27.5.20

မျက်မှန်သုံးမှန်များကို ဆန်းစစ်လေ့လာခြင်း (၃၁/၁၀/၂၀၁၉ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါ ကိုယ်တိုင်ရေးဆောင်းပါး)


   
                                                                             
မျက်မှန်တွင်သုံးသော မှန်များအကြောင်းကို မျက်မှန်လုပ်ငန်းဖြင့် သက်မွေးဝမ်းကြောင်းပြုသူ များသာမက မျက်မှန်သုံးစွဲသူများလည်း သိမည်ဆိုပါက၊မိမိ၏မျက်မှန်အတွက် မှန်ရွေးချယ်ရာ တွင်ဖြစ် စေ၊ သက်ဆိုင်ရာပညာရှင်၏ ဖွင့်ဆိုရှင်းလင်းချက်များကို နားထောင်ရာတွင်ဖြစ်စေ၊ ပို၍အဆင်ပြေ ချောမွေစေမည်ဖြစ်ရာ မည်သူမဆိုလေ့လာထားသင့်သည်ဟု ယူဆမိပါသည်။သို့ဖြစ်ရာ ထိုသို့ ဆန်းစစ် လေ့လာလျှင် အထူးတလည် ရှုပ်ထွေးမှုရှိမည် မဟုတ်ပဲ ၊မှန်တို့၏အထူအပါး၊ပါဝါမဲ့မှန်၊ အက်စတီ မက်တစ်မှန်(ဆလင်ဒါမှန်)၊စဖီးရစ်မှန်၊စဖီရိုဆလင်ဒါမှန်နှင့် ယင်းတို့နှင့်ဆက်စပ်သောအကြောင်း အရာ များကို တွေ့ကြရမည်ဖြစ်ပါသည်။
                မှန်တို့တွင် အထူအပါးအမျိုးမျိုးရှိကြပြီး ယင်းအပေါ်မူတည်၍ ပါဝါများလည်းတူ ညီမှုရှိ မည်မဟုတ်ချေ။မှန်၏ အလယ်ဗဟိုတွင် ပို၍ထူသော အပေါင်းမှန်များ၏ပါဝါသည် ပို၍ပါးသော မှန်များ ထက် ပါဝါပိုများသည်။ပါဝါပိုများသော +4.00 D မှန်၏အလယ်ဗဟိုသည် ပါဝါနည်းသော +1.50 D ၏ အလယ်ဗဟိုထက်ပို၍ ထူသည်ကိုတွေ့ရမည်ဖြစ်သည်။ မှန်၏အနားသတ်များပို၍ ထူသော အနုတ်မှန် များ၏ ပါဝါသည် အနားသတ်များပို၍ ပါးသောမှန်ထက် ပါဝါပို၍များသည်။ အနားသတ်များ ပိုထူ၍ - 4.00 D ပါဝါရှိသောအနုတ်မှန်သည်၊အနားသတ်များ ပိုပါးပြီး -1.50 D ပါဝါရှိသော မှန်ထက်ပါဝါပို များ သည် ကိုတွေ့ရမည်ဖြစ်ပါသည်။
        တခါတရံ ပါဝါမဲ့မှန်များကို အသုံးပြုရန် လိုအပ်သည်များရှိပါသည်။ ပါဝါမဲ့မှန်များ ကို ပလိန်နို (Plano Lens) သို့မဟုတ် ပါဝါအညွှန်းမလိုသောမှန်(Non- Prescription Lenses) ဟုလည်း ခေါ် ပါသည်။အမြင်အာရုံကောင်း (မျက်မှန်ပါဝါလိုအပ်ချက်မရှိ)သူ ဖြစ်ပြီး၊ခရီးသွားများသူ၊ အဆောက်  အဦပြင်ပတွင် အနေများသူ ဖြစ်ပါက ပါဝါမဲ့သော နေကာမျက်မှန်ကိုတပ်ရန် လိုအပ်ပါသည်။ ထို့ပြင် အကာအကွယ် မျက်မှန်(Safety Spectacles)ကို တပ်ရန်လိုသော စက်ရုံလုပ်သားများသည်လည်း ပါဝါမဲ့မှန်များကိုအသုံး ပြုကြ၏။ အချို့သူများသည် မျက်စိတဖက်အတွက်သာ ပါဝါလိုအပ်ပြီး၊အခြား တဖက်အတွက် ပါဝါမလိုသည်များရှိပါသည်။ ထိုသူများအတွက် ပါဝါမလိုသော အမြင်အာရုံကောင်း သော မျက်စိတဖက်အတွက်ပါဝါမဲ့မှန်ကို အသုံးပြုကြသည်။
ပါဝါမဲ့မှန်များသည် ပြင်ညီ သို့မဟုတ် မျက်နှာပြင်ခုံးနှင့် မျက်နှာပြင်ခွက် မှန်များလည်းဖြစ်နိုင်ပါ သည်။၎င်းမှန်များကို အလင်းတန်းဖြတ်သန်းရာတွင် အလင်းယိုင်ခြင်း မရှိပေ။ပါဝါကိုဆုံးဖြတ်ရာတွင် အခြား မှန်များကဲ့သို့ပင် မျက်နှာပြင်နှစ်ဖက်ပေါင်း၏ အဖြေကိုပင်ရယူပါသည်။နှစ်ဖက်ပြင်ညီမျက် နှာပြင်မှန်များတွင်၊ပြင်ညီမှန်၏ပါဝါသည် 0.00 D ပါဝါဖြစ်သည့် အတွက် 0.00 D + 0.00 D= 0.00 D ဖြစ်ပါသည်။တစ်ဖက်သည် မျက်နှာပြင်ခုံးဖြစ်ပြီး၊ အခြားတစ်ဖက်သည် မျက်နှာပြင်ခွက်ဖြစ်ပါက၊ မျက် နှာ ပြင်ခုံးပါဝါသည် +6.00 D ဖြစ်ပြီး၊မျက်နှာပြင်ခွက်ပါဝါသည် - 6.00 D ဖြစ်ရာ၊၎င်းမှန်၏ပါဝါ သည် +6.00 +(-6.00)= 0.00 D ဖြစ်သောကြောင့်ပါဝါမဲ့မှန်ဖြစ်လေသည်။
မျက်နှာပြင်အခုံး အခွက်ရှိသောမှန်များသည် ပါဝါမဲ့မှန်များဖြစ်နိုင်သော်လည်း၊ သဘာဝခြင်းမတူမှ သာ ဖြစ်နိုင်လေသည်။တစ်ဖက်သည် မျက်နှာပြင်ခုံးဖြစ်လျှင် အခြားတစ်ဖက်သည် မျက်နှာပြင်ခွက် ဖြစ်ရပေမည်။ထင်ရှားသောအချက်မှာ ပါဝါမဲ့မှန်၏ အလယ်ဗဟိုတွင်ရှိသောအထူသည် အနားသတ် များတွင်ရှိသော အထူနှင့်တူညီနေခြင်းပင်ဖြစ်ပေသည်။

အက်စတီမက်တစ်မှန်များ(Astigmatic Lens)

          စဖီးရစ်မှန်များသည် အမြင်အလျား (ဆုံတာ)ရှည် အဝေးမှုန်၊ အမြင်အလျားတိုအဝေးမှုန်နှင့် သက်ကြီး အနီးမှုန်သူများကို အမြင်အာရုံ တိုးတက်ကောင်းမွန်လာစေရန် အသုံးပြုပါသည်။သို့သော် လည်း စဖီးရစ်မှန်များကို အသုံးပြု၍ အမြင်အာရုံတိုးတက်ကောင်းမွန်လာစေရန် ပြုပြင်၍မရသော မျက် စိမှုန်ခြင်းတစ်မျိုးလည်း ရှိပါသေးသည်။ ၎င်းကို အက်စတစ်မက်တစ်ဇန်(Astigmatism)ဟုခေါ်သည်။ အက်စတစ်မက်တစ်ဇန် ရှိသူ၍ မျက်စိမှုန်သူများအား မှန်ပုံစံတစ်မျိုး(Special type of lens)ဖြစ်သော ဆလင်ဒါမှန်(Cylindrical Lens)ကို အသုံး ပြု၍ အမြင်တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ကြ လေသည်။ ဆလင်ဒါမှန်ကိုအသုံးပြု၍ ကုစားရသောကြောင့် အက်စတစ်မက်တစ်ဇန်ရှိသူများကို ဆလင်ဒါ ပါဝါရှိသူများ ဟုလည်းခေါ်ကြပါသည်။
          အက်စတစ်မက်တစ်ဇန်(Astigmatism)ရှိ၍ မျက်စိမှုန်သူများအား အမြင်အာရုံချိန်ဆမှု မှန်ကန် လာစေပြီး၊တိုးတက်မှုရှိစေရန်အတွက် အက်စတီမက်တစ်မှန်များကို အသုံးပြုရသည်။မျက်မှန်တွင် ၎င်း မှန်ကိုတပ်ဆင်အသုံးပြုစေခြင်းဖြင့် ကြည်လင်သောအမြင်ကို ရရှိစေမည်ဖြစ်သည်။ အက်စတစ်မက် တစ်ဇန် (Astigmatism) မျက်စိမှုန်ခြင်းသည် တစ်မျိုးတည်း သီးသန့်ရှိသကဲ့သို့ အခြားသောမျက်စိ မှုန်ခြင်းများ နှင့် လည်း တွဲဖက်၍ရှိနေတတ်သည်ကိုတွေ့ရပါသည်။ဥပမာအားဖြင့် ……..
(က) အက်စတစ်မက်တစ်ဇန်နှင့် အမြင်အလျားရှည်မျက်စိမှုန်ခြင်း(Astigmatism and Hyperopia) (ခ) အက်စတစ်မက်တစ်ဇန်နှင့် အမြင်အလျားတိုမျက်စိမှုန်ခြင်း(Astigmatism and Myopia)       (ဂ) အက်စတစ်မက်တစ်ဇန်နှင့် သက်ကြီးအနီးမှုန်(Astigmatism and Presbyopia) စသည်ဖြင့်ဖြစ်၏
          အက်စတီမက်တစ်မှန်(ဆလင်ဒါမှန်)များကို မှန်အမျိုးအစားအားဖြင့်လည်း နှစ်မျိုးတွေ့ရပြီး၊ဆ လင်ဒါမှန်နှင့် စဖီရိုဆလင်ဒါမှန်ဟူ၍ ဖြစ်ပါသည်။အခြားသော အခေါ်အဝေါ်များအဖြစ်……..ဆလင်ဒါ မှန်များကို ၊ Cylinderical  Lens = Cylinder Lens = Cylinder ဟူ၍လည်းကောင်း၊စဖီရိုဆ လင်ဒါ မှန်များကို ၊ Sphero – Cylinderical Lens = Spher – Cylinder Lens = Sphero – Cyl Lens စသည်ဖြင့်လည်း ခေါ်ကြပါသည်။
          ဆလင်ဒါမှန်များသည် အက်စတစ်မက်တစ်ဇန်ရှိ၍ မျက်စိမှုန်သူများအား အမြင်အာရုံတိုးတက် အောင်ပြုပြင်ပေးပြီး၊ စဖီရိုဆလင်ဒါမှန်များသည် အက်စတစ်မက်တစ်ဇန်နှင့်တွဲလျှက်ရှိသော အမြင် အလျားရှည်မျက်စိမှုန်၊အမြင်အလျားတိုမျက်စိမှုန်နှင့် သက်ကြီးအနီးမှုန်သူများအား ကြည်လင်သော အမြင်ကိုရရှိစေရန်ပြုပြင်ပေးပါသည်။မျက်မှန်သုံးမှန်များအကြောင်းကို လေ့လာလျှင်၊အမြင်လမ်း ကြောင်း (Meridians) အကြောင်း ကိုလည်း၊သိရှိထားပါမှ ပို၍ပြည့်စုံမည်ဟုထင်မြင်ယူဆပါသည်။ အမြင်လမ်းကြောင်းဆိုသည်မှာ ဗဟိုအမြင်လိုင်း (Optical Centre)အတိုင်းဖြတ် သန်းဝင်ရောက် လာသည့် ပုံရိပ်ဖော်လမ်းကြောင်းဖြစ်သည်။ ဦးတည် ချက်နှင့်လားရာပေါ်မူတည်၍ အမြင်လမ်း ကြောင်းအမျိုးမျိုးရှိကြပါသည်။
          အက်စတီမက်တစ် မှန်များ၏ အဓိကအမြင်လမ်းကြောင်းများသည် ထောင့်မှန်ကျ(၉၀ံ)လမ်း ကြောင်းများအတွင်း အသီးသီးရှိကြပြီး၊၎င်းမှန်၏ ပါဝါအမြင်ဆုံး အမြင်လမ်းကြောင်းသည်လည်း ထောင့်မှန်ကျလမ်းကြောင်းအတွင်းရှိနေပါသည်။တဆက်တည်းမှာပင် အက်စတီမက်တစ်မှန်၏ အနိမ့် ဆုံးပါဝါအမြင်လမ်းကြောင်းသည် အခြားသောအမြင်လမ်းကြောင်းတခုတွင် ထောင့်မှန်ကျရှိနေသည် ကိုတွေ့ရမည်ဖြစ်ပါသည်။သို့ဖြစ်ရာ အက်စတီမက်တစ်မှန်တွင် အမြင်လမ်းကြောင်းနှစ်ခုရှိပြီး၊၎င်းတို့ မှာ …အနိမ့်ဆုံးပါဝါရှိရာ နေရာပြလမ်းကြောင်း(Axis Meridians) နှင့် အမြင့်ဆုံးပါဝါရှိရာ ပါဝါအမြင် လမ်းကြောင်း(Power Muridians)တို့ဖြစ်ပါသည်။
          စဖီးရစ်မှန်များတွင် တူညီသောအမြင်လမ်းကြောင်းများရှိပြီး၊ပါဝါလည်းတူကြပါသည်။အက်စတီ မက်တစ်(ဆလင်ဒါ)မှန်များတွင်သာ မတူညီသောအမြင်လမ်းကြောင်းနှစ်ခုရှိပြီး၊ပါဝါများလည်း တူညီမှု မရှိကြချေ။ထို့ပြင် အမြင်လမ်းကြောင်းတခုနှင့်တခု ထောင့်မှန်ကျ အသီးသီးဖြတ်သန်းနေကြသည်ကို လည်းတွေ့ရမည်ဖြစ်၏။ဆလင်ဒါမှန်များတွင် စဖီးရစ်မှန်များကဲ့သို့ပင် အနုတ်ဆလင်ဒါပါဝါမှန်နှင့် အပေါင်း ဆလင်ဒါပါ ဝါမှန်ဟူ၍ရှိပါသည်။ဆလင်ဒါမှန်များနှင့် စဖီးရစ်မှန်တို့၏ ကွဲပြားခြားနားသော သဘောသဘာဝကို သိရှိနိုင်ရန် မှန်အသီးသီး၏ ဗဟိုအမြင်လမ်းကြောင်းနေရာမှ ပိုင်းဖြတ်၍လေ့ လာလျှင် ထင်ထင်ရှားရှားသိနိုင်ပါသည်။

စဖီးရစ်မှန်များကို ဖြတ်ပိုင်း၍လေ့လာခြင်း(Cutting Spherical Lenses)

          အပေါင်းပါဝါရှိသော (တဖက်ပြင်ညီ တဖက်ခုံး)စဖီးရစ်မှန်တစ်ချပ်ကို အလယ်တည့်တည့်(ဗဟို အမြင်လိုင်း - Optical Centre) မှ ထက်ဝက်ပိုင်းဖြတ်၍ ပိုင်းဖြတ်ထားသောနေရာ(The cut surface) မှကြည့်လျှင် တဖက်အနားစွန်းသည် ပြင်ညီ(Flat)ဖြစ်ပြီး၊အခြားတဖက်သည် မျက်နှာပြင်ခုံးဖြစ်သည် ကိုတွေ့ရမည်ဖြစ်သည်။
          စဖီးရစ်မှန်၏ မည်သည့်လမ်းကြောင်းမှမဆို အထက်ပါအတိုင်း ထက်ဝက်ပိုင်းဖြတ်၍ ကြည့် လျှင်၊အပိုင်းနှစ်ပိုင်း၏ အတွင်းဖက်မျက်နှာပြင်တို့၏ပုံသဏ္ဍာန်သည် အထက်ပါအတိုင်းတူညီနေသည် ကို တွေ့ကြရမည်ဖြစ်ပါသည်။ထိုသို့တူညီနေရခြင်းမှာ အပေါင်းမှန်များ၏ပါဝါသည် မည်သည့် အမြင် လမ်းကြောင်းတွင်မဆို တူညီသောပါဝါများရှိနေသည်ဟူသည့် သဘောပင်ဖြစ်လေသည်။
ဆလင်ဒါမှန်များကိုဖြတ်ပိုင်း၍ လေ့လာခြင်း(Cutting Cylindrical Lenses)
          ဆလင်ဒါမှန်များတွင် ပါဝါအမြင်လမ်းကြောင်း(Power Meridian)နှင့် နေရာပြအမြင်လမ်း ကြောင်း(Axis Meridium)ဟူ၍ရှိရာ၊ပါဝါအမြင်လမ်းကြောင်းအတိုင်း အပေါင်းဆလင်ဒါမှန်ကို ဖြတ် ပိုင်း၍ကြည့်လျှင် အတွင်းဖက်ဖြတ်ပိုင်းနေရာ(Cut Surface)တွင် အပေါင်းစဖီးရစ်မှန်များတွင် မြင်ရ သည့်အတိုင်း တွေ့ကြရမည်ဖြစ်ပါသည်။အနားစွန်းတဖက်သည် ပြင်ညီ(flat)ဖြစ်ပြီး ကျန်တဖက်သည် မျက်နှာပြင်ခုံးဖြစ်သည်ကိုတွေ့ကြရပါမည်။အဓိပ္ပါယ်မှာ ၎င်းပါဝါအမြင်လမ်းကြောင်းသည် အမြင်အာရုံ ချိန်ဆနိုင်စွမ်းရှိပြီး၊အပေါင်းစဖီးရစ်မှန်နှင့် သဘောသဘာဝခြင်း တူညီကြောင်းသိကြရမည်ဖြစ်ပါသည်။
          အကယ်၍ နေရာပြအမြင်လမ်းကြောင်း(Axis Meridiam)ကိုဖြတ်ပိုင်း၍ကြည့်လျှင်၊ဖြတ်ပိုင်းရာ နေရာ(Cut Surface)တွင် ပြင်ညီ(Flat – Plano)အစွန်းနှစ်ဖက်ကိုတွေ့ကြရမည်ဖြစ်ပေသည်။အစွန်း နှစ်ဖက်သည် မျဉ်းဖြောင့်နှစ်ခုအပြိုင်(Straight and Paralled) ဖြစ်နေသည်ကိုတွေ့ရသောကြောင့် အမြင်အာရုံချိန်ဆနိုင်စွမ်း ရှိမည်မဟုတ်ပေ။ထိုနည်းတူ အမြင်လမ်းကြောင်းပြောင်းလဲစေခြင်း(Prism Power)လည်းရှိမည်မဟုတ်ပေ။ 
          ထို့ပြင် ဆလင်ဒါမှန်များ၏ ပါဝါအမြင်လမ်းကြောင်းနှင့် နေရာပြအမြင်လမ်းကြောင်း တို့၏ အကြား၊နေရာအမျိုးမျိုးမှ ဖြတ်ပိုင်း၍ကြည့်လျှင် ပါဝါအမြင်လမ်းကြောင်းနှင့် ပို၍နီးလေလေ ပို၍ အခုံး များလေလေဖြစ်ပြီး ပါဝါလည်းပို၍ပို၍ များလာမည်ဖြစ်၏။ထိုနည်းတူ နေရာပြအမြင်လမ်းကြောင်းနှင့် ဖြတ်ပိုင်းမှု ပို၍နီးလေလေအခုံးပို၍လျှော့လေလေဖြစ်ပြီး၊ပါဝါလည်းပို၍နည်းသွားမည်ဖြစ်၏။

ဆလင်ဒါမှန်များနှင့်အလင်းယိုင်ခြင်း(Refraction of Light a Cylindrical Lens)

          ဆလင်ဒါမှန်များ၏အလင်းယိုင်ပုံနှင့် စဖီးရစ်မှန်များ၏အလင်းယိုင်ပုံတို့သည် တူညီခြင်းမရှိပေ။ စဖီးရစ်မှန်များတွင် ဖြတ်သန်းဝင်ရောက်လာသော အလင်းတန်းများသည် တခုတည်းသောဆုံမှတ် (Focal Point or Virtual Focal Point)များတွင်သာစုဆုံကြသည်။ဆလင်ဒါမှန်များတွင်မူ ဖြတ်သန်း ဝင်ရောက်လာသော အလင်းတန်းများသည် စဖီးရစ်မှန်များကဲ့သို့ အမှတ်(Point)တစ်ခုတည်းတွင် စု ဆုံခြင်းမျိုးမဟုတ်ဘဲ၊မျဉ်းဖြောင့်တစ်ခုတည်းပေါ်တွင် စုဆုံခြင်းမျိုးဖြစ်သည်။သို့ဖြစ်ရာ ဆလင်ဒါမှန်များ ၏ အလင်းတန်းများသည် ဆုံမျဉ်း(Focal Line or Virtual Focal Line)များတွင် ပေါင်းဆုံကြသည်ဟု ဆိုရမည်ဖြစ်သည်။
          အပေါင်းစဖီးရစ်မှန်များတွင် ဖြတ်သန်းဝင်ရောက်လာသော အလင်းတန်းများသည် ဆုံမှတ်တခု တည်းတွင် စုဆုံပြီး၊အပေါင်းဆလင်ဒါမှန်များတွင် အလင်းတန်းများသည် အပေါင်းစဖီးရစ်မှန်များကဲ့သို့ ဆုံမှတ်တခုတည်းတွင် စုဆုံခြင်းမရှိဘဲ စုဆုံမျဉ်း(ထောင့်မှန်ကျ ၉၀ံ သို့မဟုတ် အလျှားလိုက် ၁၈၀ သို့ မဟုတ် အခြား) ပေါ်တွင် စုဆုံကြသည်။ အနုတ်စဖီးရစ်မှန်များတွင် အလင်းတန်းများသည် (မှန်းဆ ရေးဆွဲ၍ သိရသော)ဆုံမှတ်( Virtual Focal Point)မှစတင်ခွဲဖြာလာပြီး၊အနုတ်ဆလင်ဒါ မှန်များတွင်မူ ဆုံမျဉ်း(Virtual Focal Line) မှစတင်ခွဲဖြာလာကြသည်။

စဖီရိုဆလင်ဒါမှန်များ(Sphero – Cylindrical Lens)

          စဖီရိုဆလင်ဒါမှန်များကို = Sphero – Cylindrical Lens သို့မဟုတ် Sphero – Cyl ဟူ၍ရေး သားမှတ်တမ်းတင်ကြပါသည်။ စဖီရိုဆလင်ဒါမှန်သည်မှန်တခုတည်းဖြစ်ပြီး၊ ၎င်း၏ဖြစ်နိုင်ခြေကို တွေး ဆလျှင်………ဆလင်ဒါပါဝါနှစ်မျိုးကို မှန်တစ်ချပ်တည်းတွင် ထောင့်မှန်ကျပါဝင်အောင်သွေးထားခြင်း သို့မဟုတ် စဖီးရစ်ပါဝါနှင့် ဆလင်ဒါပါဝါနှစ်မျိုးကို မှန်တစ်ချပ်တည်းတွင်ပါဝင်အောင် သွေးထားခြင်း ပင်ဖြစ်ကြောင်းသိနိုင်ပါသည်။
          သဘာဝမတူညီသောပါဝါနှစ်မျိုးကို အဓိကကျသော အမြင်လမ်းကြောင်းတခုတည်းတွင် ပါဝင် ရန်စီစဉ်ဖန်တီးထားသောမှန်သည် စဖီရိုဆလင်ဒါမှန်(Sphero Cylindrical Lens)ပင်ဖြစ်ပါသည်။ စဖီရို ဆလင်ဒါမှန်များ၏ ပါဝါအမြင်လမ်းကြောင်း(Power Meridian)သည် အမြင့်ဆုံးပါဝါချိန်ဆနိုင်မှု (Meximum Focusing Power) ပင်ဖြစ်ပြီး ၊ နေရာပြအမြင်လမ်းကြောင်း(Axis Meridian)သည် အနိမ့် ဆုံးပါဝါချိန်ဆနိုင်မှု(Minimum Focusing Power) ပင်ဖြစ်လေသည်။ ဆလင်ဒါပါဝါသီးသန့်မှန် များနှင့် မတူညီသောအချက်မှာ နေရာပြအမြင်လမ်းကြောင်း(Axis Meridian) သည် ဆလင်ဒါသီးသန့် မှန်များ ကဲ့သို့ သုံည(0) မဟုတ်ဘဲ သုံညအထက်၌ ရှိနေခြင်းပင်ဖြစ်သည်။အဓိပ္ပါယ်မှာ အပေါင်း စဖီရို ဆလင် ဒါမှန်ဖြစ်စေ၊အနုတ် စဖီရိုဆလင်ဒါမှန်ဖြစ်စေ စုဆုံလိုင်း( Focal Line) နှစ်ခုဖြင့်ဖွဲ့စည်းထား သည် ဟူသောအချက်ပင်ဖြစ်ပါသည်။

 ပြည့်အောင်(COA)
 
(ICEE – International Centre For Eyecare  Education(Brien Holden Vision Institute Foundation),Refractive Error Training Package,Student  Manual ကို မှီငြမ်းပါသည်)   

No comments:

Post a Comment