28.5.20

အမြင်အရှိ အမှန်သိကြ စေဖို့ ( ၂/၂/၂၀၂၀ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါဆောင်းပါး)



    
       အမြင်စွမ်းရည်ကိုတိုင်းတာခြင်း(VisuL acuity - VA)ဆိုသည်မှာ တစ်စုံတစ်ယောက်၏ ပကတိအမြင်ကိုတိုင်းတာ ခြင်းဖြစ်သည်။ပကတိအတိုင်းကြည့်ပါက အရာဝတ္တု(သက်ရှိသက်မဲ့)များ ကို စံနှုန်းသတ်မှတ်ချက်အတိုင်း မြင်နိုင်ခြင်း ရှိမရှိ(မျက်စိမှုန်ခြင်းရှိမရှိ) ကို စူးစမ်းရှာဖွေခြင်းလည်း ဖြစ်သည်။တနည်းအားဖြင့် အမြင်အာရုံကိုဖြစ်ပေါ်စေသည့် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြသော မျက်လုံး(Eye Ball)မျက်ကြည်လွှာ(Cornea)၊မျက်စိတွင်းမှန်ဘီလူး(Lens)၊မျက်စိရည်ပြစ် (Vitrous)၊မြင်လွှာ(Retina)၊မက်ကျူလာ(Macula)၊မျက်စိအာရုံကြော(Optic Nerves)များ နှင့် အခြားသောအစိတ် အပိုင်းများ ကောင်းမကောင်း စစ်ဆေးခြင်းပင်ဖြစ်ပါသည်။ အမြင်အာရုံ ချို့တဲ့ စေသော အကြောင်းနှစ်မျိုးရှိပါသည်။

(၁)စံလွဲအလင်းယိုင်ခြင်း(Refractive error)

          စံလွဲအလင်းယိုင်ခြင်းကြောင့် အမြင်အာရုံချို့တဲ့ခြင်းသည် မျက်မှန်တပ်လျှင် ကောင်းစွာမြင် နိုင်သော အမြင်အာရုံချိုတဲ့ခြင်းမျိုးဖြစ်သည်။မျက်စိ၏အင်္ဂါအစိတ်အပိုင်းများသည် ယေဘုယျအား ဖြင့်ကောင်းနေပြီး၊မျက်လုံး၏အရွယ်ပမာဏမမှန်ခြင်း၊မျက်ကြည်လွှာ အခုံးအခွက်မမှန်ခြင်းများ ကြောင့် အလင်းယိုင်မှုမှားယွင်း၍ အမြင်အာရုံချို့တဲ့ခြင်းဖြစ်သည်။

(၂) မျက်စိကျန်းမာရေးပြဿနာ တစ်စုံတစ်ခုကြောင့်မျက်စိမှုန်ခြင်း(Eye health problem)

          မျက်မှန်တပ်လျှင် အမြင်အာရုံတိုးတက်မှုမရှိနိုင်သော မျက်စိမှုန်ခြင်းမျိုးဖြစ်သည်။များသော အားဖြင့် အတွင်းတိမ်၊ရေတိမ်နှင့် မြင်လွှာဆိုင်ရာပြဿနာများ၊မျက်စိအာရုံကြောဆိုင်ရာပြဿနာ များကြောင့်ဖြစ်လေသည်။

        တစ်စုံတစ်ယောက်၏ အမြင်စွမ်းရည်သည် ကွဲပြားခြားနားမှုအမျိုးမျိုး ရှိနိုင်ပါသည်။အဝေး ကြည့်၊ အနီးကြည့်နှစ်မျိုးစလုံးကောင်းသူရှိနိုင်သကဲ့သို့၊နှစ်မျိုးစလုံးမှုန်သူလည်းရှိနိုင်ပါသည်။အဝေး ကောင်းပြီး အနီးမှုန်သူဖြစ်နိုင်သကဲ့သို့ အနီးကောင်းပြီး အဝေးမှုန်သူလည်းဖြစ်နိုင်ပါသည်။စနစ်တ ကျ စစ်ဆေးမှသာ လျှင် ထိုသူ၏အမြင်စွမ်းရည်ကိုမှန်မှန်ကန်ကန်သိနိုင်ပါသည်။သို့မဟုတ်လျှင် ကာယကံရှင်ကိုယ်တိုင် မိမိ၏အမြင်စွမ်းရည်ကို အရှိအတိုင်းသိနိုင်မည်မဟုတ်ပေ။အမြင်စွမ်းရည် ကို စစ်ဆေးရာတွင် အဝေးကြည့် အမြင်စွမ်းရည်စစ်ဆေးခြင်းနှင့် အနီးကြည့်အမြင်စွမ်းရည်စစ်ဆေး ခြင်းဟူ၍နှစ်မျိုးရှိပါသည်။

အဝေးကြည့်အမြင်စွမ်းရည်ကိုစစ်ဆေးရာတွင် စံသတ်မှတ်ချက်အကွာအဝေးသည်(၆)မီ တာ(ပေ ၂၀)ဖြစ်ပါသည်။ထိုအကွာအဝေးတွင် အမြင်စမ်းကဒ်ပြား သို့မဟုတ် ပရိုဂျက်တာစခရင် သို့မဟုတ် မော်နီတာ ကိုထားပါသည်။အချို့လည်း(၃)မီတာအကွာအဝေးကိုသတ်မှတ်၍ အမြင် စမ်းကဒ်၊ပရိုဂျက် တာ၊မော်နီတာများရှိ စာလုံးအရွယ်ပမာဏကို ပြောင်းလဲ(သေး)၍ အသုံးပြုကြ သည်လည်းရှိပါသည်။ အနီးကြည့်အမြင်စွမ်းရည်ကို စစ်ဆေးသောအကွာအဝေးမှာ(၄၀)စင်တီမီ တာ(၁၅.၇၅”ခန့်)ဖြစ် ပါသည်။ အချိုကလည်း ၁၂” နှင့် ၁၄”အကွာအဝေးကိုသတ်မှတ်ကြပါသည်။ ထိုအကွာအဝေးတွင် စံသတ်မှတ် ထားသောကဒ်ပြားပေါ်ရှိ အရွယ်ပမာဏအမျိုးမျိုးရှိသော စာလုံး များကိုဖတ်ခိုင်းခြင်းဖြင့် စစ်ဆေးပါသည်။

အမြင်စွမ်းရည်စစ်ဆေးခြင်း(Types of VA Measurement)

          အမြင်စွမ်းရည်စစ်ဆေးခြင်းကို အခြားသောမျက်စိကျန်းမာရေး စစ်ဆေးမှုများ မပြု လုပ်မီရှေး ဦးစွာပြုလုပ်လေ့ရှိပါသည်။ မျက်စိတစ်ဖက်ခြင်းစီကို သီးခြားစီ စတင်စစ်ဆေးရပြီး၊ နှစ် ဖက်ပေါင်း အမြင်ကိုလည်း ဆက်လက်စစ်ဆေးကြရပါသည်။မျက်စိ တစ်ဖက်ခြင်းစီ၏အမြင်စွမ်း ရည်ကို စနစ်တကျ မှတ်သားကြရသကဲ့သို့၊အချို့ပညာရှင်များကလည်း နှစ်ဖက်ပေါင်းအမြင်ကို မှတ်သားကြ သည်လည်းရှိပါသည်။ ထိုသို့မှတ်သားကြရခြင်း၏ရည်ရွယ်ချက် အဓိကအားဖြင့်(၃) ချက်ရှိပါသည်။ပထမ ရည်ရွယ်ချက်မှာ ဆက်လက်ဆောင်ရွက်ရန်လိုအပ်သည့် မျက်စိကုသမှုများ ကို အထောက်အပံ့ရ စေရန်ဖြစ်သည်။ဒုတိယရည်ရွယ်မှာ ကာယကံရှင်(လူနာ)ကစောဒကတက် လျှင် ဖြေရှင်းနိုင်ရန်ဖြစ် ပါသည်။အချို့သော သူများသည် မျက်စိကုသမှုမပြုမီ သို့မဟုတ် မျက်မှန် မတပ်မီက မိမိအမြင် ကောင်းပြီး၊မျက်စိကုသပြီး သို့မဟုတ် မျက်မှန်တပ်မှ ပို၍ဆိုး(ပို၍မှုန်)လာ သည်ဟု ပြောတတ်ကြသည်ကို အထောက်အထားပြ၍ ချေဖျက်နိုင်ရန်ဖြစ်သည်။တတိယရည်ရွယ် ချက်မှာ နောင်အလားတူမျက်စိပြဿနာ မျိုး ကြုံတွေ့လာပါက ကိုးကားမှီငြမ်းမှုပြုရန်ဖြစ်ပါသည်။

သို့ဖြစ်ရာတစ်စုံတစ်ယောက်၏အမြင်စွမ်းရည်ကို သုံးသပ်ရာတွင် ပကတိအမြင်(မျက်မှန်မ တပ်မီ/ကုသမှုတစ်စုံတစ်ရာမပြုမီကအမြင် - Unaided Vision) နှင့် အကူအပံ့ဖြင့်မြင်သောအမြင် (မျက်မှန်ဖြင့်မြင်သောအမြင်/ကုသမှုပြုပြီးနောက်အမြင် - Aided Vision) တို့ကိုအဓိကထားရန်လို အပ်ပါသည်။မျက်မှန်ဖြင့်မြင်ရသောအမြင်များသည်လည်း အမျိုးမျိုးအစားစားကွဲပြားသည်ကို တွေ့ ကြရပါမည်။အဝေးကြည့်ကောင်းပြီး အနီးမှုန်သောကြောင့် အနီးကြည့်မျက်မှန်တပ်ကြရသူများ သည်၊အနီးကြည့်မျက်မှန်ဖြင့် အဝေးသို့ကြည့်ပါက ဝေဝါး(မှုန်)နေသောအမြင်ကို မြင်ကြရမည်ဖြစ် သည်။ထို့သို့မှုန်နေပါလျှက် အနီးကြည့်မျက်မှန်ဖြင့် အဝေးသို့ကြည့်ဖန်များသောအခါ၊ပကတိ အမြင်(မျက်မှန်မပါပဲကြည့်သောအခါ - Unaided Vision)တွင်ပါမှုန်လာမည်ဖြစ်ပြီး၊အဝေးကြည့် ပါဝါပါလိုလာမည်ဖြစ်သည်။ထိုနည်းတူ အနီးကြည့်ကောင်း အဝေးမှုန်သောကြောင့် အဝေးကြည့် မျက်မှန်တပ်ကြရသူများသည် အဝေးကြည့်မျက်မှန်ဖြင့် အနီးကြည့်ပါက ကြည့်ကောင်းမည်မဟုတ် ပေ။ထိုသို့ကြည့်မကောင်းသည်ကို သတိမမူပဲ၊အဝေးကြည့်မျက်မှန်ဖြင့် အနီးကြည့်ဖန်များလာသော အခါ အနီးတွင်(မျက်မှန်မပါပဲကြည့်သောအခါတွင်)ပါ မှုန်လာပြီး၊အနီးကြည့်တွင်ပါ မျက်မှန်ပါဝါလို အပ်လာမည်ဖြစ်ပါသည်။အဝေးကြည်ရော အနီးကြည်ပါမှုန်သူများ(မျက်မှန်မပါပဲ)အတွက်မူ အဝေး သာမက အနီးတွင်ပါမျက်မှန်တပ်ရန်လိုသည်ဖြစ်ရာ သတိပြုရန်အတွက် အထူးဆိုဖွယ်ရာမရှိပေ။

လက်ရှိအမြင်(Presenting VA or Entering VA)

        လက်ရှိအမြင်(Presenting VA or Entering VA)ဟူသော ဝေါဟာရ ကိုအချို့သောပညာ ရှင်များသုံးကြပါသည်။ဆိုလိုရင်းမှာ မျက်မှန်တပ်သူအတွင် မျက်မှန်ဖြင့်မြင်ရသောအမြင် ( Aided Vision)ဖြစ်ပြီး၊ မျက်မှန်မတပ်သူအတွက်ထိုသူ၏ပကတိအမြင်(Unaided Vision)ပင်ဖြစ်ပါသည်။

အမူအကျင့်ဆိုင်ရာအမြင်(Habitual VA)

          မျက်စိအမြင်ဆိုင်ရာ ပြဿနာများတွင် အမူအကျင့်ကြောင့်ဖြစ်တတ်သည့်အမြင်(Habitual VA)လည်းရှိ၏။တခါတရံ တစ်စုံတစ် ယောက်၏ အမြင်သည် မျက်မှန်တပ်လျှင်မြင်ရသော အမြင် နှင့်မျက်မှန်မတပ်ပဲမြင်ရသောအမြင် တူညီသွားသည်လည်းဖြစ်တတ်၏။ ထိုသို့ဖြစ်ရခြင်းမှာ ယခင် ကမျက်မှန်ဖြင့်ပို၍ကောင်းကောင်းမြင်ရသော်လည်း၊မျက်မှန်မတပ်ပဲ ကြာမြင့်စွာနေလာသောအခါ မျက်မှန်ပြန်၍တပ်သော်လည်း အမြင် ပိုကောင်းသော အခြေအနေသို့ရောက်မလာတော့ပေ။ ဤ သည်မှာ မျက်မှန်လိုပါလျှက် မျက်မှန် မတပ်ပဲနေသော ထိုသူ၏အမူအကျင့်ကြောင့်ဖြစ်လေသည်။ ထိုနည်းတူ မျက်မှန်တပ်လျှင် ပို၍ ကောင်းသော အမြင်ကိုရရှိပြီး မျက်စိဆိုင်ရာဝေဒနာများမှ ကင်း ဝေးလျှက် ကောင်းကျိုးခံစား ရသည်ကိုသိသောကြောင့်၊မျက်မှန်ကိုစနစ်တကျ မှန်မှန် ကန် ကန် (အနီးကြည့်မျက်မှန် ကိုအနီးကြည့်တွင်သာသုံး၍၊အဝေးကြည့်မျက် မှန်ကို အဝေး ကြည့်တွင် သာ) သုံးသောကြောင့်၊မျက်မှန်မပါဘဲကြည့်ရသော အမြင်ထက်မျက်မှန်ဖြင့်ကြည့်ရသော အမြင်က ပို၍ ကောင်းသော အခြေ အနေကိုကြုံတွေ့ကြရခြင်းသည်လည်း၊ကာယကံရှင်၏ ကောင်း သော အမူ အကျင့်ကြောင့်ပင်ဖြစ်လေသည်။ 
  
ရိုးရှင်းသောနည်းလမ်း(Best-Corrected VA)

        အမြင်အာရုံအားနည်းသူတစ်ယောက်အတွက် အကောင်းဆုံးအမြင်အာရုံကိုရစေရန်မှာ မှန် ကန်သောနည်းလမ်း၊ရိုးရှင်းသောနည်းပညာများဖြင့်ဆောင်ရွက်ပေးနိုင်ခွင့်ရလျှင် အကောင်းဆုံး ဖြစ်ပါ သည်။လူတစ်ဦး နှင့်တစ်ဦး အမြင်အာရုံမတူညီသည်ကများသကဲ့သို့ မျက်စိမှုန်ခြင်း အကြောင်းရင်းလည်း များစွာရှိပါသည်။ ထိုအကြောင်းရင်းများအနက် မျက်စိစမ်းသပ်စစ်ဆေးမှု အဖြေအရ မျက်မှန်တပ် လျှင်ကောင်းစွာမြင်နိုင်ကြောင်းသိရလျှင် ဝမ်းမြောက်ဖွယ်ရာဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မျက်စိကုသရာတွင် မျက်မှန်ပေး၍ကုသခြင်းသည် ရိုရှင်းလွယ်ကူ သော နည်းဖြစ်ပြီး၊ရလာဒ်ကောင်းရ ရန်လည်းသေချာသလောက်ပင်ဖြစ်ပါသည်။

တစ်ဖက်စီအမြင်နှင့်နှစ်ဖက်စုံအမြင်(Monocular and Binocular VA)

          တစ်စုံတစ်ယောက်၏ အမြင်အာရုံကို အရှိအတိုင်းသိရန်မှာ မျက်စိတစ်ဖက်ခြင်းစီ၏အမြင် ကိုစူးစမ်းရန်လိုပါသည်။များသောအားဖြင့် မျက်စိနှစ်ဖက်စလုံးဖွင့်၍ကြည့်ရသော အမြင်သည် တစ် ဖက်ခြင်းစီပိတ်၍ကြည့်ရသောအမြင်ထက်ပို၍ကောင်းသည်ဖြစ်ရာ၊တစ်ဖက်ခြင်းစီ၏ မတူညီသော အမြင်ခြားနားမှုကိုသိနိုင်မည်မဟုတ်ပေ။ ထိုမတူညီသော အမြင်ကိုသိမှသာလျှင် မျက်စိနှစ်ဖက် စလုံး၏အမြင်ကိုထိမ်းညှိရန်နှင့် ပို၍ကောင်းသောအမြင်ကိုရရန်ဆောင်ရွက်(မျက်မှန်ပါဝါရှာဖွေ) ရာ တွင်မှန်ကန်မည်ဖြစ်ပါသည်။မျက်စိတစ်ဖက်ခြင်းစီကိုပိတ်၍ အမြင်စွမ်းရည်ကိုစစ်ဆေးခြင်းဖြင့် ထို ခြားနားချက်ကိုသိနိုင်ပါသည်။

အဝေးကြည့်အမြင်ကိုစစ်ဆေးခြင်း(Distance Vision Test)

        အဝေးကြည့်အမြင်ကိုစစ်ဆေးရာတွင် သတ်မှတ်အကွာအဝေးကိုမူတည်၍စစ်ဆေးရပါ သည်။ များသောအားဖြင့် ၆ မီတာ(ပေ၂၀)အကွာအဝေးဖြစ်ပြီး၊တခါတရံ ၃ မီတာ(၁၀ ပေ)ကို လည်း အသုံးပြုကြ ၏။ ၆မီတာ အကွာအဝေးဖြစ်လျှင် ထိုအကွာအဝေးအတွက် သတ်မှတ်ထား သောအမြင်စမ်းကဒ်ကို အသုံးပြုရပြီး၊ ၃ မီတာဖြစ်လျှင် ၃မီတာအတွက်သုံးရန်သတ်မှတ်ထားသော ကဒ်ကိုသုံးရပါသည်။တခါတစ်ရံ ၆ မီတာအတွက်သုံးရန်သတ်မှတ်ထားသော ကဒ်ကို ၃ မီတာ အကွာအဝေးတွင် သုံးရသည်များလည်းရှိ တတ်ပါသည်။ထိုသို့ဆိုလျှင် ၆ မီတာအကွာအဝေးဖြစ်ရန် အတွက် ကြည့်မှန်ကိုအသုံးပြုခြင်းဖြင့် အကွာ အဝေးကိုပြောင်းလဲကြရပါသည်။အမြင်စမ်းကဒ်ပြား စနစ်(Snellen Chart စသည်)အမျိုးမျိုးကို လိုအပ် သလိုအသုံးပြုခြင်းဖြင့်၊ပကတအမြင်ကို စစ်ဆေး ကြရပါသည်။

          ယခုအခါတွင် ပရိုဂျက်တာများ ၊ အမြင်စမ်းရန်အတွက်အထူးထုတ်လုပ်ထားသော စခရင် များ ပေါ်ပေါက်လာပြီဖြစ်ရာ၊မိမိတို့ပြောင်းလဲလိုသည်များကို ကွန်ထရိုးဖြင့် အလွယ်တကူပြောင်းလဲ နိုင် ကြပြီဖြစ်၏။ ၃ မီတာအတွက် ချပ်၊၆ မီတာအတွက်ချပ်များအပြင် စာလုံးပုံစံအမျိုးမျိုး၊ကလေး များအတွက် ရုပ်ပုံအမျိုးမျိုးတို့သည် ထိုခေတ်မီ ကိရိယာများတွင်ထည့် သွင်းထားပြီးဖြစ်ရာ အ လွယ်တကူ သုံးနိုင်ကြပြီဖြစ်ပါသည်။

          အကယ်၍ ကာယကံရှင်သည် ထိုထိုသော စာလုံးများ၊သင်္ကေတများကို ကြည့်ရှု့ဆုံးဖြတ် ရာတွင် သတ်မှတ်စံများအရ အကြီးဆုံးစာလုံးကိုပင် ဖတ်နိုင်ခြင်းမရှိပါက ဆက်လက်၍ အမြင်စွမ်း ရည်ကို စစ်ဆေး ရန်နည်းလမ်းများရှိပါသေးသည်။

(၁)လက်ချောင်းများကိုရေတွက်စေခြင်း(Counting fingers – CF)

(၂)မျက်စိရှေ့တွင်ရှိသော လက်ချောင်းများ၏ လှုပ်ရှားမှုကိုမြင် မမြင်စစ်ဆေးခြင်း(Hand movement - HM)

(၃)ဓါတ်မီးငယ်ကိုအသုံးပြု၍ အလင်းရောင်မြင်မမြင်စစ်ဆေးခြင်း(Light Perception – LP)စသည် တို့ဖြစ်လေသည်။
 
အနီးကြည့်အမြင်ကိုစစ်ဆေးခြင်း(MEASURING NEAR VA)

        အနီးကြည့်အမြင်စစ်ဆေးခြင်းကို များသောအားဖြင့် အဝေးကြည့်အမြင်စွမ်းရည်စစ်ပြီးမှ သာလျှင် ပြုလုပ်လေ့ရှိပါသည်။အဝေးကြည့်အမြင်ကို အကြောင်းပြု၍ အနီးကြည့်အမြင်ကိုဆုံးဖြတ် ရသောကြောင့်ဖြစ်၏။အဝေးကြည့်မကောင်းလျှင် အနီးကြည့်လည်းကောင်းမည်မဟုတ်ဟု ယူဆ နိုင်၍ လည်းဖြစ်ပါသည်။အနီးမှုန်ခြင်းသည် အသက်ကြီးသူများသာ အများအားဖြင့်ဖြစ်နိုင်ပြီး၊သတ် မှတ်စံနုန်း အတိုင်းရေးသားထားသော စာလုံးဆိုဒ်များပါဝင်သည့် အနီးကြည့်အမြင်စမ်းကဒ်ကို အသုံးပြုကြရပါသည်။ စာလုံးဆိုဒ်အမျိုးမျိုးပါဝင်ပြီး အပေါ်ဆုံးစာတမ်းသည် စာလုံးအသေးဆုံးဖြစ်ပြီး အောက်ဆုံးအဆင့်သည် အကြီးဆုံးဖြစ်ပါသည်။အဆင့်သတ်မှတ်ချက်များကို ကဒ်များ၏လက်ယာ ဖက်တွင်ရေးထိုထားပြီး၊ ကာယကံရှင်၏ အမြင်စွမ်းရည်ကို ထိုအဆင့်သတ်မှတ်ချက်သင်္ကေတများ အတိုင်းမှတ်တမ်းပြုကြ ရပါသည်။
          သို့ဖြစ်ရာ တစ်စုံတစ်ယောက်၏အမြင်စွမ်းရည်ကို သိရှိရန်မှာ စနစ်တကျစစ်ဆေးမှသာလျှင် ဖြစ်နိုင်ပါသည်။အရေးကြီးသောအချက်မှာ အမြင်စွမ်းရည်စစ်ဆေးခြင်းသည် မျက်စိကုသမှုနယ် ပယ်တွင် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်ပြီး၊ကုသမှုအားလုံး၏ မူလအစလည်းဖြစ် လေ သည်။

No comments:

Post a Comment