27.5.20

မျက်စိသူငယ်အိမ်နှစ်ခုအကွာအဝေး (Interpupillary Distance) (၂၄/၁၁/၂၀၁၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာပါကိုယ်တိုင်ရေးဆောင်းပါး)


      
       
           
မျက်စိနှစ်လုံး၏အကွာအဝေးသည် လူတစ်ဦးနှင့်တစ်ဦး တူညီမှုမရှိသည်ကို သတိပြုမိကြ ပေလိမ့်မည်။ သတိထား၍ ကြည့်လျှင် အချို့သောသူတို့၏ အကွာအဝေးသည် နီးပြီး၊ အချို့သူတို့မှာ ဝေးသည်ကို သိနိုင် ပါသည်။
မျက်မှန်ပါဝါ ရှာဖွေရန်အတွက် စမ်းသပ်စစ်ဆေးမှုမပြုမီ စမ်းသပ်ခံသူ၏ မျက်စိအကွာ အဝေးကို တိုင်းတာ၍ မှတ်သားထားရန်လိုအပ်သကဲ့သို့၊အနုကြည့်မှန်ဘီလူးအသုံးပြုသူ ပညာရှင် များသည်လည်း မိမိတို့၏ မျက်စိနှစ်လုံးအကွာအဝေးကို သိရှိထားရန်လိုအပ်ပါသည်။မျက်စိခွဲစိတ် အထူးကုဆရာဝန်ကြီးများ သည်လည်းကောင်း၊အခြားသောအနုစိတ်ခွဲစိတ်ကုသမှုပြုသူ အထူးကု ဆရာဝန်ကြီးများသည် လည်းကောင်း၊ရောဂါရှာဖွေရေးပညာရှင်များ နှင့် သုတေသနပညာရှင်များ သည်လည်းကောင်း၊မိမိတို့ အသုံးပြုမည့် အနုကြည့်မှန်ဘီလူး(Microscope) တွင်ရှိသော မျက်စိ ခြောင်းကြည့်ပေါက်(Eye Pieces)ကို မိမိတို၏ မျက်စိနှစ်လုံးအကွာအဝေး( Interpupillary Distance)နှင့်ကိုက်ညီအောင်ချိန်ဆ(Setting လုပ်)ပြီးမှသာ ကြည်လင်သောမြင်ကွင်းကို တွေ့မြင် ကြရမည်ဖြစ်ပေသည်။

          မျက်မှန်တပ်ဆင်ရန်အတွက်ပါဝါအညွှန်းကို ရေးသားကြရာတွင်လည်း၊မျက်စိနှစ်လုံး ၏ အကွာအဝေးကို ထည့်သွင်းရေးသားရန် မဖြစ်မနေလိုအပ်ပါသည်။၎င်းအကွာအဝေးကို “PD”ဟု သင်္ကေတပြုကြပါသည်။ မီလီမီတာ(millimeter)ဖြင့်တိုင်းတာပြီး၊လူတစ်ဦးနှင့် တစ်ဦး တူညီမှု မရှိချေ။များသောအားဖြင့်ရှိတတ်သော PD အကွာအဝေးများမှာ 50mm နှင့် 75mm အတွင်းဖြစ် လေသည်။

          “ PD” အမျိုးအစားနှစ်မျိုးရှိပြီး၊အဝေးကြည့် PD ( Distance PD)နှင့်၊အနီးကြည့် PD(Near PD) တို့ဖြစ်လေသည်။ တစ်စုံတစ်ဦး အဝေးကြည့်စဉ်တွင် မျက်စိနှစ်လုံး၏အကွာအဝေးသည် အဝေးဆုံး၌ ရှိနေတတ်ပါသည်။သက်တောင့်သက်သာရှိသော အနေအထားလည်းဖြစ်ပါသည်။ 

အနီးကိုကြည့်သောအခါတွင်မူ မျက်စိနှစ်လုံးသည် အတွင်းသို့စုဆုံလာပြီး၊ အကွာအဝေးသည် လည်း ပို၍နီးလာပါသည်။ သို့ဖြစ်ရာ အနီးကြည့်စဉ်တွင်ရှိသော “PD” သည်၊အဝေးကြည့်စဉ်တွင်ရှိ သော “PD” ထက်ပို၍နည်း ပါသည်။

          “PD” ကိုသိရှိရန်အတွက် သတ်မှတ်ထားသော နည်းစနစ်များအတိုင်း၊ တိုင်းတာရန်လိုအပ် ပါသည်။ PD တိုင်းတာရာတွင် 0.5mm မျှပင်မလွဲစေပဲ တိတိကျကျ တိုင်းတာရန်လိုအပ်ကြောင်း မျက်စိပညာရှင်တို့က အထူးသတိပေးကြပါသည်။တိုင်းတာရာတွင် မမှန်ပါက၊ညွှန်ကြားသောပါဝါ အတိုင်း ပြုလုပ်သောမျက်မှန်သည်လည်းကောင်း၊ မိမိ၏သက်ဆိုင်ရာနယ်ပယ်တွင် ၎င်း “PD”ကို ပြန်လည် အသုံးချရာတွင်သော်လည်းကောင်း ကြည်လင်သောအမြင်ကိုရရှိမည်မဟုတ်ပေ။ ကြည် လင်သောအမြင်ကိုမရရှိလျှင် မိမိတို့၏ လုပ်ငန်းရည်ရွယ်ချက်များလည်း အောင်မြင်မည် မဟုတ် ပေ။ ထို့ကြောင့် PD ကို ဂရုတစ်စိုက်တိုင်းရန်လိုပါသည်။                                                    “ PD” ကို တိုင်းတာရာတွင်နည်းလမ်း(၂)မျိုးကြောင်း အောက်ပါအတိုင်းတွေ့ရပါမည်။
(၁) PD Rule (PD တိုင်းသောပေတံငယ်)နှင့် Pen Torch (မျက်စိစမ်းသပ်စစ်ဆေးရာတွင် သုံး သောဓါတ်မီးငယ်)တို့ကိုအသုံးပြု၍ တိုင်းတာခြင်းနှင့် ----
(၂) Pupillometer (PD တိုင်းတာရန်အတွက် အထူးပြုလုပ်ထားသောကိရိယာ)ကိုအသုံးပြု၍ တိုင်း တာခြင်း တို့ဖြစ်ပါသည်။

PD Rule ဖြင့်တိုင်းတာခြင်း(Measuring Distance PD with a PD rule)

PD rule ဖြင့်တိုင်းရာတွင် မျက်စိ၏သတ်မှတ်နေရာများကို သေချာစွာဂရုတစိုက် မှန်ကန် စွာကြည့် တတ်ရန်လိုပါသည်။ထိုသို့မှန်မှန်ကန်ကန်ကြည့်တတ်စေရန်အတွက် အသုံးပြုရန် နည်း လမ်းနှစ်မျိုးရှိ ပါသည်။

(၁)လင်းဘတ် - Limbus (မျက်ကြည်လွှာနှင့် မျက်ဖြူလွှာတို့ ဆုံရာနေရာ)ကိုကြည့်၍ တိုင်းသော နည်းနှင့်…….

(၂) ကော်နီရယ်ရီဖလက်ရှ် - Corneal reflex (မျက်ကြည်လွှာပေါ်ရှိ ရောင်ပြန်အစက်အပြောက်) ကိုကြည့်၍ တိုင်းသောနည်းတို့ဖြစ်ပါသည်။

သတိပြုရမည့်အချက်မှာ - စမ်းသပ်ခံသူနှင့် စမ်းသပ်သူတို့သည် 40cm (၁၆ လက္မခန့်) အကွာ အဝေးတွင်မျက်နှာချင်းဆိုင် မျက်စိချင်းတစ်တန်းတည်းကျ(မျက်စိအနိမ့်အမြင့်တူညီ - Same eye level ဖြစ်)နေရမည်ဖြစ်ပါသည်။သို့မှသာ မှန်ကန်သော PD ကိုရပါမည်။

(၁)လင်းဘတ်နည်းဖြင့်တိုင်းတာခြင်း(Limbus Method)

          လင်းဘတ်(Limbus)သည် ကြည်လင်သော မျက်ကြည်လွှာနှင့် အဖြူရောင်ရှိသော မျက်ဖြူ လွှာတို့ ဆုံတွေ့ရာနေရာဖြစ်ပြီး၊စက်ဝိုင်းသဏ္ဍာန်တွေ့ကြရပါမည်။မျက်ကြည်လွှာသည် အရောင် အသွေးရှိသော မျက်နက်ဝန်း(Iris)ကို ဖုံးအုပ်လျှက်ရှိသည်ဖြစ်ရာ၊ မျက်နက်ဝန်း၏အရောင်နှင့် မျက်ဖြူလွှာ၏အဖြူရောင်တို့ ဆုံတွေ့ရာနေရာအဖြစ်မြင်ကြရမည်ဖြစ်ပါသည်။
          ဤနည်းသည် မျက်စိသူငယ်အိမ်နှစ်ခု၏ အလယ်ဗဟိုကိုတိုင်းသောနည်းနှင့်ရလာဒ်ခြင်း အလွန်ပင် နီးနီးစပ်စပ် ရှိပါသည်။အဘယ့်ကြောင့်ဆိုသော် မျက်စိသူငယ်အိမ်၏ အလယ်ဗဟိုနှင့် လင်းဘတ်တို့၏ အကွာအဝေးသည် မျက်စိနှစ်ဖက်စလုံးတွင် တူညီသောကြောင့်ဖြစ်ပါသည်။
          မျက်စိစွေသော ကလေးများနှင့် မျက်စိမငြိမ်သော ကလေးများ၏ PD ကိုတိုင်းရာတွင် ညာ ဖက် မျက်စိ၏ နားရွက်ဖက်အပိုင်း မျက်စိဒေါင့်စွန်းနှင့် ဘယ်ဖက်မျက်စိ၏ နှာခေါင်းဖက်အပိုင်း မျက် စိဒေါင့် စွန်းတို့အကြား အကွာအဝေးကိုတိုင်းတာသော နည်းလည်းရှိပါသည်။သို့ရာတွင် လင်းဘတ် နည်းကဲ့သို့ တိကျသေချာမှု မရှိချေ။ လင်းဘတ်နည်းဖြင့်တိုင်း၍မရမှသာ အသုံးပြုကြပါသည်။

(၂)ကော်နီရယ်ရီဖလက်ရှ် - Corneal reflex နည်းဖြင့်တိုင်းတာခြင်း

အကယ်၍ တစ်စုံတစ်ယောက်ရှေ့တွင် တောက်ပသော အလင်းရောင်ရှိပါက၊မျက်စိသူငယ် အိမ်နှစ် ခု၏ အလယ်တည့်တည့်တွင် ရောင်ပြန်အစက်အပြောက်တစ်ခုကို တွေ့ရပါလိမ့်မည်။ ထို ရောင်ပြန် အစက် အပြောက်ကို မျက်ကြည်လွှာ၏ရောင်ပြန်(Corneal Reflex)ဟုခေါ်ပါသည်။ ထိုရောင်ပြန်အစက် အပြောက် သည် ထိုသူ၏ PD ပင်ဖြစ်ပါသည်။ထိုရောင်ပြန် အစက်အပြောက် နှစ်ခု၏ အကွာအဝေးကို လင်းဘတ်နည်း တွင်တိုင်းတာစဉ်ကကဲ့သို PD rule ကိုအသုံးပြု၍ တိုင်း ရန်ဖြစ်ပါသည်။ (တိုင်းတာရန် နည်းစနစ် အဆင့် ဆင့်ရှိသော်လည်း ဤနေရာ၌ ဗဟုသုတရရန် အတွက်သာ ဖော်ပြနိုင် ပါသည်)

PD တိုင်းကရိယာဖြင့် တိုင်းတာခြင်း (Measuring the PD using a pupillometer)

          မျက်ကြည်လွှာတွင်ထင်ဟပ်သော ရောင်ပြန်ကိုဖတ်၍အဖြထုတ်သော ကိရိယာ(A reflex pupillometer or simply “ pupillometer”)သည် မျက်စိသူငယ်အိမ်နှစ်ခု၏ အလယ်ဗဟိုများ အဝေးကြည့်စဉ်တွင်ရှိသည့် အကွာအဝေးကို တိကျသေချာစွာတိုင်းတာပေးနိုင်သည့် ကိရိယာတစ် ခုဖြစ်သည်။အဝေးကြည့်စဉ်တွင်ရှိသည့် PD နှင့် အနီးကြည့်စဉ်တွင်ရှိသည့် PD နှစ်မျိုးစလုံးကိုတိုင်း တာနိုင်ပြီး၊ PD rule ဖြင့်တိုင်း၍ရသောအဖြေထက် ပိုမိုတိကျသောအဖြေကိုရနိုင်ပါသည်။

Pupillometer ကိုအသုံးပြုခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရနိုင်ပါသည်။

(၁) PD rule ဖြင့်တိုင်းတာ၍ရသော အဖြေထက် ပို၍တိကျသောအဖြေကို ရနိုင်ခြင်း။ 
                             
 (၂) PD rule ဖြင့်တိုင်းတာရရှိသော အဖြေကဲ့သို့တစ်ကြိမ်နှင့်တစ်ကြိမ် ပြောင်းလဲမှုမရှိပဲ၊အဖြေ တစ်ခုနှင့်တစ်ခု တသမတ်တည်းတူညီနေခြင်း။ 
                                                                                                                  (၃)စမ်းသပ်ခံသူ၏ မျက်စိနှစ်ဖက်စလုံးကို အုပ်ကာ ၍ အန္တရာယ်ကင်းစွာ တိုင်းတာနိုင်ခြင်း။( ဦး ခေါင်းမငြိမ်သက်သူများနှင့် အစဉ်အမြဲ မျက်စိလှုပ်ရှား နေသူများကိုတိုင်းရာတွင် ပို၍ ကောင်း မွန်ခြင်း)။ 
                                                                                                    (၄)မျက်စိတစ်ဖက်ခြင်းစီ၏ PD (MonocularPD)ကိုတိုင်းတာနိုင်ခြင်း။ 

(က)နှာခေါင်းရိုး အလယ်တည့်တည့်ကို အမှတ်အသားပြု၍၊မျက်နှာတစ်ခြမ်းစီတွင်ရှိသော မျက်စိ တစ်ဖက်ချင်းစီ၏အကွာ အဝေးကို Monocular PD ဟုခေါ်ပြီး၊၎င်းသည် တစ်ဖက်နှင့် တစ်ဖက် မတူသည်ကများပါသည်) 
                                                                                                                               (ခ) Monocular PD သည် ထူးခြားသော မှန်များကို မျက်မှန်တွင် အသုံးပြုရာ၌ တိုင်းရန်လိုအပ် ပါသည်။ဥပမာအားဖြင့် Progerssive Additional Lens(Multifocal Lens)ကို မျက်မှန်တွင်ထည့် သွင်း အသုံးပြုရာ၌(မျက်မှန်ကိုင်းအတွင်းသို့ မှန်ကိုစနစ်တကျ သွေး၍တပ်ဆင်ရန်အတွက် Monocular PD ကိုသိရန် လိုအပ်ပါသည်။ 
                                                                                                                               (၅) အနီးကြည့် PD သာမက၊ အနီးကြည့်နှင့် အဝေးကြည့်အကြား အကွာအဝေးအမျိုးမျိုး၏ PD များကိုလည်း တိုင်းတာနိုင်ခြင်း။

(၆) ထိမ်းသိမ်းထုပ်ပိုးရလွယ်ကူသဖြင့် ခရီးဆောင်အဖြစ် ကိုယ်နှင့်မကွာသယ်ဆောင်ရလွယ် ကူသော် လည်း၊ PD rule ထက်ပို၍ဈေးကြီးခြင်း၊အရွယ် အစားပို၍ ကြီးခြင်းများကိုလည်း ရင် ဆိုင်ကြရမည်ဖြစ် ပါမည်။

PD အရေးပါရခြင်းအကြောင်းရင်း(Why is PD Important)

        PD အတိုင်းအတာ သည်တိကျသေချာရန်အရေးကြီးပါသည်။သို့မှသာ မျက်မှန်ပါဝါရှာဖွေ ရာတွင် လည်းကောင်း၊မျက်မှန်လိုအပ်သူအတွက် မျက်မှန်ပြုလုပ်ပေးရာတွင်လည်းကောင်း ကောင်း မွန်သော ရလာဒ်ကို ပေါ်ထွက်စေနိုင်မည်ဖြစ်သည်။

          မျက်မှန်ပါဝါရှာဖွေရာတွင် ပညာရှင်ရှာဖွေတွေ့ရှိထားသောပါဝါ သို့မဟုတ် ခေတ်မီမျက်မှန် ပါဝါ ရှာဖွေသောကိရိယာ( Autorefractometer)ဖြင့်ရှာဖွေရရှိသောပါဝါနှင့် ကိုက်ညီမှုရှိမရှိ စမ်းသပ် ခံသူ၏ မျက်စိရှေ့တွင် ပါဝါမှန်အမျိုးမျိုးကို ပြောင်းလဲတပ်ဆင်၍ စစ်ဆေးရပါသည်။ထိုပြောင်းလဲ တပ်ဆင်ရသော ပါဝါမှန်များ၏ အလယ်ဗဟို(Optical Center)သည် စမ်းသပ်ခံသူ၏ မျက်စိနှင့် တတန်းတည်း တစ်လိုင်း တည်း ဖြစ်နေရန်လိုအပ်ပြီး၊သို့မှသာရရှိသောအဖြေသည်လည်းမှန်ကန်မှု ရှိမည်ဖြစ်ပါသည်။ထိုနည်းတူ စမ်းသပ်ရှာဖွေတွေ့ရှိသည့် PD သည်လည်း၊ပါဝါမှန်များ၏ အလယ် ဗဟို(Optical Center)နှင့် တစ်လိုင်း တည်း၊တစ်တန်းတည်းကျရန် အရေးကြီးသည်မှာ ထင်ရှားပါ သည်။စမ်းသပ်ရှာဖွေရရှိသည့် ရလာဒ် အတိုင်း၊ပါဝါမှန်ကို မျက်မှန်ကိုင်းအတွင်းသို့ မျက်မှန်ကိုင်း၏ ပုံသဏ္ဍာန်အတိုင်း မှန်သွေးပညာရှင်က သွေး၍  ထည့်ရာတွင်လည်း၊မျက်မှန်တွင်တပ်ဆင်မည့် ပါ ဝါမှန်၏အလယ်ဗဟိုသည် မျက်မှန် တပ်မည် သူ၏ PD နှင့် မျက်စိနှစ်ဖက်တို့တစ်တန်းတည်း၊ တစ် လိုင်းတည်းကျနေစေရန် တိုင်းတာတွက်ချက်၍မှန်ကို ထည့်သွင်းရပါသည်။

အကယ်၍မှန်တစ်စုံကို မျက်မှန်ကိုင်းအတွင်းသို့သွေး၍ထည့်ရာ၌ မှားယွင်းလျှင်သော်လည်း ကောင်း၊ Optical Centre နှင့် PD သည် မျက်မှန်တပ်မည့်သူ၏ မျက်စိနှင့် တစ်တန်းတည်း၊ တစ် လိုင်းတည်း မကျလျှင်သော်လည်းကောင်း၊ မလိုလားအပ်သည့် အလင်းယိုင်(Prism) ခြင်းများ မျက် မှန်တွင်ပေါ် ပေါက်လာပါမည်။ထိုသို့ပေါ်ပေါက်လာလျှင် အောက်ပါလက္ခဏာများကို မျက်မှန်တပ် ဆင်သူခံစား ရပါလိမ့်မည်။
          မျက်ကြောညောင်းညာခြင်း၊မျက်စိပင်ပန်းခြင်း၊ခေါင်းကိုက်ခြင်း(Asthenopia,Eye stain, Headache)၊မူးဝေခြင်း(Dizziness)၊အော်ကလီဆန်ခြင်း၊အစာအိမ်၌မသက်မသာခံစားရခြင်း(Nausea,Stomach discomfort)၊ပုံရိပ်နှစ်ထပ်မြင်ခြင်း(Double vision)၊အမြင်ဝေဝါးခြင်း(Blurred vision)တို့ဖြစ်လေသည်။

          အထက်ပါခံစားရမှုများသည် အလွန်ဆိုးသည်ဖြစ်ရာ၊မျက်မှန်တပ်သည့်အခါ၌ ထိုကဲ့သို့ သော ဝေဒနာများကိုခံစားရပါက ၎င်းမျက်မှန်ကိုလုံးဝမတပ်သင့်ပေ။ဤသို့ဖြစ်ရခြင်းသည် PD အတိုင်းအတာ မှားယွင်းခြင်း(Examiner’s Error)နှင့် မှန်နှစ်ခု၏အလယ်ဗဟို(Optical Centre) နှင့် PD တို့သည်တစ်တန်း တည်း တစ်လိုင်းတည်းမကျခြင်း(Spetical Technician’s Error)တို့ ကြောင့်ဖြစ်လေသည်။


ပြည့်အောင်(COA)

No comments:

Post a Comment