါမဲ့မှန်များသည် ကြည်လင်ပြတ်သားသော အမြင် အာရုံရရှိအောင် ချိန်ဆမှုများ ပြုလုပ်ပေးနိုင်ခြင်းမရှိချေ။ သို့ဖြစ်ရာ ပါဝါမဲ့မှန် (plano lens)များ အတွင်းသို့ ဖြတ်သန်းသော အလင်းတန်းများသည် အလင်းယိုင်ခြင်းမရှိဘဲ၊ ပြူတင်းပေါက်မှန်များကို အလင်းတန်းဖြတ်သန်းသကဲ့သို့ ထောင့်မတ်မျဉ်းနှင့်အပြိုင် ရှိနေမည်ဖြစ်ပါသည်။အရာဝတ္တုများ၏ ပုံရိပ် အနေအထားကို ပြောင်းလဲမှုရှိစေမည်မဟုတ်ဘဲ၊ တသမတ်တည်း ရှိနေမည်ဖြစ်ပါသည်။
          ပါဝါမဲ့မှန် (plano lens) များကို နှစ်ဖက်ပြင်ညီမှန် (two flat surface)နှင့် အထူအပါး ညီညာ သော တဖက်ခုံးတဖက်ခွက်မှန်(equal and opposite curved surface)များအဖြစ်လည်း တွေမြင် ကြရမည် ဖြစ်ပါသည်။
          မှန်ဘီလူးများအကြောင်းကို မိတ်ဆက်(နောက်အခန်းများတွင် အသေးစိတ်ဆက်လက်ရေး သားရန်ရှိ) ပြီးနောက် မျက်စိနှင့်စပ်လျင်းသောအကြောင်းကို ရေးသားလိုပါသည်။

 မျက်စိ၏လုပ်ငန်းစဉ်များ (Eye optics and accommodation)

မျက်စိ၏လုပ်ငန်းစဉ်များတွင်  အောက်ပါ အကြောင်းအရာများသည် အရေးပါသော အချက် များဖြစ်ပါသည်။
(၁) မျက်စိ၏ လုပ်ငန်းစဉ်များတွင်ပါဝင်သော အင်္ဂါအစိတ်အပိုင်းအသီးသီး၏ အမည်များ။
(၂) ကြည်လင်သော ပုံရိပ်တခု၏ အမြင်ကို ထင်ဟပ်စေရန်အတွက် ပုံရိပ်အလင်းတန်းများကို အတူ တကွ စုစည်းပုံဖော်ကြသည့် အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းလုပ်ဆောင်ပုံ ရှင်းလင်းချက်များ။
(၃)မျက်မှန်လို၍ မျက်စိမှုန်ခြင်း၏ သဘောသဘာဝနှင့် အမျိုးအစားများ။
(၄) အနီးအဝေးရှိ အရာဝတ္တုများကို ကြည်လင်စွာ မြင်တွေ့နိုင်စေရန် အတွက် ချိန်ဆပေးသော မျက်စိ ၏ လုပ်ငန်းစဉ် ရှင်းလင်းချက်။
(၅)အသက်အရွယ် ကြီးရင့်လာသူများ၏ မျက်စိ၌ အနီးအဝေးချိန်ဆမှု (accommodation) အားနည်း လာ ခြင်းကြောင့် အမြင်းစွမ်းရည် ကျဆင်းရခြင်းအကြောင်း။
(၆)မျက်စိအသုံးပြုပုံ မှားယွင်း၍၊ မျက်စိဒဏ်ပိခြင်းကြောင့် မျက်ကြောအားနည်းခြင်း(Asthenopia)၏ လက္ခဏာများနှင့်၊ ဖြစ်ပွားရခြင်း၏ အကြောင်း ရင်းများ…….စသည်တို့ဖြစ်၏။


အမြင်အာရုံပေါ်ပေါက်လာပုံ
(How is light received by the normal eye)

          အရာဝတ္တုများမှလာသော ပုံရိပ်အလင်းတန်းများသည် ရှေးဦးစွာ မျက်ရည်အလွှာ(tear film)၊ မျက်ကြည်လွှာ(cornea)တို့ကို ဖြတ်သန်း၍ မျက်စိရှေ့ပိုင်း အခန်းငယ်(anterior chamber)အတွင်း ရောက်ရှိသည်။ ထိုမှတဆင့် ဆက်လက်၍ မျက်စိသူငယ်အိမ်(pupil)၊ မျက်စိတွင်း မှန်ဘီလူး (crystalline len)၊ နှင့် မျက်စိနောက်ခန်း (posterior chamber) အတွင်းရှိ မျက်စိရည်ပျစ်(vitreous) တို့ကို ဖြတ်သန်းလျက် မြင်လွှာ(retina) သို့ရောက်ရှိသည်။ ( အခန်း(၁)မျက်စိ၏ အင်္ဂါအစိတ် အပိုင်း များကိုလည်းရှု)
          အလင်းတန်းများ ဖြတ်သန်းဝင်ရောက်သည့် ထိုလမ်းကြောင်း တလျောက်တွင် ၊ရှေးဦးစွာ မျက် ကြည်လွှာ(cornea)ကိုဖြတ်သန်းရာ နေရာမှ စတင်၍ အလင်းတန်းများသည် အတွင်းဖက်သို့ စ၍ယိုင် ၏။ ဆက်လက်၍ စုဆုံ သို့မဟုတ် ခွဲဖြာ အလင်းတန်းများဖြစ် ဝင်ရောက်လာသော အလင်းတန်းများ သည် အထက်ဖော် ပြပါ အစဉ်အတိုင်းဖြတ်သန်းပြီး မြင်လွှာ၌ ဆုံမှတ်အဖြစ် စုဆုံခြင်းအားဖြင့် ကြည် လင် ပြတ်သားသော ပုံရိပ်ကို ရရှိစေမည် ဖြစ်ပါသည်။
          မြင်လွှာ၌ စုဆုံထင်ဟပ်လာသော အလင်းတန်းများသည် ဘိုင်အို(Bio)အီလက်ထရွန်နစ် သင်္ကေတများ (electrical signal)အဖြစ် ပြောင်းလဲသွားပြီး၊ မျက်စိအာရုံကြောများ(optic nerve)ကို ဖြတ်သန်းလျက် ဦးနှောက်သို့ ရောက်ရှိပါသည်။ ၎င်း ဘိုင်အိုအီလက်ထရွန်းနစ် သင်္ကေတများကို ဦးနှောက်က အနက်ဖွင့်ဆိုဖတ်ကြားခြင်းအားဖြင့် အမြင်အာရုံဆိုင်ရာပုံရိပ်(visual images) တို့ ပေါ်ပေါက်လာကြရလေသည်။

 ပြည့်အောင်(COA)

(ICEE – International Centre For Eyecare  Education(Brien Holden Vision Institute Foundation),Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်)   

No comments:

Post a Comment